လွမ်းမိတဲ့အရာ

>> Thursday, June 12, 2008


လွမ်းမိတဲ့အရာ
မဇနိ
4 June 2008

မမေအောင်ရဲ့ ခါဝဿန်ကဗျာကို ဖတ်လိုက်ရတော့ မဆီမဆိုင် အိမ်က ထမင်းဝိုင်းကို သတိရမိတယ်။ သာမန်မဟုတ်တဲ့ မိုးလေးတဖြောက်ဖြောက်ကြားက ထမင်းဝိုင်းပါ။ “မိုးကလေးညိုညို၊ လွမ်းမျက်ရည်လေးလည်၊ ငယ်ငယ်တုန်းက သူငယ်ချင်းကို သတိရပါတယ်….“ ဒီလိုလေး သီချင်းဆိုရရင် အလွမ်းများပြေမလား စိတ်ကူးကြည့်မိတယ်။ တကယ်တော့ ရောက်တဲ့အရပ်မှာ မိုးရွာတိုင်း လွမ်းမိတာက ငယ်ငယ်က သူငယ်ချင်းတွေပါသလို မိသားစု ထမင်းဝိုင်းလေးလည်း ပါပါတယ်။


အိမ်မှာနေတုန်းက မိုးရွာရင် အဖေက အလုပ်မသွားရတော့ သိပ်ပျော်ပါတယ်။ မနက်လင်းလို့ မိုးသံတဖြောက်ဖြောက်ကြားရရင် “ဒီနေ့တော့ ဇိမ်ကျတော့မယ်ဟေ့“လို့ အဖေက ပြောလေ့ရှိပါတယ်။ တချိန်တည်းမှာပဲ အမေရဲ့ ကြေးစည်ထုအမျှဝေသံပါ ကြားလိုက်ရပါတယ်။ အမေက ထကြတော့ဆိုရင် စားတော်ပဲပြုတ်၊ ငါးပိထောင်းနဲ့ သရက်ချဉ်သုပ်ပါတဲ့ ထမင်းပူပူလေးက အဆင်သင့်ဖြစ်နေပါပြီ။ ရေနွေးကြမ်းနဲ့ ထမင်းပူပူလေး စားပြီးရင် အဖေက အိမ်မှာ ပြုပြင်စရာလေးတွေ ပြင်တယ်။ ဘုရားစင်ကို ရှင်းလင်းတယ်။ ကျွန်မနဲ့ အငယ်တွေကတော့ ဆူးပုပ်ညွန့်၊ သြဇာညွန့်၊ ကင်ပွန်းညွန့်စတာတွေကို ခမောက်လေးတွေဆောင်းပြီး ခူးကြတယ်။ အမေ့ကို ကူချင်ကြတာ ပြာယာခတ်နေအောင်ပါပဲ။ အမေကတော့ နေ့လည်စာချက်ဖို့ ပြင်ဆင်နေပါပြီ။ ရွာကအဒေါ်တွေ လက်ဆောင်ပေးထားတဲ့ မြေပဲအစိုတွေကို သန့်စင်ပြီး မြေပဲပြုတ်အိုးလည်း အမေက ပြင်ပြီးပါပြီ။

အိမ်မှာအဖေဆီကပ်နေဖို့ မောင်နှမတွေ နေရာလုရပါတယ်။ အဖေက မျက်မှန်ကြီးတပ်ပြီး ဘုရားဟောဇာတ်တော်တွေကို ဖတ်ပြမှာမလို့ပါ။ ပြီးအဖေ့နားမှာ အတင်းတိုးဝှေ့အိပ်ရတာ အတော်ပျော်စရာကောင်းပါတယ်။ များသောအားဖြင့်တော့ မောင်နှစ်ယောက်က အဖေ့ဘေးမှာ နေရာရပါတယ်။ အဲဒီခါကျတော့ အဖေက ငါးစပ်စောင်လို့ခေါ်တဲ့ အညာစောင်အကြီးကြီးကို ကျွန်မတို့အားလုံးလုံအောင် ခြုံပေးပြီး စာဖတ်ပြတယ်။ ပုံပြင်တွေပြောပြပါတယ်။ ခဏနေရင် မောင်ငယ်တွေက အိပ်ပျော်သွားကြတယ်။ အဖေလည်း မျက်မှန်ကြီးတပ်လျက်နဲ့ အိပ်ချင်အိပ်သွားတတ်တယ်။

ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

ကျွန်မတို့အိမ်မှာ စားပင်တော်တော်များများ ရှိပါတယ်။ အိမ်ရှေ့မှာ ခါးတက်ပင်ဆိုတာ ရှိတယ်။ သူကတော့ အရွက်နုကိုခူး ရေဆေးပြီး စဥ့်အိုးသန့်သန့်မှာ ဆန်ဆေးရည်နဲ့ စိမ်ရပါတယ်။ ပြီးရင် နေပူမှာထားရပါတယ်။ ၃ ညအိပ်ပြီးလောက်ဆိုရင် စားလို့ရပါပြီ။ ခါးတက်ချဉ်လို့ခေါ်ပေမယ့် အချဉ်အရသာမဟုတ်ပါဘူး။ ငါးပိချက်နဲ့ အတို့အမြုပ်လုပ်နိုင်သလို သုပ်စားလည်း စိမ့်တဲ့အရသာ ရှိပါတယ်။ ခါးတက်ရွက်သုပ်မယ်ဆိုရင်တော့ မြေပဲဆန်လှော်ကို ထောင်းရပါတယ်။ ကြက်သွန်ဖြူလေးဆီချက်ပြီး ပုဇွန်ခြောက်၊ ခရမ်းချဉ်သီးတလုံးနဲ့ ခါးတက်ရွက်ကို ကတ်ကြေးနဲ့ နုတ်နုတ်ကိုက်ပြီး သုပ်ရပါတယ်။ အတော်စားကောင်းလှပါတယ်။ မောင်လေးတွေက မနက်စောစော ၅ နာရီလောက်နိုးတဲ့နေ့ဆို အပင်ပေါ်တက်ပြီး အရွက်နုတွေ ခူးပါတယ်။ ကျွန်မက သူတို့ခူးလာတဲ့အရွက်တွေ သန့်စင်ပြီး အမေကို ပေးရပါတယ်။ စားလို့ရတဲ့အနေအထားရောက်လာပြီဆိုရင် အိမ်နားနီးချင်းမိတ်ဆွေများကို လိုက်ဝေငှပေးပါတယ်။ ရင်းနှီးသူတချို့ကလည်း ခါးတက်ချဉ်ရှိရင် ပေးပါလို့ လာတောင်းတတ်ပါတယ်။ ရှိတော့လည်း ပေးလိုက်တာပေါ့နော်။ ဒါလည်း ဘာအစပ်အဟပ်တည့်တယ်တော့ မပြောတတ်ဘူး။ အမေလုပ်တဲ့ ခါးတက်ချဉ်က ပိုအရသာရှိတယ်လို့ ပြောကြပါတယ်။ ကျွန်မကျောင်းသွားတက်တော့မယ်ဆို ခါးတက်ချဉ်က တပုလင်းအမြဲပါတတ်တယ်။ သူငယ်ချင်းတွေကလည်း ကြိုက်တော့ ယူသွားရပါတယ်။ ခါးတက်ချဉ်ကတော့ အိမ်မှာ မပြတ်ရှိတတ်ပါတယ်။ အခုတော့ မောင်လေးတွေလည်း ခူးကြသေးရဲ့လား မမေးမိတော့ဘူး။

ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

သြဇာပင်၊ ဆူးပုပ်လေးပင်၊ ကင်မွန်းချဉ်ပင်၊ ပင်စိမ်းပင်နဲ့ ရှောက်ပင်စတာလေးတွေ အမေက စိုက်ထားတတ်တယ်။ သြဇာပင်က စစချင်းဆို ၃ လုံးသီးတယ်တဲ့။ သြဇာပင် ၃ လုံးစသီးပြီဆိုရင် ကျွန်မကျောင်းက ပြန်လာတတ်တယ်တဲ့ အမေကတော့ အဲလို မှတ်ထားတတ်တယ်။ ဆူးပုပ်လေးပင်ဆိုတာ အရွက်အသေးလေးတွေနဲ့ ဟင်းချိုချက်သောက်ရတယ်။ ကြက်ဥနဲ့ကြော်စားရတယ်။ တပင်ရှိရင် ခူးစားလို့ မနိုင်ပါဘူး။ ဆူးပုပ်ရွက်ခူးတဲ့နေရာမှာလည်း မောင်လေးက တော်ပါတယ်။ ကျွန်မခူးရင် အရွက်လည်းမရဘူး။ ဆူးစူးလို့လည်း ငိုရပါတယ်။ ကင်မွန်းရွက်လည်း မောင်လေးပဲ ခူးပေးတတ်ပါတယ်။ ပြီးတော့ အမေက နှမ်းဖတ်ချဉ်လည်း ထည့်တတ်တယ်။ နှမ်းစေ့၊ မြေပဲစေ့ကနေ ဆီထုတ်ပြီး ကျန်နေတဲ့ အဖတ်ကို နှမ်းဖတ်လို့ခေါ်ပါတယ်။ စက်ကနေထွက်လာတာကို မသုံးပါဘူး။ နွားဆုံနဲ့နယ်ပြီးထွက်လာ တဲ့ အဖတ်ကိုမှ အချဉ်ထည့်ပါတယ်။ နှမ်းဖတ်ချဉ်ပေါ့နော်။ နှမ်းဖတ်ချဉ်ကို ရှောက်ရွက်လေးနဲ့သုပ်စားရင် အတော်အရသာရှိပါတယ်။ နှမ်းဖတ်ချဉ်ကို ၀က်သားနဲ့စပ်စပ်လေးလည်း ချက်စားလို့ကောင်းပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။

ကျွန်မတို့ အညာဖက်တွေက ဟင်းသီးဟင်းရွက်တွေ ဈေးပေါပေါလည်းရတယ်။ လတ်လတ်ဆတ်ဆတ်လည်း ရပါတယ်။ မြို့ဈေးမှာ မနက်ဝေလီဝေလင်းဆိုရင် အနီးအနားကရွာတွေက လာရောက်ရောင်းချတဲ့ ဟင်းသီးဟင်းရွက်သည်တွေနဲ့ စည်ကားလှပါတယ်။ ဧရာဝတီမြစ်ကမ်းတလျှောက်ရှိ ရွာတွေက လာရောက်ရောင်းချကြပါတယ်။ တချို့လည်း စက်လှေနဲ့လာကြတယ်။ တချို့လည်း ခြေလျင်လာကြတယ်။ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ သခွါးသီး၊ ငရုတ်သီးအစို၊ အခြောက်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်စသည်ဖြင့် မျိုးစုံဝယ်လို့ကောင်းလှတယ်။ ခရမ်းချဉ်သီးဆို ၅၀ သား၊ ၁ပိသာ အနည်းဆုံးထား ၀ယ်ရတယ်။ ခရမ်းချဉ်သီး ခပ်စိမ်းစိမ်းတွေကလည်း သုပ်စားလို့အနေတော်တွေပေါလှတယ်။ ခရမ်းသီးဆိုတာ အစိမ်းရောင် အကြီးကြီးတွေပါ။ တလုံးကို ၅၀ ကျပ်သားလောက်ရှိတတ်ပါတယ်။ အဲလိုအရွယ်ခပ်ကြီးကြီးခရမ်းသီးကို မီးဖုတ်ပြီး နံနံပင်လေးနဲ့ ပဲဆီမွှေးမွှေးလေးနဲ့သာ သုတ်စားလိုက်ရရင် ထမင်းစားမြိန်ပြီပဲ။ ၀က်သားနဲ့ ခရမ်းသီးနှပ်မယ်ဆိုလည်း စားလို့ကောင်းလှပါတယ်။ ဒီမှာတော့ ခရမ်းသီး အညိုရောင်တွေ အတွေ့ရများပါတယ်။ ငရုပ်သီးစိမ်းပုံတွေက ကြီးလွန်းလို့ ဈေးသည်ကိုတောင် ကွယ်လုနီးနီးဖြစ်နေတတ်တယ်။ စားစရာ အသီးတွေကလည်း မျိုးစုံပေါလှပါတယ်။ အမေနဲ့ဈေးလိုက်ရင် အပြန်မှာ မနည်းသယ်ရတယ်။



ဓာတ်ပုံကိုဒီနေရာကယူပါတယ်။


ကျွန်မတို့မြို့မှာ အိမ်ရှေ့ကိုလည်း ခေါင်းရွက်ဈေးသည်တွေ လာရောင်းတတ်ပါတယ်။ သူတို့ကတော့ မြို့ဈေးကို မနက်အစောထသွား ဖောက်သည်ယူလာပြီး တောင်းနဲ့ခေါင်းပေါ်ရွက် တအိမ်ဆင်းတအိမ်တက် လည်ရောင်းပါတယ်။ ဈေးနှုန်းကအတော်လေးကွာတော့ အမေကတော့ အရေးကြီးလှမှ ၀ယ်ပါတယ်။ ချဉ်ပေါင်ရွက်တစည်းကို ၂ ကျပ်လောက်အိမ်ရှေ့မှာပေးဝယ်ရရင် ဈေးမှာဆို ၁၀ဖိုး ၁၅ စည်းလောက်ရပါတယ်။ အပိုဆိုတာ ၂စည်း ၃စည်းပေးလိုက်သေးတယ်။ ငရုပ်သီးစီမ်း၂ကျပ်ဖိုးဆို လက်တဆုပ်စာလောက်ရတဲ့ဟာက ဈေးမှာဆို ၅ကျပ်ဖိုးလောက်ဝယ်ရင် သုံးပေတော့။ သံပုရာသီး၊ ဒညင်းသီးဆို တောင်ပုံရာပုံပေါလှတယ်။ ဒါပေမယ့်လည်း ဟင်းအိုးတည်နေရင် လိုလာတာမျိုးဆိုရင်တော့ ခေါင်းရွက်ဈေးသည်ဆီမှာ ၀ယ်ရပါတယ်။ တချို့ကတော့ ဈေးသွားမည့်သူမရှိတာ၊ သွားမ၀ယ်ချင်တဲ့အိမ်တွေကတော့ ခေါင်းရွက်ဈေးသည်တွေကို ကန်ထရိုက်ဆွဲထားတတ်ပါတယ်။ သူတို့ဖောက်သည်အိမ်ဆို ဈေးသည်တွေက ပါလာတဲ့ ထမင်းထုပ်ဖြေစားရင်း၊ ဖက်ဆေးလိပ်လေးသောက်ရင်း တမေ့တမော ဈေးရောင်းတတ်ပါတယ်။ အဲဒီဈေးသည်တွေကလည်း ဧရာဝတီမြစ်တလျှောက်ရွာတွေကနေ လှေနဲ့လိုက်လာကြပါတယ်။ သူတို့မှာ တောင်းအခွံနဲ့ ထမင်းထုပ်လေးတွေပဲ ပါတတ်ပါတယ်။ အဲဒီကနေမှ ဈေးကို ဖောက်သည်သွားယူပြီး မြို့ထဲမှာ လှည့်လည်ရောင်းချပါတယ်။ နေအတော်မြင့်ရင်တော့ သူတို့လိုတာလေးတွေ မြို့ကနေ၀ယ်ပြီး သူတို့ရွာလေးဆီ ပြန်သွားကြရင်း တနေ့စာ ၀မ်းရေးကို ဖြေရှင်းကြပါတယ်။ မနက် ၃နာရီ ပတ်ဝန်းကျင်ဆို ကျွန်မတို့မြို့လေးဆီလာနေတဲ့ စက်ဘီးသံ၊ ဆိုက်ကားသံတွေကို တောလမ်းဖက်ဆီမှာ ကြားနိုင်ပါတယ်။ တချို့ဆိုရင် ခပ်မှောင်မှောင်လရောင်အောက်မှာ ရှေ့နောက်အထုပ်ကြီး၊ အထုပ်ငယ်အသွယ်သွယ်တင်ပြီး သီချင်းလေးတောင်ညည်းလာတာတွေ တွေ့ရပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။


အမေကတော့ ငရုပ်သီးပေါ်ချိန်၊ သရက်သီးပေါ်ချိန်ဆို အဲဒီဈေးသည်တွေနဲ့ သူတို့ရွာကမှာလိုက်တယ်။ ဈေးလည်း အတော်ချိုတယ်လေ။ ပင်ရင်းကရသလိုဆိုတော့ များများဝယ်ပြီး တနှစ်စာအခြောက်လှမ်းထားတတ်တယ်။ ငယ်ငယ်ကဆို ငရုတ်သီးထောင်းစားချင်ရင် အမေလှမ်းတဲ့ ငရုတ်သီးမှည့် နီနီရဲရဲတွေထဲက ပြေးယူပြီး ထောင်းစားရတာ အတော်ကောင်းပါတယ်။ သူတို့ရွာတွေက လက်ပံကောင်းခြောက်လည်း မှာလို့ရပါတယ်။ လက်ပံပွင့်ကို အခြောက်လှမ်းထားပြီး ၁၆ ပြည်ဆန့်တဲ့တစ်တင်းမှ ၄၀ ကျပ်လောက်ပေးရတာပါ။ လက်ပံခေါင်းခြောက်ကို ပုန်းရည်ကြီး၊ ၀က်သား၊ မျှစ်ခြောက်၊ ပဲပင်ချဉ်လေးနဲ့ရောပြီးချက်ရင်တော့ ထမင်းစားလို့ကောင်းပြီပေါ့နော်။ အဲဒီဈေးသည်တွေဆီကနေ ပျားရည်စစ်စစ်လည်း မှာလို့ရသဗျ။ သရက်သီးခြောက်၊ မျှစ်ခြောက်၊ လက်ပံပွင့်ခြောက်တွေကို များများဝယ်ထားတာက မိုးရာသီဆို အတော်အသုံးဝင်တာကိုး။

နောက်တမျိုးက နေ့လည်ခင်းဆိုရင် ရွာတွေက လာရောင်းတဲ့ဈေးသည်တွေပါ။ သူတို့ကလည်း ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ သမုန်းရွက်၊ သမုန်းဖူး၊ ကင်းမုံရွက်၊ ကင်းမုံသီး၊ ကင်းမုန်ချဉ်၊ ငှက်ပျော်ဖူး၊ အဝေရာရွက်၊ မြင်းခွာရွက်စတာတွေ ရောင်းပါတယ်။ တောကန်းစွန်းခေါ်တဲ့ အညိုရောင်အရိုးနဲ့ ကန်းစွန်းရွက်ညွန့်လေးတွေက ချဉ်ဟင်းချက်ရင် ပိုကောင်းတယ်လို့ အမေကပြောပါတယ်။ သူတို့ဆီက စကောတချပ်နဲ့ ချဉ်ဟင်းချက်ဖို့ အရွက်စုံထည့်ပါဆိုရင် ၁၀ ဖိုးဆို တအိမ်လုံးစားပေတော့။ မြင်းခွာရွက်တွေက ပြောင်းခင်းတောမှာ အတော်ပေါဆိုပဲ။ မြင်းခွာရွက်သုပ်လေးလည်း စားရရင်သိပ်ကောင်းလှပါတယ်။ ကင်းမုန်ရွက်၊ ကင်းမုန်သီး၊ မန်ကျည်းရွက်လေးနဲ့သိပ်ထားတဲ့ ကင်းမုန်းချဉ်ကိုလည်း ငါးပိနဲ့ကြော်လိုက်ရင် စားလို့မြိန်တဲ့ ဟင်းတခွက်ရပါတယ်။


ကျမယခုနေတဲ့မြို့မှာ စိုက်ခင်းတခုတွေ့လို့အမှတ်တရ ရိုက်ထားတာလေးပါ။

ရွာကို အလည်သွားရင်တော့ အဒေါ်က မျှစ်စိမ်းဆန်ဟင်းအိုး တည်ထားတယ်။ အိမ်နားက ကလေးတွေနဲ့ တောထဲလိုက်သွားမယ်ဆိုပြီး အဒေါ့်ဟင်းအိုးအတွက် ဟင်းရွက်ခူးပေးခဲ့ဖူးတယ်။ အတင်းလိုက်ချင်နေလိုက်သွားဆိုပြီး ခွင့်ပြုချက်ရလို့ကတော့ ပျော်လိုက်တာ ပြောမနေနဲ့တော့။ ခြင်းတောင်းတလုံးဆွဲပြီး လိုက်သွား။ ဟိုရောက်ရင် အရွက်တွေပေါလိုက်တာ။ ကုလားပဲရွက်၊ ရေနဒေါင်းရွက်၊ ပီလောရွက်၊ ကန်းစွန်းရွက်၊ ပဲရွက်၊ ပဲသီးနုနု။ ဖရုံရွက်၊ ဖရုံသီးနု၊ ခရဲသီးနုစတာတွေပေါ့။ ရွာကန်သင်းက ဆူးပုပ်ရွက်လေးရယ်၊ ပီလောရွက်၊ ကန်စွန်းညွန့်လေးကို ရေဆေးပြီး မျှစ်စိမ်းဆန်ဟင်းအိုးထဲထည့်လိုက်လို့ကတော့ ဟင်းချိုအတွက် ပြောစရာမလိုတော့ဘူး။ ချဉ်ပေါင်သီးကို မြေပဲဆန်လေးနဲ့ထောင်း၊ ငါးပိကောင်ကြော်လေးနဲ့ ဟင်းချိုသာရောပြီး လွေးလိုက်ရရင် ဆွေမျိုးမေ့သွားမလားနော်။ အဒေါ်တို့အိမ်ဝန်းထဲက တမာရွက်ကလည်း သိပ်မခါးလှဘူး။ တရွာလုံးက အဲဒီအပင်ကို စားတမာပင်လို့ သတ်မှတ်ပြီး စားကြတယ်။ တခါတလေ တမာရွက်တို့လေးနဲ့ ငပိရည်ဖျော်လေးလည်း လွမ်းမိပါတယ်။ ပဲပိစပ်ကနေလုပ်ထားတဲ့ ပဲပုပ်ပြားကလည်း အဒေါ်တို့ရွာဖက်က အများဆုံးထွက်တာပါ။ ကြက်သွန်ဖြူတောင့်တွေနဲ့ရောလုပ်ထားတဲ့ ပဲပုပ်ပြားကို ကြော်စား၊ မီးကင်စား ကြိုက်သလိုစားလို့ကောင်းပါတယ်။ ကျောင်းသွားတက်ရင် ပဲပုပ်ပြားတွေကို ငရုပ်သီးနဲ့ကြွပ်နေအောင်ကြော်ပြီး လာပို့ပေးတဲ့အဒေါ်ကိုလည်း သတိမိပါတယ်။ မျှစ်စိမ်း၊ မျှစ်ဆူးထိုးဆိုတာတွေကလည်း ကျွန်မတို့မြို့ကို အနယ်နယ်ကတင်သွင်းတဲ့အထဲမှာ အဒေါ်တို့ဆီကလာတဲ့မျှစ်ကမှ အရသာလေးလေးပင်ပင်ရှိတယ်တဲ့။

ပဲရှည်သီးလို့ခေါ်တဲ့ ပဲလင်းမြွေသီး၊ ခ၀ဲသီး၊ ကဆစ်သီးဆိုတာတွေကလည်း ရွာမှာတော့ အတော်ပေါပါတယ်။ ကားလမ်းဘေးရွာတွေမှာဆိုရင် ပန်းမုံလာပွင့်တွေရောင်းနေတာ အလကားပေးနေသလိုပါပဲ။ မြို့ဖက်ကလူတွေဖြတ်သွားကြရင် ကားတွေရပ်ပြီး ၀ယ်ကြတာ အလုအယက်ပါ။ ကျွန်မတို့အိမ်ကတော့ ၀ယ်မစားရတာများပါတယ်။ လူကြုံတိုင်းထည့်ပေးတတ်တဲ့ အဒေါ်လက်ဆောင်တွေနဲ့တင် အိမ်နားနီးချင်းတွေပါ ပေးလို့ရပါတယ်။ တခါတလေ တနဲရည်လို့ခေါ်တဲ့ ထန်းလျက်မလုပ်ခင် သကာရည်ကိုလည်း ပို့ပေးလို့စားရပါတယ်။ ပေါက်ပေါက်ခပ်ထားတဲ့ ပေါက်ပေါက်ထန်းလျက်၊ ဇီးထန်းလျက်ကလည်း အိမ်မှာမပြတ်ပါဘူး။ ပြတ်ရင်လည်း အမေမှာ ၀ယ်ရတာပါ။ အိမ်က မောင်လေးက ထန်းလျက်ကို ဟိုဖက်ပါးစောင် ဒီဖက်ပါးစောင်အပြည့်စားတတ်တယ်။ သူက ထန်းလျက်မရှိရင် အမေ့ကို ဂျီကျတတ်လို့ အမြဲမပြတ်ဆောင်ထားရပါတယ်။


ဓာတ်ပုံကိုဒီနေရာကယူပါတယ်။

ကျွန်မတို့မြို့ကို နောက်လွမ်းစရာတခုကတော့ မွှေးကြိုင်လှတဲ့ သနပ်ခါးပါ။ သနပ်ခါးဆိုရင် အစွဲကြီးတယ်ပြောပြော မြို့ကသနပ်ခါးမှလိမ်းတတ်ပါတယ်။ အပွေးကောင်းမှ အဖြူမျိုးမှဆိုပြီးလည်း ကျွန်မက ရှာဖွေဝယ်တတ်ပါတယ်။ သနပ်ခါးကိုတော့ ကြည့်လိုက်တာနဲ့ ကောင်းမကောင်းတန်းသိပါတယ်။ မြို့လယ်မှာ အရင်က ဘုန်းကြီးကျောင်းဝိုင်းအဟောင်းတခုရှိတယ်။ ခုတော့ သနပ်ခါးပွဲရုံဝိုင်းဖြစ်သွားပါပြီ။ အလည်လာတဲ့ဧည့်သည်တွေ၊ တခြားမြို့ကို လက်ဆောင်ပေးမယ်ဆိုရင် အဲဒီမှာ သွားဝယ်လို့ရပါတယ်။ မွှေးလားဆိုတာ ကျောက်ပျဉ်လေးတွေနဲ့သွေးပြတတ်တယ်။ သနပ်ခါးအ၀ါမျိုးကို တချို့ကတော့ ကြိုက်ပါတယ်။ ကျွန်မကတော့ လိမ်းပြီးနည်းနည်းကြာရင် အရောင်မဲသွားလို့ အ၀ါမျိုးကို မကြိုက်ပါဘူး။ အိမ်ရှေ့ကိုလာရောင်းတဲ့တောသည်တွေဆီကနေ ကျောက်ကုန်းသနပ်ခါးဆိုတာလေးတွေ ၀ယ်လို့ရပါတယ်။ သူတို့ရွာတွေမှာ ယာခင်းကျောက်ကုန်းမြေတွေမှာ အလေ့ကျပေါက်တဲ့ ကုန်းသနပ်ခါးကျစ်ကျစ်လေးတွေက သိပ်မွှေးတာ။ ပိုင်ရှင်မရှိပဲ အလေ့ကျပေါက်တာဆိုတော့ လိုက်ရှာတူးပြီး ရောင်းချပါတယ်။ များသောအားဖြင့်မြေတွင်းက တူးယူရပါတယ်။ အဲဒီသနပ်ခါးတုံးအကျစ်တွေ ပိုမွှေးတော့ အမေက တောသည်တွေဆီက ၀ယ်ဝယ်ထားပါတယ်။ အမေက ၀ယ်ထားလိုက်၊ ကျွန်မက ကျောင်းကိုသယ်သွားလိုက်ပေါ့နော်။ ကျွန်မဒီကိုသွားမယ်ဆိုတော့ “အမေတို့လာရင် သနပ်ခါးတုံးယူခဲ့ပါ။ ယူသွားချင်လို့“ လို့ပြောမိပါတယ်။ အစ်ကိုတွေဝယ်ပေးလိုက်တာဆိုပြီး တတောင်ထွာလောက်ရှိတဲ့ သနပ်ခါး၁၀တုံးသယ်ချလာလို့ ရန်ကုန်က ဆရာမတွေဆီ ပြေးကန်တော့ခဲ့ရပါတယ်။ “အကုန်သယ်သွားပါအေ“ လုပ်နေလို့ အမေ့ကို မနည်းပြောခဲ့ရတာမှတ်မိပါတယ်။

နေ့လည်စာကို ဆူးပုပ်ရွက်ပဲလေးဟင်းချို၊ ငါးပိကောင်ချက်၊ မျှစ်ထောင်းလေးနဲ့ မန်းကျည်းချဉ်သုပ်နဲ့ အမေက ပြင်ဆင်ပြီးရင် တခါလွေးကြပါတော့တယ်။ နေ့လည်စာပြီးရင်တော့ အမေပြုတ်ထားတဲ့ မြေပဲပြုတ်ပူပူလေးစားရတယ်။ ညနေ ၄ နာရီလောက်ဆို အမေက ညစာချက်ပြုတ်နေပြီ။ စောင်ခြုံထဲကနေ ဟင်းနံ့တွေရလို့ ဗိုက်ဆာလှပါပြီ။ ညနေဆိုရင်တော့ မျှစ်နဲ့ချဉ်ပေါင်ကို ငရုတ်သီးစိမ်းစပ်စပ်လေးချက်ရင်ချက်တယ်။ သရက်သီးခြောက်နဲ့ ၀က်သားလေးဖြစ်ဖြစ်။ မိုးတွေရွာနေတုန်း ဟိုအိမ်က ငါးပိကြော်နံ့၊ ဒီအိမ်က ချဉ်ပေါင်ချက်နံ့နဲ့ ကလေးတွေကတော့ ဗိုက်ဆာလို့ အမေ့နားသွားသွားချောင်းနေရပါတယ်။ တအိမ်နဲ့တအိမ်ကလည်း ဘာဟင်းချက်ကြလဲ၊ ဒို့တော့ ကျက်ပြီဆိုတာတဲ့ မေးကြ၊ ဖြေကြ၊ ဟင်းတွေဝေမျှစားကြတာတွေကို မိုးအေးအေးမှာ သတိရမိရင်း အညာဒေသရဲ့ နွေးထွေးလှိုက်လှဲမှုက ဘယ်နေရာနဲ့မှ တူနိုင်မယ်မထင်ဘူးလို့ တွေးမိပါတော့တယ်။

မဇနိ

19 comments:

tmn June 12, 2008 at 3:06 PM  

မဇနိ....ဖတ်လို့ကောင်းပဗျာ... ဟင်းသီးဟင်းရွက်တွေကို စုံသွားတာပဲ...အညာဒေသ အဲလောက်ဟင်သီးဟင်းရွက်ပေါများတာ ကျွန်တော် မောင်လုံး အခုမဇနိရေးလိုက်မှပဲ သိတော့တယ်...

မောင်ဖြူ June 12, 2008 at 3:10 PM  

မဇနိရေ
ဖတ်လို့ကောင်းပ
အမျိုးကိုစုံသွားတာပဲ။ မြန်မာကတော့ အသီးအရွက်ကလဲစုံပဗျာ။
လွမ်းတောင်သွားပြီ။ ဒီမှာတော့ နွေရောက်မှ အသီးအရွက်ကဈေးချိုတာ။ အိမ်တောင်ပြန်ချင်သွားတယ်။

ဖိုးသောကြာ June 12, 2008 at 4:27 PM  

မဇနိရေ..
ရွာကိုတောင်သတိရသွားတယ်။
ကျွန်တော်တို့ရွာကလဲ အသီးအရွက် အရမ်းပေါ်တာဗျာ့။
ဈေးလည်းချိုတယ်။
အဝေရာတို့ ဒန့်ဒလွန်တို့က ၀ယ်စရာမလိုဘူး။
ဘယ်အိမ်ဝင်ခူးခူးရတယ်။
ခရမ်းသီး အစိမ်းဆိုတာလည်း အညာမှာပဲရှိတယ်ထင်တယ်။
ရန်ကုန်က အညိုသီးတွေပဲရှိတာ။
ကျွန်တော်ကျောင်းသွားတော့ ရန်ကုန်ကအမျိုးတွေအတွက် ခရမ်းသီးအစိမ်းတွေကို လက်ဆောင်ယူသွားရဖူးတယ်။

မဇနိကတော့ အချက်အပြုတ်ကျွမ်းကျင်ပုံပဲ။
ကိုဇနိကြီးတော့ ကန်ကောင်းတာပေါ့ဗျာ။

ညီမ June 12, 2008 at 5:05 PM  

မဇနိရေ...
ဖတ်နေရင်းနဲ့ဗိုက်ထဲမှာ တဂွီဂွီ မြည်လာတယ်တော။့ မဇနိရဲ့ဟင်းပေါင်းဟင်းကိုလည်း အပြေးလေး လွမ်းမိပါတော့တယ။် မဇနိက အရေးကောင်းတော့ မဇနိတို့အိမ်ကို တကယ် လာလည်တော့မှာနော...

မေအောင် June 12, 2008 at 5:23 PM  

မဇနိရေ
အိမ်ကတော့မြို့နဲ့ဝေးတော့
ခုလိုမိုးရာသီဆိုရင်
ပုဇွန်ခြောက်နဲ့မြေပဲဆန်ထောင်းချက်
ှဗူးသီးခြောက်ခရမ်းသီးခြောက်နဲ့မန်ကျည်းရွက်
ချဉ်ရေ၊ထောပတ်ပဲပြုတ်။
ရသမြောက်တဲ့ပုံပြင်တွေအဖေပြောပြတဲ့
အခါစောင်ခြုံထဲကနားထောင်ရတာရော။
အမေကမဲလိပ်လေးတွေနဲ့ကျပန်းစကားပြော
ပြိုင်ခိုင်းတာရော ။
အဲလို အဲလိုဒီပို့စ်ကိုဖတ်ရင်းအလွမ်းတွေ
ကူးစက်လာပါတယ်။

စစ်ကိုင်းသူ June 12, 2008 at 5:29 PM  

မဇနိရေ
ကုလားပဲရွက်ဟင်းချိုသောက်ချင်လိုက်တာ။ စစ်ကိုင်းသူ အသီးအရွက်သိပ်မစားတဲ့သူတောင် မဇနိရေးထားတာတွေဖတ်ပြီး ဟင်းရွက်တွေ အကုန်လွမ်းသွားတယ်။ မြူရွက်သုတ်လဲ စားချင်တယ်။ မဇနိရေးတဲ့ထဲမှာ မပါသွားဘူးလားလို့။ မဇနိတို့ အဖေက မိုးရွာရင် စာဖတ်ပြတယ်။ ပုံပြောပြတယ်တဲ့။ အိမ်မှာက မိုးရွာရင် မောင်နှမတစ်တွေ အဖေ့ကို လှေလုပ်ခိုင်းပြီး ကျူရှင်ခန်းနဲ့ အိမ်နဲ့ကြားက ရေပြင်မှာ လွှတ်ကြတာ သတိရသွားတယ်။ ဘယ်သူလှေက နောက်ဆုံးကျန်လဲဆိုပြီး ပြိုင်ကြတာပေါ့။ အဖေကလဲ လှေပုံစံမျိုးစုံလုပ်ပေးတယ်။ အဲဒီကျ သူ့လှေက လှတယ်၊ ငါ့လှေက လှတယ်နဲ့ ငြင်းကြခုန်ကြပေါ့။ ကိုယ့်လှေက မလှဘူးထင်ရင် အဖေ့ကို ဂျီကျတော့တာပဲ။ အိမ်မှာတော့ အဖေက ပုံပြောခဲတယ်။ အဖိုးနဲ့ အဖွားက ပြောတာများတယ်။ ဒါပေမဲ့ တော်တော်ငယ်ငယ်ကသာ ပုံနားထောင်တာ။ စာဖတ်တတ်ကတည်းက မိုးရွာတာနဲ့ စာအုပ်တစ်အုပ်ယူပြီး အိပ်ယာထဲမှာ ဇိမ်နဲ့ဖတ်တော့တာပဲ။ အကုန်လုံး စာအုပ်တစ်အုပ်စီနဲ့ ဇိမ်ကို ကျနေတာပဲ။ ဘယ်တော့မှများ အိမ်မှာ အဲလိုမျိုးလေး ဇိမ်နဲ့ ပြန်နေရပါ့။

ဗိုလ်ဟိန်း June 12, 2008 at 7:32 PM  

“တောရွာသူတို့အိမ်မယ်၊ မိန်ဖွယ်ပါ့ထမင်း
မိုးမျှော်ငရုတ်သီးထောင်းနဲ့ရယ်၊ သောင်းပြောင်းရောလို့ရယ်။ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် လက်ရေတစ်ပြင်တည်း... ရှေးကတော့ ပိုချစ်ကြတယ်။” ဆိုတဲ့သီချင်းလိုပေါ့ဗျာ။
စကားချပ်။ ။ အမေနဲ့ရွာကိုလွမ်းတယ်။ အဟင့်အဟင့် :(

ဘလူးဖီးနစ် June 12, 2008 at 8:33 PM  

ရက်စက်လိုက်တာဗျာ။ ဒီမှာ အသီးအရွက်စားချင်နေတဲ့ သူကို တမင်နှိပ်စက်နေသလိုပဲ ဟီး။ တော်တော်လေး စုံအောင်ကို ရေးထားတာပဲဗျာ။ စာရေးတော်တော်ကောင်းတယ်နော်။ စိတ်လဲ တော်တော်ရှည်တယ်။ :)
အမြဲ လာဖတ်ဖြစ်အောင် ကြိုးစားပါ့မယ်။ မြန်မာပြည် ပြန်ရောက်သွားသလို ခံစားရလို့ ကျေးဇူးပါပဲ...

ခင်မင်စွာဖြင့်
ဘလူးဖီးနစ်
http://engineer4myanmar.com

ညိမ်းညို June 12, 2008 at 9:34 PM  

မဇနိရေ စာရေးကောင်းလိုက်တာဗျာ။ ဟင်းသီးဟင်းရွက်တွေကလဲ အမျိုးစုံပါပေ့၊ မိသားစုဖွဲ့စည်းပုံလေးကလည်း နွေးနွေးထွေးထွေး ကြည်နူးစရာကောင်းလိုက်တာ။ မဇနိက ဟင်းချက်ကောင်းမဲ့ပုံဗျ :) ကိုဇနိကြီးတော့ ဟန်ကျပီဗျို့
ဟင်းကောင်းကျွေးကောင်းလေးတွေနဲ့ မြိန်မြိန်ကြီးလွေးပေးရော့ :D

Heartmuseum June 12, 2008 at 10:40 PM  

ကျွန်တော်က မန္တလေးသား ပေမယ့် စစ်ကိုင်းမှာ ကြီးတယ်ပြော လို့ရတယ်။ အဖွား၊ အဒေါ်၊ ဦးလေး၊ဂျီးတော် တွေက အဲဒီမှာနေတာကိုးဗျ။ အဖွားရင်ခွင်ထဲဝင်ပြီး ပုံပြင်နားထောင်ခဲ့တာ မြစ်ဆိပ် ရေချိုးသွားရင်း ထိကရုမ်းပင်တွေ ဆော့ရတာ အမောဗျ။ သနပ်ခါးကို ကောင်းမှုတော်မှာဝယ် အရင်က မြို့မဈေးကြီး နောက်ကျောမှာ ၀ယ်တယ်။ ခြံထဲသွား အတို့အမြှုပ်ခူး လပ်လပ်ဆပ်ဆပ်စား ...အိုး... လွမ်းတယ်ဗျာ။

k4 June 13, 2008 at 12:48 AM  

မဇနိ ပို့စ်ဖတ်လိုက်တာ အိမ်က ထမင်းဝိုင်းကို လွမ်းလာပီ
စားချင်နေပါတယ်ဆိုမှ
ပြန်လျော်ပေး

ဇနိ June 13, 2008 at 2:14 AM  

မဇနိရေ..

နောက်ကျတော့ သီးစုံရွက်စုံ ဟင်းတွေချက်ကျွေးနော..
ပြီးရင် မိုးအေးအေးမှာ ပုံပြင်တွေလည်းပြောပြ...
အီစကိုလည်း မဇနိကို ဒီမှာ သင်ထားတဲ့ ပညာတွေနဲ့ အတူနေတော့မှ ချက်ကျွေးဦးမယ်.. ဟ ဟ

း)

မဇနိ June 13, 2008 at 9:04 AM  

ကိုမောင်လုံး ရေ ခုမှသိသွားပြီဆို အိမ်ပြန်ရင် ချက်စားတော့နော်။
ကိုမောင်ဖြူတို့ဆီလည်း ပေါမယ်ထင်ပ။
ကိုသောကြာရေ ကိုဇနိကတော့ ခုလည်း ကံကောင်းတာပါပဲ ချက်ကျွေးမယ့်သူရှိနေတာကို အခုသူငယ်ချင်းကလည်း လက်ရာကောင်းတယ်ကြားတယ်နော်။
ညီမရေလာလည်ချင်ရင် အထုပ်သာပြင်ထား။
မမေအောင်ရေ ချဉ်ပေါင်နဲ့မြေပဲဆံထောင်းကို ငရုတ်သီးစိမ်းလေးနဲ့ချက်တာ စားချင်သေးတယ်ဗျာ။
စစ်ကိုင်းသူက အိမ်ပြန်ရခါနီးပြီကို အိမ်ရောက်မှ မြူရွက်သုတ်စား။ မဇနိလည်း မေ့မနေနဲ့အုံး။
ဗိုလ်ဟိန်းက သူ့ဟာသူလွမ်းနေတာကို ငိုချင်ရဲ့လက်တို့မိတာကိုး။ လာငိုတော့ KOM က မဇနိကို လာဆူတယ်။ ငိုအောင်လုပ်လို့တဲ့။
ဘလူးဖီးနစ်ကို မရက်စက်ပါဘူး။ နောင်များမှ မဇနိတို့အိမ်လာလည်ပါ အညာဟင်းနဲ့ ထမင်းမြိန်စေရပါ့မယ်။
ညိမ်းညိုလို စာရေးကောင်းတဲံ့သူက မဇနိ စာရေးကောင်းတယ်ပြောရင် ရှက်တယ်တော့။
Heartmuseum က သနပ်ခါးဘာလုပ်ဖို့ ၀ယ်တာတုံး။ ကောင်မလေးပေးခဲ့တာလား မသိ။
ကေဖိုးနော် ဟင်းလည်း ချက်စားအုံး။ ကြက်ဥကြီးစားမနေနဲ့။ ချက်ကျွေးမယ့်သူရင် ရှာ။
ကိုဇနိအတွက်တော့ ခရမ်းသီးခင်းလည်း စိုက်ရအုံးမှာ။
ဝက်သားလည်း အများးကြီး ၀ယ်ရအုံးမှာ။
ခရမ်းးသီးနဲ့ ၀က်သားများနှပ်ထားရင် ကိုဇနိက ခေါင်းမဖော်ဘူး။ အလည်ပြန်လာတုန်းက မအားတဲ့နေ့ဆို လက်ဖက်သုပ်၊ ကြက်ဥကြော်၊ မုန်လာဥနီသုပ်၊ သရက်သီးမှည့် နဲ့ အဲလိုလေးများ ကျွေးမိရင် ဇွန်းနဲ့ပန်းကန်နဲ့ခေါက်နေတာ မှတ်မိပါသေးတယ်။ သူသာမကြိုက်တာ ကေဖိုးတို့များ လာလာချောင်းပြီး စားချင်နေတာ သိပနော်။ ကေဖိုးနဲ့ စစ်ကိုင်းသူရေ ဂျနီဖာ ဆိုင်ကို သတိရတယ်။ မင်းလမ်းက အာပူရှာပူကတော့ စားလို့အတော်ကောင်းသဟ။
သူငယ်ချင်းတယောက်လေ ကြက်ဥနဲ့ထမင်းကြော်တာကို procedure မှားလို့ စားမကောင်းတာလို့ ပြောတဲ့သူရှိသေး။
မနေ့က ယန်း၁၀၀ ဆိုင်က ပန်းအိုးခင်း၊ မျိုးစေ့၊ မြေကြီးတွေ ၀ယ်လာပြီး ငရုတ်ပင်နဲ့ ကြက်သွန်နီပင် စိုက်လိုက်ပြီ။ အသီးအရွက်စိုစိုနဲ့ ဟင်းကောင်းချက်ကျွေးမယ် လာလည်ရင်။
မေမိုး၊ မမ ကေအိုအမ်တို့ဆီမှာတော့ မြန်မာအစားအစာပိုရနိုင်မယ် ထင်တယ်နော်။ အချိန်ပေး လာလည်သော မိတ်ဆွေများအားလုံး ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ကြပါစေ။

NatShinNaung June 13, 2008 at 9:52 PM  

ကောင်းတယ်ဗျာ. ဟင်းသီးဟင်းရွက်တွေ မစားရတာ ကြာပြီ။ အသားအရေလည်း ခပ်မွဲမွဲ ပဲ ကျန်တော့တယ်။ ခြောက်ကပ်နေတာပဲ။ :D ကျွန်တော်လဲ ကတက်ချဉ် အရမ်းကြိုက်တာဗျ. :D

Republic June 14, 2008 at 11:17 AM  

မဇနိ...စာနဲ့ ပုံတွေကြည့်ပြီး အိမ်ပြန်ချင်လာပြီဗျာ ၊၊

eitar June 14, 2008 at 12:01 PM  

ဟင်းရွက်တွေစုံနေတာပဲအမရေ.....စားချင်လိုက်တာ...

မောင်မျိုး June 14, 2008 at 1:16 PM  

စားချင်စရာ တောဓလေ့ဟင်းတွေကြီးပဲပြောနေတယ် သွားရည်ယိုလာပြီးး ပုံလေးတွေရှာတင်ထားပေးတာ ကျေးဇူး မဇနိရေ့ မိုးတွင်းရောက်၇င် မိသားစုကို သတိရတာ ချင်းတော့ တူနေပြီး မိုးရွာတဲ့နေ့ ဆိုရင်တော့ ကျောင်းပြေးပြီး အိပ်မှာ ကွေးရတဲ့ အရသာကတော့ ဘာနဲ့ မှမလဲနိုင်ဘူး အခုနေပြန်ရရင်တော့လိုချင်သား ဒါပေမယ့် လည်းး....ဒါပေမယ့်ပေါ့နော်း) ။

မောင်မျိုး June 14, 2008 at 1:17 PM  

စားချင်စရာ တောဓလေ့ဟင်းတွေကြီးပဲပြောနေတယ် သွားရည်ယိုလာပြီးး ပုံလေးတွေရှာတင်ထားပေးတာ ကျေးဇူး မဇနိရေ့ မိုးတွင်းရောက်၇င် မိသားစုကို သတိရတာ ချင်းတော့ တူနေပြီး မိုးရွာတဲ့နေ့ ဆိုရင်တော့ ကျောင်းပြေးပြီး အိပ်မှာ ကွေးရတဲ့ အရသာကတော့ ဘာနဲ့ မှမလဲနိုင်ဘူး အခုနေပြန်ရရင်တော့လိုချင်သား ဒါပေမယ့် လည်းး....ဒါပေမယ့်ပေါ့နော်း) ။

တားမြစ် ထားသော... June 14, 2008 at 4:15 PM  

အညာသူလေး မဇနိရေ။ ကျွန်တော်က ဝယ်စားလို့ရတဲ့ နေရာမှာရှိတယ်။ ဒါပေမဲ့ မချက်တတ်လို့ စားဖြစ်ဘူး။
စကားပြေကကောင်းတော့ မိသားစုဘဝလေးကို ဖတ်ရင်းနဲ့ အရမ်းကာရော လွမ်းလာမိတယ်။
အသီး အရွက်တွေနဲ့ ချစ်သူကိုပြုစုနိုင်ပါစေလို့ ဆန္ဒပြုသဗျာ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP