ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားခြင်း (၁)။

>> Thursday, May 22, 2008

“မသိကြလတ် တွေးဆအပ် နေ့မြတ်ခုနှစ်ထွေ
သံ၊ ဖွား၊ တော၊ ပွင့်၊ စက် ၊ စု၊ သင့်
ရှင်ပင့်သာကီဆွေ“
သုံးလူ့ထိပ်ထားမြတ်စွာဘုရားနဲ့ ပတ်သက်တဲ့ နေ့တွေကို မှတ်မိအောင် သီကုံးထားတဲ့ ငယ်ကတည်းက ရနေတဲ့ အလင်္ကာလေးရဲ့ အစပိုင်းပါ။ နောက်ပိုင်းမှာ တစ်နေ့ချင်းစီ အတွက် အသေးစိတ် တစ်ပိုဒ်စီရှိပါတယ်။ အဓိပြောချင်တာက နေ့ ခုနှစ်နေ့နဲ့ အဲဒီနေ့နဲ့ ပတ်သက်နေတဲ့ နေရာတွေပါ။
သံ = သန္ဓေယူသောနေ့
ဖွား = ဖွားမြင်သောနေ့
တော = တောထွက်တော်မူသောနေ့
ပွင့် = ဘုရားအဖြစ်သို့ ရောက်တော်မူသောနေ့
စက် = ဓမ္မစကြာ တရားဦး ဟောတော်မူသောနေ့
စု = ပရိနိဗ္ဗာန်စံတော်မူသောနေ့
သင့် = တေဇောဓာတ်လောင်သောနေ့
အဲဒီခုနှစ်နေ့ထဲမှာမှ ဖွား၊ ပွင့်၊ စက်၊ စု လေးနေ့ ဖြစ်ပေါ်ခဲ့ရာ နေရာတွေကို သံဝေဇနိယ လေးဌာနလို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း တလေးတမြတ်ထားပြီး သွားချင်ကြတဲ့ နေရာတွေပေါ့။ အများအားဖြင့် ကံမကောင်းတတ်တဲ့ စစ်ကိုင်းသူ တစ်ယောက် ဒီတစ်ခါတော့ အရမ်းကို ကုသိုလ်ထူးစွာနဲ့ ဗုဒ္ဓဂါယာကို ဘုရားဖူးသွား နိုင်ခဲ့ပါတယ်။ မေတ္တာရှင်ရဲ့မြေကို ခြေချရတာ အဲဒီတစ်ချက်တည်းနဲ့တင်ကို အရမ်း ကျေနပ်မိပါတယ်။

စောစောက ပြောခဲ့တဲ့ သံဝေဇနိယ လေးဌာနက ဂေါတမ မြတ်စွာဘုရားနဲ့ ပတ်သတ်တဲ့ နေရာတွေပါ။ ဘုရားရှင်က သူရှိစဉ်အချိန်မှာ အင်မတန် စည်ကားခဲ့တဲ့ အဲဒီနေရာတွေဟာ နောင်တချိန်မှာ မစည်ပင်တော့မှာကို မြင်လို့ သံဝေဂယူနိုင်အောင် သံဝေဇနိယလေးဌာနအဖြစ် သတ်မှတ်ခဲ့တာလို့ ပြောပါတယ်။ အများအားဖြင့် သိကြတာကလဲ သံဝေဇနိယလေးဌာနကိုပါ။ နောက်ထပ် ဌာနလေးခု ရှိပါသေးတယ်။ အဲဒါကိုတော့ အဝိဇဟိတ လေးဌာနလို့ ခေါ်ပါတယ်။ အဲဒီ လေးဌာနကတော့ ဒီ ဘဒ္ဒကမ္ဘာမှာ ပွင့်မဲ့ ဘုရားငါးဆူလုံးနဲ့ ပတ်သက်ပါတယ်။ အဲဒီနေရာတွေကတော့ ဘုရားအဖြစ်ကို ရောက်တော်မူတဲ့နေရာ၊ ဓမ္မစကြာတရားဦး ဟောတဲ့ နေရာ၊ သလွန်ညောင်စောင်း အခြေလေးဖက်ချတဲ့နေရာနဲ့ မယ်တော်နတ်သားကို တရားဟောပြီး ပြန်ဆင်းလာတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ ပွင့်တော်မူပြီးတဲ့ ဘုရားလေးဆူ (ကကုသန်၊ ကောဏာဂုန်၊ ကဿပ၊ ဂေါတမ)လုံး အဲဒီနေရာမှာပဲ ပွင့်တော်မူတယ်၊ ဓမ္မစကြာတရားဦးဟောတယ်၊ ကျိန်းစက်တော်မူတယ်၊ နတ်ပြည်က ပြန်ဆင်းလာတဲ့ အခါမှာလဲ တစ်နေရာတည်းကိုပဲ ပြန်ဆင်းတော်မူပါတယ်။ နောက်ပွင့်တော်မူမဲ့ အရိမေတ္တေယျ ဘုရားကအတွက်လဲ အဲဒီနေရာတွေပါပဲ။ စုစုပေါင်း ဌာန ရှစ်ခုပေမဲ့ ဘုရားပွင့်တဲ့ နေရာနဲ့၊ ဓမ္မစကြာတရားဦးဟောတဲ့ နေရာက နှစ်ခုလုံးမှာ ပါနေတဲ့ အတွက် သွားစရာ ခြောက်နေရာ ရှိပါတယ်။ ခွင့်ရတဲ့ရက်နည်းတဲ့ အတွက် နေရာ အကုန်လုံးကိုတော့ မရောက်ခဲ့ပါဘူး။ ဒါပေမဲ့ ဘယ်နေရာတွေဆိုတာရယ်၊ ဖြစ်ပျက်တဲ့ အကြောင်း အကျဉ်းချုပ်ရယ်ကို နေရာအားလုံးအတွက် ဖော်ပြပေးပါ့မယ်။ ရောက်ခဲ့တဲ့ နေရာတွေမှာတော့ ဓာတ်ပုံနဲ့ တကွ တင်ပြပေးပါ့မယ်။

ဘုရားရှင်ဖွားမြင်ရာ နေရာ (သံဝေဇနိယ လေးဌာန)
ဂေါတမ မြတ်စွာဘုရားဟာ ကပိလဝတ်ပြည်နဲ့ ဒေဝဒဟပြည်ကြားမှာရှိတဲ့ လုဗ္ဗိနီသာမော အင်ကြင်းတောမှာ ဖွားမြင်တော်မူခဲ့တာ ဖြစ်ပါတယ်။ လမ်းခုလတ်မှာ ဖွားမြင်ရခြင်း အကြောင်းရင်းက မယ်တော်မာယာဟာ ခင်ပွန်းဖြစ်သူ သုဒ္ဓေါဓနမင်းကြီးရှိရာ ကပိလဝတ်ပြည်မှာနေရင်း ဘုရားအလောင်းတော်ကို ပဋိသန္ဓေရှိလာတဲ့အခါ မိဘနေရပ်ဖြစ်တဲ့ ဒေဝဒဟကို ပြန်ပြီး မီးဖွားချင်တဲ့အတွက် မင်းတရားကြီးကို အကြိမ်ကြိမ်တောင်းပန်ပြီး ဒေဝဒဟကို အပြန် လမ်းခရီး လုဗ္ဗိနီဥယျာဉ်မှာ အလောင်းတော်ဖြစ်ကို မွေးဖွားသန့်စင်ခဲ့တာ ဖြစ်ပါတယ်။ (လုဗ္ဗိနီဥယျာဉ်က နီပေါနိုင်ငံအတွင်းမှာမို့ စစ်ကိုင်းသူ သွားဖို့ အခွင့်မသာခဲ့တဲ့ အတွက် ဘုရားရှင် ဖွားတော်မူရာ အင်ကြင်းတောကို စိတ်ကူးနဲ့ပဲမှန်းကြည့်ကြပါတော့နော်။)

ဘုရားပွင့်တော်မူရာ နေရာ (သံဝေဇနိယလေးဌာန၊အဝိဇဟိတ လေးဌာန)
ဒီနေရာကတော့ ဘုရားလေးဆူလုံးပွင့်တော်မူခဲ့တဲ့ နေရာဖြစ်ပါတယ်။ ဗုဒ္ဓဂါယာလို့ ခေါ်တာ ဒီနေရာကို ဖြစ်ပါတယ်။ မြို့နာမည်ကိုက ဗုဒ္ဓဂါယာလို့ ပေးထားတာပါ။
ဒီပုံကတော့ ဘုရားပွင့်တော်မူရာမှာရှိတဲ့ မဟာဗောဓိကျောင်းတော်ပါ။
မဟာဗောဓိကျောင်းတော်ထဲက ဆင်းတုတော်ပုံပါ။
(အရမ်းကို သပ္ပါယ်ပါတယ်။ ဓာတ်ပုံတော့ ဘယ်လိုနေလဲ မသိဘူး)
ပွင့်တော်မူပြီးတဲ့ ဘုရားရှင်တွေအားလုံး ဒီနေရာမှာ ပွင့်ကြတာပါ။ အခုလက်ရှိကတော့ ဂေါတမမြတ်စွာဘုရားဖြစ်တဲ့အတွက် ဂေါတမဘုရားနဲ့ဆိုင်တဲ့ တခြားနေရာတွေကိုပါ ဖော်ပြသွားပေးပါ့မယ်။ အဲဒီနေရာတွေကတော့ သတ္တဌာနလို့ အမည်တွင်တဲ့ နေရာ ခုနှစ်ခုပါ။ မြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ်ကို ရောက်တော်မူပြီးတဲ့နောက်မှာ တစ်နေရာကို ခုနှစ်ရက်စီနဲ့ ခုနှစ်နေရာ (စုစုပေါင်း ၄၉ ရက်) သီတင်းသုံးခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။

ပထမသတ္တဟ (ပလ္လင်က သတ္တဟ)
ဘုရားအဖြစ်သို့ ရောက်တော်မူရာ ပလ္လင်
ဒါကတော့ ဘုရားအဖြစ်ရောက်ရာ ဗောဓိညောင်ပင်ပါ။
(4th Generation လို့ ပြောပါတယ်။ မူရင်း အပင်ကြီးက မရှိတော့ပါဘူးတဲ့)

အားလုံးသိကြပြီးတဲ့အတိုင်း ဘုရားအလောင်းတော်ဟာ ဒုက္ကရစရိယာ ၆ နှစ်တိုင်တိုင် ကျင့်ပြီးတဲ့အခါ မဇ္ဈိမလမ်းစဉ်ကို ကူးပြောင်းခဲ့ပါတယ်။ ဘုရားအဖြစ်ကို ရောက်တော်မူမဲ့ ကဆုန်လပြည့်နေ့မှာတော့ သုဇာတာ သတိုးသမီး ကပ်လှူတဲ့ ဃနာနို့ဆွမ်းကို ၄၉ လုတ်တိတိ ဘုန်းပေး၊ နေရဉ္စရာမြစ်ကိုဆင်း၊ ယနေ့ ဘုရားစင်စစ် ဧကန်ဖြစ်မယ်ဆိုရင် ရွှေခွက်က မြစ်ကို ဆန်တက်ပါစေဆိုပြီး အဓိဌာန်နဲ့မျှော၊ မြက်ထမ်းသမားလှူတဲ့ မြက်ရှစ်ဆုပ်ကို ပလ္လင်ပြုပြီး၊ ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ အဲလိုနဲ့ ညဦးယံ (၉နာရီ)မှာ ပုဗ္ဗေနိဝါသနဿနုသတိဉာဏ်၊ သန်းခေါင်ယံ (၁၂နာရီမှာ) ဒိဗ္ဗစက္ခုဉာဏ်နဲ့ မိုးသောက်ယံ (၃နာရီ)မှာ အာသဝက္ခယဉာဏ်တို့ကို ရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်။ ဒီနေရာမှာ ကြားဖြတ်ပြီး တစ်ခုပြောပါရစေ။ မြန်မာတွေက ကဆုန်လပြည့်နေ့ကို ဘုရားပွင့်တဲ့နေ့အဖြစ် ယူကြပါတယ်။ ဒီမှာကျတော့ မနက် ၃ နာရီ အချိန်မှာမှ ဘုရားအဖြစ်ကို ရောက်တာမို့ လပြည့်ကျော် တစ်ရက်နေ့ကို ယူပါတယ်။ ဘုရားအဖြစ်ကို ရောက်တော် မူပြီးတဲ့ အချိန်မှာ အဲဒီနေရာမှာပဲ ခုနှစ်ရက်တိတိ ထိုင်တော်မူပြီး ရရှိခဲ့တဲ့ တရားတော်များကို ဆင်ခြင်သုံးသပ်ပါတယ်။ ပထမသတ္တဟပါ။ ပထမသတ္တဟ (ပလ္လင်က သတ္တဟ)အတွက် သူတို့ထိုးထားတဲ့ စာတမ်းကတော့ ဒီလိုပါ။

ဒုတိယသတ္တဟ (အနိမိဿ သတ္တဟ)
ဒီနေရာကတော့ ဘုရားသခင်က ဘုရားဖြစ်ရာ ဗောဓိညောင်ပင်ရဲ့ ကျေးဇူးကို ဆင်ခြင် အောက်မေ့ပြီး ညောင်ပင်ကို မျက်တောင်မခတ်ကြည့်ပြီး တစ်ပတ်လုံးလုံး ရပ်တော်မူခဲ့တဲ့ နေရာ ဖြစ်ပါတယ်။

တတိယသတ္တဟ (စင်္ကမ သတ္တဟ)
တတိယ သတ္တဟမှာတော့ ဘုရားသခင်ဟာ လေထဲမှာ စင်္ကြန်ကြွပြီး တစ်ပတ်လုံးလုံး နေခဲ့တာ ဖြစ်ပါတယ်။ အဲလို တန်ခိုးနဲ့ စင်္ကြန်ကြွရခြင်း အကြောင်းကတော့ နတ်တွေရဲ့ သံသယကို ဖြေဖျောက်ဖို့ ဖြစ်ပါတယ်။ အလောင်းတော် ဘုရားအဖြစ်ကို ရောက်တော်မူတဲ့အခါမှာ များစွာသော နတ်အပေါင်းတို့က ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ ဘုရားသခင်ရဲ့ အပြုအမူ အနေအထိုင်ကို ကြည်ညိုစွာ စောင့်ကြည့်နေခဲ့ ကြတာပါ။ ဒါပေမဲ့ ဒုတိယ သတ္တဟမှာ ဘုရားသခင် သီတင်းသုံးတော်မူတဲ့ အခါမှာတော့ နတ်တွေမှာ သံသယတစ်ခု ဝင်ခဲ့ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ ညောင်ပင်ကို မျက်တောင်မခတ် ကြည့်နေခဲ့တဲ့ ကိစ္စပါပဲ။ ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီဆိုလျက်နဲ့ ညောင်ပင်ကို သံယောဇဉ်မကုန်ဘူး။ ကိလေသာ မစင်သေးဘူးလို့ သံသယ ဖြစ်သွားကြတာပါ။ အဲဒါကို ဘုရားသခင်က သိတော်မူတဲ့အတွက် သံသယ ပြေပျောက်အောင် တတိယသတ္တဟမှာ ဒီလိုအနေအထားနဲ့ သီတင်းသုံးခဲ့ခြင်း ဖြစ်ပါတယ်။

စတုတ္ထသတ္တဟ (ရတနာဃရ သတ္တဟ)
စတုတ္ထမြောက်နေရာမှာတော့ အဘိဓမ္မာကျမ်းကို ဆင်ခြင်သုံးသပ်တဲ့ နေရာ ဖြစ်ပါတယ်။ ကျမ်းကို ဆင်ခြင်သုံးသပ်တဲ့နေတဲ့ အချိန်မှာ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးတော်မူပါတယ်။ အဘိဓမ္မာကျမ်း သုံးသပ်တဲ့အချိန်မှာ ရောင်ခြည်တော် ကွန့်မြူးတယ်လို့ ပြောပေမဲ့ ခုနှစ်ကျမ်းရှိတဲ့ အထဲမှာ နောက်ဆုံး ပဌာန်းကျမ်းကို သုံးသပ်တဲ့အချိန်မှာမှ ကွန့်မြူးတာလို့ ပြောပါတယ်။

ပဉ္စမသတ္တဟ (အဇပါလ သတ္တဟ)
ဒီနေရာကိုတော့ ဆိတ်ကျောင်းညောင်ပင်လို့သိကြပါတယ်။ ဆိတ်ကျောင်းသမားလေးတွေ နေနေကျ ညောင်ပင်မို့ပါ။ ဆိတ်ကျောင်းသမားလေးတွေက ဘုရားရှင်ကို ဘုရားရှင်မှန်းလဲ မသိကြပါဘူး။ ကိုးကွယ်ဆည်းကပ်ရကောင်းမှန်းလဲ မသိခဲ့ကြပါဘူး။ အဲဒါကြောင့် ဘုရားရှင်ရဲ့ ပထမဆုံး ဥပသကာဖြစ်ဖို့ အခွင့်အရေးရှိလျက်နဲ့ ဖြစ်ခွင့် မရခဲ့ရှာပါဘူး။

ဆဌမသတ္တဟ (မုန္စလိန္တ သတ္တဟ)
ဆဌမမြောက်သီတင်းသုံးတဲ့ နေရာကတော့ မုန္စလိန္တာအိုင်ဖြစ်ပါတယ်။ မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ်မှာ လေကြီးမိုးကြီးကျလာတဲ့အတွက် ရေကန်ထဲက နဂါးမင်းထွက်လာပြီး ဘုရားကို မိုးလေဒဏ်က အကာအကွယ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှာမြင်ရသလို မဟုတ်ပါဘူးတဲ့။ ဘုရားရှင်ကို အနှောင့်အယှက်မပေးဘဲ အခွေကို ဘေးကနေ အကာအနေနဲ့ခွေပြီး ပါးပျဉ်းနဲ့ မိုးထားပေးတာလို့ ပြောပါတယ်။

သတ္တမသတ္တဟ (ရာဇဂစ သတ္တဟ)

နောက်ဆုံး သီတင်းသုံးတာကတော့ လင်းလွန်းပင်အောက်မှာ ဖြစ်ပါတယ်။ ၄၉ ရက်မြောက်နေ့မှာ တရားထိုင်ရာက ထတဲ့ အချိန်မှာပဲ တဖုဿနဲ့ ဗလိက ကုန်သည်ညီနောင်နဲ့ ရောက်ရှိလာပါတယ်။ အရင်ဘဝဟောင်းက မိခင်တော်ခဲ့ဖူးတဲ့ နတ်သားရဲ့ လမ်းညွှန်မှု့ကြောင့်ရောက်လာတာ ဖြစ်ပါတယ်။ ကုန်သည်ညီနောင်က ဘုရားရှင်ကို ပေါက်ပေါက်ဆုပ်နဲ့ မုန့်ကြွပ်ကပ်လှူပါတယ်။ သုဇာတာရဲ့ ဃနာနို့ဆွမ်းကို ဘုန်းပေးပြီးကတည်းက ၄၉ ရက်လုံးလုံး ဆွမ်းဘုန်းမပေးခဲ့တာ အခု အကြိမ်ဟာ ဘုရားဖြစ်ပြီး ပထမဆုံး ဘုန်းပေးတဲ့ဆွမ်းဖြစ်ပါတယ်။ ဆွမ်းဘုန်းမပေးခင်မှာ သိကြားမင်းနဲ့ ဗြဟ္မာမင်း ရောက်လာပြီး ၄၉ ရက်လုံးလုံး ဆီး၊ ဝမ်းမသွားခဲ့တာအတွက် ဆေးဆက်ကပ်တယ်လို့ ပြောပါတယ်။ တဖုဿနဲ့ ဗလိကဟာ ပထမဆုံး ဥပသကာ နှစ်ယောက်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားက သူတို့ကို သရဏဂုံ ၂ ပါး ( ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ) တည်စေခဲ့ပါတယ်။ သံဃာတော်မရှိသေးလို့ သံဃံ သရဏံ ဂစ္ဆာမိ မပါသေးပါဘူး။ ဘုရားရှင်ရဲ့ ဆံတော် ၈ ဆူကိုလဲ ကိုးကွယ်ဖို့အတွက် စွန့်ကြဲလိုက်ပါတယ်။ အဲဒီ ဆံတော် ၈ ဆူထဲက ၄ ဆူကို မြန်မာနိုင်ငံက ရွှေတိဂုံ ဘုရားမှာ ဌာပနာထားတာ အားလုံး အသိဖြစ်ပါတယ်။

မှတ်ချက်။ ။ အရင်က ဖတ်ထားတာတွေရယ်၊ လိုက်ပို့ပေးတဲ့ အစ်မကြီး ပြောပြတာတွေရယ် ပေါင်းပြီး မှတ်မိသလောက် ပြန်ရေးထားတာပါ။ မှားနေတာ တွေ့ရင်လဲ ပြင်ပေးကြပါ။ ကျန်တဲ့ ဌာနတွေကိုလဲ အားရင် အားသလို ဆက်ရေးပါဦးမယ်။

8 comments:

နိုင်းနဒီ May 23, 2008 at 12:05 AM  

သာဓု. သာဓု. သာဓု.

ဇနိ May 23, 2008 at 6:01 AM  

စစ်ကိုင်းသူရေ
မရောက်ဘူးတဲ့ ဒေသကို ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ရေးထားတာဆိုတော့ ဖတ်ရတာ ကိုယ်တိုင်ရောက်သွားရသလိုပါပဲ။
နောက်အပိုင်းတွေလည်း မျှော်နေပါတယ်။
မြန်မာပြည်ကြီး နေကောင်းပါစေလို့ရော ဆုတောင်ခဲ့လား။
ဒီစာအတွက် ကျေးဇူးလည်း အထူးတင်ပါတယ်။

မဇနိ May 23, 2008 at 6:41 AM  

စစ်ကိုင်းသူရေ....
ပို့စ်ဖတ်ရတာ ကိုယ်တိုင်ရောက်သွားသလိုပဲ
နေရာတော်တော်များများ ရောက်ခဲ့ပုံရတယ်
စိတ်မှန်းနဲ့ပဲ ပို့စ်ဖတ်ရင်း သွားလိုက်တယ်
နောင်အခွင့်ရရင် သွားချင်သေးတယ်
ဓါတ်ပုံတွေလဲ ကြည့်ရတာ ကြည်နူးစရာကောင်းတယ်
အတော် ကုသိုလ်ထူးလို့ သွားရတာ
နောက်ပို့စ်လဲ တင်ပါအုံးနော်
ဝေမျှပေးတာ ကျေးဇူးတင်တယ်နော်

စစ်ကိုင်းသူ May 23, 2008 at 8:12 AM  

နိုင်းနဒီ သာဓုခေါ်သွားတဲ့ အကျိုးကျေးဇူးကြောင့် အလင်းရောင်ကို ထာဝရပိုင်ဆိုင်နိုင်ပါစေ။
ကိုဇနိ မြန်မာပြည်အတွက်တင် ဘယ်ကမလဲ ကိုဇနိတို့ အတွက်ပါ ဆုတောင်းပေးခဲ့တယ်။ မသွားခင်က ပြောသွားတယ်လေ။ မေ့သွားပြီလား။ ပြီးရင်သာ စစ်ကိုင်းသူဆီမှာ ကျောင်းလာအပ်ဖို့ မမေ့နဲ့နော။
မဇနိရေ ကုသိုလ်ထူးလို့ သွားရတာတောင် စစ်ကိုင်းသူရဲ့ ထုံးစံအတိုင်း အလွဲလွဲအချော်ချော်တွေ ဖြစ်ခဲ့ပါသေးတယ်။ နောက်ကျရင် ဆက်ရေးပါ့မယ်။

မဇနိ May 23, 2008 at 8:24 AM  

စစ်ကိုင်းသူရဲ့ လွဲပုံ ချော်ပုံလေးတွေ ပြောပြပါအုံး။
ရသတမျိုးဖတ်ချင်သေးတယ်။
အရေးအသားကောင်းတဲ့သူဆိုတော့ ဖတ်လို့ကောင်းမှာပါ

tmn May 23, 2008 at 10:43 AM  

အရင်တုန်းက မာမာအေးဆိုတဲ့သီချင်းနားထောင်ဘူးတယ်…စာအုပ်တွေထဲမှာရယ်ဖတ်ဘူးတယ်… နေရာနာမည်တွေတော့ရင်းနှီးနေသလိုပဲ…အခုတော့ နေရာအမည်တွေကို ဓာတ်ပုံတွေနဲ့တကွ ကြည့်ရတော့ ကိုယ်တိုင်ရောက်သွားသလိုပဲဗျို့… အခွင့်သာရင်တော့ ကိုယ်တိုင်သွားရောက် ချင်သေးတယ်ဗျာ… နောက်တင်မယ့် ပို့စ်ကိုလည်း ဖတ်ချင်သေးတယ်ဗျို့…

မောင်ဖြူ May 23, 2008 at 1:48 PM  

စစ်ကိုင်းသူရေ
ပို့စ်ကောင်းလေးတစ်ပုဒ်ပါပဲ။ ဝေမျှပေးတာကျေးဇူးပါ။

k4 May 23, 2008 at 2:12 PM  

သူငယ်ချင်း
အရမ်းကောင်းတဲ့ ပို့စ်လေးပဲ
ကျေးဇူးတင်လိုက်တာ

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP