ကမကုရသို့အလည်တစ်ခေါက်

>> Wednesday, June 4, 2008


ကမကုရသို့အလည်တစ်ခေါက်
မဇနိ
July 16 2007


ဒီတစ်ပတ်ရဲ့ ကျောင်းပိတ်ရက်မှာတော့ ရာသီဥတုကလည်း သာယာတာကြောင့် စိတ်ဝင်းစားစရာကောင်းမယ့်နေရာတစ်ခုကို သွားဖို့စိတ်ကူးခဲ့ပါတယ်။ နေရာတစ်ခုကို သွားတော့မယ်ဆိုရင် အချိန်တွေက ပေးရပြန်တယ်။ လူလည်းအတော်အသင့် ပင်ပန်းတာဆိုတော့ ထူးဆန်းမယ်ထင်တဲ့နေရာကို ရွေးရတယ်။ ဒီတစ်ပတ်သွားဖြစ်ခဲ့တဲ့နေရာကတော့ ယိုကိုဟားမားဘူတာကနေပြီး လေးဆယ့်ငါးမိနစ်ခန့် ရထား၊ ဘတ်(စ)ကားနဲ့ သွားရတဲ့ ကမကုရကိုပါ။



ကျောင်းပိတ်ရက် ရုံးပိတ်ရက်ဖြစ်တာနဲ့ပဲ လူတွေက အင်မတန် စည်းကားလိုက်တာ။ ဘတ်(စ်)ကားက ဆင်းတာနဲ့ပဲ နိုင်ငံခြားသား အများစုကိုတွေ့ရတယ်။ ကမကုရဘုရားကို မြင်လိုက်တဲ့အခါမှာ ပင်ပန်းလာတာတွေ ဘယ်ရောက်ကုန်မှန်း မသိအောင် စိတ်ထဲမှာ လန်းဆန်းသွားတယ်။ ကျွန်မတို့ မြန်မာတွေလို ထိုင်ပြီး ဘုရားရှိခိုးဦးချတဲ့သူတော့ မရှိပါဘူး။ ကျွန်မတို့ကတော့ ကလေးကတည်းကအလေ့အကျင့်အတိုင်း ငြိမ်ငြိမ်လေးထိုင်ပြီး ရှိခိုးမိပါတယ်။ ဒီနေ့ခရီးကတော့ စိတ်ကြည်နူးစရာကောင်းတယ်လို့လည်း တွေးမိတယ်။

သစ်သားပြားတွေပေါ်ရေးတဲ့ဆုတောင်းစာတွေကတော့ ဒီမှာချိတ်ကြတယ်။
အဲသလိုနဲ့ အပြန်မှာတော့ ဘတ်(စ်)ကားမစီးတော့ဘူး။ လမ်းလျှောက်ရင်းနဲ့ လမ်းမှာရှိတဲ့ ရှင်တိုဘုရားကျောင်းကို သွားချင်လို့ပါ။ အဲဒီမှာ ကျွန်မတို့ မြန်မာတွေအတွက် ထူးဆန်းတာလေးတွေ မြင်ရတော့ ဒီစာကို ရေးဖို့ စိတ်ကူးရသွားတယ်။ ဂျပန်မှာ ကလေးတွေကအစ လူကြီးတွေအထိ ဆုတောင်းစာရေးပြီး ဆုတောင်းတဲ့ အလေ့အကျင့်ရှိသတဲ့။ ယုံလည်းယုံကြည်ကြသတဲ့။ ၀င်ခွင့်စာမေးပွဲတွေအောင်ဖို့၊ ကျန်းမာရေးကောင်းဖို့နဲ့ စီးပွားရေးကောင်းဖို့ အမျိုးမျိုးဆုတောင်းကြတယ်။ ဆုတောင်းစာတွေကို ဂျပန်လိုတော့ (ခမိ)လို့ခေါ်တယ်။ ဆုတောင်းစာတွေကို ရိုးရိုးစာရွက်တွေရယ်၊ သစ်သားပြားတွေပေါ်မှာ ရေးကြတယ်။ သတ်မှတ်ထားတဲ့နေရာတွေမှာ ချိတ်ဆွဲပြီး ဆုတောင်းကြတယ်။

ရိုးရိုးစာရွက်နဲ့ ဆုတောင်းစာတွေကတော့ ဒီမှာချိတ်ကြတယ်။

ဒါကတော့ ရှင်တိုဘုရားကျောင်းပေါ့။
လူကြီးတွေလိုပဲ မူလတန်းကလေးတွေလည်း အုပ်စုလိုက် လေ့လာရေးလာတာတွေ့ရတယ်။ ကလေးတွေဆိုပေမယ့် သူတို့မှာ စားစရာ မုန့်၊ ရေဗူး၊ ကော်ဖီဗူးဆိုတောတွေ လွယ်ပိုးပြီး လာကြတာ။ ကလေးတိုင်းမှာလည်း လည်ပင်းမှာ ဒစ်ဂျစ်တယ်ကင်မရာလေးတွေလွယ်လို့။ သူတို့ စိတ်ကူးရှိရာတွေကို ရိုက်နေကြတယ်။ သူတို့က တစ်နေ့တာ မြင်ရ၊တွေ့ရတာတွေကို စားရေးပြီး ကျောင်းကို ရီပို့(တ်)တင်ရသတဲ့။ ပါလာတဲ့ ခေါင်းဆောင်ဆရာတွေကလည်း ကလေးတွေကို ဂရုစိုက်လိုက်တာလွန်ပါရော။ ဆရာက ကျောင်းသားကလေးတွေကို အုပ်စုလိုက်ဓာတ်ပုံရိုက်ပေးတဲ့အခါ (အီချီ "၁"- နိ "၂" - ဆန် "၃")လို့ အကျယ်ကြီးအော်ပါတယ်။ အဲဒီအခါမှာ ကလေးတွေက ပုံစံအမျိုးမျိုးနဲ့ ရှိုးထုတ်ပြီး ဓာတ်ပုံအရိုက်ခံကြတယ်။ အဲဒီနေရာမှာပဲ ဘီယာစည်အခွံတွေ အလှဆင်ထားတဲ့ မြင်ကွင်းတစ်ခုကို တွေ့ခဲ့ရတယ်။ စည်တစ်ခုစီက ၂-ပေလောက်စီအမြင့်ရှိတယ်။ သူတို့ရဲ့ ဘီယာမြတ်နိုးမှု အမှတ်တရလုပ်ထားတယ်လို့ ပြောတယ်။ ဘုရားကျောင်းရယ်၊ ဆုတောင်းစာချိတ်ထားတဲ့နေရာရယ် ကလေးတွေရယ်ကို ငေးမောပြီး ပြန်လာခဲ့တော့တယ်။



ကျောင်းသားလေးတွေပေါ့။ သူတို့ဆီက အပျော်က ကိုယ့်ဆီထိတောင် ကူးစက်တယ်။

ဘီယာစည်တွေလေ။
ကျေးဇူးတင်ပါတယ်။
မဇနိ

4 comments:

မောင်ဖြူ June 4, 2008 at 5:52 PM  

ကမာကုရသို့အလည်တစ်ခေါက် ရောက်ချင်ပါတယ်။
မဇနိလိုက်ပို့ပါ။ ကိုဇနိသာပါလို့ကတော့ ဘီယာစည်ကြီးတွေမျက်စောင်းထိုးမှာ မြင်ယောင်သေး။ မဇနိရော ဘာတွေဆုတောင်းခဲ့သေးလဲ။

tmn June 4, 2008 at 6:28 PM  

မဇနိ ကမာကုရ ဘုရားကြီးရဲ့ သမိုင်းကြောင်းသိရင် ရေးပါဦးဗျ... သူတို့ဆီက ဆုတောင်းနည်းက တစ်မျိုးနော်... စာရွက် သစ်သားပြားမှာရေးပြီး ချိတ်ကြတာကိုး... ပြန်ဖတ်လို့ ရအောင်ထင်တယ်... :D

heartmuseum June 4, 2008 at 7:26 PM  

မဇနိရေ.... ဘုရားမှာ ဘယ်နှယ့် beer စည်တွေ ထားတာတုန်း မသင့်တော်ပါဘူးဗျာ။ ကျွန်တော့် အိမ်ပို့လိုက်

Republic June 5, 2008 at 12:53 PM  

ခုလိုမရောက်ဖူးတဲ့နေရာတွေကို သိရတာ အဖိုးတန်တယ်ဗျာ ၊၊ ရောက်အောင်တော့လာကြည့် ဦးမယ် ၊၊ အခုတော့ မဟုတ်ဘူး ၊၊ no money :P

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP