ပန်းဝါဆို ပျိုတစ်ပွေ့

>> Thursday, June 26, 2008


ပန်းဝါဆို ပျိုတစ်ပွေ့
ဝါဆိုပန်းခူးချိန်ရောက်တိုင်း ကျွန်မသတိအရဆုံးမှာ ရွာက ချောင်းကလေးကို ဖြစ်သည်။ လှေလှော်တတ်ခြင်း၊ ရေကူးတတ်ခြင်း၊ ရေကျချိန်တွင် နှုံးမြေနုနုကြောင့် ကျွန်းမြေသည် သီးနှံအထွက်တိုးခြင်းတို့မှာ ရွာသားတို့အတွက် ချောင်းကလေးက ပေးသော ဆုလဒ်များဖြစ်သည်။မြစ်နှင့် နှစ်မိုင်ဝေးသော ကျွန်မတို့ရွာသို့ နှစ်စဉ် နယုန်လဆန်းပိုင်းတွင် ချောင်းကလေး ရောက်ရှိလာမြဲဖြစ်သည်။
နယုန်၊ ဝါဆို၊ ဝါခေါင် ၊တော်သလင်း သုံးလတာ လာရောက်အကျိုးပြုလေ့ရှိသော ချောင်းကလေးမှ ဖွေးဖွေးဖြူသော ရေအလျင်သည် လဝါဆိုတွင် ကျွန်းရွာလေးများကို ဝိုင်းရံလျက်ရှိနေပေမည်။



လှေကလေးနဲ့ ဝါဆိုပန်းခူးထွက်ကြပုံမှာ မဆန်းလှသော အလေ့ဖြစ်ပေမဲ့ ကျွန်မတို့ရွာ၏ ကြည်နူးစရာတောဓလေ့ ကိုတော့ ကျွန်မပြောပြချင်ပါသည်။
ပန်းခူးထွက်မည့် လှေကြီးများမှာ နှစ်စင်းဖြစ်သည်။ တစ်စင်းမှာ အပျိုကြီးလေးလေးဝင်းက ပဲ့ကိုင်ဖြစ်၍ ကျန်တစ်စင်းမှာ ပြိုင်ဘက်အပျိုကြီး လေးလေးကြည်က ပဲ့ကိုင်ဖြစ်၏။ ရုပ်ရှင်တွေထဲကလို လူပျိုတွေ ပဲ့မကိုင်ရပေ။
ဝါဆိုပန်းခူးလှေပေါ်တွင် အပျိုလေး၊ အပျိုလတ်၊ အပျိုကြီး (အလွန်စွံကြရာ နည်းနည်းသာပါသည်။) အရွယ်စုံပါသည်။ ရွာသူမိန်းကလေးများမှာ အပျိုဖြန်း အရွယ်ရောက်မှ ဝါဆိုပန်းခူးလိုက်ရသည်ဖြစ်ပြီး ထိုမိန်းကလေးမှာ ဓမ္မစင်္ကြာကို ဝါတွင်းတစ်လျှောက် ဌာန်ကရိုင်းကျကျ ရွတ်ဖတ်နိုင်ပြီဟုလည်း ယူဆနိုင်ပြီဖြစ်သည်။
ချောင်းရေရိုးမှာ ရွာ၏အရှေ့အနောက် သွယ်တန်းနေရာ လှေနှစ်စင်းမှာ ယခုနှစ် အရှေ့ပိုင်း ပတ်သည့်လှေက နောက်နှစ် အနောက်ပိုင်းကို ပတ်ရလေသည်။
နံနက်၁၀နာရီသည် ပန်ခူးစထွက်ချိန်ဖြစ်သည်။ ဝါဆိုမိုးအုံ့ပျပျ၊ တစ်ခါတစ်ရံ မိုးဖွားဖွားလေးအောက်တွင် ခမောက်မဆောင်းပဲ မာဖလာစလှလှလေးများကို ခေါင်းတွင်စီးထားသော မိန်းမပျိုလေးများကို တင်ဆောင်ထားသောလှေမှာ လှပသောဝါဆိုပွင့်လေးများ မခူးခင်ကပြည့်နှင့်နေသည်နှယ်။
လှေပေါ်တွင် လှေဝမ်းမှရေကို တစ်ယောက်တလဲပက်ရသည်။ ပန်းပင်ကြည့်သူက ကြည့် လှေလှော်သူကလှော် ပန်းချိုးသူကချိုး ကိုယ့်တာဝန်ကိုယ်ယူကြရသည်။ ဝါဆိုပန်းခူးရာတွင် လှသောပန်း၊ မွှေးသောပန်း ၊ကြာရှည်ခံသောပန်း စသည်ဖြင့် မျှတအောင် ခူးတတ်ရန်မှာလည်း အရေးကြီးသော အချက်ဖြစ်သည်။
ပုန်းညက်၊ သပြေ၊ ဧကရာဇ်၊ ခရေစသော ပန်းခက်များချိုးရာတွင် အပင်ပေါ်သို့ တက်ရသည်။ အပင်တက် မကျွမ်းကျင်ပဲတက်က ရေထဲသို့ ဂျွမ်းပစ်ကျတတ်သည်။တက်တတ်ပြီး ပြန်မဆင်းတတ်ပါကလည်း ပင်စည်ကိုဖက်၍ လျှောဆင်းရလေရာ ခြေသလုံးနှင့်လက်များ ပွန်းပဲ့ကုန်၏။ သို့သော် ကုသိုလ်အကျိုးကို ရှေးရှု့ကာ သူ့ထက်ငါသာ အပြိုင်တက်ကြ၏။
ချုံနှင်းဆီရုံများမှာ ဝိုင်းပတ်၍ခူးမှ ပန်းများများရလေ၏။ အဖြူရောင်၊ သုံးဘီးကားရောင်၊ အနီရင့်ရင့်စသည်ဖြင့် အရောင်အသွေးစုံ၏။ ဇီဇဝါ၊ ပုဏ္ဏရိတ် နှင့် ရွှေတဆုပ်ပန်းများမှာ တစ်ပင်ဆို ဆိုသလောက် တစ်ပွေ့တစ်ပိုက်ဆုပ်ဆုပ်ခဲခဲ ခူးယူနိုင်၏။ အမျိုးအမည်မသိသော်လည်း ဝါဆိုပန်းအဖြစ် ကုသိုလ်ယူချင်လွန်း၍ ပန်းခူးသူတို့အား ညိုမြလုပ်နေသော ပန်းပွင့်လေးများကိုလည်း ခူးခဲ့ကြ၏။
လှေသည်လည်း ကွေ့သည့်အခါ ကွေ့ရ၏။ မျှောသည့်အခါ မျှောရ၏။ ပြန်ခေါက်သည့်အခါ ခေါက်ရ၏။ မလှော်ပဲ သစ်ကိုင်းတွေဆွဲပြီး လျှိုတွေထဲဝင်ရသည်လည်းရှိ၏။
သပြေ၊ ဇီဇဝါ၊ ခေတ္တာ၊ ချုံနှင်းဆီ၊ ပုဏ္ဏရိတ် ၊ရွှေတဆုပ်၊ ပုန်းညက်၊ ဧကရာဇ်၊ ခရေ စသည်ဖြင့်ပန်းလှေကြီးဖြစ်အောင် စိတ်ရှည်လက်ရှည် ခူးကြလေသည်။ ထိုအချိန်တွင် ပန်းနှင့်ပန်းခူးသူများမှာမှာ တစ်သားတည်း။ ပန်းကလေးနုသလို ဖြူနုသော နှလုံးသားနှင့်။ ပန်းကလေးလှသလို ကြည်စင်သောမျက်နှာထက် အလှတွေယှက်ဖြာလျက်။ ပန်းကလေးမွှေးသလို စိတ်အတွေးကအစ ရနံ့တွေဖြာနေ၏။
မိကျောင်းပန်းဖွေးဖွေးများမှာ နေရာအနှံ့ ကိုင်းချင်းယှက်နေအောင် ပွင့်ကြသည်။ ကြာရှည်မခံသော်လည်း ဝါဆိုပန်းဘွဲ့ခံ မိကျောင်းပန်းသည် ဘုရားရင်ပြင်တော်တွင် အထင်ရှားဆုံး လှနေတတ်မြဲ ဖြစ်ရာ ပန်းတွေအစုံခူးပြီး နောက်ဆုံးတွင် မိကျောင်းပန်းကို မပါမဖြစ်ခူးရသည်။ ကြာပန်းများကိုတော့ လပြည့်နေ့ကတည်းက ကန်မှာ သွားခူးထားပြီးဖြစ်သည်။ ကြာပန်းခူးခြင်းကိုမူ ကာလသားများက တာဝန်ယူကြသည်။
နေ့ ၂နာရီခန့်တွင် ပန်းလှေကြီး ပြည့်လေ၏။ ငှက်ပျောလက်များခုတ်ခဲ့ပြီး ရေလယ်သို့ လှေကိုလှော်ခဲ့ကြသည်။ရေလယ်ရောက်မှ ပန်းများကိုဆေးကာ လှေဝမ်းထဲမှ ငှက်ပျောဖက်အခင်းများပေါ်သို့ ဖြန့်၍စီ၍ ပန်းပုံကြီးပုံသည်။ပန်းခိုင်တစ်ချို့ကို လှေမလှော်သူတွေ ပွေ့ရသည်။
လှေရွာဘက်ဆီပြန်ချိန်တွင် ကမ်းစပ်၌ မောင်းကြီးကို တဒူဒူထု၍ ရွာလူထုမှာကြိုနေကြပေပြီ။ ထိုအချိန်တွင် ရွာမှကာလသားများမှာ ဝါဆိုပန်းများကို ဘုရားစောင်တန်းထိပ်ထိ သယ်ရန်အတွက် ရှိုးစမိုးထုတ်၍ စောင့်နေကြပေပြီ။ ကိုလူပျိုတို့သည် ကမ်းစပ်ဆီမှနေ၍ ပန်းလှေကိုရော လှေပေါ်မှ မိန်းကလေးများကိုရော ခြုံငုံ၍ ကသိုဏ်းရှု့လျက်ရှိကြ၏။ တစ်နှစ်က တက္ကသိုလ်ကျောင်းသား ကိုကိုမျိုးသည် ပဲအပြည့်နှင့် သူ့ရီးစား မမနုယဉ်ပါသောလှေကို စတိုင်နှင့်ငမ်းနေစဉ် ရွာဆော်ကိုဖိုးဆိုးထုလိုက်သော မောင်းလက်ခတ်မှာ ကျွတ်ထွက်သွားကာ ကိုကိုမျိုးကိုမှန်ပြီး နဖူးဟက်တက်ကွဲသွားရာ ရီကြရသည်မှာလည်း မမေ့နိုင်စရာဖြစ်၏။
လှေကမ်းဆိုက်သည်နှင့် မိန်းမပျိုများသည် ညနေပြန်ဆုံမည့်အချိန်ကို သတ်မှတ်ပြီး၊ ရေမိုးချိုးအလှပြင်ရန် ကိုယ်စီအိမ်ပြန်ကြလေ၏။ မပြန်မီ လူပျိုရှိသူက ကိုယ့်လူပျိုကိုယ် မျက်စောင်းထိုးပစ်ခဲ့ကြသေးသည်။ ဒါကလည်း အမြင်ကတ်၍ မဟုတ်။ ချစ်ခြင်းသင်္ကေတပင်။
ရွာသူရွာသားများမှာ ပန်းတွေအစုံပုံ၍ တင်ထားသောလှေကြီးကို (တစ်နှစ်စာစွဲမြဲမှတ်မိအောင် ) ပီတိအပြည့်မျက်နှာများနှင့် ကြည့်ရှု့ကြလေ၏။ ပြီးလျင် ရွာမှကာလသားများမှာ ဘုရားကြီး စောင်းတန်းထိပ်တွင်ရှိ ပန်းစင်ပေါ်သို့ ပန်းများကိုသယ်ခြင်း၊ မိန်းကလေးများတစ်ပွေ့စာ ပန်းစည်းစည်းခြင်းတို့ကို လုပ်ကိုင်ကြတော့သည်။
ပြီးလျင် ဘုန်းကြီးကျောင်းမှ ဝါဆိုပန်းအိုးကြီးကို နေရာချခြင်း၊ ကောဇောများခင်းခြင်း၊ ဝါဆိုပန်းကပ်ချိန်တွင် အဆင်သင့်ဖြစ်စေရန် ဝါဆိုဖယောင်းတိုင်များ နေရာချခြင်းတို့ကို လျင်မြန်စွာလုပ်ကြလေ၏။
လျင်စွာလုပ်ရခြင်းမှာ အကြောင်းရှိသည်။(နတ်ပြည်သို့ လျင်စွာရောက်လို၍ကား မဟုတ်။)
ညနေချမ်း ဝါဆိုပန်းတစ်ပွေ့စီနှင့် ချစ်စဖွယ်မိန်းမပျိုတို့ ဘုရားဆီသွားရာ ဘုရားစောင်းတန်းတစ်လျှောက်တွင် ငေးမောကြည်ရှု့ အငမ်းထူရဦးမည်မို့ပင်။

11 comments:

မဇနိ June 26, 2008 at 11:48 AM  

ကျွန်မတို့ဆီမှာတော့ အဲဒီဓလေ့မရှိဘူး အမရေ။ ၀ါဆိုလရောက်ရင် ပန်းဈေးတွေ ခေါင်ခိုက်တာပဲသိတယ်။ လပြည့်နေ့မတိုင်ခင် နှင်းပန်း၊ သစ္စာပန်း၊ သပြေပန်းတွေဝယ်ပြီး ရေစိမ်ထားရတယ်။ အဲလိုဝယ်မထားရင် လပြည့်နေ့ သူများပန်းကပ်သွားရင် ကိုယ့်မှာ မရှိတော့ဘူးဖြစ်မှာစိုးလို့၊ လပြည့်နေ့ဆိုရင် ပန်းက တမြို့လုံး ၀ယ်မရဘူး။ မျက်စောင်းထိုးစရာမရှိတဲ့သူဆို ပျင်းစရာကြီးနေမယ်နော်။ အမရော ဘယ်နှစ်ချက်မျက်စောင်းပစ်ခဲ့လဲ။

Republic June 26, 2008 at 5:13 PM  

မမေအောင် ပိုစ့်တွေ သတိထားဖတ်ပါတယ် ၊၊အဲလိုပြည့်ပြည့်စုံစုံ ပြောပြရေးရတာ တော်တော်မလွယ်ပါဘူး (ကျွန်တော့်အတွက်နော်) ၊၊
ဖတ်ရတာလည်းကောင်းတယ်..
မမေအောင် က ပို့စ်ထဲမှာသူငယ်ချင်းတွေများကြီး..
သိတယ်နော်......:P

May Moe June 26, 2008 at 6:23 PM  

အမရေ ဒီလိုပွဲမျိုး တခါမှ မကြုံ ဖူး ဘူး ။ ခုလို ပြည့်ပြည့်စုံစုံ ဖတ်ခွင့်ရတာ ကျေးဇူးပါ :D

ညီမ June 26, 2008 at 6:56 PM  

မမေအောင်ရဲ့ဒီပို့စ်လေးကိုဖတ်ရတာ ကြည်နူးစရာကောင်းတယ်တော့ :)

ဖိုးသောကြာ June 26, 2008 at 8:05 PM  

ကျွန်တော်တို့ အနီးနားမှာလည်း ၀ါဆို၊ ၀ါခေါင်မြစ်ရေ ၀င်တတ်လို့ ချေတန်ရှည်အိမ်တွေနဲ့ နေကြရတဲ့ရွာတွေ အများကြီးပဲဗျာ့။ အခု မမေအောင်ပြောတဲ့ ဓလေ့တော့ သတိတောင်မထားမိဘူး။ဝါဆိုပန်းဆိုပြီး ဘုရားသွားလှူကြတာတော့ တွေ့ဖူးတယ်။

ရေကြီးရင်ကျွန်တော်တို့က အဲဒီရွာတွေသွားပြီး သူငယ်ချင်းအိမ်တွေက လှေတွေငှားစီးတယ်။ အဲလိုနဲ့ပဲ ကသိုင်းရှုနိုင်သမျှရှုရတယ်။ အခုမမေအောင် ပြောသလိုတော့ ရှုဖူးဘူး။ ကျွန်တော်တို့လို ကုန်းဘက်ကျတဲ့ ရွာသားတွေ မြစ်ရေချိုးရင် အသားမဲတယ်တဲ့။ ဒါပေမဲ့ ရေ၀င်ရွာတွေက မိန်းကလေးတွေက ဗျာ၊ တော်တော်များများကိုပဲ အသားကလည်းဖြူ ရုပ်ကလည်း အရမ်းလှ ပြောရင်းတောင် သတိရလာပေါ့။ မမေအောင်ပြောသလိုပဲ စွံလည်း အရမ်းစွံကြတယ်။ သူတို့ရွာတွေက အပျိုကြီးလူပျိုကြီး သိပ်မထွန်းကားဘူး။ :P

ဒီကွန်ထရီဗျူတာကတော့ ရေးလိုက်ရင် အကြောင်းအရာ၊ အရေးအသားရော ပြောစရာမရှိ။

ဇနိ June 26, 2008 at 8:12 PM  

ကျနော်က ကျွန်းထဲမှာ ကြီးခဲ့ပေမယ့် အဲဒီဓလေ့ကို သိဘူးဗျ..
အမကတော့ အရေးအသားကတော့ ဂွတ်ရှယ်ပဲ၊ ပြီး ဗဟုသုတတွေကပါသေး...

ကျေးဇူးတင်ပါတယ်ဗျာ

sonata-cantata June 27, 2008 at 6:10 AM  

ပန်းဝါဆိုတွေ... ပျိုတုန်းက တစ်ခါမှ မပွေ့ခဲ့ရဖူးဘူး။
ခေတ္တာ၊ ချုံနှင်းဆီ၊ ပုဏ္ဏရိတ် ၊ရွှေတဆုပ်၊ ပုန်းညက်၊ ဧကရာဇ် ဆိုတာတွေ ဘယ်လို အဆင်ရှိကြလေတယ် မသိ။ မွှေးရနံတွေကတော့ ရင်ထဲထိ... သင်းပျံပါ၏။

tmn June 27, 2008 at 1:12 PM  

ဖတ်လို့ကောင်းတယ်ဗျို့... ပန်းမျိုးကလဲ အစုံပါပဲဗျာ... ဗဟုသူတလဲရပဗျာ...

မေအောင် June 27, 2008 at 1:26 PM  

မဇနိကသစ္စာပန်းတွေပွေ့ပြီးသီဟိုရှင်အသွား ဒန်.....။
( ပို့စ်ထဲမှာသူငယ်ချင်းတွေများကြီး..
သိတယ်နော်.)....ဘာပါလိမ့်?သြော် အင်းအင်း။
မေမိုးရေ တစ်ဝါဆိုလောက်အလည်လာခဲ့နော။
ညီမက မျက်စောင်းထိုးရမဲ့သူခေါ်ပြီးလာခဲ့မယ်..တဲ့။
ဖိုးသောက် ကသိုဏ်းရှု့တဲ့ပို့စ်ရေးပြ။
(!!!မယ်ကြာနာရင်းအုပ်ခံရအောင်...)။
ကိုဇနိကမှအရေးအသားရော အတွေးအခေါ်ပါ
ဂွတ်အင်ဖန်နတီရှယ်။
ချစ်စရာမသီတာရေ....တွေ့ရတာဝမ်းသာလိုက်တာ
ဘာပြောရမှန်းတောင်မသိတော့ဘူး။ပို့စ်တွေတင်ဦးနော်။
ဝါး....ကိုလုံးတစ်ရေးနိုးလာပြီပေါ့။
စစ်ကိုင်းသူတစ်ယောက်ရောဘာလုပ်နေပါလိမ့်။

မင်းကျန်စစ်။ June 28, 2008 at 12:51 AM  

တကယ့်ရွာဓလေ့လေးကို စိတ်ဝင်တစားဖတ်ပြီး မြင်ယောင်ကြည့်မိသွားတယ်ဗျာ။
တခါမှ ဝါဆိုပန်းခူးထွက်တဲ့ အတွေ့အကြုံမရှိဖူးဘူး။
ခုတော့ ကိုလူပျိုနေရာကနေ ခံစားပြီး ဖတ်သွားတယ်ဗျး)
နဖူးတော့ မနည်းစမ်းထားရတယ် ကိုကိုမျိုးလို ဖြစ်မှာစိုးလို့။
လူပျိုဘဝ အရွယ်ကောင်းတုန်းလေး မြန်မာပြည်မှာ မရှိနေရတာ နာတယ်ဗျာ :P

တားမြစ် ထားသော... June 29, 2008 at 1:30 PM  

ဟုတ်ကဲ့။ မမေအောင်စာရေးကောင်းပါတယ်။ အရင်ကတည်းက သတိထားမိတယ်။ ကွန်မန့်ရေးပျင်းတာနဲ့ မရေးဖြစ်ဖူး။ ခုတော့ မရေးမဖြစ် ဝင်ရေးနေပါတယ်။ သိတယ်ဟုတ် ဇနိတစ်စုံက ကံစမ်းမဲပေးမတဲ့။ ဘယ်မှာမှမစွံ၊ ဒီမှာစွံမလားလို့ ...
(နောက်တာ။ ဖတ်လို့ကောင်းတယ်။ အဲလိုမျိုးရေးတတ်ချင်တယ်။)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP