နာမည်ပေး၊ ကင်ပွန်းတပ်

>> Friday, June 20, 2008

ကိုဇနိပို့စ်လေးဖတ်ရင်းနဲ့ ကျွန်တော်ဆက်ပြီး ကင်ပွန်းတပ်လိုက်ပါတယ်။

လူ့ဘဝ၏အစမှာ မွေးဖွားခြင်းဟုဆိုလျင် ထိုအစနှင့်ဆက်စပ်နေသော နောက်ဆက်တွဲမှာ မွေးလာသည့်ကလေးကို နာမည်ပေး ကင်ပွန်းတပ်ဖို့ပင်။ သာမန်အားဖြင့် ကလေးငယ်တစ်ယောက်ကို အမည်နာမတစ်ခုပေးလိုက်လျင်၊ ထိုအမည်မှာ ကလေးအဖို့ တစ်သက်လုံးပါသွားပေတော့မည်။ တချို့ကတော့ အခြေအနေအကြောင်းကြောင်းကြောင့် ကြီးလာမှနာမည်ပြောင်းကြသည်။ ငယ်ငယ်က ဘုန်းကြီးက ဗေဒင်ကိန်းခန်းအရ ”မတုတ်“ လို့ပေးထားခဲ့ပေမယ့် အရွယ်ရောက်တော့ ကိုယ့်အတွေးနှင့်ကိုယ် နာမည်လှလှလေးရွေးကာ ”စန္ဒီတုတ်တုတ်” တို့ ”ဟန်နီတုတ်တုတ်” တို့ ဖြစ်ကုန်ကြသည်။ ထားတော့၊ ထိုထိုသောလူများမှာ အရေအတွက်အားဖြင့် အလွန်အင်မတန်နည်းပါသည်။ တချို့မှာလည်း မိဘကနာမည်ကောင်းကောင်းပေးထားပါလျက် အရပ်ထဲက ချစ်စနိုးဖြင့်ခေါ်သော နာမည်မျိုးက ပိုတွင်သွားတတ်သည်။ ”ကျွန်တော့်ကျောင်းနာမည်ကတော့ ပိုင်ဇေရဲထွန်းပါ၊ အရပ်ထဲမှာတော့ ငထွားလို့ခေါ်ကြပါတယ်” ဆိုလျင်လည်း သိပ်မဟုတ်သေး။


နာမည်ပေး၊ ကင်ပွန်းတပ်ရာတွင် အစွဲလေးတွေကလဲရှိတတ်သေးသည်။ ဘာစွဲ၊ညာစွဲစသည်ဖြင့် လူ့သဘာဝ မြင်မြင်ကရာစွဲတတ်ကြသည်။ အရပ်ဒေသကို အစွဲပြုခေါ်ဝေါ်သော အမည်နာမများလဲရှိသေးသည်။ အဖေက တံတားဦးမှာ လေယာဉ်ကွင်းပရော့ဂျက်နဲ့ ရောက်နေတုန်း သမီလေးမွေးတော့ ဒေသစွဲလေးနဲ့ နာမည်လေးပေးလိုက်တယ်၊ ”ကွမ်းနုဝါ”တဲ့။ မကွေးကိုပြောင်းရတော့ သားလေးထပ်မွေးတယ်၊ ”ဖန်ခါးမောင်”တဲ့။ ဂွမြို့တို့၊ ပေါင်မြို့တို့လိုမြို့တွေကို အဖေတာဝန်မကျလို့သာ၊ သူ့သားသမီးတွေသက်သာသွားသည်။ မဟုတ်လို့ကတော့ ”ဂွတို”တို့၊ ”ပေါင်ချိန်”တို့လိုနာမည်တွေ ပေါ်လာနိုင်သေးသည်။

အချို့အချို့သောအမေများကတော့ ရုပ်ရှင်အလွန်ကြိုက်သဖြင့် ကိုယ့်သားသမီးကို မင်းသား၊ မင်းသမီးနာမည်လေးတွေ ပေးကြသည်။ ”ရန်အောင်”ဟုပဲ ဆိုကြပါစို့။ ခွေးချစ်တတ်သူကလဲ သူ့ခွေးကို ချစ်စနိုးဖြင့် ”ရန်အောင်”ဟုခေါ်သည်။ ”ရန်အောင်ရေ” ဟုခေါ်လျင် ကလေးကလဲ ”ခင်ဗျာ”၊ ခွေးကလဲ ”ဝုတ်ဝုတ်”နှင့် ကလေးနှင့်ခွေးကြား ဇာတ်ရှုပ်ကုန်ကြတော့သည်။ ကိုယ်မပိုင်သည့် အမည်နာမဇာတ်ရှုပ်ကြီးပင်မဟုတ်တုံလော။ တချို့မိဘများကတော့ သားသမီးနာမည်များနောက်တွင် မိမိနာမည်ပါမှကြိုက်သည်။ ကိုဇနိပြောသလိုပင် အဖေနာမည် ”ဦးတောက်ကျော်”၊ အမေနာမည် ”ဒေါ်စိမ်းမြ”၊ သမီးနာမည်ကြတော့ ”စိမ်းမြမြတောက်တောက်ကျော်”၊ ဘယ်လောက်များလှလိုက်သည့်နာမည်နည်း။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကျွန်တော်တို့နှင့်အတူ ဒွန်တွဲကပ်ပါလျက်၊ သေလျင်တောင် အခေါင်းမှာရေးပေးရသည်မှာ အမည်နာမများပင်ဖြစ်သည်။

စာရေးဆရာ၊ အဆိုတော်၊ သရုပ်ဆောင်စသည့် အနုပညာရှင်များကတော့ ဒုတိယနာမည်ဟုခေါ်ဆိုနိုင်သော ကလောင်နာမည်လေးတွေပေးကြသည်။ လှမှလှ၊ ရွမှရွ။ တချို့ကလည်း ဗေဒင်ဆရာပေါင်းများစွာ၏အကူအညီဖြင့်၊ ခဏတွင်း အောင်မြင်နိုင်သည့် ကလောင်မျိုးကိုရှာကြသည်။ နာမည်ပေးအထူးဟောသည့်ဗေဒင်ဆရာကြီးများပင်ရှိသည်ဟုကြားဖူးပါသည်။ ဥာဏ်ပူဇော်ခမှာတော့ နည်းသည်၊များသည်မရှိ။ တောင်းသလောက်ပေးရသည်။ (စေတနာရှိသလောက် ကန်တော့ခိုင်းချင်းမဟုတ်ပါ) ဘာပွတ်ညာပွတ်နဲ့ပေးထားတာဆိုတာတွေကရှိသေးသည်။ ဗူးညွန့်၊ ဖရုံညွန့်စသည်ဖြင့် အညွန့်ပေါင်းများစွာဖြင့် မှည့်ခေါ်ကြသည်ကတစ်ဖုံ၊ မခက်တုံလော။ တချို့က နာမည်လှသလို အနုပညာဘဝလှသည်။ တချို့ကြလဲ နာမည်ပေး၊ ကင်ပွန်းတပ်သည့်ဆရာသာပြောင်းသွားသည်၊ ကိုယ်ရုပ်ရှင်မင်းသား (သို့) မင်းသမီးပါဆိုတာကို ကိုယ့်အရပ်ထဲကတောင် စုံအောင်မသိလှ။ ဒါမျိုးတွေလဲကြုံကြိုက်တတ်သည်။

ဟော ဒီခေတ်ကြီးထဲရောက်ပြန်တော့ online nick လေးတွေက ခေတ်စားလာခဲ့ကြပြန်ပြီ။ online မှာလဲ အပျင်းပြေစကားလေးကပြောချင်၊ နာမည်အရင်းကြီးနဲ့ပြောလို့ကလဲမဖြစ်။ အဲဒီတော့ nick name လေးတွေသုံးကြပြီပေါ့။ လူ့သဘာဝ အလှကြိုက်သည်မှာ nick name တောင်ချမ်းသာမပေး၊ လှလှလေးမှ သုံးချင်ကြသည်။ online မှာဆိုတော့ ရွာဦးကျောင်းဆရာတော်လဲမလို၊ နာမည်ပေးဆရာကြီးတွေလဲလာရှုပ်လို့မရ၊ မိမိသဘောကျ ပေးချင်ရာပေးကြပေတော့။ ကင်ပွန်းတတ်ဆိုပြီး မုန့်ကျွေးဖို့မလို၊ သတင်းစာထဲလဲမထည့်ရ။ ဘယ်လောက်များ အဆင်လှလိုက်လဲ။ လူကိုမမြင်ဘူးကြတော့လဲ နာမည်လေးလှလျင် လူလဲလှမှာပဲဟု အတွေးရောက်တတ်ကြတာကိုး။ ရွာမှ “မိအေး“ တို့လဲ အွန်လိုင်းပေါ်ရောက်တော့ “cool_lady“ ဖြစ်လာသည်။ popular ဖြစ်သည့်နာမည်ဆိုလျင်တော့ အတော်ဒုက္ခရောက်သည်။ သူငယ်ချင်းတစ်ယောက်က Tom Cruise ကိုအတော်ကြိုက်သည်။ ထို့ကြောင့် သူ့ nick name ကိုရွေးတော့ Tom Cruise နာမည်ကိုရွေးသည်။ သို့သော် အွန်လိုင်းမှာက Tom Cruise တွေမှိုလိုပေါက်နေသည်။ tom_cruise လို့ပေးလို့လဲမရ၊ tom_cruise2007 ကြတော့လဲ not available တဲ့။ စိတ်ရှည်လက်ရှည်ရွေးရင်း နောက်ဆုံးတော့ Tom Cruise နောက်က ဂဏန်းလေးငါးလုံးလောက်ထည့်လိုက်မှ အဆင်ပြေသွားသည်။ သူငယ်ချင်းက အဲဒီမင်းသားနာမည်သာ ပေးထားတာ၊ ရုပ်ကတော့ လက်ဝှေ့သမား Mike Tyson ရုပ်။ ရောမခေတ်က hero တွေ၊ သမိုင်းကသူရဲကောင်းတွေလဲ online ပေါ်မှာ တစ်စခန်းထလာကြသည်။ Minos, Odysseus, Poseidon, Loki, Odin စသည်ဖြင့်စုံလင်လှသည်။ လူကသာဖလံညောင်၊ ဂိမ်းထဲမှာ nick name ပေးထားတာက Poseidon တဲ့။
ကျွန်တော်လဲ သားလေး ဒါမှမဟုတ် သမီးလေးရလာလျင်တော့ စိမ်းမြမြတောက်တောက်ကျော်ထက်သာသည့်၊ ကွန့်သည်နာမည်မျိုး ပေးဖို့စဉ်းစားရဦးမည်။

8 comments:

Anonymous June 20, 2008 at 11:44 AM  

ကိုမောင်ဖြူ့သမီးလေးကိုဆို ''ဖြူစွတ်နုမွတ်ညက်ညက်ညော'' လိုနာမည်မျိုးတွေပေးနေမလား...:P

Anonymous June 20, 2008 at 1:11 PM  

ကိုမောင်ဖြူတို့ပြောမှ နာမည်ကိစ္စ သတိထားမိတော့တယ်။
ကိုအန်ဒီက ကလေးရှိလို့နာမည်စဉ်းစားတာကို ကိုဇနိတို့ ကိုမောင်ဖြူတို့က ဘာလို့ထပြီး စိတ်ကူးယဉ်နေကြတာလဲ မသိပါဘူးနော်။ အားကျရင်လည်း အရင်စွံအောင်လုပ်ကြအုံး လူပျိုကြီးတွေ အဆင့်မကျော်နဲ့လို့။။။

ဇနိ June 20, 2008 at 1:26 PM  

ပထမ ကိုဖြူရေ အွန်လိုင်းမှာ ကိုယ်ကြိုက်တဲ့ nick ရွေးတာ ကိုဖြူပြောသလို..မိုက်တိုင်ဆိုင်တွေ လူဖလန်တွေဆိုရင်...ကိုဖြူဆိုတဲ့နာမည်မြင်တာနဲ့လည်း မောင်မဲဖြစ်မယ်လို့ နှလုံးသွင်းသူတွေ သွင်းသွားကြမယ်နော်...မောင်ဖြူ(တကယ်ဖြူ) ဆိုပြိး နောက်က ထပ်ရေးမှထင်တယ်နော..

နောက်တစ်ခုပြောချင်တာက ကျနော်တို့နယ်ဘက်တွေမှာ ရှိတတ်တယ်... ဦးဆင်၊ ဒေါ်ဝက်မ သား ကိုပြောင်ကြီး ဆိုတာမျိုးပေါ့၊ သူတို့တွေကျ ဘာလို့ အဲသလိုတွေပေးလဲ မသိနော်...တချို့ဆို မခွေးမ တဲ့။ ကြီးလာတော့ ဒေါ်ခွေးမ။
ဒေါ်ခွေးမကိုဆို ခေါ်သာခေါ်ရတာ စိတ်ထဲက အားနာနေတာ။

မဇနိကလည်းဗျာ... အခုမှ အဲလိုကြီးမပြောနဲ့လေ
အစက နှစ်ကိုယ်တူ စိတ်ကူးတွေယဉ်ခဲ့ကြတာလေဗျာ..

မေအောင် June 20, 2008 at 4:14 PM  

“ဗေဒင်ဆရာပေါင်းများစွာ၏အကူအညီဖြင့်၊
ခဏတွင်း အောင်မြင်နိုင်သည့် ကလောင်မျိုးကိုရှာကြသည်။ ”
သြော် ဒါကြောင့်
“မောင်ဖြူ ”ဖြစ်သွားတာကိုး။
ကလေးနာမည်ကိုတော့
မုန့်ဆီကြော်ဘယ်မှန်းသိမှစဉ်းစားကြတာပေါ့နော

khin oo may June 20, 2008 at 9:41 PM  

ဘု.စု. ခရု ပါဆို. သုံးယောက်စာ တို.ရွေးထားတယ်။ တစ် ယောက်မှ မမွေးလို. ကိုယ်ရွေးထားတာလေးနှမျောလိုက်တာ။ မဇနိကိုပေးတေားလဲ မယူ.ခက်တာဘဲ.

မင်းကျန်စစ်။ June 21, 2008 at 2:58 PM  

အားပါးပါး ရေးထားတ စုံလိုပဲ။ တယ်လဲ ပေါက်ပေါက်ရှာရှာနိုင်ပါပေ့ဗျာ။

Unknown December 8, 2009 at 5:25 AM  

ကျွန်တော့သမီးက အရမ်းစပ်စုတယ်
ကျွန်တော့အမည်မှာ ထွန်း ပါတယ်
ဇနီးက ကချင်ဆိုတော့ အမည်မှာ ကော့ ပါတယ်အဲဒီတော့ သမီးအမည်ကို
စပ်စုထွန်းကော့ လို့  အမည်ပေးထားတယ်

Unknown December 8, 2009 at 5:25 AM  

ကျွန်တော့သမီးက အရမ်းစပ်စုတယ်
ကျွန်တော့အမည်မှာ ထွန်း ပါတယ်
ဇနီးက ကချင်ဆိုတော့ အမည်မှာ ကော့ ပါတယ်အဲဒီတော့ သမီးအမည်ကို
စပ်စုထွန်းကော့ လို့  အမည်ပေးထားတယ်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP