နာရေးကူညီတယ်ဆိုတာ

>> Wednesday, June 11, 2008

သူငယ်ချင်းတစ်ယောက်က လမ်းညွှန်လို့ နာရေးကူညီမှုအသင်းရဲ့ အင်တာနက်စာမျက်နှာကို ရောက်ခဲ့ပါတယ်။ အဲဒီကနေ နိုင်ငံကျော် ရုပ်ရှင်မင်းသားကျော်သူရဲ့ ခုတ်မယ်၊ ထစ်မယ်၊ ပါပါလှီးမယ် ဆောင်းပါးကိုဖတ်ပြီး အဖြစ်အပြက်လေးတစ်ခုကို သတိရလို့ ဒီပို့စ်ကိုရေးလိုက်တာပါ။

တစ်ခါတုန်းက ကျွန်တော်တို့မြို့လေးမှာ အမျိုးသမီးတစ်ယောက်ဆုံးပါးသွားတယ်။ အသေးစိတ်တော့ မသိတော့ပါဘူး။ သူက ဆုံးသွားတာရွာပြင်မှာပါ။ ရွာပြင်မှာသေတဲ့မသာ ရွာထဲမှာ မပြင်ရဘူး။ ရွာထဲမ၀င်ရဘူးဆိုတဲ့ ပြဿနာတွေဖြစ်လာတယ်။ ကောင်မလေးကလည်း ဈေးသည်တစ်ယောက်ဖြစ်တော့ သူ့မိသားစုက သူရောင်းနေကျ ဈေးဆိုင်လေးမှာ အလောင်းပြင်ဖို့စီစဉ်ကြတယ်။ ဈေးသူဈေးသားတွေက ဈေးထဲကိုတောင် မသွင်းရဘူး လို့ပြောကြသေးတယ်။

သေသွားတဲ့ ကောင်မလေးရဲ့ ယောက္ခမကလည်း ဘာအယူမှ ရှိတာမဟုတ်ဘူး။ ဒဲ့ဒိုးသမားကြီး။ အပြောကလည်း ပက်စက်တယ်။ သူပြောတဲ့စကားက မှတ်သားလောက်ပါတယ်။

"နွားသေကောင်၊ ဆိတ်သေကောင်၊ ကြက်သေကောင်၊ ၀က်သေကောင် အသေကောင်မျိုးစုံ အ၀င်ခံနေတဲ့ဈေးက၊ လူသေကောင်မ၀င်ရဘူးဆိုတော့ လူက အဲဒီကောင်တွေထက် နိမ့်ကျနေလို့လား။"

အဲလိုဆိုတော့ လူတစ်ယောက်ကထပ်ပြောတယ်။ "ခင်ဗျားအိမ်ထဲသွင်းပါလားတဲ့"

အထက်ကလူပြန်ပြောလိုက်တာက "ကျုပ်ချွေးမ အလောင်းကိုဗျာ ရွာကသာ ခွင့်ပြုရင် ကျုပ်က အိမ်ဝိုင်းထဲမှာတင် မြေမြုပ်တယ်။"

နောက်ဆုံးတော့လည်း အ၀င်ခံလိုက်ရပါတယ်။ ဈေးထဲက သူမရောင်းနေကျ ဈေးဆိုင်လေးမှာပဲ အသုဘကို ပြင်ဆင်ပြီး ကိစ္စပြီးသွားပါတယ်။

ကျွန်တော်တို့ မြန်မာတွေများ ဗုဒ္ဒဘာသာလို့ ကိုယ့်ကိုကိုယ် ခံယူထားပြီး။ ဘုရာဟောထားတဲ့ မင်္ဂလာတရားတော်တွေကို မေ့နေကြတယ်။ လောကီမင်္ဂလာတွေကို လိုက်စားပြီး အယူသည်းကြတယ်။ ဆွေမျိုးသားချင်းသေလို့ ပူဆွေး၊ ဒုက္ခရောက်နေကြတဲ့ မိသားစုကို ကူညီဖို့ အားပေးရမယ့်အစား အနှောက် အယှက်ပေးသလိုတွေဖြစ်နေကြတယ်။

နာရေးကူညီတဲ့ အလုပ်ကို တချို့က မင်္ဂလာမရှိတဲ့အလုပ်၊ သုဘရာဇာအလုပ်လို့ ပြောချင်ကြတယ်။ အခုတော့ ကျော်သူလို နိုင်ငံကျော် ရုပ်ရှင်မင်းသားတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျ လူအားငွေအားနဲ့ လုပ်ကိုင်ပေးနေတော့ အဲဒီအလုပ်အပေါ်မှာ လူတွေ ရှုမြင်ပုံပြောင်းလဲလာပါတယ်။ နာရေးကူညီလုပ်ဆောင်ပေးတဲ့ အလုပ်လည်း ဂုဏ်ရှိတာပါတယ်။ မင်္ဂလာရှိတယ်/ မရှိဘူးဆိုတာနဲ့ ပတ်သက်လို့လည်း ဆွေးနွေးတာတွေ ဆောင်းပါးရေးသားတာတွေ ဖြစ်လာတယ်ဆိုတော့ တစ်နိုင်ငံလုံးပြည်သူတွေကို အခန်းကဏ္ဍတစ်ခုအတွက် အမြင်မှန်စေဖို့ လမ်းညွှန်အဖွဲ့တစ်ခုသဖွယ်လည်း ဖြစ်လာတယ်လို့ ထင်မိပါတယ်။

နာရေးကူညီမှုအသင်း စာမျက်နှာ http://www.ffssyangon.com/ ကိုလည်း အလည်သွားကြပါဦး။
ကျော်သူရေးတဲ့ ဆောင်းပါးလေးကိုလည်း http://www.ffssyangon.com/images/u-kyaw-thu.pdf အားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။

8 comments:

Anonymous June 11, 2008 at 6:34 PM  

ခေတ်ကိုစာရေးခြင်းအတတ်ပညာနဲ့
ထင်ဟပ်ချပြတဲ့ဖိုးသောက်ကို
လေးစားမိပါတယ်။

ဖိုးသောကြာ June 12, 2008 at 11:24 AM  

မမေအောင်ပြောမှ ဘ၀င်တောင် မြင့်ချင်လာပေါ့။ ကျေးဇူးတင်ပါတယ်။

Anonymous June 12, 2008 at 12:44 PM  

အရေးအသားတမျိုးတွေက ဖတ်ရတာ စိတ်ဝင်စားတယ်ဗျ။ ကိုသောကြာရေးလာတဲ့ပို့စ်တွေက လေးလေးနက်နက်နဲ့ ဗဟုသုတလည်း ရတယ်။ ညွှန်းထားတဲ့ ကိုကျော်သူစာကိုလည်း ဖတ်ပြီးပြီ။

Anonymous June 12, 2008 at 8:15 PM  

အယူသည်း၊ အစွန်းရောက်၊ အမြင်မှား... တစ်ခုမှမကောင်းဘူး။
သို့သော် ကျွန်တော်တို့နိုင်ငံမှာ ပိုအဖြစ်များနေလေရဲ့...။

Unknown June 12, 2008 at 9:18 PM  

မြန်မာတွေ ဗုဒ္ဓဘာသာ လို့သာပြောတယ်။ အတော်များများက ဟိန္ဒူ အယူဝါကို မသိလိုက်ပဲ စွဲလန်းနေကြတယ်ဗျ။ အဲဒီအယူတွေ ကျွတ်ဖို့ လယ်တီ ဆရာတော်ကြီး၊ဦးသုခ၊ တောင်စလင်း တိုက်သစ်ဆရာတော်
(မန္တလေးက ဗြဟ္မစိုရ် နာယက) ၊ ကိုကျော်သူတို့ အစဉ်အဆက် အစဉ်တစိုက် တိုက်ဖျက် ခဲ့ကြတာပေါ့။ ဒါတောင် အစွဲမကျွတ် ချင်ကြဘူးဗျ။

Anonymous June 12, 2008 at 9:19 PM  

golden=heartmuseum ...ဟီး....

တားမြစ် ထားသော... June 14, 2008 at 4:22 PM  

ကောင်းသဗျ၊ ဖတ်ရတာ။ အဲဒီလင့်ခ်ကို လိုချင်နေလို့ ကျေးဇူးဗျို့။ အားပေးနေတယ် ကိုသောကြာ။

ဖိုးသောကြာ June 15, 2008 at 4:55 AM  

မဇနိရေ အားပေးတာကျေးဇူးပါ။ ကိုကျော်သူလည်း စာရေးကောင်းတာပဲနော်။

ကိုဟန်သစ်ငြိမ်ရေ ဟုတ်ပါ့ဗျာ။ ကျွန်တော်တို့လူမျိုးတွေလည်း ဖောင်စိးရင်းရေငတ်နေလား မသိပါဘူး။ ဗုဒ္ဓအဘိဓမ္မာတရား စာပေက အထွန်းကားဆုံးတိုင်းပြည်။ ဗုဒ္ဓရဲ့ အတွေးအခေါ်တွေကျတော့ အခြေခံပြည်သူက အရမ်းဝေးနေတယ်။

golden ကိုလည်း အင်ဖေါ်မေးရှင်းတွေတွက်ကျေးဇူးပါ။

မောင်အညတရ ဘယ်သူဖြစ်ဖြစ်ပါဗျာ။ ကျွန်တော်တို့ ဘလော့ဂ်က ကြိုဆိုပါတယ်။

တားမြစ်ထားသော ဆက်အားပေးဦး။ ကျေးဇူးအများကြီးတင်တယ်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP