သစ်ပင်စိုက်ခြင်းနှင့် တွေးမိတဲ့အရာ

>> Tuesday, June 24, 2008



အိပ်ယာက နိုးလာရင် ကျောင်းသွားရဦးမယ် ဆိုတဲ့အတွေးတွေနဲ့ မပျော်မရွှင်ဖြစ်သွားမိတယ်။ ဘယ်သူမှမရှိတဲ့ မနက်ခင်းစာကို ၀တ်ကျေတန်းကျေစားရဦးမယ်။ ပြီးတာနဲ့ ရထားတိုးစီးရဦးမယ်။ လမ်းတွေလျှောက်ရဦးမယ်။ မျက်လုံးပိတ်ပြီး လမ်းလျှောက်ရင်းနဲ့ ကျောင်းကိုသွားခဲ့တဲ့နေ့တွေ မနည်းခဲ့ပါဘူးဆိုတာ သတိရမိတယ်။ အခုတော့ ပြန်တွေးပြီး နည်းနည်းပြုံးလာနိုင်ပြီ။ အဲဒီရက်တွေကို လွန်မြောက်လာခဲ့ပြီ။ ကျွန်မရဲ့ မနက်ခင်းအိပ်ယာနိုးလာရင် စိတ်ပျော်ရွှင်မှု ရလာခဲ့ပြီ။



မနက်နိုးလာရင် ကျွန်မစိုက်ပျိုးထားတဲ့ အပင်လေးတွေ ပေါက်နေပြီလား။ အရွက်လေးတွေ ထွက်နေပြီလားဆိုတာ စူးစမ်းချင်စိတ်က အိပ်ယာမြန်မြန်ထစေတဲ့ အကြောင်းတခုဖြစ်လာခဲ့ပြီ ဆိုတာ သတိရမိတော့ တယောက်ထဲပြုံးမိလာပါတယ်။ ငယ်ငယ်တုန်းကဆို အမေစိုက်ပေးတဲ့ အပင်လေးတွေကို အရွက်ထွက်လာပြီလား၊ ဘယ်လောက်ကြီးလာပြီလဲဆိုတာ မောင်နှမတွေ လုပြီး နေ့တိုင်းသွားသွားကြည့်ခဲ့ကြတာ သတိရမိပါတယ်။ ပြီးလျှင် ဘယ်အပင်က ဘယ်လိုဆိုတာ အမေ့ကို အလုအယက်ပြောကြမည်။ နောက်ပိုင်းကျတော့ မလုရအောင် အပင်ခွဲတန်းချ မဲနှိုက်တာဝန်ယူ စောင့်ကြည့်ကြမည်ဟု သဘောတူခဲ့တာတွေကိုလည်း မမေ့နိုင်ခဲ့ပါဘူး။ ကျွန်မကတော့ အမေစိုက်ထားတဲ့ ရှောက်ပင်၊ သံပုရာပင်လေးတွေကို သဘောအကျဆုံးဖြစ်ခဲ့တယ်။ အရွက်နုအသစ်ထွက်လာရင် ဘယ်လိုပျော်မှန်းမသိ ပျော်ရွှင်ခဲ့ဖူးတယ်။ မောင်လေးအကြီးကတော့ နေ့လည်အားလပ်ချိန်တွေဆို သူပိုင် သင်္ဘောပင်မှ သင်္ဘောသီး မမှည့်တမှည့် ခူးပြီး အတူစားဖို့ အမြဲစိတ်ကူးနေတတ်ပါတယ်။ မမှည့်တမှည့်ဆိုတာက သူ့အပင်ကို အမြဲကြည့်ပြီး နည်းနည်းဝင်းလာရင် ခူးတတ်လို့ ဘယ်တော့မှ အသီးမှည့်အောင် သူမစောင့်လို့ ပြောတာပါ။

အမေတို့က သူတို့မွေးဖွားခဲ့တဲ့ ကျွန်မတို့ကို သူတို့စိုက်ပျိုးလာတဲ့အပင်လေးတွေနဲ့တွဲပြီး မှတ်သားထားတတ်တယ်။ ကျွန်မကိုမွေးခဲ့တဲ့အချိန်က သားသမီးအဦးဆိုတော့ အဖေက သိပ်ပျော်ခဲ့တယ်တဲ့။ သမီးလေးမွေးပြီဆိုတာနဲ့ အိမ်ရှေ့မှာ အမှတ်တရ တမာပင်ပြေးစိုက်ခဲ့တယ်။ မောင်လေးအကြီးကို မွေးခဲ့တဲ့အချိန်မှာတော့ အိမ်နောက်မှာ မန်ကျည်းပင်စိုက်ခဲ့ပါတယ်။ မောင်လေးငယ်ငယ်ကဆို မန်ကျည်းပင်နားသွားပြီး “သားနဲ့သူနဲ့ သားက အရပ်ပိုရှည်နေပြီ“လို့ ပြောတာမှတ်မိနေပါတယ်။ မောင်လေးအငယ်မွေးတဲ့အချိန်ကတော့ အမြွာလေးမွေးလို့ အဖေက ဧကရာဇ်ပင် ၂ ပင်စိုက်ခဲ့တယ်။ အခုတော့ မောင်လေးနဲ့ရွယ်တူ မန်ကျည်းပင်က မန်ကျည်းသီးတွေတောင် သီးတဲ့အရွယ်ရောက်နေပါပြီ။ သူတို့စိုက်ခဲ့တဲ့အပင်လေးတွေကိုမြင်တိုင်း အဖေနဲ့အမေက သူတို့ပြုစုခဲ့ရတဲ့ သားသမီးတွေကို သတိရတတ်တယ်တဲ့။


အိမ်မှာ သစ်ပင်စိုက်တုန်းကတော့ မျိုးစေ့လေးချပြီးရင် အညှောင့်ထွက်လာမှ စိတ်ချမ်းသာရတာပါ။ မျိုးစေ့အောင်ပါ့မလား။ မြေကကောင်းရဲ့လားလို့ အမြဲစိတ်ပူခဲ့ရပါတယ်။ ကျွန်မတို့အိမ်က မြေတွေက နည်းနည်းမာတော့ စိတ်ပူရပါတယ်။ ဒီရောက်တော့လည်း ကျောင်းကပေးတဲ့ အဆောင်မှာ နေစဉ်က အပင်စိုက်ဖို့ သတိမရမိပါဘူး။ ဆိုင်တွေမှာ ပန်းအိုးတွေ တွေ့တော့လည်း စိတ်မ၀င်စားမိဘူး။ အခု ကိုယ်တိုင်ငှားနေတဲ့အိမ်မှာတော့ အေးအေးဆေးဆေး အပင်လေးတွေ စိုက်လို့ရတာရယ်၊ ကိုဇနိက သစ်ပင်လေးတွေစိုက်ရင် စိတ်ပျော်တယ်ဆိုတာရယ်နဲ့ စိတ်ထဲမှာ အပင်စိုက်ချင်တယ်ဆိုတဲ့အတွေး ရောက်လာခဲ့တယ်။ အဲလိုတွေးတတ်လာတာနဲ့ ကျောင်းသွားရင် မျက်လုံးပွင့်ပြီး သွားချင်လာတယ်။ ဟိုငေးဒီးငေးလေးတွေ လုပ်တတ်လာတယ်။ အိမ်နဲ့ကျောင်းကို စက်ဘီးတောင် မစီးချင်တော့ဘူး။ လမ်းလျှောက်ရင် အပင်တွေငေးသွားရင် ဘယ်လိုရောက်သွားမှန်းတောင် မသိအောင် ဖြစ်လာတယ်။

ပန်းအိုးတွေ ဈေးဘယ်လောက်ပေးရတယ်၊ ဘယ်မှာဝယ်ရတာလဲဆိုတာကို အမတယောက်ကို ဖုန်းဆက်မေးလိုက်တော့ သူ့စိုက်ခင်းလေးကိုပါ ဓါတ်ပုံပို့ပေးတယ်။ မျိုးစေ့လေးတွေပါ ၀ယ်လို့ရတဲ့အတွက် အဆင်ပြေသွားပါတယ်။ အခုတော့ ပိစိညှောင့်အပင်လေးတွေကို နေ့တိုင်းအရိပ်တကြည့်ကြည့်နေရတာ ပျော်စရာလို့ သတ်မှတ်လာတယ်။ အိမ်တိုင်းလည်း ပန်းပင်လေးတွေ တော်တော်များများစိုက်ကြတယ်။ လမ်းဘေးတွေမှာလည်း စိုက်ကြတယ်။ မြေကြီးထုပ်လေးတွေကလည်း ယန်း ၁၀၀ ပဲပေးရပါတယ်။ မြေသြဇာပါပြီးသားဆိုတော့ ငယ်ငယ်တုန်းကလို အပင်ပေါက်ပါ့မလားလို့ မစိုးရိမ်ရတော့ပါဘူး။ ရက်လည်းမကြာဘဲ အပင်တွေကလည်း ဖွင့်ဖြိုးလှပါတယ်။ အခုမှအပင်ပေါက်လေးတွေကို ကျွန်မက အတော်သံယောဇဉ်တွယ်နေပြီဆိုတော့ အဖေ၊အမေတို့လို နှစ်ရှည်လများ ပြုစုပျိုးထောင်လာတဲ့ မိဘတွေဆိုရင် ဘယ်လောက်သံယောဇဉ်ခိုင်မာမလဲဆိုတာ တွေးကြည့်မိနေတယ်။ သူတို့ပြုစုခဲ့တဲ့အပင်လေးတွေ သူတို့မျက်စိရှေ့ရှိမနေဘူးဆိုရင် အရာရာအတွက် စိတ်ပူနေမလား၊ လွမ်းဆွတ်နေမလား၊ ဒါမှမဟုတ် သူတို့ပြုစုခဲ့တာလေးတွေ ရှင်သန်လာလို့ ဂုဏ်ယူနေမလားဆိုတာ စိတ်မှန်းဖြင့် တွေးတောနေမိပါတော့တယ်။

မဇနိ

7 comments:

တားမြစ် ထားသော... June 24, 2008 at 7:17 PM  

ကျွန်တော်လည်း အပင်စိုက်တာ ဝါသနာပါသဗျ။ အခန်းထဲမှာ နေရာရှိရင် အခန်းထဲအထိ စိုက်တာ။ အပြင် ဝရံတာမှာဆိုပေါပ။
အပင်စိုက်တာက အပျင်းလည်းပြေတယ်။ မဇနိပြောသလို စိတ်ချမ်းသာစရာလည်း ဖြစ်တယ်။
ကောင်းတယ်။ များများသာ စိုက်။

Heartmuseum June 25, 2008 at 8:51 AM  

ကျွန်တော်က သစ်ပင်တွေကို အရမ်းချစ်တာဗျ။ စိမ်းစိမ်းစိုစိုလေးတွေ မြင်ရတာ အရမ်း စိတ်ချမ်းသာတယ်ဗျာ။

မောင်မျိုး June 25, 2008 at 1:44 PM  

အပင်းလေးတွေ ရဲ့အကြောင်းကို အစပျိုးပြီး မိသားစု မေတ္တာလေးကို ဖွဲ့ ကျုးထားတာ အရမ်းကောင်းတယ် အစ်မရေ့ ဟုတ်တယ် ကျနော်တို့  ဘ၀အတွက် ဥယျာဉ်မှူးတွေကလည်း သူတို့စိုက်ခဲ့တဲ့ အဝေးရောက်အပင်လေးတွေကို လွမ်းဆွတ်နေမယ်ဆိုတာကတော့ အသေချာပါပဲ ။

Republic June 25, 2008 at 4:10 PM  

တစ်သက်တာပျော်ရွှင်ချင်တော့ သစ်ပင်စိုက်ပါလို့ ဆိုတာပဲ...မဇနိ ရ ၊၊
အားပေးတယ်..စိုက်ဗျာ..
ကိုဇနိကြီးက ရေလောင်းပေးမှာပါ ...

မဇနိ June 26, 2008 at 9:58 AM  

တားမြစ်ထားသော ရေ စိုက်ထားတဲ့အပင်တွေ လာခိုးအုံးမယ် ပြန်လာရင် သတိသာထားတော့။

သစ်ပင်တွေနဲ့ နေရတာ ပျော်စရာကောင်းတယ်နော် Heartmuseum...

မောင်မျိုးရေ အမပြောပြချင်တာလေးကို တွေ့အောင်ရှာသွားတာ ကျေးဇူးအများကြီး။

Republic ရေ ကိုဇနိရေလောင်းမှ အပင်တွေ ရှင်သန်မယ်ဆိုရင်တော့ မလွယ်တာအမှန်။ သူ့ဟာသူ အိပ်ပုပ်ကြီးနေလို့ အပင်တွေ သေကုန်မှာဗျ။

မောင်ဖြူ June 27, 2008 at 1:17 PM  

မဇနိရေ
ဒီပို့စ်လေးက ကျွန်တော့်အဖေနဲ့အမေကိုသွားသတိရစေတယ်။ အဖေက အပင်စိုက်အရမ်းဝါသနာပါတယ်။ ကျွန်တော်ငယ်ငယ်က အဖေက သစ်ပင်တွေမြေသြဇာရအောင်ဆိုပြီး အမှိုက်တွေပုံထားပြီး၊ မြေဆွေးဖြစ်အောင်ထားတာကို အမေက ရှုပ်လို့ဆိုပြီးမီးရှို့ပစ်လို့၊ နှစ်ယောက်သားစကားများကြတာ ခုထိမှတ်မိသေးတယ်။ ဆရာဦးရွှေမောင်းက သစ်ပင်နဲ့ပတ်သက်တာလေး၊ စာကြည့်တိုက်ဘေးနားကလမ်းလေးမှာ ပြောပြတာလဲမှတ်မိသေးတယ်။ "တစ်ရက်ပျော်ချင်အရက်သောက်၊ တစ်လပျော်ချင်ခရီးထွက်၊ တစ်နှစ်ပျော်ချင် မိန်းမယူ၊ တစ်သက်လုံးပျော်ချင်ရင်တော့ သစ်ပင်စိုက်"တဲ့။

tmn June 27, 2008 at 1:26 PM  

မဇနိရဲ့ အဖေရဲ့ စိတ်ကူးကိုတော့ သဘောကျတယ်ဗျာ...မဇနိလဲ စာရေးတာ ကောင်းလာပီနော်...အားပေးနေတယ်...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP