စွမ်းလိုက်တဲ့ ယတြာ

>> Tuesday, June 17, 2008

Euro 2008 ဘောလုံးပွဲတွေ လာနေတော့ ငယ်ငယ်က အဖိုးပြောဖူးတာတစ်ခုကို ပြေးသတိရတယ်။ အဖိုးတို့ အုန်းတောဆိုတဲ့ ရွာလေးမှာ တာဝန်ကျနေတုန်းကပါ။ တစ်ခါတော့ အဲဒီရွာက သူကြီးနဲ့ တခြားရွာက (နတ်ခရိုင်လား မသိဘူး) သူကြီးတွေ့ကြတော့ နှစ်ရွာ ဘောလုံးကန်ဖို့ချိန်းကြရောတဲ့။ အဲဒါနဲ့ ရွာမှာ မောင်းထုပြီး အစည်းအဝေးခေါ်၊ ဘောလုံးကန်မယ်ဆိုတဲ့ အကြောင်းပြောတာပေါ့။

ရွာက ကာလသားတွေလဲ တက်တက်ကြွကြွ၊ ကန်မယ်ပေါ့။ ကျန်တဲ့ ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျားတွေကလဲ ဘာမှန်း မသိရင်သာရှိမယ်။ သူများရွာနဲ့ ပြိုင်မယ်ဆိုတော့ ကိုယ့်ရွာဖက်ကနေ အပြတ်အသတ် အားပေးမယ်ပေါ့။ အားခဲထားကြတာလေ။ ဒီလိုနဲ့ ကန်မဲ့နေ့ကို ရောက်လာပါရောလား။ ကန်မဲ့သူတွေကလဲ ဟန်ရေး တပြပြပေါ့။ အဲဒီအချိန်မှာပဲ တစ်ယောက်က မေးပါတယ်။ တစ်ဖက် အသင်းနဲ့ ပြိုင်မှာဆိုတော့ ယတြာလေး ဘာလေး လုပ်မထားဘူးလားတဲ့။ အဲဒီကျမှ အကုန်လုံးက ဟုတ်သားပဲ၊ ကန်တဲ့လူ ဘယ်လောက်ကောင်းကောင်း ဒီလိုမျိုးလေးက ရှိဦးမှပေါ့။ ဘယ်သူကတော့ဖြင့် ဘယ်လိုကောင်းတာနဲ့ ဆူညံ ဆူညံဖြစ်လာကြပါရောလား။ နောက်ဆုံးတော့ မြောက်ကျောင်းက ဆရာတော်က ယတြာအရမ်းစွမ်းတယ်။ ဆရာတော်ဆီ သွားမယ်လို့ ဆုံးဖြတ်ချက်ကျသွားပါတော့တယ်။ ဒါနဲ့ သူကြီးလဲ ဘောလုံးပွဲထဲ မပါတဲ့ ကာလသား တချို့ကို ဘုန်းကြီးဆီသွားပြီး ယတြာတောင်းချေလို့ ခိုင်းပါတယ်။ သွက်သွက်သွား၊ သွက်သွက်ပြန်လို့လဲ မှာလိုက်ပါတယ်။ ဘောလုံးပွဲစဖို့က ဘယ်လောက်မှ မှ မလိုတော့ပဲ။ အဲဒါနဲ့ ကာလသား နှစ်ယောက်လဲ မြောက်ကျောင်းကို အပြေးအလွှားသွားကြတာပေါ့။

ဘုန်းဘုန်းဘုရား ဘုန်းဘုန်းဘုရား တပည့်တော်တို့ ယတြာလိုချင်လို့ မြန်မြန်တွက်ပေးပါဘုရား။

ဟဲ့ ဒကာတို့ရဲ့ မောကြီးပန်းကြီးနဲ့ ဘယ်လိုဖြစ်လာတာလဲ။ ဖြည်းဖြည်းပေါ့။ ရော့ ရော့ ရေနွေးကြမ်းသောက်၊ ထန်းညက်စား။ ဘာအတွက် ယတြာလိုချင်တာတုန်းလဲ ပြောဦးမှပေါ့။

ယတြာက ဘောလုံးပွဲ အတွက်ပါဘုရား။ ဖြည်းလို့ကတော့ မရဘူးဘုရား။ ဘောလုံးပွဲက စတော့မယ်ဘုရား။

အေး ဘောလုံးပွဲရှိတယ်လို့ ကျောင်းက ကျောင်းသားလေးတွေ ပြောနေသံတော့ ကြားသား။ ဒါပေမဲ့ ခက်တာက ဘုန်းကြီးက ဘောလုံးပွဲဆိုတာ ဘာမှန်း မသိဘူး။ ဘယ်လိုဆို နိုင်တာလဲသိမှ ယတြာက လုပ်လို့ရမှာါ့။ အဲဒီတော့ အဲဒါအရင်လျှောက်ကြဦးမှပေါ့။
အို ဘုန်းဘုန်းကလဲ ဘောလုံး ဂိုးထဲဝင်နိုင်တာပါပဲ ဘုရား။ မြန်မြန်လေးသာ လုပ်ပေးပါဘုရား။

တယ်လဲ အလျင်လိုသကိုး။ ကဲပါကွာ တွက်ပါပြီ။
(ကျောက်သင်ပုန်းနှင့် ကျောက်တံယူ။ တဂျောက်ဂျောက်နဲ့ စတွက်ပါတော့တယ်။)

ကဲရော့ရော့ ဒီမှာ ရေးထားတဲ့အတိုင်းသာလုပ်။ လုပ်ရတာက လွယ်ပါတယ်။

တင်ပါ့ ဘုရား။ တပည့်တော်တို့ကို ခွင့်ပြုပါဦး။ ဟိုမှာ စတောင် စနေပြီလား မသိဘူး ဘုရား။

မင်းတို့နှယ်ကွယ် ကြာကြာရန်ကော၊ ဒီမှာ ပွဲက စတောင် စနေပြီ။

သူကြီးနှယ် ဘုန်းဘုန်းက ဘောလုံးပွဲဆိုတာ ဘာမှန်းမသိလို့ ရှင်းပြနေရသေးတာဗျ။ အခုတော့ ရခဲ့ပြီ။

ကဲ ဟိုကောင်မလေးတွေ လာကြစမ်း။ ဒီမှာ ဘုန်းဘုန်းပေးတဲ့ ယတြာ လုပ်ရအောင်။

သူကြီး ယတြာလုပ်ပြီးပြီတော့။

အေး အေး အဲဒါဆိုလဲ နင်တို့လဲ လာအားပေးတော့။ အခုမှ ပွဲက ကြည့်ကောင်းမှာ။

ယတြာလုပ်ပြီးကတည်းက ဝင်လိုက်တဲ့ ဂိုးဆိုတာ ရေတောင် မရေနိုင်အောင်ပါပဲ။ ကွင်းလယ်က ကန်လဲ ဝင်၊ ကော်နာကန်လဲ ဂိုးပေါက်ထဲကို တန်းနေတာပဲ ပရိတ်သတ်ကြီးရေ။
အဲလို ဆိုတော့ ပရိတ်သတ်ကြီးက ထင်လိမ့်မယ်။ အုန်းတော ရွာသူကြီးတော့ မှိုရတဲ့ မျက်နှာကြီးနဲ့ နေမှာပဲလို့။ ဘယ်နှယ့် သူကြီးကို ကြည့်လိုက်တော့ ခရမ်းသီးပိန် နေလှန်းထားသလို ရှုံ့မဲ့နေပါကလား။ ဘယ်လိုဖြစ်ပါ့။

ကြည့်ရတာ ဂိုးတွေ သွင်းလွန်းအားကြီးလို့၊ နတ်ခရိုင် သူကြီးကို အားနာနေပြီထင်တယ်။

ဘယ်နှယ့် ကိုရင်ကလဲ သေချာလေးလဲ ကြည့်ပါဦး။ ဂိုးဝင်တာကတော့ ဟုတ်ပါတယ်။ ကိုယ့်ဂိုးဖက်ကို သွင်းခံနေရတာဗျ။

ဟုတ်ပါ့ဗျား။ ဘုန်းဘုန်းက ဘောလုံးဂိုးထဲဝင်နိုင်တာပဲဆိုတဲ့ စကားအတိုင်း ယတြာလုပ်ပေးလိုက်တာက သူ့ဂိုးဖက်ဝင်ဖို့ မဟုတ်ဘဲ ကိုယ့်ဂိုးဖက် ဝင်ဖို့ဖြစ်နေပါရောလား။
အဲလိုနဲ့ပဲ ယတြာကောင်းလွန်းအားကြီးလို့၊ အုန်းတောရွာလေးခမျာ ဂိုးအပြတ်အသတ်နဲ့ ရှုံးခဲ့ရပါရောလားဗျာ။

14 comments:

ဇနိ June 17, 2008 at 6:36 PM  

စစ်ကိုင်းသူရေ
ကျနော်တို့ ဒုတိယနှစ်တုန်းက ဘောလုံးပွဲကို ပြန်သတိရသဗျာ...
အဲဒီတုန်းကလည်း နောက်တတ်တဲ့ကျောင်းသားတွေက သစ်ကိုင်းတွေ (တမာကိုင်းတွေ၊ ဘေးနားက အပင်တွေပေါ့)ကိုကိုင်ပြီး တစ်ဘက်ဂိုးတိုင်ကို သွားပြီး တဖုတ်ဖုတ်ပုတ်..ယတြာချေသလိုလုပ်တာလေ
တဘက်က အားပေးတဲ့ ကောင်မလေးတွေက ဒေါသထွက်ကြ
အဲဒါကို သွားသတိရသေးသဗျာ
ဒုတိယနှစ်တုန်းက ကျနော်တို့ ဘောလုံးပွဲရှုံးတာလဲ စစ်ကိုင်းသူတို့ ယတြာ အချေမှားတာပဲ ဖြစ်မယ်..
ကျနော်တို့ ကောင်းကောင်းကန်တာပဲကို ရှုံးတာပဲဆိုတော့
း)

Anonymous June 17, 2008 at 6:44 PM  

စစ်ကိုင်းသူရေ
ပို့စ်ကလည်း ဖတ်ကောင်းပ။ ဘောလုံးပွဲမကြည့်ရတိုင်း စိတ်ကူးတွေထိုင်ယဉ်ပြီး ပို့စ်တောင်တင်သွားပြီ။ ဘောလုံးပွဲဆိုရင် အသံတွေနာခဲ့တာ သတိရတယ်။
ဒို့မေဂျာကလူတစ်ယောက်ကို အဲဒီတုန်းက မသိဘူး။
ဘောလုံးပွဲမှာ သူက မကွေးတိုင်းဦးထုပ်ဆောင်းထားတယ်။ မဇနိတို့က အသံတွေဆူညံနေအောင် အားပေးတော့ အဲဒီသူက ဘောလုံးပွဲမကြည့်ဘဲ နောက်ပြန်လှည့်ပြီး လာပြောင်တယ်လေ။ ဟဲဟဲ ကိုယ့်မေဂျာက ဘရားသားဖြစ်မယ်မှန်း မသိသေးတော့ “ခင်ဗျားဆောင်းထားတဲ့ မကွေးတိုင်း ဦးထုပ် ခုချွတ်“ဆိုပြီး မနိုင်နိုင်ရာအော်ခဲ့ဖူးတယ်။ နောက်ကျတော့ “အဲဒီကောင်မလေးပေါ့ ငါ့ကို သူတို့တိုင်းဦးထုပ်ချွတ်ခိုင်းတယ် ဘာမှလဲ မဆိုင်ဘဲနဲ့”တဲ့။ ဟီး ဟီး ကျောင်းတော်က ဘောလုံးပွဲရန်စ မသေးဘူးနော်။ တပတ်လောက် အသံနာတာတော့ မမေ့ဘူးဗျို။

Anonymous June 17, 2008 at 6:45 PM  

အဲဒီဘောလုံးပွဲတုန်းကတော့ စစ်ကိုင်းသူတို့ဘာယတြာမှမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ ကိုဇနိတို့ ကန်ပုံမျိုးနဲ့ကတော့ တတ်နိုင်လို့ ယတြာကောင်း မင်းလောင်းတောင်ဘာဖြစ်ဆိုလား၊ အဲလို ယတြာမျိုးနဲ့ချေတောင် နိုင်မှာမဟုတ်ဘူး။ အားပေးရတာ မောတာပဲရှိတယ်။ ပြန်ပြောရင် စိတ်နာတယ်။

မေအောင် June 17, 2008 at 6:52 PM  

နတ်ပဲမေးမေး
ဗေဒင်ယတြာပဲလိုလို
ဘာပဲလိုလိုစစ်ကိုင်းသူရှိတယ်။
(အမှန်ကသူမူကြိုဖွင့်မယ်ဆိုတာယတြာလားမသိ)
ရှုး.....တိုးတိုး။

Anonymous June 17, 2008 at 6:53 PM  

စစ်ကိုင်းသူရေ
တချက်ကန် တခါလဲတာ ကိုဇနိလေ။
စိုင်းKNကြီးကတော့ မျက်စိမမြင်ဘူးထင်ပါရဲ့။
သူတော့ ကန်တော့မယ်ဆို အားပေးလိုက် လွဲသွားလိုက်နဲ့။
တချို့ကလည်း “စွတ်ကန်“လို့ “စန်ကွတ်“ နာမည်တောင်ပေးရသေးတယ်။

Anonymous June 17, 2008 at 6:55 PM  

သေချာသမှ လေညာက မမေအောင်ရေ့။ စစ်ကိုင်းသူက အဲဒီယတြာကို လက်ကိုင်။ ဟီး ဟီး။ ရှုး တိုးတိုး။

Anonymous June 17, 2008 at 6:57 PM  

မဇနိရဲ့ comment ကို ကိုယ့် comment ပို့လိုက်မှ တွေ့တယ်။ ဟုတ်ပါ့။ တော်တော်များများ ရန်စွာကြတာ မှတ်မိသေးတယ်။ စစ်ကိုင်းသူ မပါဘူးနော်။ စစ်ကိုင်းသူက လိမ္မာတယ်။ အားပေးတာကတော့ ထိပ်ဆုံးကပဲ။ စစ်ကိုင်းသူ တစ်ခု မှတ်မိနေတာ ရှိသေးတယ်။ သူများတွေ သိပ်မသိလိုက်ကြပါဘူး။ အဲဒီတုန်းက မေဂျာတွေ ခွဲပြီးပေါ့။ ဘောလုံးပွဲတွေက စ။ စစ်ကိုင်းသူတို့ နှစ်က လူတွေက အဆောင်လိုက်ပဲ ကန်တယ်။ B-Tech တွေက မေဂျာလိုက် ကန်တယ်လေ။ အဲဒီမှာ Civil B-Tech က ကန်တော့ အဆောင်ကို အားပေးဖို့တဲ့ လာခေါ်တယ်။ အဲဒီအချိန်က သိတဲ့အတိုင်း ဘယ်သူမှ မလိုက်ချင်ကြဘူး။ ပွဲတိုင်းကျော် စစ်ကိုင်းသူနဲ့ မွန်ပြည်နယ်က သူငယ်ချင်းတစ်ယောက်ပဲ အားနာပါးနာနဲ့ လိုက်သွားရပါရောလား။ ဟိုရောက်ပြီး ပွဲစလို့မှ သိပ်မကြာဘူး။ အတူပါလာတဲ့ သူငယ်ချင်းက ဘောလုံးကန်နေတာ ကြည့်ပြီး ငိုပါရောလား။ စစ်ကိုင်းသူလဲ ဘာလုပ်လို့ လုပ်ရမှန်းမသိ၊ လာခေါ်တဲ့ တစ်ယောက်ကလဲ ဘာဖြစ်လို့တုန်းပေါ့။ ငိုတာမှ ရှိုက်ကြီးတငင်ကို ငိုတာ။ နောက်ဆုံး သူ့ခေါ်ပြီး အဆောင်ကို ပြန်လာခဲ့ရတယ်။ ပြီးမှ မေးကြည့်ရတယ်။ ဘာလို့တုန်းဆိုတော့ ကိုယ့်နှစ်က အသင်းကို အားမပေးရဘဲ အဲဒီအသင်းကို အားမပေးချင်ဘဲ အားပေးနေရလို့ ကြည့်နေရင်း ဝမ်းနည်းလာလို့ ဆိုလို့ စစ်ကိုင်းသူမှာ ငိုရခက် ရီရခက် ဖြစ်ခဲ့ရသေးတယ်။

ဇနိ June 17, 2008 at 6:59 PM  

ရှုးတိုးတိုးဆိုတော့ ကြားရကောင်းမလား မကြားရကောင်းမလား....

မမေအောင်က စစ်ကိုင်းသူဆီမှာ လက်ထောက်ဖြစ်ချင်တာဆိုတော့
စစ်ကိုင်းသူက ယတြာဆို မမေအောင်ကလည်း ယတြာလက်ထောက်ချေချင်တာပဲ ဖြစ်ရမယ်...
ဟုတ်လား

Anonymous June 17, 2008 at 7:05 PM  

မမေအောင်နဲ့ မဇနိရေ မူကြိုက တကယ့်ကို ဖွင့်ချင်တာ။ ယတြာဖြစ်သွားလဲ ကောင်းသား။ မဟုတ်ရင် ကိုယ့်ဘာသာကိုယ် အပျိုကြီးဖြစ်နေတာပဲ လာခလုတ်တိုက်နေကြတာ။ သူတို့လဲ တင်ကျွေးထားရတာ မဟုတ်ဘဲနဲ့။ မဇနိရေ ဘောလုံးပွဲအမှတ်တရတွေကတော့ အများကြီးပဲ နောက်မှ သပ်သပ်ရေးဦးမယ်။ ကျောက်ဆည်သားတစ်ယောက် ကျောက်ပတ်တီးကြီးနဲ့ ဘောလုံးဝင်ကန်တာလဲ မြင်ယောင်နေပါသေးတယ်။

Anonymous June 17, 2008 at 7:11 PM  

မစစ်ကိုင်းသူရေ...ညီမတို့ရွာနဲ့တခြားရွာနဲ့ကန်တဲ့ ဘောလုံးပွဲတိုင်း ဘုန်းဘုန်းတွေကအတော်ကို အရေးပါတာ။ ယတြာပေးဖို့တော့မဟုတ်ပါဘူး။ ဘောလုံးပွဲတိုင်းရန်ဖြစ်ကြတော့ရွာသူကြီးလည်း မနိုင်တော့ ဘုန်းဘုန်းတွေက ၀ိုင်းကူထိန်းပေးရတာလေ။ ဟုတ်တယ်..မမေအောင်တို့မဇနိတို့ပြောသလို မစစ်ကိုင်းသူကဗေဒင်၊ယတြာတွေစိတ်ဝင်းစားပုံရတော့ ယတြာအကောင်းလေးတွေရှိမယ်အထင်နဲ့တောင်းချင်ပေမယ့်လည်း မစစ်ကိုင်းသူကိုကြည့်ပြီး မ၀ံ့မရဲ...

Anonymous June 17, 2008 at 7:19 PM  

ညီမရေ စိတ်ကူးမလွဲနဲ့နော။ စစ်ကိုင်းသူက ကိုယ့်ဖာသာကိုယ်သာမစွံတာ။ သူငယ်ချင်းတွေကဆို စစ်ကိုင်းသူကို အားကိုးတယ်နော။ မယုံရင် မဇနိတို့ မေးကြည့်။ ကိုလူအေးလဲ သက်သေရှိတယ်။

Anonymous June 17, 2008 at 9:32 PM  

ဟဟ စစ်ကိုင်းသူ
MTU က ဘောလုံးပွဲကို သတိရတယ်
tmn ဘုန်းတဂိုးရှင်ဘွဲ့ ရသွားတာရော

Unknown June 18, 2008 at 1:51 AM  

ချေချင်အုံးဟဲ့...... ယတြာ

Anonymous June 18, 2008 at 11:01 AM  

ကိုဇနိရေ မနေ့က စကားနိုင်လုချင်ဇောနဲ့ ကိုဇနိကို ဒီလို ပြန်ပြောခဲ့မိတယ် ”ကိုဇနိတို့ ကန်ပုံမျိုးနဲ့ကတော့ တတ်နိုင်လို့ ယတြာကောင်း မင်းလောင်းတောင်ဘာဖြစ်ဆိုလား၊ အဲလို ယတြာမျိုးနဲ့ချေတောင် နိုင်မှာမဟုတ်ဘူး။ အားပေးရတာ မောတာပဲရှိတယ်။ ပြန်ပြောရင် စိတ်နာတယ်။” အခု အဆောင်မှာ ဘောလုံးပွဲက ပြန်လာရင် အဆောင်သူတွေ ပြောလေ့ရှိတဲ့ စကားလေးတွေကို ပြန်ဖော်ပြလိုက်ရင် ပြောမိတာ ကျေလိမ့်မယ်လို့ ထင်ပါတယ်။

လုံးဝ မကျေနပ်ဘူးကွာ။ ကောင်းရဲ့သားနဲ့ ရှုံးရတာ။

အေးလေ။ ကံကို မကောင်းတာပါဟာ။

တစ်ယောက်ဆို ငိုတောင် ငိုနေတယ်။ သနားပါတယ်။

အေးလေ။ ငါတို့တောင် ဒီလောက် စိတ်မကောင်းဖြစ်နေရင် သူတို့က ပိုဆိုးမှာပေါ့။

လူလဲ အနာခံရသေးတယ်။ ပင်ပန်းကြတာလဲ တအားပဲ။

ထီးချိုင့်သားဆို ယိုင်တိယိုင်ထိုးတောင်ဖြစ်နေပြီ။

ဒီကြားထဲ သူတို့က ငါတို့ကို ပြန်အားနာနေကြသေးတယ်။ နိုင်အောင်မကန်နိုင်လို့တဲ့။

ဟ သူတို့ ကောင်းကောင်းမကန်တာမှ မဟုတ်တာ။ ဘယ်တတ်နိုင်မလဲ။ နိုင်တော့နိုင်ချင်တာပေါ့။

အခုတော့ ဒီလောက်နဲ့ပဲ ရပ်ပါ့မယ်။ နောက်မှ ဘောလုံးပွဲအကြောင်း သပ်သပ်ရေးပါဦးမယ်။
ဒီလောက်ဆိုရင် ပြောမိတာ ကျေလောက်ပါတယ်နော။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP