ဂုဏ်ပြု မုန့်ဟင်းခါး

>> Wednesday, June 18, 2008


မနေ့ညက အိုးဝေမှာ ကေဖိုးနဲ့တွေ့တယ်။ သူက သူချက်ထားတာတွေကို သွားရည်ကျအောင် လာပြောတယ်လေ။ ပြီးတော့ တစ်ယောက်တစ်လှည့် စားချင်တဲ့၊ လွမ်းနေတဲ့ မြန်မာ အစားအသောက်တွေကို ထိုင်ပြောကြတော့တာပါပဲ။ လှည်းတန်းက ကြာဇံချက်၊ မင်းလမ်းက ရခိုင်မုန့်တီ၊ YKKO က ကြေးအိုး၊ ရွှေရည်က မြန်မာမုန့်မျိုးစုံ၊ လှည်းကလေးနဲ့ ဒိန်ချဉ်၊ စုံလို့ပါပဲ။ အဲဒါတွေ မပြောခင်က အိုးဝေမှာ ၃ ယောက်ရှိနေတယ်။ နောက်တစ်ယောက် ဘယ်သူလဲ မသိဘူးဆိုပြီး မေးကြသေးတယ်။ ထွက်တော်မူမလာဘူး။ အစားအသောက် အသံကြားမှပဲ သွားရည်တွေကျပြီး ထွက်လာတော့တယ်။ ဘယ်သူများမှတ်နေ။ Blog ပိုင်ရှင်ကြီးပေါ့။


သူလဲ စားချင်တယ်တဲ့။ အဲဒါနဲ့ စစ်ကိုင်းသူလဲ ဘာရမလဲ ဒီနေ့ မုန့်ဟင်းခါးချက်စားမယ်လို့ သူသွားရည်ပိုကျအောင် ပြောပစ်လိုက်တာပေါ့။ ချက်စားမယ်ဆိုပြန်တော့လဲ တစ်ယောက်တည်း ချက်စားရတာ ပျင်းစရာကြီး၊ အဖော်ကလဲ မရှိ။ နောက်မှ သွားသတိရတယ်။ အိုးဝေက သူငယ်ချင်းတွေနဲ့စားမှာပေါ့လို့။ လာလည်တဲ့သူတွေကိုလဲ ကျွေးမယ်လေ။

အဲဒါနဲ့ပဲ ညက အဆောင်ပြန်ရောက်တော့ မုန့်ဟင်းခါး ချက်ကျွေးတာတော့ ဟုတ်ပါပြီ။ ဘာအထိမ်းအမှတ်နဲ့ ကျွေးရပါ့လို့ စဉ်းစားပြန်တော့၊ ကိုယ့်မွေးနေ့ကလဲ ပြီးသွားတာ ကြာပေါ့။ ဇနိမောင်နှံတို့လို အပြန်အလှန် မွေးနေ့ပွဲကျင်းပပေးစရာလူကလဲ မရှိဆိုတော့ကာ၊ ဘယ်လိုလုပ်ရပါ့ပေါ့။ အို မုန့်ကျွေးတာပဲ ဘာလို့ကျွေးကျွေး စားတဲ့သူက စားမှာပဲ သူတို့ကို ကျွေးခိုင်းတာမှ မဟုတ်တာ။ ဘယ်သူမှ အကြောင်းပြချက် တောင်းမနေပါဘူး။ မနက်ဖြန် ချက်ဖြစ်အောင်ချက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမဲ့ အခုတော့ ကံအားလျော်စွာပဲ မုန့်ဟင်းခါးကို ဘယ်အထိမ်းအမှတ်နဲ့ ကျွေးတယ်လို့ ပြောစရာ ရသွားပေါ့။ မနေ့ညက တီဗွီဖွင့်ကြည့်လိုက်တော့ Star Sport နဲ့ ESPN ပြန်ရနေတာ တွေ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကန်မဲ့အသင်းက အီတလီ ဖြစ်နေပါပေါ့လား။ စစ်ကိုင်းသူကလဲ အီတလီအသင်းဆို အရမ်းသဘောကျပဲ။ ၁၉၉၄ ကမ္ဘာ့ဖလားပွဲ ကတည်းကပေါ့။ အသင်းစွဲဆိုတာထက် လူကစ စွဲတာလို့ ပြောရမလားမသိဘူး။ ရောဘတ်တို ဘက်ဂီယိုဘောလုံးကန်တာကို အရမ်းသဘောကျတာနဲ့ အီတလီအသင်းကို အားပေးလာတာ အခုအချိန်ထိဆိုပါတော့။

ကြားဖြတ်ပြီး ၉၄ ကမ္ဘာ့ဖလားပွဲအကြောင်းနည်းနည်းပြောမယ်နော။ ကမ္ဘာ့ဖလားပွဲဆိုတာ အဲဒီနှစ်ကမှ စကြားဖူး၊ ကြည့်ဖူးတာပါ။ 555 က sponsor လို့ထင်တာပဲ။ ပွဲတိုင်းကိုတော့ မပြပါဘူး။ အဲဒီတော့ ဘောလုံးပွဲကို ဘယ်လိုကြည့်ရလဲဆိုတာ ပြောရဦးမယ်။ တီဗွီကလာတဲ့ပွဲတွေတော့ တစ်ဝန်းထဲနေတဲ့ ဦးလေးအိမ်မှာ ကြည့်လို့ရတယ်။ ကျန်တဲ့ပွဲတွေကျ ဘေးအိမ်က ဗွီဒီယိုရုံမှာ ကြည့်တယ်။ အဲဒီကို သွားကြည့်တာတော့ မဟုတ်ပါဘူး။ ဗွီဒီယိုရုံပိုင်ရှင်က ကြည့်တဲ့သူ အရမ်းများတော့ ရုံထဲမှာ မပြဘဲ အပြင်မှာ ထုတ်ပြပါတယ်။ အဲဒါကို စစ်ကိုင်းသူတို့ မောင်နှမတစ်တွေက ဒီဖက်ကနေ အဖေ့ကျူရှင်ခန်းထဲက ခုံတွေကိုထုတ် အဲဒီအပေါ်မှာ ကုလားထိုင်တင်ပြီး၊ ဝန်းထရံ ကျော်ကြည့်ကြတာပါ။

အီတလီပွဲကြည့်တိုင်း ခံစားရတဲ့ခံစားချက်ကို ပြောပြဦးမယ်။ ရင်ဘတ်ထဲ ဘင်ခရာတီးဝိုင်းကြီး ရောက်နေလားမှတ်ရ။ စိတ်ထဲမှာသာ အဲလိုဖြစ်နေတာ။ လူက တခြားပွဲတွေကြည့်သလို အသံလုံးဝမထွက်နိုင်ဘူး။ ဘုရားစာ ရွတ်နေရလို့လေ။ ဘောလုံးက အီတလီခြေထဲမှာ ရှိရင် ဂါထာတစ်ခုရွတ်၊ တစ်ဖက်အသင်းခြေထဲရောက်သွားရင် နောက်တစ်ခု ပြောင်းရွတ်နဲ့ မအားနိုင်ရအောင်ပါပဲ။ အရင် အီတလီပွဲတွေတုန်းက ပွဲတိုင်းကြည့်တယ်။ Final ပွဲကျတော့ လာတာက ည ၂ နာရီလောက်ကြီး။ ကြည့်လို့ ဘယ်လိုမှ အဆင်မပြေ။ ရုံကလဲ အဲဒီအချိန်ကျ လူက ညဦးပိုင်းလောက် မများတော့ ရုံထဲမှာပဲ ပြပါတယ်။ ဒါပေမဲ့ ဗွီဒီယိုရုံနဲ့ စစ်ကိုင်းသူ အိပ်တဲ့ အခန်းနဲ့က ကြားထဲမှာ အသား ဝန်းထရံရယ်၊ ၄၊ ၅ ပေလောက် ကွက်လပ်လေးရယ်ပဲ ခြားတော့၊ အသံတွေက အကုန်ကြားနေရပါတယ်။ အသံပဲ ကြားရပြီး မမြင်ရတော့ ပိုပြီး အသည်းယားပါတယ်။ အားလုံးသိကြတဲ့အတိုင်း အဲဒီနှစ်က Penalty နဲ့ အီတလီလေး ရှုံးသွားပါရောလား။ စစ်ကိုင်းသူရဲ့ ဘက်ဂီယို Penalty ကန်တာ မဝင်တာပါတဲ့။ သူ့အတွက်လဲ စိတ်မကောင်း၊ အသင်းအတွက်လဲ စိတ်မကောင်းပေါ့။ နောက်တစ်နေ့ တီဗွီက အဲဒီပွဲကို ပြန်ပြတော့ လုံးဝကို မကြည့်တော့ပါဘူး။ ကြည့်နိုင်တဲ့အင်အားကို မရှိတော့လို့ပါ။ စစ်ကိုင်းသူက Unlucky လား မသိပါဘူး။ စစ်ကိုင်းသူ အားပေးတဲ့ အသင်းဆို နိုင်ခဲတယ်။ (ကိုဇနိတို့ အသင်းရှုံးတာလဲ အဲဒါကြောင့်များလားမသိ။)

ကဲကဲ မုန့်ဟင်းခါးကိစ္စပြန်ဆက်မယ်။ တော်ကြာ ကေဖိုးတို့၊ ကိုဇနိတို့က ဒီ စစ်ကိုင်းသူနှယ် မုန့်ဟင်းခါးကျွေးမဲ့ အရေး မကျွေးဘဲ ပေရှည်နေတယ်ဆိုပြီး မေတ္တာပို့နေလို့ ဒီဘဝတင်မကဘဲ နောက်ဘဝပါ မစွံ ဖြစ်နေမှာ ကြောက်ရသေးတယ်။

ဒီနေ့ အိုးဝေက သူငယ်ချင်းများနှင့်တကွ အလည်ရောက်လာကြသော မိတ်ဆွေအပေါင်းကို မုန့်ဟင်းခါးကျွေးရခြင်း အကြောင်းကတော့ မနေ့က အီတလီအသင်းရဲ့ အောင်ပွဲကို ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်းနှင့်တကွ အောက်တွင် တည်ခင်း ဧည့်ခံထားသော မုန့်ဟင်းခါးကို အဝ စားသောက်သွားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ခင်ဗျား။



သြော် တစ်ခုပြောဖို့ မေ့သွားတယ်။ စစ်ကိုင်းသူရဲ့ လက်ရာကို သိနေတဲ့ သူငယ်ချင်းတွေက မစားကြမှာမို့၊ စစ်ကိုင်းသူ လက်ရာမဟုတ်ဘဲ မြောင်းမြဒေါ်ချို့လက်ရာသာ ဖြစ်သည့်အတွက် စိတ်ချလက်ချ စားသုံးနိုင်ကြောင်း အသိပေးအပ်ပါသည်။

မုန့်ဖတ်မရှိလို့ ခေါက်ဆွဲနဲ့ပဲ ကျွေးရတာရယ်၊ အဂါင်္မစုံလင် (နံနံပင်၊ ငှက်ပျောအူ၊ ကြက်သွန်ဥမပါ)တာရယ်အတွက်လဲ ခွင့်လွှတ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။

9 comments:

Anonymous June 18, 2008 at 4:36 PM  

ချက်ပေးတဲ့သူငယ်မတောင်းတဲ့ဆုနဲ့ပြည့်ပါစေကွယ်။
အရင်စားချင်ပေမဲ့တစ်ပန်းကန်ထဲမို့
ကုန်သွားမှာစိုးတယ်
ပြီးမှဇွန်းရေတစ်ပြင်တည်းစားကြရအောင်နော

Anonymous June 18, 2008 at 4:43 PM  

သူငယ်ချင်း..မြောင်းမြဒေါ်ချိုလက်ရာပေမဲ့ မင်းချက်တာမို့လို့ ပိုစားကောင်းတယ်
စစ်ကိုင်းသူက ထမင်း ပေါင်းအိုးနဲ့ချက်တာတောင် မနပ်တနပ်လေ (ရေ ဘယ်လောက် ထည့်ရမှန်း မသိဘူး)။ ၁၀နှစ်တူတူကျောင်းတက်လာတဲ့ တလျှောက်လုံး ဒီလက်ရာနဲ့ ကျွေးမွေးခဲ့တာရော
အချက်အပြုတ်မှာ ဒီ ထွက်ပြီလို့ ပြောလို့ရပြီ..ခိ ခိ
သူ့ပြောလို့ ကိုယ်လဲ တတ်လှပြီ မထင်ပါနဲ့။ လက်ဖက်သုပ်ဖို့ ခရမ်းချဉ်သီးလှီးတာ မှောက်လျက်လှီးနေလို့ စစ်ကိုင်းသူက ဆူယူရတယ်။ ရန်ကုန်သူ သူငယ်ချင်းက ”ကေဖိုး..စစ်ကိုင်းသူကတောင် ဆူရတယ်ဆိုတော့ နင် လဲသာသေလိုက်တော့” လို့ ထောပနာ ပြုဖူးပါတယ်။ အို…ဒါပေမဲ့ ကေဖိုးက အချက်အပြုတ် မစွံပေမဲ့ လူကတော့ စွံပါတယ် (မျက်စိ ခိခိ)
မုန့်ဟင်းခါးစားဖို့အရေး သူ ကြောင်နေတဲ့ အီတလီအကြောင်း အကြာကြီး နားထောင်နေရတာတော့ ပျင်းလှတယ်။ မုန့်ဟင်းခါး အကြောင်းပြပြီး သူ ကြောင်နေတဲ့အကြောင်း အဖွခံလိုက်ရတယ်..ဟဟ

Anonymous June 18, 2008 at 4:56 PM  

မမေအောင်ရေ
အရင်စားနှင့်လို့ ရပါသဗျ။ ချက်ထားတာက အများကြီးပါ။ ကုန်သွားရင် လိုက်ပွဲလာပါ့မယ်။ မမေအောင်က တောင်းတဲ့ဆုနဲ့ ပြည့်ပါစေဆိုတော့ ဘာဆုတောင်းရမဲ စဉ်းစားလိုက်ဦးမယ်။

ကေဖိုးရေ စစ်ကိုင်းသူက နဂိုကတည်းက ဝန်ခံပြီးသားပါ။ ဟင်းမချက်တတ်ဘူးလို့။ D ပေးတယ်ဆိုတဲ့အတွက်ကျေးဇူးပါ။ ဒါပေမဲ့ ပြန်ရောက်လို့ တကယ်စားကြည့်ပြီးရင်တော့ ပြန်သိမ်းချင်စိတ်ပေါက်သွားမလားမသိ။ စစ်ကိုင်းသူက ဘက်ဂီယိုကို ဘောလုံးကန်တာ ကြိုက်တာ။ ကေဖိုးတို့လို့မဟုတ်ဘူး။ အဲလိုပြောမှာစိုးလို့မှ ကြိုပြီးပြောထားတာတောင် မေတ္တာအပို့ခံလိုက်ရသေးတယ်။ တော်သေးတာပေါ့။ နောက်ဘဝလဲ မစွံပါစေနဲ့လို့ ဆုမတောင်းသွားလို့။ ကေဖိုးက မျက်စိတင်မကပါဘူး။ လူပါ စွံပါတယ်။ ကျန်တဲ့လူတေ၊ွ ထောက်ခံကြတယ်ဟုတ်။

ဇနိ June 18, 2008 at 5:30 PM  

:)
စစ်ကိုင်းသူရေ..
အချက်အပြုတ်ဘက်မှာ တိုးတက်လာပြီပေါ့...ဘာကိုအကြောင်းပြပြီး ကျွေးကျွေး စားမှာပဲဗျို့................

အခု ယူရို ၂၀၀၈ မှာ အီတလီရဲ့ အစ၂ ပွဲကို စစ်ကိုင်းသူကြည့်လိုက်ရရင်တော့ ရင်ဘတ်ထဲ ဘင်ခရာတီးဝိုင်းကြီး ရောက်ယုံတင်မကဘူး၊ ကုလားဘုရားပွဲပါလှည့်သွားမယ်...

နိုင်တဲ့ပွဲကျ ကျနော်လည်း ကြည့်လိုက်ရဘူး.....delay ပြတာမကြည့်လိုက်တော့ဘူး

Anonymous June 18, 2008 at 5:30 PM  

စစ်ကိုင်းသူရေ
ဘောလုံးပွဲကြောင်းတော့ သိပ်မသိဘူးဝေ့။
မုန့်တွေတော့ အ၀တီးလိုက်တယ်။ လိုက်ပွဲလည်းယူတယ်။
ခုတော့ ဗိုက်ဝသွားပြီ။
ကဲ ယတြာတွေလည်း အောင်မြင်ပါစေ။
နောင်လည်း တကယ်ချက်ကျွေးနိုင်ပါစေ။ တကယ်လာစားမှ ပုန်းမနေနဲ့အုံးနော်။ အိမ်ပြန်တော့မယ့်သူဆိုတော့ ဖားထားတယ်။

ဖိုးသောကြာ June 18, 2008 at 7:44 PM  

ကျွန်တော်လည်း လာအားပေးသွားတယ်ဗျာ့။ အင်္ဂါမစုံလည်း ကောင်းပါတယ်။ ဒီမှာဆိုရင် ဒေါ်ချို အထုပ်တောင် မရှိဘူး။ ဒီလိုပဲ ကုလားပဲနဲ့ ငါးသေတ္တာသုံးပြီး ဖြစ်အောင်ချက်ရတယ်။ နောက်ဆိုရင်တော့ စစ်ကိုင်းသူ အားပေးတဲ့ အသင်းနိုင်ပါစေဗျာ။ အနိုင်ရရင် ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် လုပ်ကြွေးမလားလို့ပါ။ :)

Anonymous June 18, 2008 at 8:37 PM  

ကိုဇနိရေ ကိုယ့်အတွက်ကတော့ တိုးတက်လာပြီလို့ ပြောလို့ရပေမဲ့ မဇနိရဲ့ ခြေဖျားတောင် မမီသေးတာတော့ သေချာတယ်။ စစ်ကိုင်းသူက တစ်ခုတော့ ကံကောင်းတယ်။ ကိုဇနိပြောသလို ကုလားဘုရားပွဲလှည့်ရမဲ့၊ အီတလီရှုံးတဲ့ပွဲတွေဆို မကြည့်ဖြစ်လိုက်တာများတယ်။ တော်သေးတာပေါ့ မဟုတ်ရင် သွေးဆေးသောက်နေရဦးမယ်။

မဇနိရေ အိမ်လာရင်က ပုန်းမနေပါဘူး။ မဇနိလဲ ကောင်းကောင်းစားရမှာ။ စိတ်မပူနဲ့။ အိမ်က လူတွေက စစ်ကိုင်းသူချက်မယ်ဆိုရင် တစ်ယောက်မှ လက်သင့်ခံမှာ မဟုတ်လို့၊ အိမ်က လက်ရာပဲ စားရမှာပါ။ အဲ စစ်ကိုင်းသူ အဝေးမှာ တာဝန်ကျနေတုန်း လာလည်ရင်တော့ တမျိုးပေါ့။ ချက်ကျွေးမဲ့သူကတော့ တာဝန်ကျေစေရမယ်။ ကုန်အောင် မစားလို့ကတော့ အတွေ့ပဲ။ ကောင်း ကောင်း မကောင်း ကောင်း စားရမယ်။ ဒါပဲ။

ဖိုးသောကြာရေ ကျေးဇူးပါ။ စစ်ကိုင်းသူသာ ဖိုးသောကြာလို မုန့်ဟင်းခါးချက်ရမယ်ဆိုရင်တော့ ဘယ်သူမှ မုန့်ဟင်းခါးစားရဖို့မမြင်။ ဖြစ်လာမှာ မဟုတ်လို့လေ။ အသင်းအတွက် ဆုတောင်းပေးတာလဲ ကျေးဇူးပါ။ နိုင်ရင် တကယ် မုန့်ထပ်ကျွေးမယ်။

အညာသား June 19, 2008 at 8:22 AM  

ရှလွတ်...ရှလွတ်...။ ဟီးဟီးဟီး
ကျေးဇူးဗျာ ကျေးဇူး..။ အညာသားက ဒီလိုပွဲမျိုးစောင့်နေတာ ကြာပီခင်ည။ ကြုံတုန်း အ၀ ဆွဲသွားသဗျို့..။ ။

RePublic June 19, 2008 at 1:55 PM  

မုန့်ဟင်းခါးလေး ကနည်းနည်းလေး၊ မ၀ဘူးဗျ ၊
အပြင်မှာထပ်ကျွေး ၊၊ ဘောလုံးပွဲနိုင်ထားတာပဲ
:P

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP