တို့ဖြင့် ဘာမှတောင် မဘာရသေးဘူး…

>> Monday, June 9, 2008


တို့ဖြင့် ဘာမှတောင် မဘာရသေးဘူး…

ကျနော် ၅ တန်း၊ ၆ တန်းလောက်ကပေါ့… ကိုယ့်ထက်အတန်းကြီးတဲ့သူဆို ၁ တန်းလောက်ကြီးရင်ကို အသက်အတော်ကြီးတဲ့သူလို့ထင်တာပါ။ အဲဒီတုန်းက ၈-တန်းကျောင်းသားက မိန်းမခိုးပြေးတယ်လို့လည်း ကြားဖူးပါတယ်။ ပြီး ၈-တန်းကျောင်းသူတွေ ယောက်ျားနောက်လိုက်ပြေးတယ်လို့လည်း ကြားဖူးပါတယ်။ အော် ၈-တန်းကျောင်းသားဆိုတာ အတော်ကြီးနေပါပြီပဲလို့ တွေးမိပါတယ်။ ဒီလိုနဲ့ ကျနော် ၈-တန်းရောက်လာတော့ သူများတွေ မိန်းမခိုးသလို ခိုးချင်စိတ်လည်းမပေါ်သလို ခိုးရမယ့် အရွယ်လို့လည်း မတွေးမိပါဘူး။ ၈-တန်းအရွယ်ဟာ ကျနော့်အတွက် ကြီးလှတဲ့အရွယ်လို့ မခံစားမိပါဘူး။ စာကြိုးစားရမယ့်အရွယ်ပဲရှိသေးတယ် အိမ်ထောင်ပြုဖို့ အချိန်မကျသေးဘူးပေါ့။


အဲဒီ ၈-တန်းအချိန်လောက်မှာ ၁၀ တန်း ကျောင်းသားတွေက မိန်းမခိုးတာတွေ၊ ကျောင်းသူတွေက ခိုးရာလိုက်တာတွေ ကြားရပြန်ရော။ အော် ၁၀ တန်းလောက်ဆိုရင်တော့ အသက်က အတော်ကြီးပြီကိုးလို့ တွေးမိတာပါပဲ။ ကိုယ်တိုင် ဆယ်တန်းရောက်တော့လည်း မိန်းမယူရမယ့် အရွယ်လို့ မတွေးမိခဲ့ပြန်ပါဘူး။ ဒီလိုအချိန်မှာ ကျနော်မြင်မိကြားမိတာက တက္ကသိုလ် ပထမနှစ်တွေ၊ ဒုတိယနှစ်တွေအရွယ်ဆိုရင်တော့ အိမ်ထောင်ပြုကြတယ်ဆိုပေမယ့် တက္ကသိုလ်က ဘွဲ့ရသည်အထိလည်း ကျနော် အိမ်ထောင်ပြုဖို့ မစဉ်းစားမိပါဘူး။ ဒီလိုပဲ ကျောင်းတက်ရတာ သဘောကျလို့ မာစတာတန်းဆက်တက်၊ မာစတာပြီးတော့လည်း ကျောင်းတက်ရင်း လုပ်နေတဲ့အလုပ်ကထွက်မရသေးအတူတူတော့ အလုပ်မှာဖြင့် သူများနောက် မရောက်ရအောင် နောက်ဘွဲ့ထပ်ယူမှပဲဆိုပြီး ကျောင်းဆက်တက်ပြန်ပါတယ်။ ဒီလိုနဲ့ ကျနော့်အတွက် အိမ်ထောင်ပြုဖို့အချိန်က အခုထိမရောက်သေးပါဘူး။ မိမိကိုယ်ကိုလည်း အသက်အရွယ်အတော်ရလာပေမယ့် ငယ်တုန်းရွယ်တုန်းလို့ပဲ ထင်တာပါ။

အလားတူပါပဲ ငယ်ငယ်တုန်းက ဘောလုံးပွဲတွေကြည့်တော့ အောင်မြင်တဲ့ဘောလုံးသမားတွေကို အသက်အရွယ် အတော်ကြီးတဲ့ သူတွေပဲလို့တွေးထင်ထားတာပါ။ ကျနော်လည်း တဖြည်းဖြည်းအသက်ကြီးလာတော့ ဟေး ငါနဲ့ ရွယ်တူတွေ ကမ္ဘာကျော်နေတာပါ့လားဆိုပြီး တွေ့လာရပြန်ပါတယ်။ အခုဆိုရင်တော့ ကျနော့်ထက်ငယ်တဲ့သူတွေက ကမ္ဘာကျော်နေကြပါပြီ။ ကျနော့်အခုအသက်ကို နောက် ၂ နှစ် ၃ နှစ် ပေါင်းလိုက်ရင် ကမ္ဘာ့ဘောလုံးလောကမှာ နာမည်ကြီးတွေ နာမည်ကျပြီး ချွတ်တိချွတ်ခြောက် အသင်းတွေကို ပြောင်းပြီး ဘောလုံးကန်ကျတဲ့အရွယ်ပါ။ ကျနော်ကတော့ ဘောလုံးစကားနဲ့ပြောရရင် မကန်ရသေးဘဲနဲ့ ခြေကအတော်ကျနေပါပြီ။

ကျနော့် ယောက်ျားလေးသူငယ်ချင်း တစ်ချို့လည်း အခုထိ အချိန်တွေမကျသေးပါဘူး။ တချို့တွေကတော့ ဇွတ်ရော အတင်းရော အချိန်တွေကျပြီး အိမ်ထောင်တွေပြုကုန်ပါပြီ။ အပျိုကြီးဖြစ်နေတဲ့ သူငယ်ချင်းမတစ်ချို့လည်း ကျောင်းတွေကို ရေကုန်ရေခမ်းတက်၊ အချိန်ကျသင့်ပြီလို့ သတိထားမိလိုက်တဲ့အချိန်မှာ ဘေးမှာ အဆင်သင့်လက်တွဲဖက်မရှိသေးတာ သတိရကြပါတယ်။ အိမ်ထောင်ဖက်ဆိုတာက ဈေးသွား၊ ခေါင်းခေါက်ပြီး လွယ်လွယ်ဝယ်လို့ကလည်း မရ၊ ဒီအချိန်ကျမှ ဘာလုပ်ရမှန်းက မသိ။ မထူးပါဘူး အပျိုကြီးလုပ်ပစ်မယ်လို့ကလည်း ရက်ရက်စက်စက် မတွေးဝံ့ပါဘူး။ အခွင့်အလမ်းလေးက နည်းနည်းပါးပါး ရချင်ရလာဦးမှာလေ။ လောကကြီး ဖြစ်ချင်ရာ ဖြစ်တာ။ ဘယ်သူပြောနိုင်တာမှတ်လို့နော ဆိုပြီး အားတွေပြန်တင်းတဲ့သူတွေလည်း တင်းလို့နေကြမှာပေါ့။

ငယ်ငယ်တုန်းက ကြားဖူးတာလေးတစ်ခုကို သွားသတိရမိပါတယ်။ အသက် ၄၀ လောက်ရှိတဲ့ အပျိုကြီးတစ်ယောက်က အိမ်အလုပ်တွေကို ဦးစီးပြီးလုပ်ကိုင်နေရတာနဲ့ အိမ်ထောင်ပြုဖို့လည်း စဉ်းစားမိပုံမပေါ်ပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ၁၀-တန်းတောင် မအောင်သေးတဲ့ သူ့တူလေးက မိန်းမခိုးပြေးတော့ သူကပြောသတဲ့။ အောင်မလေးနော် အခုခေတ်ကလေးတွေများ အတော်ဆိုးနေပါလား။ တို့တော့ အခုထိတောင် ဘာမှ မဘာရသေးဘူး တဲ့။

မွေးနေ့မှာ ဖယောင်းတိုင် အကြီးကြီး သုံးတိုင်လောက်ထွန်းရတော့မယ့် အခုအရွယ်အထိ ဘာမှ မဘာရသေးတဲ့ သူငယ်ချင်းအပေါင်းအသင်းရောင်းရင်းမိတ်ဆွေများ(အမျိုးသားများရော၊ အမျိုးသမီးများပါ) ဖယောင်းတိုင် သုံးတိုင်ဆိုတာ ဘ၀အတွက် ဆုံးဖြတ်ချက်တစ်ခုခုချရတော့မယ့် ခရစ်တီကယ်ပွိုင့်ကို ရောက်နေပြီးနော်လို့ သတိပေးတာဖြစ်ကြောင်း အသိပေးလိုက်ပါတယ်ဗျာ။

8 comments:

Anonymous June 9, 2008 at 8:24 AM  

ကိုဇနိရေ
သတိပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့လဲ ဖယောင်းတိုင်က သုံးတိုင်မကလို့ ပိုထွန်းရမဲ့အရွယ်ရောက်လဲ ဒီအတိုင်းပဲ ဖြစ်မှာပါပဲ။ ပြောထားသလိုပဲ ဇနိမောင်နှံရဲ့ ကလေးတွေပဲ ဝိုင်းထိမ်းပေးပါတော့မယ်။

Anonymous June 9, 2008 at 8:52 AM  

ဟဟ
ကိုဇနိဗျာ၊ လုပ်ချလိုက်ပြန်ပြီ။
ကျွန်တော်တို့တွေလဲ ကြိုးစားနေပါတယ်ဗျ။
ကြိုးစားသလိုဖြစ်မလာတာတွေကတော့
ကိုလူအေးပြောသလို
ကြွေကာဝဲတတ်တဲ့ အနိစံ္စတွေကိုလက်ခံ
လောကဓံလို့လည်း ဖြေပါတယ်
ကံဇာတ်ဆရာကိုလည်း ကျေပါတယ်……။
အဲလိုပြောရမလိုပဲ။
ဘာပဲဖြစ်ဖြစ်ဗျာ၊ ဖယောင်းတိုင်တွေများလာရင်တော့မကောင်းဘူး၊ ဈေးတက်ကုန်ပြီ။

တားမြစ် ထားသော... June 9, 2008 at 9:43 AM  

အသိပေးတယ်ဆိုလို့ အသိယူသွားတယ်ဗျာ။ အသက်ကြီးတော့ ဘာဖြစ်လဲ၊ အေးဆေးပေါ့ဗျာ။ တွေးနေရင် ပူနေရအုံးမယ်။ သားတို့ကတော့ တွေးဘူး။ မေ့ထားတယ်။ :P

Anonymous June 9, 2008 at 10:02 AM  

ကိုဇနိ ပြောချင်လည်း တည့်တိုးသာ ပြောပါဗျာ။ ဟိုလူ့လိုလို ဒီလူ့လိုလိုဖြစ်ကုန်ပမယ်။ တချို့ကလည်း တွေးနေလောက်ပြီ။ ငါ့တော့ အဲဒီထဲ မပါတန်ကောင်းပါဘူးဆိုပြီး။ တချို့တော့လည်း အယ်ငါတာ့ ဒီကိုဇနိပြောတဲ့ထဲပါနေပြီ။ ဘယ်လိုလုပ်ပါ့ဆိုပြီး နည်းလမ်းတွေစဉ်းစားနေရော့မယ်။ တချို့တော့လည်း ဆိုင်ရာဆိုင်ရာတွေဆီ အပူများကပ်နေမလား အောက်မေ့မိတယ်။ မနေ့က အွန်လိုင်းမှာ ဖယောင်းတိုင် အကြီး ၃ တိုင်ထွန်းရတော့မယ့် သူငယ်ချင်းလူပျိုကြီးနဲ့ စကားပြောဖြစ်တယ်။ မတွေ့တာကြာလှပြီဖြစ်တဲ့ သူငယ်ချင်းကြီးက ကိုယ့်လာ အပူကပ်နေလို့ ခေါင်းအတ်ာစားသွားတယ်။ အပူကပ်ပုံလေးကလည်း “ငါ့ကိုတစ်ယောက်လောက် ရှာပေးအုံး၊ အားကိုးပါတယ်“ တဲ့လေ။ နောက်ပြီး “ငယ်ချင်ငယ်ပါစေ၊ ချောရင် ပြီးရော။“
“ဖြူချင်ဖြူပါစေ၊ မမဲရင် ပြီးရော။“တဲ့နော်။ ကဲတခါထဲ ကြော်ငြာသဘောလည်း ဖြစ်အောင် ဒီအချက်တွေများစိတ်ဝင်စားရင် ကောင်မလေးတွေ မဇနိကို ဆက်သွယ်ပါအုံး။ ဟိ ဟိ။ ၁၀ ရက်နေ့ မင်္ဂလာဆောင်တော့မည့် သူငယ်ချင်းကို အားကျပြီး ကိုဇနိလည်း ရေးမိရေးရာ ကောက်ရေးပုံရပါတယ်။ အားမငယ်ပါနဲ့ကိုဇနိရယ် ကိုမောင်ဖြူတို့ ကိုလူအေးတို့တွေ အဖော်ရှိပါသေးတယ်။ ကိုမောင်ဖြူကတော့ ဈေးကွက်သမားဆိုတော့ ဖယောင်းတိုင်ဈေးကြီးရင် နိုင်နိုင်နင်းနင်း တစ်ယောက်စာပဲ ထွန်းရမလား၊ အိုကွာ ဈေးကြီးရင် ကြီးပါစေ ပိုက်ဆံပဲရှာရတာပဲဆိုပြီး မိသားစုစာထွန်းရမလား အတွေးတွေ ယောက်ယက်ခတ်သွားတယ်ထင်တယ်နော်။ ကိုမောင်လုံးကတော့ ခပ်မိန့်မိန့်များ ပြုံးနေမလား။ သူများကိုပြောနေတယ် မဇနိလည်း “ကျွန်မ အဓိက“ ဖြစ်နေပြီ။ ဖယောင်းတိုင်ကြီး ၃ တိုင် မတိုင်ခင်တော့ ကြိုးစားကြည့်အုံးမှပါ။ ကို VBT ကလည်း မစွံတာကို မေ့ထားတယ်ဆိုပြီး အရှက်ပြေကြောက်ကန်ကန်မနေပါနဲ့။ ဒီချိန်က မူနေရမည့်အချိန် ဟုတ်တော့ဘူးနော်။

ဖိုးသောကြာ June 9, 2008 at 10:58 AM  

ကိုဇနိနဲ့ မဇနိတို့ကတော့ ပြောအားရှိတိုင်း ပြောကုန်ပြီ။ အပျိုကြီးလူပျိုကြီးတွေလည်း အလိုလိုမှ မလုံမလဲတွေ ပွင့်ထွက်ကုန်ပြီ။

ကျွန်တော်လည်း ကိုဇနိလိုပဲဗျာ့။ ကိုယ့်ကိုယ်ကို ကြီးမှန်းကိုးမသိဘူး။ တစ်ချို့က အောက်ငုံကြည့်ရတယ်တဲ့။ ကျွန်တော်ကတော့ ခုခေတ် နာမည်ရနေတဲ့ မင်းသမီးမင်းသားတွေ အဆိုတော်တွေ အားကစားသမားတွေ အားလုံးကိုယ့်ထက်ကြီးတယ်လို့ပဲထင်တာ။ ကိုယ့်ကိုယ်ကိုကတော့ ကလေးလို့ပဲထင်နေတုန်း။ သေခြာစဉ်းစားမှ သူတို့ကငယ်တယ် ကိုယ်က ကြီးတယ်ဆိုတာပေါ်တယ်။ သူတို့ကို အကြီးလို့ သဘောထားလိုက်တော့ ငုံကြည့်စရာ အောက်လည်း မရှိတော့ဘူး။ တော်တော် ကောင်းတယ်ဗျာ့နော်။

Anonymous June 9, 2008 at 1:40 PM  

ကိုဇနိပြောသလိုပဲ
ရက်ရက်စက်စက် မတွေးဝံ့ပါဘူး။
ဘယ်သူပြောနိုင်တာမှတ်လို့နော။
သတိပေးတာကျေးဇူးတင်ပါတယ်
ဒါပေမဲ့လိုရမယ်ရစစ်ကိုင်းသူဆီမှာ
လက်ထောက်ရာထူးအတွက်
လျှောက်လွှာတင်ဖို့အရင်လုပ်လိုက်ဦးမယ်။

Anonymous June 9, 2008 at 2:10 PM  

ကိုဇနိရေ...သူငယ်ချင်းတယောက်ကပြောဖူးတယ်..
''ဒို့တွေဒီအရွယ်ရောက်နေပြီဘာမှလည်းမဘာရသေးဘူးနော်''တဲ့...အဲဒါနဲ့တခြားတယောက်က'' အေးဟ..သူ့အချိန်နဲ့သူ ဘာသင့်တာဘာမှလူ့တာဝန်ကျေပွန်ရာရောက်မယ်ဟ'' အဲဒါနဲ့ညီမလည်း..''ဟုတ်တယ်ဟ၊ငါတို့လူသားတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ရမယ်ဟ''လို့သံဓိဌာန်အပီအပြင်ချခဲ့ဖူးတာပဲဗျာ....

Anonymous June 11, 2008 at 7:33 PM  

ကိုဇနိကတော့ ပြောအားရှိတာပေါ့နော့ မဇနိရေ...
ဒါပေသိ...ပြောအားမရှိသေးတဲ့သူတွေအတွက်...
"ဆွမ်းခံချိန် မတူပေမဲ့ ဆွမ်းစားချိန်နေတာ့ တူမှာပါလို့နော့" :)

(~_~)
TZL

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP