ခေါင်ရည်(စ)နှင့်ကျွန်မတို့မနောမြေ

>> Monday, June 16, 2008


“အနော..မီးမီး..ယောင်ငွတ်ဆိုင်အိးရ်”
(အနောနဲ့မီးမီးအကုန်ပြီးသွားပြီလား)
“အေးလို..ငွတ်ဆိုင်ယော”
(အေးပြီးပြီဟေ့)
“ဂဂျာအိုင် ဂဂျာအိုင် ဆာလဝမ်ဆာကူဖြီးစက”
(ကောင်းတယ်ကောင်းတယ် ဒါဆိုအမြန်လာတော့ ဆုတောင်းကြစို့)
စာစစ်ပြီးသော အဖြေလွှာထုပ်များကို ဘီရိုထဲစနစ်တကျစီထည့်ပြီး သော့ခတ်နေသော အစ်မခေါင်နောနှင့် ကျွန်မကို အစ်မလုကလာခေါ်ပြီ။ ဆရာမတွေစုမိနေသော ရုံးခန်းဆီသို့ ကျွန်မတို့အစ်မလုနှင့် အတူလျှောက်ခဲ့ကြ၏။


“ ဒိုင်နိတန်းရှီဖြေဆိုင်အီးရ်”
(ဒီနေ့ဆယ်တန်းစဖြေပြီလား။)
ကျောင်းရှေ့မှ စစ်သားအစောင့်တွေကိုကြည့်ရင်း အစ်မလုကမေးလာတော့
“ဟုတ်အစ်မ”
ဖြေရင်း ကျွန်မအကြည့်က ကျောင်းခြံစည်းရိုးဆီမှ စစ်သားတွေဆီရောက်သွား၏။ သစ်ပင်ရိပ်တွင် ငိုက်သူကငိုက်၊ ငေးသူကငေးနှင့်။
မြို့မှအနီးဆုံးစာဖြေစင်တာနှင့်ပင် ၆မိုင်ကျော်ဝေးသော ကျွန်မတို့ကျောင်းရှေ့ထိ စောင့်ကြပ် နေကြရသော စစ်သားတွေမှာ မည်သို့သောရန်သူနှင့် ရင်ဆိုင်ရနိုင်မည်ကို ကျွန်မကမခန့်မှန်းတတ်ပေ။ တာဝန်မတူတော့ အသိမတူတာဖြစ်မည်။
မတ်လလယ်၏နွေကား ပူစပ်စပ်နှင့်။

ကျွန်မတို့ကျောင်းက အလယ်တန်းကျောင်းမို့ ကလေးတွေက ကျောင်းပိတ်သွားပြီး။ ဆရာဆရာမတွေသာ စာစစ်ရင်း ပုံမှန်ကျောင်းတက်နေရ၏။ ယနေ့မူ ကျောင်းအုပ်ကြီးက မြို့တွင် စာမေးပွဲတာဝန်နှင့် ကျောင်းကိုမလာနိုင်သည်ကို အကြောင်းပြုကာ စာစစ်ပြီးသည့် အထိမ်းအမှတ်အဖြစ် ဆရာမတွေ ခေါင်ရည်သောက်ကြမည်ဆို၏။ (ဆရာမတွေဆိုတော့ ဆရာတွေမရှိဘူးလားလို့မေးရင် ဆရာကြီးနှင့် ဆရာဘရန်ရှောင်နှစ်ယောက်မှ လွဲ၍ ကျန်၂၇ယောက်မှာ ဆရာမတွေချည်းပင်) ဆရာဘရန်ရှောင်ကလည်း ရာဘာစိုက်ခင်းသွားမည် ဆိုကာယနေ့မလာပေ။

ရုံးခန်းထဲတွင် ဆရာမ၂၇ယောက်စုံသည်နှင့် အဘောက်လုအောန်က ခေါင်ရည်သောက်ပွဲအတွက် ဝတ်ပြုဆုတောင်းမှုစသည်။ မြန်မာလိုဆုတောင်းပေးသော အဘောက်၏ ဆုတောင်းသံချိုချိုတွင် ကျွန်မသည် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းသည်။
“အာမင်”ဟု ဆုတောင်းသံအဆုံးတွင် မျက်လုံးကိုဖွင့်လိုက်တော့ ခေါင်ရည်ထည့်ထားသည့် ဝါးကျည် တောက်ကြီး ဘေးတွင် တနိုင်းခြောက်ခေါ် တနိုင်းဘက်မှလာသော ကျပ်တင်ထားသော ငါးခြောက်အမြောင်းမွမွကြီးများနှင့် ဆတ်သားခြောက်ဖုတ် (ဆီမဆမ်း) ပန်းကန်ကြီးများကို တွေ့ရလေသည်။ စူးရှပြင်းပြလွန်းသည့် (ကျွန်မအထင်) ခေါင်ရည်ကို ဒီအတိုင်းသောက်ရန် ခက်ခဲသောကျွန်မအတွက် ထိုပန်းကန်ကြီးများမှာ ကယ်ဆယ်ရေးပစ္စည်းများပင်။ ကောက်သစ်စားပွဲဆိုလျင် ခေါင်ရည်တစ်မျိုးကိုသာ အရင်ဆုံးသောက်ရသည်ဖြစ်ရာ တစ်ကျိုက်ဝင်ဖို့ပင် ကျွန်မမှာ မျက်စိမျက်နှာပျက်နေရာ အိမ်ရှင်တို့ကို တော်တော်မျက်နှာပူစရာ ကောင်းသည်။ ဒီနေ့အဖို့တော့ ကျွန်မ အဆင်ပြေနိုင်သည်။

“ကဲသောက်လိုက်ကြရအောင်”
စသောက်ကြသည်နှင့် ရန်ကုန်ဆရာမတွေက တစ်ခွက်ပြီးတစ်ခွက်။ မြိုင်သူက ပုံမှန်သောက်သည်။ ယောသူကလည်း အသက်ငယ်ပေမဲ့ မခေသူဟု နာမည်တစ်လုံးရထားသူပီပီ ကချင်ဆရာမများနှင့် အပြိုင်ချနိုင်သည်။ မုံရွာသူသည်လည်း ဒီနေရာမှာ ကောင်းကောင်းဝင်ဆန့်လေ၏။ ကျွန်မက ငါးခြောက်ကို ပါးစပ်ထဲ အပြည့်နီးပါးငုံထားပြီးမှ ခေါင်ရည်ကို နည်းနည်းသောက်ရသည်။ ဒါတောင် ခေါင်ရည်ပါးစပ်ထဲရောက်သည်နှင့် မျက်နှာက ရှုံ့မဲ့သွားလိုက်သေးသည်။ အသက်အကြီးဆုံး မြန်မာဆရာမကြီး ဒေါ်ကြည်အေးကတော့ အမြည်းပဲ နည်းနည်းစားကာ ကျောင်းနှင့် ကပ်ရက်သူ့အိမ်သို့ ခဏပြန်လေ၏။ ရောဂါနှင့်မို့ဆိုကာ လုံးဝမသောက်သော ဆရာမဒေါ်နှင်းရီမြက သူမသောက်ပေမဲ့ ပျော်လှသည်ဆိုကာ ခွက်တွေထဲသို့ ခေါင်ရည် ဖြည့်ပေးလိုက်၊ ဆတ်သားခြောက်လေး စားလိုက်နှင့်။ ၂၆ယောက်ဝိုင်းကြီးမှာ စည်ကားနေသည်။ မျက်နှာချင်းဆိုင်က မှန်ကြီးထဲတွင် ကျွန်မပါးတွေနီရဲကုန်ပြီ။ ခေါင်ရည်ခွက်ကြီးတစ်ခွက်လည်း ကုန်ပြီ။
သူ့အဖွဲ့နှင့်သူ စကားကောင်းနေကြစဉ်မှာပင် မသိမသာ ကျွန်မအပြင်ထွက်ခဲ့သည်။
ရုံခန်းနှင့်ဆန့်ကျင်ဖက် ရှစ်တန်းဆောင်ဝရန်တာတွင် ခုံတစ်လုံးယူကာ ပတ်ဝန်းကျင်ကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်သည်။ စာသင်ကျောင်း စက်ဘီးထားရာ အဆောင်ဘေးမှ စွယ်တော်ပင်ကြီးတွင် တစ်ပင်လုံးအပွင့်တွေချည်း။ ဒီလိုဆိုပြန်တော့ နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုသည့် စွယ်တော်ရွက်တွေဟာလည်း တစ်ခါတစ်ခါမှာ ကိုယ်ယောင်ဖျောက်တတ်တာပဲပေါ့။

အမြဲစိမ်းသစ်တောများ ပေါက်ရောက်သည့် မနောမြေ၏ ရွက်ဟောင်းကြွေချိန်သည် လွမ်းမောစရာရှာမတွေ့သလို ထင်မှတ်ရသည်။ သစ်ပင်တိုင်းမှာ ကြွေသည့်အရွက်က ဘယ်အချိန်ကကြွေသွားမှန်း မသိသလို၊ ဝေသည့်အရွက်ကလည်း ဘယ်ကဘယ်လိုရောက်လာမှန်း မသိလိုက်အောင် ဝေနှင့်ပြီးဖြစ်သည်။ သဘာဝတရားကို ဆန့်ကျင်နေကြခြင်းလား။ ဒါသည်ပင် သဘာဝတရား အစစ်အမှန်ဖြစ်သလား၊ နုံအသောကျွန်မကတော့ အမှားအမှန်မခွဲခြားနိုင်ပေ။

အမြဲစိမ်းရောင်ရောင်နှင့် ပြောင်းလဲမှု့မရှိသလို ဟန်ဆောင်တတ်လွန်းလှသည့် သစ်ပင်များဟု ကျွန်မက တိတ်တိတ်စွပ်စွဲရင်း၊ တစ်ဘက်ကလည်း အပင်အိုကို အထီးကျန်မဆန်စေသည့် သူတို့အပြုအမူကို ချစ်ခင်နေပြန်၏။
ဒါပေမဲ့ နွေသရုပ်ပီသသောရှု့ခင်းတွေကို မက်မက်မောမောကြည့်ချင်သော ကျွန်မကတော့ အိမ်ပြန်ချိန် နွေကျောင်းပိတ်ရက်ကို မျှော်လင့်လှပြီ။

ကျွန်မက နွေဆို ဝါဖျော့နွမ်းနေသော ရွက်ကြွေကိုမြင်ရမှ၊ လေပူလိုင်းတွေကြားမှ တစ်ချက်တစ်ချက် ဖြတ်သွားသည့် လေအေးအေးလေးကို ထိတွေ့ရမှ၊ ဥသြငှက်၏ သံစဉ်လန်းလန်း ရိုက်ခတ်မှု့ကို ခံစားရမှ၊ ရိုးတံပျိုင်းပျိုင်း သစ်ပင်အိုဆီသို့် အိပ်တန်းပျံသည့် ဗျိုင်းတစ်အုပ်နှင့် အနီရင့်ရောင်စွက်သည့် ညနေဆည်းဆာကို ကြည့်ရှု့ရမှ…….။
မနောမြေ၏နွေဦးတွင် သစ်ရွက်က မကြွေ။
လေရူးတစ်ချက်နော့လိုက်တိုင်း ကျွန်မအတွေးတွေကသာ ဝေကာဝဲကာနှင့် တစ်ဖွဲဖွဲကြွေဆင်းလျက်။
“ဆရာမလေးအမြန်လာခဲ့၊အမြန်လာ”
အပြေးအလွားရောက်လာသော ဆရာမဒေါ်နှင်းရီမြသည် ကျွန်မလက်ကို အတင်းဆွဲခေါ်တော့ အတွေးကမ္ဘာ လွင့်စင်သွားပြီး
“ဘာလဲဟင်ဘာဖြစ်လို့လဲ”
အထိတ်တလန့်မေးရင်း ဆရာမဒေါ်နှင်းရီမြခေါ်ရာနောက် ကျွန်မပါခဲ့၏။။။
“ဆရာမလေး ရုံခန်းထဲမှာတော့ ဖြစ်ပျက်ကုန်ကြပြီ။ အဲဒါဆရာမလေး သွားလိုက်ဦး။ ကျွန်မက နှလုံးမ ကောင်းဘူး နားခန်းထဲနေရစ်တော့မယ်။”

ဆရာနားနေခန်းနားအရောက် ဒေါ်နှင်းရီမြထိုသို့ပြောပြီး နေခဲ့တော့၏။ အလိုရုံးခန်းထဲမှာ ဘာတွေဖြစ်ကုန်ပါလိမ့်။ မေးမလို့လုပ်တော့ နားခန်းတံခါးက ပိတ်သွားပြီ။ ဂျက်ပင်ထိုးလိုက်သေး၏။ မဖြစ်ပါဘူး ရုံးခန်းဆီသို့သာ ကျွန်မပြေးလာခဲ့၏။
ရုံးခန်းနားအရောက် ဖြောင်းကနဲ ပိန်ပေါင်ရိုက်သည့် ဘက်တံတစ်ချောင်းက ပြတင်းပေါက်ဆီသို့ လွင့်ပျံတက်လာသည်ကို မြင်လိုက်ရသည်။ ဟင် ဘယ်သူပစ်လိုက်တာပါလိမ့်။

ကျွန်မရုံးခန်းထဲဝင်လိုက်တော့ ဆရာမဒေါ်နန်ဂရောင်ကို ဆရာမအချို့၊ ယောသူနှင့် ဒေါ်ကွန်ရှင်းရွယ်တို့က ဝိုင်းချုပ်ထားကြသည်။ ဒေါ်နန်ဂရောင်မှာ တောက်တစ်ခေါက်ခေါက်နှင့် ရုန်းကန်လျက်။ ပိန်ပေါင်ဘက်တံဆီသို့ လက်တလှမ်းလှမ်းလုပ်နေ၏။ ဆွဲလို့သာဆွဲနေကြသည်၊ ဆွဲသူတွေကလည်း ယိုင်တိယိုင်ထိုး။ ကိုယ့် ခြေထောက်ကို ပြန်တက်နင်းပြီး အော်သူကအော်နှင့် တစ်ရုံးရုံးကြီးဖြစ်နေ၏။ ဒေါ်နန်ဂရောင်သည် တံခါးပေါက်ဆီကြည့်ကာ ပါးစပ်က အော်ဟစ်ရန်ထောင်နေ၏။ ဆွဲသူတွေကိုလည်း အတင်းတွန်းပစ်နေသည်။

သေချာနားထောင်လိုက်တော့ ဆရာမက သူ့ယောင်္ကျားကိုသတ်မည်ဟု တွင်တွင်ပြောကာ စိမ်ခေါ်နေခြင်းပင်။ ဆရာမယောင်္ကျားက ဘယ်မှာလဲ။ မရှိပါ။ ခက်ကုန်ပြီ။ ကျွန်မဆရာမနားအရောက် ဆွဲသူအားလုံးကို တွန်းလှဲပစ်ကာ လှေကားအတိုင်း ဆရာမက စိုက်စိုက်စိုက်စိုက် ဆင်းသွားလေ၏။
“နင်ကလိုက်သွားလေ ဘာကြောင်နေတာလဲ”
ယောသူသည် သူဘာသာမဟန်နိုင်လို့ လဲသွားရာမှ ကျွန်မကို လှမ်းငေါက်သည်။ အင်း..ဟုတ်သည် ဒီအထဲမှာ ကျွန်မတစ်ယောက်သာ ဖြတ်ဖြတ်လတ်လတ် လှုပ်ရှားနိုင်သည်။
“ဆရာမ၊ ဆရာမ မသွားပါနဲ့။”
ကျွန်မအော်ရင်း အပြေးလိုက်သွား၏။ ကျောင်းဝင်းတံခါးဆီ ဆရာမက အတင်းသွားနေသည်။
“ဆရာမမသွားပါနဲ့ နောက်နေ့မှသတ်ရအောင်၊ အဖွဲ့လိုက်လေနော်” ကျွန်မက မနိုင်မနင်းဆွဲရင်း ပါးစပ်မှလည်း သူကျေနပ်စေငြားလျှောက်ပြောမိသည်။ မရပါ။ ဆရာမမှာ ထောင်ထောင်မောင်းမောင်းနှင့် သန်လှသည်ဖြစ်ရာ ကျွန်မသာဒရွတ်ဒရွတ်နှင့် သူ့နောက်ပါနေ၏။
“ဟေ့မာဂမ်၊ သတ္တိရှိရင်လာခဲ့လေ။ လာစမ်းပါ။၊သြော် ဒီဆရာမကတစ်မျိုး ဖယ်စမ်းပါ။”
ပြောရင်း ကျွန်မကို အရမ်းတွန်းပစ်လေ၏။
“ဟေ့မာဂမ်းးးးး ဒီနေ့နင်မသေရင် ဘယ်သူသေမလဲ”
ကျွန်မလို့ စိတ်ထဲကပြောလိုက်ရင်း
“ဆရာမတို့လာကြပါဦးဗျာ” လို့အပေါ်ထပ်ကို လှမ်းအော်မိ၏။
ဗလုံးဗထွေးအသံများမှလွဲ၍ အပေါ်ထပ်မှာ လူရိပ်ပင်မမြင်ရတော့။ အကုန်မှောက်ကုန်ကြပြီလား။ မဖြစ်နိုင်။ ကျွန်မအသံတိုးနေတာပဲဖြစ်မည်။
“ဆင်းခဲ့ကြဦး…လို့၊ဒီမှာမနိုင်တော့ဘူး”
ထပ်၍ ကျယ်ကျယ်အော်ကြည့်သည်။
ထိုအချိန်ကို အခွင့်ကောင်းယူကာ ဒေါ်နန်ဂရောင်သည် ကျောင်းစည်းရိုးတွင် ထောင်ထားသော စစ်သား၏သေနတ်ကို ပြေးယူလေ၏။
“သေပေတော့မာဂမ်ဆိုတဲ့လူ”
“ဘုရား ဘုရား”
ကျွန်မသည် မျက်နှာကိုလက်ဝါးနှင့်အုပ်ကာ အသက်ပင်ကောင်းကောင်းမရှုရဲတော့။ ဆရာမတို့အိမ်သည် ကျောင်းနှင့်အဝေးကြီး။ သူ့ယောင်္ကျားဦးမာဂမ်ကို သတ်ဖြစ် မသတ်ဖြစ်မသိ၊ ဘယ်ကိုများ ရမ်းပစ်လိုက်မလဲ၊ ကျွန်မကိုများ မှားပြီးပစ်လိုက်မလား၊ စစ်သားတွေဘာလုပ်နေကြလဲ ကယ်ကြပါတော့လား။ စိတ်ထဲမှ ယောက်ယက်ခတ်နေသည်။

ခဏမျှအသံတိတ်သွာပြီး သေနတ်မရှိလည်းလက်နဲ့ သေအောင်သတ်မယ်ဟု ကြိမ်းဝါးသံကြောင့်
အရဲစွန့်ကြည့်လိုက်ရာ သေနတ်ကိုလွယ်ထားပြီး ဟိုဘက်ချိုင်းကြားညှုပ်လိုက် ဒီဘက်ချိုင်းကြားညှပ်လိုက် ချိန်ရန်အထာမကျဖြစ်နေသော ဆရာမကို မြင်ရလေသည်။

မင်သက်မိနေသော စစ်သားများထဲမှ အကြီးအကဲဖြစ်ဟန်တူသူသည်
“ဆရာမပြောင်းပြန်ကြီးဖြစ်နေတာဗျ၊ ဒီလိုကိုင်ရတယ်၊ဒီမှာကြည့်”ဟုပြောရာ ဆရာမ လှမ်းကြည့်လိုက်သည်နှင့် နောက်မှ စစ်သားတစ်ဦးက ဆရာမလက်နှစ်ဖက်ကို မိမိရရ ဆွဲချုပ်လိုက်လေသည်။ အကြီးအကဲသည် ပြေးသွားကာ သေနတ်ကို ဖြုတ်ယူလိုက်ပြီး ဆရာမကို လက်ထိပ်ခပ်ရန်သော့ဖြုတ်နေရာ ကျွန်မမှာ
“အံမယ် ရှင်တို့ဘာလုပ်တာလဲ။ ဖယ်ပါ ဒီလိုလုပ်စရာမလိုဘူး”
လက်ထိပ်ကိုတွန်းဖယ်ပစ်ရင်း ခပ်စွာစွာလေသံနှင့်ပြောလိုက်ရ၏။
ထိုစဉ် “ဒီမှာဦးလေးတို့လာပြီ၊ ဆရာမလေးတော်တော်ဒုက္ခရောက်သွားမှာဘဲကွယ် သူကလူမိုက်”
“ဒီကဗိုလ်ကြီးတို့ခွင့်လွှတ်ကြပါဗျာ။သူမူးရင်တစ်ခါတစ်ခါ ဒီလိုဖြစ်တတ်တယ်။ ခုကျနော်တို့ခေါ်သွားမှာပါ။ ကျနော်သူ့အဖေပါ။”

ဆရာမတို့အိမ်မှ လှည်းကြီးနှင့် အဖေ၊အကိုတွေ လိုက်လာကြသည်။ ဆရာမကို ပါလာသောရေနှင့် မျက်နှာကိုပက်ကာ လှည်းပေါ်ကို ပွေ့တင်သွားကြသည်။
စစ်သားတွေဆီမှ ပြိုင်တူခပ်အုပ်အုပ်ရယ်သံများ ထွက်ခဲ့တော့သည်။
“လာမီးမီး...သူအဲလိုပဲဖြစ်တတ်တယ်”
ကျွန်မကိုလာခေါ်သော ဆရာမကြီးဒေါ်ကြည်အေးနောက်က လိုက်ရင်း ခေါင်ရည်က ဒီလောက်တောင်မူးသလား တွေးနေမိသည်။
“သမီးရေခေါင်ရည်က လေတိုက်လေ မူးလေ၊ မသောက်တတ်ရင် စတိသာသောက်၊ အများကြီးသောက်လို့ကတော့ သတိလက်လွတ်ဖြစ်မှာပဲ၊ အပေါ်မှာဝုန်းဒိုင်းကြဲနေတာက ကိစ္စမရှိဘူး ခုလိုကျခက်ကုန်ရော”
“ကဲ ဆရာမကြီးအောက်ထက်က အဆောင်မှာပဲ ကျောင်းအုပ်ကြီးကို စောင့်လိုက်မယ်၊ ခုပဲဖုန်းလာတယ်။ ကျောင်းကို ခဏလာကြည့်မယ်တဲ့။ အပေါ်မတက်အောင် ကြည့်ပြောလိုက်မယ်။ သမီးအပေါ်ကလူတွေ မဆူအောင်သာ ဂရုစိုက်လိုက်”
သြော် ဆရာကြီးလာမယ်တဲ့လား။
“အပေါ်ကိုမတက်အောင်ကြည့်ပြောပေးနော် ဆရာမကြီး၊ ဒါဆိုသမီးအပေါ်သွားတော့မယ်”

ကျွန်မကျောင်းပေါ်ပြန်တက်ခဲ့သည်။ အပေါ်ရောက်တော့ ဒေါ်ကွန်ရှင်းရွယ်တို့အဖွဲ့မှာ ဆက်တီခုံများကိုမှီလျက် မျက်လုံးဖွင့်ကြည့်လိုက် အိပ်လိုက် လုပ်နေကြ၏။ ယောသူက ပိန်ပေါင်ရိုက်သည့် ခုံရှည်ကြီးအောက်တွင် ခေါင်းထိုးအိပ်ရင်း လက်သီးနှင့် ကြမ်းကို တစ်ချက်တစ်ချက် ထု၏။ အပျိုမသည် အိပ်မက်တွင် သူ့ချစ်သူကို ထုနေပုံရ၏။

ညာဘက်ခြမ်း ရုံခန်းပန်ကာကြီးအောက်တွင် ရန်ကုန်သူများမှာ တခူးခူးနှင့် စက်နေကြ၏။ အံကြိတ်သံတို့တစ်ခါတစ်ခါထွက်လျက်။ ပန်ကာလေကြမ်းကြမ်းမှာ ဒေါ်ခင်မမကြီး၏ ဆံပင်ရှည်တွေက ဝဲပျံကာ၊ဟိုလူ့ထိဒီလူ့ညိ။
အစွန်ဆုံးမှ ဒေါ်ဆွေဆွေက ပါးစပ်ထဲကိုလက်ထည့်ကာ အန်ရန်ကြိုးစားနေသည်။ မအောင်မြင်သေး။
ဂစ်…ဂစ်နှင့်သာမြည်နေ၏။

သူတို့ဘေးတွင် ဒေါ်နန်စိမ်းထုမှာ တအင့်အင့်ရှိုက်ငိုလျက်။ ခေါင်းပင်မဖော်။ မုံရွာသူက မငိုရန်ချော့ရင်း သူပါမျက်ရေတွေကျလျက်။ ဘာဖြစ်လို့ငိုနေပါလိမ့်။ စောစောစာစစ်တုန်းကဖြင့် သူ့အစ်ကို အမေရိကားကပို့လိုက်သည့် နှုတ်ခမ်းနီကိုပြရင်း ပျော်မြူးနေတာပါ။
စာကူးစက်ဘေးရှိ ဒေါ်ခေါဆွေသည် ဝင်လာသောကျွန်မကို လက်ညှိုးထိုးပြီး အူတက်မတတ် ရယ်လေရာ ကျွန်မမှာမလုံမလဲဖြစ်ရ၏။ ဘာပါလိမ့်နော်။ မေးလို့လဲမရ ရယ်ချည်းပဲရယ်နေ၏။ မြိုင်သူဒေါ်စမ်းစမ်းထွေးက ပြတင်းပေါက်နားက ကျောင်းအုပ်ကြီးထိုင်ခုံပေါ်တွင် ဆောင့်ကြောင့်လေးထိုင် မေးထောက်ခါ “အဆိုးအနွဲ့တွေနဲ့ မိဘရဲ့အရိပ်မှာကွယ်…” စသည့်သီချင်းကို ချွဲချွဲနွဲ့နွဲ့ ဆိုနေသည်။ မျက်လုံးကမဖွင့်။ သူ့ဘေးကဒေါ်ရိုဇာကလည်း အားကျမခံ “စော်အေ့…စော့အေ”အစရှိသည့်အချစ်သီချင်းကို အာပေါင်အာရင်းသန်သန်ဆိုလိုက်၏။ (စကားပြောလျင်၊ စာသင်လျင်ဒေါ်ရိုဇာအသံက အေးအေးတိုးတိုးလေးပါ။) တစ်မျိုးတော့ ထူးခြားလှ၏။

ဒါ သူတို့ ခေါင်ရည်တွေ အများကြီးသောက်လို့များလား၊ အယ်လ်ကိုဟောကြောင့် စိတ်ပြောင်းလဲတတ်တာလား။ ကျွန်မရော များများသောက်ရင် ဘယ်လိုဖြစ်မလဲ၊ ကျွန်မတွေးရင်း အဖြေကို သိချင်လှသည်၊ ရန်ဖြစ်မလား၊ တခူးခုးအသံမြည်အောင်ပဲ အိပ်မလား၊ ငိုမလား၊ ရီမလား၊ သီချင်းဆိုမလား ၊အန်မလား... စသည်ဖြင့်။

စားပွဲပေါ်က ဝါးကျဉ်တောက်တွေထဲ လိုက်ကြည့်လိုက်တော့ ခေါင်ရည်အပြည့်နီးပါးရှိသေးသည့် ဝါးကျည်တောက်တစ်ခုကို တွေ့၏။ ကျွန်မသောက်ကြည့်မည်။ ကိုယ့်ကိုကိုယ် သတိထားနိုင်လောက်ရုံထိ မူးအောင် သောက်ကြည့်မည်။ ဒီတစ်ခါရဲရဲ မော့ချလိုက်၏။ ဘာမှမစားပဲ နောက်ထပ်တစ်ခွက် ကုန်အောင်သောက်သည်။ အတုယူစရာ သူရဲကောင်းများက ရှေ့တွင်ရှိနေတော့ သတ္တိကကောင်းလာသည်။ နောက်ထပ်တစ်ခွက်ထပ်အခပ်တွင်
“မီးမီးရေ၊ဆရာကြီးရောက်ပြီဟေ့၊အောက်ခဏဆင်းခဲ့ဦး”
ဟူသော ဆရာမကြီးဒေါ်ကြည်အေး ခေါ်သံကိုကြားလိုက်ရ၏။
“ဟုတ်လာပြီရှင့်”

ခွက်ကိုချထားခဲ့ပြီး အပြေးဆင်းခဲ့ရ၏။ အောက်ရောက်တော့ ဆရာကြီးကစက်ဘီးဆောင် သက်ကယ်မိုးမည့် လက်သမားများ မနက်ဖြန်လာမည့်အကြောင်းပြောရင်း သက်ကယ်မှာရန် တာဝန်ပေး၏။ ဘယ်လောက်မှာရမလဲမေးတော့ သမီးက အတိအကျမှာချင်တာလား ဒါဆိုသွားရေကြည့်ကြတာပေါ့ ဟုဆိုကာ၊ စက်ဘီးဆောင်ဆီသွားရသည်။ ကျွန်မသည် သက်ကယ်ပျစ်ရေရန် ခေါင်မိုးကို မော့ကြည့်လိုက်သောအခါ ဒူးများမှာတဆတ်ဆတ်တုန်လာပြီး ကောင်းကောင်းမရေနိုင်ချေ။ ဆရာမကြီးက
“ဒီပုံစံအတိုင်း မိုးမယ်ဆိုရင် လေးရာငါးဆယ်တော့ မှာရမယ်ဆရာကြီး၊ စိပ်စိပ်မိုးနိုင်တယ်။ ဒီထက်ကျဲရင်တော့ သုံးရာလောက်ဆိုရင်ရပြီနော် မီးမီး”
ဆရာမကြီးက ကျွန်မပုခုံးကို မသိမသာဆုပ်ထားပေးရင်း ကျွန်မနှင့်တိုင်ပင်ပြီးပြောသလိုလိုနှင့် ပြောလိုက်၏။
“ဟုတ်တယ်ဆရာကြီး”
ကျွန်မက မနည်းအသံမှန်အောင် ထိန်းပြောလိုက်ရ၏။
“ဟုတ် ဒါဆိုမနက်ဖြန်အတွက် စိတ်ချပြီနောဆရာမကြီးရေ”
ဆရာကြီးသည် သူ့ထုံးစံအတိုင်း ကျောင်းကိုတစ်ပတ်ပတ်ကြည့်ကာ စက်ဘီးကလေးနှင့် မြို့ကိုပြန်သွားလေ၏။
ထိုအခါမှဆရာမကြီးက
“မီးမီး မင်းလဲများတယ်ထင်တယ်၊ သွားသွားအပေါ်မှာအနားယူချေတော့”
“သမီးသိပ်မသောက်နိုင်ပါဘူးဆရာမကြီးရယ်၊မူးတာတော့မူးတယ်”
ပြောပြီး ကျွန်မလှေကားဆီထွက်လာခဲ့၏။ အယ်လ်ကိုဟောကြောင့် ကျွန်မ ခြေတုန် ဒူးတုန် ဖြစ်ရသည်ကို သတိပြုမိပြီး သူများတွေလောက် သွေးမဆိုးဟု ကိုယ့်ကိုကိုယ်မှတ်ချက်ပေးလိုက်၏။

ပထမဦးဆုံး လှေကားထစ်ကိုတက်ရန် ခြေထောက်မြောက်လိုက်သည်။ သို့သော် တက်ရန်လှေကားထစ်သည်ပျောက်နေရာ ခြေထောက်ပြန်ချရန်ခက်နေ၏။ ချလိုက်ပါက လွဲသွားလျင် လဲမှာလည်းစိုးသည်။ တော်တော်လေးသတိထားပြီး လှေကားထစ်ငြိမ်မှ ကျွန်မတက်လိုက်သည်။ သုံထစ်လောက်ကို အချိန်နည်းနည်းပိုကြာသော်လည်း ကျွန်မတက်နိုင်ခဲ့သည်ထင်၏။ လေးထစ်မြောက်ကိုတော့ မတက်တော့ဘဲ လက်ရမ်းကိုဆွဲကာ လေးဘက်ကုန်းတက်ရသည်။ (အမှန်တော့လေးဘက်ထောက်ပြီး အောက်ဆင်းလာသည်ဟု ဆရာမကြီးကအခိုင်အမာဆို၏။)။ ဒီနောက် ဘာမှမသိတော့။ ဆရာမကြီးနှင့် ဒေါ်နှင်းရီမြက ပွေ့ပြီးအပေါ်တင်ကာ ရန်ကုန်သူတွေဘေး သိပ်ထားခဲ့ရာ ညနေတွင် ကျွန်မနောက်ဆုံးမှ အိပ်ရာကနိုးသည်။

အိပ်ရာကနိုးနိုးခြင်း ယောသူ၏ အရက်နာကျသံပြာအက်အက်နှင့်
“ခေါင်ရည်ကလည်း မူးတာပဲနော်၊ ခုမှဒို့ရွာကမစမ်းပြောသလို ကြက်သားဆိုတာ ကြက်ကြီးပါလားလို့ ပြောရမလိုဖြစ်နေပြီ….ဟီးဟီး”
ဆိုသောအသံကိုကြားလိုက်ရလေသည်။
“အဲဒီအကြောင်းပြောပြ”လို့ ကျွန်မလှမ်းမေးလိုက်ချင်ပေမဲ့ ပြာအက်အက်ပင်မထွက်နိုင်သေးသော ကျွန်မအသံကြောင့်....။

12 comments:

Anonymous June 16, 2008 at 9:41 AM  

မမေအောင်ရေ
ပို့စ်ဖတ်ရင်းနဲ့ ခေါင်ရည်မူးသွားတယ်။
အဲဒါကဟိုတုန်းကဆိုတော့ ခုလောက်ဆိုရင်တော့
မမေအောင်တစ်ယောက် ခေါင်ရည်သောက်ဖို့ ဆရာကျနေလောက်ရောပေါ့။ ဂျပန် sake လဲစမ်းကြည့်သင့်တယ်နော်။ အဖော်မရှိရင် မဇနိကိုညှိလိုက်လေ။ :P

Anonymous June 16, 2008 at 9:59 AM  

ဟိုနေ့က ချာချာလည်နေကြတာ သဘောပေါက်ပြီ။
ခေါင်ရည်မူးတာကလည်း ကြောက်စရာလိုလို၊ ရယ်စရာလိုလို။ မဇနိတော့ အဖော်ညှိလို့မရတာ သူတို့သိတယ်။ ပို့စ်ဖတ်ပြီးတော့ မူးချင်စိတ်တောင် ပေါက်သွားတယ်နော်။ ဆရာမတွေကလည်း ပျော်စရာကောင်းတယ်နော်။

ဖိုးသောကြာ June 16, 2008 at 10:11 AM  

ဘယ်လိုပြောရမှန်းတောင်မသိဘူး။ အရေးကလည်းကောင်းတော့ ပတ်ဝန်းကျင် အနေအထားရော ဆရာမတွေရော ပုံပေါ်လာတယ်။ အမျိုးသမီးတွေ မူးတဲ့စာ ဒီတစ်ခါပဲ ဖတ်ဖူးတယ်။ တော်တော်ရီရတာပဲ။

ဒါပေမယ့် မမေအောင်က space bar ပုတ်တာနည်းတယ်ထင်တယ်။ တစ်ချို့စကားတွေက မဆန့်တော့ မပေါ်လာဘူး။ ကောင်းခန်းလေးတွေပါ လွတ်သွားတယ်။

ကီးဘုတ်ကြီးက မငြိမ်ဖြစ်နေလို့လား။ အဲဒါဆိုရင် မသောက်ဘဲ လာထိုင်နေတဲ့ ဆရာမကို ကိုင်ထားခိုင်းပြီးရိုက်။ မီးမီး space bar ပုတ်လို့မရဘူး။ ဆရာမ ကီးဘုတ်ကြီးကို ကိုင်ပေးပါဦးလို့။ ဟီးနောက်တာဗျာ့။ အားပေးနေပါတယ်။

Anonymous June 16, 2008 at 10:52 AM  

မမေအောင်က ကိုယ်တွေ့နေမှာ။ ဒီအတိုင်းဆိုရင်တော့ နိပွန်ပြည်ကြီးရဲ့ ပါတီပွဲတွေကို မဇနိကသာ စိတ်ညစ်တာ မမေအောင်က ခေါင်ရည်နဲ့ ဘယ်လိုကွာလဲ မြည်းစမ်းပြီးလောက်ပြီထင်တယ်။ အဲဒီအကြောင်းလေးလဲ ရေးပါဦးဗျ။

ဇနိ June 16, 2008 at 2:31 PM  

“ဆရာမ မသွားပါနဲ့ နောက်နေ့မှသတ်ရအောင်၊ အဖွဲ့လိုက်လေနော်” ဆိုတော့ ရီချင်လိုက်တာဗျာ.. ပြောမိပြောရာ ပြောလိုက်တာနေမှာပေါ့နော
မမေအောင်တော့ မျက်လုံးထဲမြင်လာအောင် ရေးတတ်တယ်ဗျာ.. ဒီလို အကြောင်းအရာကို တခါမှ မဖတ်ဖူးဘူး။ အခုမှ ဖတ်ဖူးတယ်...
ကျနော့်သူငယ်ချင်းကိုဖြူ စသောက်တုန်းက ဟော ပေါ့လာပြီကွတဲ့... သူက တမျိုးရယ်..
ကျနော်တို့ ဘော်ဘော်တွေကတော့ မူးလာရင် ရန်တော့ မရှာတတ်ဖူးဗျ။ ရီတာများတယ်...(ကိုကြီးလုံးကတော့ ငိုတာ..ဟ ဟ ဟ သူငယ်ချင်းတစ်ယောက် စာမေးပွဲ ကျတုန်းက)
ဒီလိုစာသွက်တစ်ခု ဖတ်ရတာ ပျော်စရာကြီးဗျာ...ကျေးဇူးတင်ပါတယ်ဗျာ..

Anonymous June 16, 2008 at 6:50 PM  

ကိုမောင်ဖြူ
ဟော ပေါ့လာပြီကွလုပ်နေသေးလား။
ိုမဇနိကငါးပါးသီလကိုခါးဝတ်စကဒ်သို့မြဲပုံရပါ့
ဖိုးသောက်...ဒီတစ်ခါဖတ်ဖူးပြီဆိုတော့
မယ်ကြာမူးရင်ပြေးဖို့ပြင်ထားပေတော့။
ဗုဒ္ဒဂါယာကဘုရားအမကြီးသူများကိုပဲ
ရေးခိုင်းမနေနဲ့။အစုံရေးနိုင်အောင်ပုတီးခဏချွတ်။
ကိုဇနိမူးရင်တော့မဇနိကိုစာတွေရေးပြီး
ချော့နေမှာမြင်ယောင်သေး။
ကိုလုံးကြီးငိုတာလည်းကြည့်ချင်ပါတယ်ကိုဇနိရေ။
ဖတ်ရှု့ခံစားပေးလို့
အားလုံးကိုကျေးဇူးတင်ပါတယ်

pandora June 16, 2008 at 8:22 PM  

ဟယ်.. မိန်းကလေးက သောက်တဲ့အကြောင်းတွေ ပြောနေပါလား..။ မသင့်ပါဘူးကွယ်..။

(မနာလိုလို့ ဟဲဟဲ)

ဘလူးဖီးနစ် June 16, 2008 at 11:09 PM  

ကျွန်တော် မြစ်ကြီးနားမှာ ခန နေတုန်းက ကောင်မလေးတွေက ကျွန်တော် မသောက်တတ်လို့ လှောင်တာခံရဘူးတယ်။ မလွယ်ဘူးဗျို့

Ba Kaung June 17, 2008 at 6:40 AM  

နူးဂျန် သင်ပေးခဲ့တဲ့ စကား.......ရှားငေါ့ဆိုင်အိ..?

Anonymous June 17, 2008 at 6:53 AM  

ပရိသတ်ကြီးရဲ့တောင်းဆိုချက်အရ..အခုလိုရေးပေးတဲ့ မမေအောင်ကို ကျေးဇူးအထူး... ဆရာမမီးမီးကသူများဆီကအတုခိုးတာမြန်ပါဘိနဲ့.. တော်ပါသေးရဲ့ဆရာမဒေါ်နန်ဂရောင်ဆီကဘာအတုမှခိုးမလာလို့ပေါ့.. ဒါနဲ့စကားမစပ် ဆရာမမီးမီးက မနောမြေမှာ ၁၀နှစ်လောက်တာဝန်ထမ်းဆောင်လာတာ ဆိုတော့ နောက်ထပ်စိတ်ဝင်စားစရာတွေရှိဦးမယ်ထင်ပ. နောက်ထပ်လည်းရေးဦးနော...

Anonymous June 17, 2008 at 11:50 AM  

ပန်ပန်ပန်ပန်ပန်...
မိန်းကလေးမှာလည်းအသဲနဲ့ပါ
တန်းတူအခွင့်အရေးရှိရမှာပေါ့(အသဲကင်ဆာ၊အသဲရောင်)။
ခုကောအလှောင်ခံရသေးလားဘလူးဖိနစ်။
ba kaungရေ။စားရသေးဘူးဘာဟင်းလဲ။
ဒေါ်နန်ဂရောင်အမွေကိုလက်တွေ့အသုံးချဖို့
ညီမကိုပေးလိုက်ပါတဲ့
ဆရာမမီးမီးက။
နို့မို့ဆိုစိတ်ဆိုးလိုက်
်ချော့ကလက်စားလိုက်၊အိပ်လိုက်၊
စိတ်ကောက်လိုက်
မုန့်ရှာစားလိုက်၊အိပ်လိုက်လုပ်နေရတာပင်ပန်း
နေမှာစိုးလို့တဲ့။

ဆောင်း September 2, 2008 at 6:15 PM  

ခေါင်ရည်က အရသာရှိတယ်။ တငုံ၂ငုံထဲသောက်တာ လေးနဲ့ ကို ဒီလောက်မူးလားဟင်။ ခေါင်ရည်က ကျမတို့  ရိုးရာဆေးအရက်နဲ့ အရသာ တူတယ်။ ကျမ သောက်ဘူးတာ မတ်ခွက်၂ခွက်စာသာသောက်ရတယ် ကုန်သွားလို့ မရှိတော့လို့ လေ။ မျက်နာက တော့ နီလာတာပေါ့။ အဲဒီလောက် သောက်လဲ မမူးဘူး။ ဘာ့ကြောင့်လဲတော့ မသိဘူး။ အများကြီးတော့ မသောက်ဘူးဘူး။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP