မြန်မာပြည်တွင် ဆေးစစ်ခြင်း နှင့် သွားဝေဒနာ

>> Monday, June 23, 2008



ငယ်ငယ်တုန်းက ကြားဖူးတာလေးရှိပါတယ်။ သွားနာ၊သွားကိုက်များဖြစ်ရင် သံယောဇဉ်တွယ်မနေရဘူး၊ ဆေးခန်းသွားရတယ်။ နှုတ်ပစ်ရတယ်တဲ့။ ကြားဖူးတာပဲရှိတာပါ။ ကိုယ်တိုင်က သွားနာရင် ဘယ်လိုခံစားရတယ်ဆိုတာ အရင်ကနားမလည်ခဲ့ဘူး။


တခြားနိုင်ငံကို ကျောင်းသွားတက်မယ်ဆိုတော့ ကျွန်မ ဆေးမစစ်မနေရ စစ်ရပါတယ်။ ဆေးရုံတွေကို ပြေးရတာလည်း မောလို့။ ပေးရတဲ့ပိုက်ဆံကလည်း နေရာတိုင်း။ ရွာသာကြီးတောင် သွားလိုက်ရသေးတယ်။ အခုတော့လည်း နေပြည်တော်မှာ တနေ့တည်းပြီးတယ်ဆိုလား။ အဲလိုဆိုရင်တော့ ကံကောင်းကြတယ်မှတ်ရမယ်။ ဟောက်ဆာဂျင်မတွေကလည်း နာမည်နဲ့လိုက်အောင် ငေါက်တတ်ကြတယ်။ အမေပြောသလို စကားကို သာသာယာယာပြောကြပါ “သာသာပြောလည်း ဒီစကား၊ နာနာပြောလည်း ဒီစကား”တဲ့။ အဲလိုပါပဲ။ OG သွားစစ်တဲ့နေ့က အဆိုးဆုံးပါ။ ဒီကုတင်ပေါ်တက်ခိုင်းတာကို “တက် မြန်မြန်တက်၊ ဒီဖက်က မတက်နဲ့ လူထိုင်နေတာ မမြင်ဘူးလား၊ သွား ဟိုဖက်က တက်”လို့ ငေါက်ပြောပါတယ်။ ဒါတောင် စကော်လာနဲ့ ကျောင်းသွားတက်မည့်သူတွေ သူတို့တောင်းသလောက် အလှူငွေထည့်ထားတာ သူတို့သိပါတယ်။ လူကြည့်လိုက်တော့ ကျွန်မတို့နဲ့ ရွယ်တူတွေပါ။ ဒုတိယနှစ်လောက်က ကျွန်မတို့ကျောင်း လာလည်ဖူးတဲ့ တနှစ်တည်း ဆယ်တန်းအောင်တွေပါ။ ကျွန်မတို့အမေတို့လို နယ်ကလာတဲ့ လူကြီးတွေဆို ဘယ်လိုများဆက်ဆံမလဲ တွေးသာကြည့်ပါတော့လေ။

သွေးစစ်တဲ့နေရာမှာ လိုက်လုပ်ပေးတဲ့သူဆိုပြီး ပိုက်ဆံတောင်းတော့ ပေးလိုက်ရတာပါပဲ။ နောက်တစ်ယောက်က သူနဲ့လည်း ဆိုင်တယ်တဲ့။ result မြန်မြန်လိုချင်ရင် သူ့ကိုလည်း ပေးရမယ်တဲ့။ ဓါတ်မှန်ခန်းဝင်မယ်လုပ်တော့ သူတို့က မှာသေးတယ်။ ဖလင်ဆေးတဲ့လူက ပိုက်ဆံတောင်းရင် မပေးနဲ့ မြန်မြန်ထွက်ခဲ့ဆိုလို့ အဲဒီကုလားကို သစ်စိမ်းချိုး ချိုးခဲ့ရသေးတယ်။ သူငယ်ချင်းတွေတော့ ၁ ပတ် ၁၀ ရက် ဆေးစစ်ရတယ်ပြောပါတယ်။ ကျွန်မကတော့ စိတ်က မြန်တဲ့သူ မြန်မြန်ပြီးချင်တာနဲ့ ၃ ရက်နဲ့ အပြီးသွားတော့ ပင်ပန်းခဲ့ပါတယ်။ အတူလိုက်စစ်တဲ့ ညီမတစ်ယောက်ကတော့ ၁ ရက် ပြီး ဖျားတော့တာပဲ။ သူလည်း ကျွန်မလောတိုင်း လိုက်လောရတာ ပင်ပန်းတယ်နဲ့ တူပါတယ်။

စစချင်းနေ့မှာ သွေးစစ်၊ ECG ၀င်၊ သွား အဲဒီ ၃ ခု ဆက်တိုက်သွားပါတယ်။ နေ့လည် ၁၂ မထိုးခင် ၁၀ မိနစ်လောက်ကို ကျောက်ကပ်ဆီပြေးရပါတယ်။ ဒါနဲ့ တရက်ကုန်သွားပါတယ်။ တချို့ ဌာနက အချိန်ကန့်သတ်ပါတယ်။ တချို့ ဌာနက နေ့သတ်မှတ်ထားတယ်။ နောက်တရက်မှာ အရေပြား၊ ဦးနှောက်အာရုံကြောပြေးရပါတယ်။ နေလည် ၁၁ နာရီဝန်းကျင်မှာ အမျိုးသမီးဆေးရုံကို အပြေးသွားရပြန်ပါတယ်။ အမျိုးသမီးဆေးရုံမှာလည်း အထုထောင်းခံရပါတယ်။ သူငယ်ချင်းတွေ ဆေးစစ်တုန်းကတော့ အမျိုးသမီးဆေးရုံက ပြန်လာတဲ့နေ့ဆို မျက်နှာမကောင်းပါဘူး။ ဘာဖြစ်တာလဲ မေးလို့လည်း မရပါဘူး။ နောက်တနေ့မနက်မှာ မျက်စိ၊ နား၊ နှာခေါင်းကို အစောကြီးသွားရတယ်။ အဲဒီက မြန်ပါတယ်။ ပြီးတာနဲ့ ရွာသာကြီးကို သွားရတယ်။ လိုင်းကားနဲ့သွားရင် မှီမှာမဟုတ်တဲ့အတွက် တက္ကစီငှားရပါတယ်။ မိန်းကလေး၂ ယောက်တည်း သွားရမှာ ကြောက်တာနဲ့ သူငယ်ချင်းကို တနေကုန်ခေါ်သွားပြီး နှိပ်စက်ရသေးတယ်။ သူငယ်ချင်းပါတာလည်း ကောင်းပါတယ်။ ရောက်ရောက်ချင်း သူတို့ကို လက်ဖက်ရည်တိုက်ချိန်ဆိုတော့ သူတို့လမ်းတန်းတန်း မသွားဘဲ ကျွန်မတို့ဆီလာပြီး သူ့လာတွေ့တာလားလို့ မျက်လုံးကြီး ပြူးမေးလို့ သူငယ်ချင်းက အသံခပ်မာမာနဲ့ပြောခဲ့ရသေးတယ်။ တချို့လည်း သနားစရာမျက်လုံးတွေကို တွေ့ခဲ့ရတယ်။ ဆေးရုံအုပ်ကြီးက မိတ်ဆွေတယောက်နဲ့ အလာပ သလာပ စကားတွေပြောနေတာကို ၄ နာရီလောက် စောင့်ခဲ့ရပါတယ်။

လိုတာတွေ မနက်ခင်းမှာ စစ်ပြီးတော့ ညနေပိုင်းမှာ သွားဆေးခန်းကို ၃ ခါသွားရပါတယ်။ ငယ်ငယ်ကရှိတဲ့ သွားပိုးပေါက်ပိစိက ဘယ်တုန်းကမှ မနာ၊ မကိုက်ပါဘူး။ အဲဒါကို ခြစ်၊ ချဲ့လုပ်ရပါတယ်။ အငေါက်လည်း ခံရပါတယ်။ အသားလည်း နာ၊ အငေါက်လည်း ခံ၊ ပိုက်ဆံလည်း ၄ သောင်းကျော်ပေးရပါတယ်။ သွားဖာပေးလိုက်တာပါ။ အဲဒါတွေ လုပ်ပြီးမှာ နောက်နေ့မှာ ဆေးရုံက လက်မှတ်ရနိုင်တာဆိုတော့ မလုပ်လို့မဖြစ်ပါဘူး။ လက်မှတ်က အရေးကြီးနေတဲ့ အချိန်ဆိုတော့ သူပြုသမျှနုခဲ့ရပါတယ်။ အမတယောက် နိုင်ငံခြားသွားတော့လည်း အဲဒီဆရာလုပ်ပေးလိုက်တာ အကြောထိပြီး အခု နှုတ်ခမ်းမှာ တခုခုဆို မသိတော့ဘူတဲ့။

ကျွန်မသွားဖာပေးလိုက်တာကတော့ ဒီရောက်ပြီး ၂ လလောက်အကြာမှာ ကျွတ်ထွက်သွားပြီး အခေါင်းပေါက်အကျယ်ပဲ ကျန်တော့ပါတယ်။ ဆေးခန်းလည်း မပြရဲပါဘူး။ နိုင်ငံခြားမှာ ဈေးအရမ်းကြီးတယ်လို့ ကြားဖူးတော့ ဆေးခန်းပြဖို့ စိတ်မကူးတော့ဘူး။ ဒီတိုင်းနေရာကနေ တနေ့ကျတော့ ဘယ်လိုမှ မနေနိုင်အောင် နားထင်ကြောတွေပါ ကိုက်လာပါတယ်။ လူကလည်း အားတွေနည်းပြီး ခြေလှမ်းလှမ်းဖို့ကို မနည်းအားယူနေရပါတယ်။ မဖြစ်တော့ဘူးဆိုပြီး health insurance လည်း ရှိတာနဲ့ သွားလိုက်တော့တယ်။ ဆရာက ၆ ခါလာရမယ်ဆိုတော့ ကျောင်းပြန်ဖွင့်တော့မှာမို့ မြန်မြန်ပျောက်ချင်ပါတယ်ဆိုတော့ ၄ ခါနဲ့ သဘောတူခဲ့တယ်။ အပတ်စဉ် သွားခြစ်တယ်။ ဆေးထည့်တယ်။ treatment ပေးတယ်။ အင်မတန် စိတ်ရှည် ညင်သာတဲ့ ဆရာဝန်ကြီးပါ။ သွားခြစ်တော့လည်း မြန်မာမှာ သွေးတွေထွက်တယ်။ တံတွေးထွေးချင်ရင် အငေါက်ခံပြီးမှ ထွေးရတယ်။ ဒီမှာတော့ သူ့အလိုလိုစက်နဲ့ခြစ်ရင်း အညစ်အကြေးတွေပါ စုပ်သွားတာ။ ဘာမှတောင် မမြင်မသိရပါဘူး။ ဒါတောင် နည်းနည်းနာရင် ငိုချင်လာတော့ ဘေးက အကူနာ့စ်က နာလား၊ နာလား လို့ အမြဲမေးပေးနေပါတယ်။

ပြောချင်တာက ဆေးကုလည်း ဈေးသိပ်မကြီးပါဘူးဆိုတာပါ။ ၄ ခါသွားပြပြီး သွားဖာပေးလိုက်တာကို ယန် ၂၁၀၀၀ ကျပါတယ်။ အဲဒါကို ကျန်းမာရေးကဒ်ရှိတော့ ၃၅%လျော့လိုက်တော့ ဆေးခန်းမှာ ယန်း ၇၃၅၀ပေးရပါတယ်။ ကျောင်းရောက်တော့ ကျောင်းသားရေးရာကို သွားပြောတော့ ဆရာဝန်ဘောင်ချာကို မိတ္တူကူယူပြီး ၃၅% ထပ်ပြီး ဘဏ်မှာထည့်ပေးပါတယ်။ ယန်း ၂၅၇၃ ကို ၂ ပတ်လောက်အကြာမှာ ရပါတယ်။ ကျွန်မကျသင့်ငွေက ယန်း ၅၀၀၀ ကျော်ဆိုတော့ မြန်မာငွေ ၅ သောင်းလောက် ကုန်ပါတယ်။ အစစ အရာရာဈေးကွာလှတဲ့ ဒီနိုင်ငံမှာ သွားဆေးခန်းပြတာ အတော်သက်သာပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ခင်တဲ့သူများ နေမကောင်းလည်း ဆေးခန်းသွားခိုင်းတယ်။ သွားမကောင်းရင် သွားဆေးခန်းသွားလို့ ကျွန်မတော့ ပြောမိနေတော့တယ်။ သွားနာတဲ့ဝေဒနာကိုခံစားဖူးတော့ သွားဆေးခန်းကို အမြန်သွားတာ အကောင်းဆုံးလို့ မြင်မိနေတာပါ။ ဒီနေ့ ပိုက်ဆံသွားထုတ်တော့ အကောင့်ထဲမှာ အရင်လက တင်ထားတဲ့ ယန်း ၂ ထောင်ကျောင်ဝင်နေလို့ သတိရပြီး ပြောပြလိုက်ပါတယ်။

မဇနိ

9 comments:

win zaw June 23, 2008 at 1:23 PM  

စိတ်ဝင်တစားတင်ပြထားတဲ့အတွက် ဖတ်လို့ ကောင်းတဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးပါ။
တင်ပြအသိပေးတဲ့အတွက် ကျေးဇူးပါ။
အဆင်ပြေချမ်းမြေ့ပါစေ............

nu-san June 23, 2008 at 3:24 PM  

မဇနိရေ.. ခဏခဏရောက်ဖြစ်ပါတယ် ဘာမှသာ မရေးခဲ့တာ။ သွားဆေးခန်းဆိုတော့ ရေးချင်လာတာနဲ့ comment ရေးခဲ့လိုက်တာ။ အမျိုးသားလည်း အဲဒီလိုပဲ မြန်မာပြည်မှာ သွားဖာလာခဲ့ပြီး ဒီလည်းရောက်ရော သူ့သွားဖာထားတာ ကျွတ်ကျသွားပါလေရော. အဲဒါနဲ့ သွားဆေးခန်းသွားနေရတာ အခုဆိုရင် နှစ်ပေါက်တော့မယ်။ ဒီက သွားဆေးခန်းရောက်တော့မှပဲ သူ့သွားတွေ အားလုံးက မကောင်းဘူးဆိုတာ သိရတယ်။ ဒီကြားထဲ နောက်ဆုံးသွား အံသွားက အတည့်မထွက်ပဲ စောင်းနေလို့ operation ၀င်ပြီး ခွဲထုတ်ပစ်လိုက်ရတယ်။ သူ့သွားတွေက ဖာရတာရော၊ ခွဲရတာရော၊ မရှိတဲ့သွားတွေကို ပြန်စိုက်နေတာရော အို...စုံနေတာပဲ။ယိုင်တာတွေရော သွားမှန်မှန်မတိုက်တာတွေကြောင့် ရောပေါ့။ ဒီမှာက သွားဆေးခန်းသွားရင် insurance ရှိတော့ အတော်လေးသက်သာတယ်နော်။ မြန်မာပြည်က ဈေးထက်ပိုလည်းနည်းနည်းပဲ။ operation ၀င်တာဆိုရင် ယန်း ၁၅၀၀ လောက်ပဲကျတော့ အရမ်းတန်တယ်လို့ပြောနေတာ။ မဇနိပြောသလိုပဲ ဆရာဝန်တွေ ဆရာမတွေ စိတ်ရှည်ကြတယ်နော်။ အဲဒါတစ်ခုတော့ စိတ်ချမ်းသာတယ်။ တခါမှ အအော်မခံရဖူးဘူး.. ကိုယ်တွေက ဂျပန်စာ အားနည်းတယ်ဆိုတော့သူတို့ အလွယ်စာလုံးတွေနဲ့ နားလည်အောင်ရှင်းပြပေးတယ်။ နောက်ဆုံး နားမလည်ရင်လေ အင်္ဂလိပ် guide book ကိုပြပြီး ရှင်းပေးတယ်။ အင်္ဂလိပ်လိုတော့ မပြောကြဘူး။

မေအောင် June 23, 2008 at 5:33 PM  

မဇနိ
ခန္ဓာရှိရင် ဝေဒနာရှိတယ်
မမြဲတဲ့ခန္ဓာမှာ ဝေဒနာကလည်းဖြစ်ပြီး..ပျက်ပဲပေါ့။
ဝေဒနာကိုအသိနဲ့မှတ်။
ငါ...ဆိုတာမရှိဘူး
မြင်အောင်ရှု့ပါ။
(မမြင်လို့eyeဆေးခန်းသွားရင်ဘယ်လောက်
ကုန်မလဲသိချင်နေလို့၊eyeဆေးခန်းပို့စ်လေး
မြန်မြန်ရေးပေးပါဦး)

Republic June 23, 2008 at 5:57 PM  

ပိုစ့်ဖတ်ပြီးပြီ ၊၊ ချက်ချင်း သွားပြေးတိုက်တော့မယ်ဗျာ ၊၊
ကြောက်လာလို့ ၊၊ ...ရှင်းပြတာကျေးဇူး ၊၊

ညီမ June 23, 2008 at 6:11 PM  

မဇနိရေ..အဲဒီတုန်းကပြေးရလွှားရ၊စိတ်မောလူမောနဲ့ စွာတေးလုပ်ခဲ့ရတာတွေ အခုပြန်စဉ်းစားကြည့်တော့ ရီစရာတွေဖြစ်လို့။

khin oo may June 23, 2008 at 7:00 PM  

good story.presentation also nice

minnyo June 25, 2008 at 2:11 PM  

အေးဗျာ
ခင်ဗျားပြောတာ ဒေါက်တာကြည်စောခွန်ထင်ပါ့ ဒီလို အသက်ကြီး ပြီး ပညာတွေသင်ပြီး ပြည်သူ အကျြိုးပြု နေနေသာသာ scholar ထွက်မယ့်သူတွေကို နှိပ်စက်နေတဲ့ လူတွေ ဒီလို ပြည်သူ့ဆေးရုံကြီးမှာ မရှိသင့်ဘူး

မဇနိ June 26, 2008 at 9:54 AM  

ပို့စ်ရှယ်ယာလုပ်ပေးတဲ့ ကိုဝင်းဇော် ကျေးဇူးပါနော်။

အမ နုစံ ရေ အမစာတွေကို လာဖတ်နေတာလည်း ကြာပါပြီ။ ဘာမှမရေးဖြစ်ခဲ့လို့ပါ။ ညီမ သွားနှုတ်တုန်းကလည်း ဆရာဝန်က guide book လေးပြတယ်။ ဒါမှနားမလည်ရင် အရုပ်လေးတွေနဲ့ ရှင်းပြတယ် အမရဲ့။ တော်တော်အဆင်ပြေတယ်နော်။

အမ မမေအောင်ကတော့ မျက်စိဆေးခန်းပို့စ် အမရေးလိုက်တော့နော်။

အပြေးကလေး သွားတိုက်ပြီးပြီလား ကို Republic..

ညီမကတော့ အခုရော စွာတေးလုပ်သေးလား။

အမ KOM စလုံးပိုက်ဆံတွေ သွားဆရာဝန်ဆီ ပြန်သွားတောင်းလိုက်။ ကျားကန်ပြီး သွားနှုတ်နေတဲ့ အမကို မြင်ယောင်ကြည့်လိုက်ပြီ

သူ့လက်ခုပ်ထဲကရေဆိုတော့ သူပြုသလိုပေါ့ Minnyo ရေ။

လာလည်ကြသော မိတ်ဆွေများ၊ အချိန်ပေးလာလည်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါကြောင်း။။။။

tmn June 27, 2008 at 1:27 PM  

မဇနိ ရဲ့ အတွေ့အကြုံလေးကို ပြည့်ပြည့်စုံစုံရေးထားတာ ဖတ်လို့ကောင်းပဗျာ...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP