ရှေးရှေးကအကြွေး ပေးဖို့လိုသေးလို့လားတဲ့

>> Monday, June 9, 2008

ရှေးရှေးကအကြွေး ပေးဖို့လိုသေးလို့လားတဲ့

ကျွန်တော်တို့ဆီမှာဗျာ့။ နိုင်ဝတုတ်နဲ့ နိုင်အဖျင်းတဲ့ သားအဖ ၂ ယောက် ရှိတယ်။ သူတို့က မွန်လည်းမဟုတ်ကြဘဲနဲ့ နာမည်တွေက နိုင်တွေနဲ့စကြတယ်။ ထားပါတော့ အဲဒီသားအဖ ၂ ယောက်က ဒေါ်အေးချမ်းကို အကြွေးပေးစရာရှိတယ်တဲ့။ ဒေါ်အေးချမ်းတစ်ယောက်ကတော့ အေးအေးဆေးဆေးသမား ပါ။ စာပေနဲ့ တရားပဲ သူကအဓိက ၀ါသနာပါတယ်။ ဒါပေမယ့် သူ့ရပိုင်ခွင့်တော့ ပုံမှန်တောင်းတယ်။ ဒေါ်အေးချမ်းကတော့ သူ့ဝါသနာ သူ့အကျင့်တိုင်း အတင်းအကြပ်တွေဆိုတာ မလုပ်ပါဘူး။ တိုင်လားတောလားလည်းမလုပ်ဘူး။ သူတို့သာ ကိုယ်သိက္ခာကိုယ်လေးစားရင် အေးအေးဆေးဆေး တာဝန်သိသိပေးရမှာပေါ့တဲ့။


စောစောပိုင်းတုန်းကတော့ နိုင်ဝတုတ်က အချိန်ဆွဲဖို့ကြိုးစားသေးတယ်။ နောက်တော့လည်း ပေးရတော့မယ့် အနေထားရောက်လာရော။ အဲဒီတော့ နိုင်အဖျင်းကပြောတယ် အိမ်မှာ အဖေက စိတ်ကျန်းမာရေး မကောင်းတော့ဘူးတဲ့။ အားလုံးသူ့တာဝန်ဖြစ်သွားပြီတဲ့။ ဒါလည်းဒေါ်အေးချမ်းက အေးအေးဆေးဆေးပဲ တောင်းနေပါတယ်။ နောက်တော့ နိုင်ဝတုတ်က သေကိုသွားရော။ နိုင်အဖျင်း သတ်လိုက်တာလားလို့တောင် တစ်ချို့ကတွေးသေးတယ်။

အဲဒီနောက်ပိုင်း ဒေါ်အေးချမ်းကတောင်းတော့ အိမ်တွင်းပြဿနာတွေရှိနေလို့တဲ့ အကြောင်းပြတယ်။ နောက်နောက် အခေါက်တွေကျတော့ ဟိုးရှေးရှေးက အကြွေး လာတောင်းရမို့လားဆိုပြီး သူကတောင် ပြန်အော်ချင်သေးတယ်။ ခုတော့ပြောနေပြီ ဟိုးပဝေသဏီက အကြွေးမို့ တရားရေးနဲ့ မညီတော့ဘူးတဲ့။

ဒေါ်အေးချမ်းကလည်း စကားပြောကျတော့ အကောင်းသား။

ဒီမှာ နိုင်အဖျင်း ရှေးရှေးက အကြွေး တရားရေးနဲ့ မညီဘူးဆိုရလောက်အောင် မင်းအရှက်မမဲ့ပါနဲ့။ ဒီအကြွေး အချိန်ကြာလာတာ ဘယ်သူ့မှာတာဝန်ရှိလဲ။ ကြာနေတာကိုပဲ မင်းတို့ရှက်သင့်နေပြီ။ မင်းအဖေ ကတိပေးခဲ့တုန်းက မင်းလည်း အရွယ်ရှိနေပါပြီ။ မင်းတို့ပေးခဲ့တဲ့ ကတိနဲ့ တရားဥပဒေ ဘယ်လိုရှိလဲဆိုတာ မင်းကောင်းကောင်းသိပါတယ်။ အချိန်တွေ ဘယ်လောက်ကြာကြာ အလုပ်ဆိုတာ မလုပ်ပဲ မပြီးဘူး။ အကြွေးဆိုတာ မဆပ်ပဲ မကြေဘူး။ ဒီကြွေးတောင်းတဲ့ ဒဏ် မင်းမသေမချင်း ခံနေရမယ်။ မင်းသေသွားလည်း သံသရာ ကြွေးနဲ့ သေရမယ်။

ငါသေသွားလည်း ငါ့မျိုးဆက်က တောင်းနေမှာပဲ။ စိတ်ချ တို့ဘက်က ရပိုင်ခွင့်တွက် အကြမ်းမဖက်ရင်သာနေမယ် တောင်းမြဲတော့ တောင်းနေမှာပဲ။ အရှက်ကလေး နဲနဲရှိရင် မင်းလည်း တာဝန်ယူတတ်လာမှာပါ။

6 comments:

မဇနိ June 9, 2008 at 12:12 PM  

ဆွေမျိုး မတော်ချင်လို့မရသလို၊ အကြွေးလည်း မဆပ်ချင်လို့မရဘူးဆိုတာ ဟုတ်တယ်နော်။ အဲဒီ ကြွေးပေးသူနဲ့ ကြွေးယူသူ အမှုကလည်း အမြဲကြုံတွေ့နေရတာဗျ။ ကျွန်မအမေကတော့ ပြောလေ့ရှိတယ်။ တခုခု သူများဆီက ငှားထားရင်တောင် သတိတရပြန်ပေးမှတဲ့၊ သံသရာကြွေး ပါမှာကြောက်တယ်တဲ့။

မေအောင် June 9, 2008 at 3:32 PM  

စကားပုံတောင်ရှိသေးလေ
အရင်က“ယူတော့ပြုံးပြုံးတောင်းတော့မုန်း”
ခုက“ယူတော့အကြမ်းဖက်၊တောင်းတော့ရက်စက်”
ဆိုလား
ရှက်တာတော့မပါဘူး။
သံသရာလည်းမပါဘူးဖိုးသောကြာရေ။

Heartmuseum June 9, 2008 at 8:15 PM  

သူတို့က အကြွေးကို နောက်ဘ၀ထိ သယ်ချင်ကြတာဗျ။

Republic June 10, 2008 at 3:16 AM  

အကြွေးရှိတာ မကောင်းဘူးဗျ၊ သောကမီးတွေဝါးမြိုထားရတာ၊
ဘာ အကြွေးပဲဖြစ်ဖြစ် ၊နောက်ဆုံး ခံရပုံခြင်းတော့ တူတူဗျ၊ :D

မောင်ဖြူ June 10, 2008 at 9:19 AM  

ဒါတောင်အတိုးမတောင်းသေးဘူးနော်။
အရင်းပဲတောင်းနေတာ။
တိုး။ရင်းပေါင်းဆိုရင်တော့ မလွယ်ဘူးဖြစ်သွားမယ်။ :D

ဖိုးသောကြာ June 10, 2008 at 12:30 PM  

မဇနိရေ
သတိထားပြီး ပြန်ပေးတယ် ပြန်ဆပ်တယ်ဆိုတော့ သံသရာ ကြွေးရှင်းတာပေါ့။ ကျွန်တော်လည်း အဲဒီအကြွေးပါမှာတော့ကြောက်တယ်။

မမေအောင်
ပြောတဲ့ စကားပုံအသစ်ကတော့ ခုခေတ်နဲ့ အကိုက်ဆုံးပဲလို့တောင် ပြောချင်တယ်။

Heartmuseum ရေ
အဲဒီလူတွေကတော့ အဆိုးဆုံးပဲ။ သူတို့မရှိမ ကမ္ဘာကို လှလာမှာ။

Republic
ပြောတာကို အတိကျ ထောက်ခံတယ်။ ထိုင်ခုန်နေရလိုချင်လို့မဟုတ်ဘူနော်။ သဘောတူလို့ ထောက်ခံတာ။

ကိုမောင်ဖြူရေ
အတိုးတွေဆိုတာက ဒေါ်အေးချမ်းတစ်ယောက် စိတ်မ၀င်စားရှာပါဘူး။ သူက အေးအေးသမား ရသင့်သလောက် ရနိုင်သလောက်ကို အကုန်ယူချင်သူမဟုတ်ဘူး။ လိုအပ်သလောက်သာယူမှာပါ။ အခုတောင်းနေတာလေးမှ မရရင် သူလုပ်ချင်တဲ့ ကောင်းရာကောင်းကြောင်းလေးတွေ မလုပ်နိုင်လို့တောင်းနေရှာတာ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP