အလောင်းအစား(ချက်ဟော့(ဗ်))

>> Friday, June 29, 2007

အလောင်းအစား(ချက်ဟော့(ဗ်))
(၁)
မှောင်မည်းနေသော ဆောင်းဦးညတစ်ညတွင် အသက်ကြီးကြီး ဘဏ်သူဌေးကြီးသည် မိမိ၏အခန်းတွင်းတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း လွန်ခဲ့သော နှစ်ငါးဆယ်က ဆောင်းဦးပေါက်ကာလ ညနေခင်းဧည့်ခံပွဲတစ်ခု ကျင်းပပေးခဲ့သည်ကို ပြန်လည်သတိရနေလေသည်။ ယင်းညနေခင်းဧည့်ခံပွဲသို့ ဂုဏ်သရေရှိဧည့်သည်များစွာ တက်ရောက်ခဲ့ပြီး၊ အလွန်စိတ်ဝင်းစားစရာကောင်းသည့်အကြောင်းအရာများကို ပြောဆိုခဲ့ကြလေသည်။ သေဒဏ်ပေးခြင်းအကြောင်းကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြသည်။ ဧည့်သည်များထဲမှ သိပ္ပံပညာရှင်များ၊ သတင်းစာဆရာများသည် သေဒဏ်ပေးခြင်းကို လွန်စွာမနှစ်မြို့ကြချေ။ ၄င်းပုဂ္ဂိုလ်များက ယင်းကဲ့သို့အပြစ်ဒဏ်ပေးခြင်းသည် ရှေးကျသော၊ ခရစ်ယာန်နိုင်ငံများအတွက် မဆီလျော်သော၊ ဆိုးဝါးလွန်းသော အခြင်းအရာတစ်ခုအဖြစ် ပြောဆိုကြလေသည်။ သေဒဏ်အစား တသက်တာထောင်ဒဏ်အဖြစ်သို့ နေရာတိုင်းတွေပြောင်းလဲသင့်ကြောင်း ထင်မြင်ချက်ပေးကြလေသည်။
- ကျုပ်သဘောမတူဘူးဗျာ။ - အိမ်ရှင်ဘဏ်သူဌေးက ပြော၏။ - ကျုပ်အနေနဲ့က သေဒဏ်ကိုရော၊ တသက်တာထောင်ဒဏ်ကိုရော မခံစားဖူးပါဘူး။ ဒါပေမယ့် ကျုပ်အမြင်ကတော့ သေဒဏ်ပေးတာက ပိုသိက္ခာရှိပြီး၊ လူပိုဆန်တယ်ထင်တာပဲဗျ။ သေဒဏ်ပေးလိုက်တယ်ဆိုတာက ချက်ချင်းသတ်လိုက်တာဗျာ၊ တသတ်တာထောင်ဒဏ်က တဖြေးဖြေးနဲ့ မျှင်းပြီးသတ်တာပဲဗျ။ ကိုင်း ဘယ်ဟာက လူပိုဆန်သလဲဗျာ။ မိနစ်ပိုင်းလေးအတွင်းသတ်တာနဲ့ တစ်ဘ၀လုံးတဖြေးဖြေးခြင်း သတ်တာက ကွာတယ်ဗျ။
နှစ်ခုလုံးကတော့ မကောင်းတာတော့တူသဗျ။ - ဧည့်သည်တစ်ယောက်က ၀င်ပြောသည်။ နောက်ဆုံးကျတော့လည်း လူတစ်ယောက်ရဲ့အသက်ကို သတ်တာပဲဗျ။ နိုင်ငံတော်ဆိုတာ ဘုရားသခင်မှ မဟုတ်တာ။ ပြန်လိုချင်ရင် မရနိုင်တဲ့ အသက်တစ်ချောင်းကို အဆုံးစီရင်ဖို့ သူ့မှာ လုပ်ပိုင်ခွင့် မရှိဘူးလေ။
ဧည့်သည်များထဲတွင် အသက်အစိတ်ခန့်ရှိသော ရှေ့နေလူငယ်လေးတစ်ဦးလည်း ရှိ၏။ သူ၏အမြင်ကို ၀ိုင်းမေးကြသောအခါ သူက - သေဒဏ်နဲ့တသက်တာထောင်ဒဏ်က နှစ်ခုလုံး မကောင်းတာတော့တူပါတယ်။ အကယ်၍ နှစ်ခုထဲက တစ်ခုကိုရွေးပါဆိုရင်တော့ ဒုတိယ ဟာကိုရွေးပါ့မယ်။ ဘယ်လိုမှ မနေရတာနဲ့ စာရင်တော့ ဘယ်လိုလေးပဲဖြစ်ဖြစ် အသက်ရှင်ရတာကပိုကောင်းပါတယ်။
အငြင်းအခုံသည်လည်း ပိုမိုအသက်ဝင်လာသည်။ ထိုစဉ်အခါက ဘဏ်သူဌေးသည် အရွယ်ကလည်းငယ်သေး၊ စိတ်ကလည်းအလွန်ဆတ်သောကြောင့် ဒေါသကိုမထိန်းနိုင်ဘဲ၊ စားပွဲခုံအား လက်ဖြင့်ရိုက်လိုက်ပြီး လူငယ်ဘက်သို့လှည့်ကာ အော်လိုက်လေသည်။
- မမှန်ဘူးကွ။ ငွေနှစ်သန်း အလောင်းအစားလုပ်မယ်ကွာ၊ မင်း အချုပ်ခန်းထဲမှာ ငါးနှစ်တောင်မနေနိုင်ပါဘူးကွာ။
- ခင်ဗျားတကယ်ပြောနေတယ်ဆိုရင်တော့ လောင်းမယ်ဗျာ။ ငါးနှစ်မဟုတ်ဘူး။ ဆယ့်ငါးနှစ်နေမယ်။ - ရှေ့နေကလေးမှ သူ့အား ပြန်ပြောသည်။
- ဆယ့်ငါးနှစ်။ သဘောတူတယ်။ လူကြီးမင်းတို့ ကျွန်တော် ငွေနှစ်သန်းနဲ့ လောင်းတယ်ဗျာ။ - ဘဏ်သူဌေးက အော်ပြောသည်။
- သဘောတူပါတယ်။ ခင်ဗျားက ငွေကြေးကိုတင်လောင်းတာပေါ့။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ လွတ်လပ်မှုကို လောင်းကြေးတင်တာပေါ့ဗျာ။ - ရှေ့နေလေးမှ ပြောသည်။
အလွန်ရက်စက်ကြမ်းကြုတ်သော၊ အဓိပ္ပာယ်မရှိသော အလောင်းအစားတစ်ခု ဖြစ်သွားခဲ့လေသည်။ ထိုငယ်ရွယ်စဉ်က ငွေရှိန်ကြေးရှိန်ဖြင့် ပျက်ဆီးနေသော၊ အလေးအနက်စဉ်းစားဆင်ခြင် ခြင်းမရှိလှသော ဘဏ်သူဌေးသည် အလောင်းအစားပြုလုပ်ရသေးကြောင့် ၀မ်းသာလျက်ရှိနေလေသည်။ ညစာစားချိန်တွင်လည်း ရှေ့နေလေးအား လှောင်ပြောင်၍ ပြောဆိုလေသည်။
- နောက်မကျခင် ထပ်စဉ်းစားပါဦး ရှေ့နေလေးရဲ့။ ကျုပ်အတွက်က ပိုက်ဆံနှစ်သန်းဆိုတာ ဘာမှ မဖြစ်လောက်ပေမယ့်၊ မင်းအတွက်ကျတော့ လူဘ၀ရဲ့ အကောင်းဆုံးသုံးလေးနှစ် ဆုံးရှုံးသွားမှာနော်။ သုံးလေးနှစ်လို့ ပြောတာက မင်းလည်းဒီထက် ပိုပြီး နေနိုင်မှာ မဟုတ်လို့။ ကိုယ့်ဆန္ဒနဲ့ကိုယ် အချုပ်ခန်းထဲနေရတာက၊ ထောင်ကျလို့ မဖြစ်မနေအချုပ်ခံရတာထက်ပိုပြီး ဒုက္ခကြီးတယ်နော်။ ငါဆန္ဒရှိရင် ဘယ်အချိန်မှာပဲဖြစ်ဖြစ် အချုပ်ထဲကနေပြီး ထွက်လို့ရတယ်ဆိုတဲ့ အသိက မင်းအချုပ်ထဲနေတဲ့ကာလ တလျှောက်လုံး မင်းကိုနှိပ်စက်နေမှာ။ မင်းအတွက် ငါ တကယ့်ကို စိတ်မကောင်းပါဘူးကွာ။
ယခုအချိန်တွင် ဘဏ်သူဌေးသည် ဟိုမှဒီ လျှောက်နေရင်း ထိုစဉ်အခါမှ အကြောင်းအရာများကိုသတိရနေကာ မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်မိလေသည်။
- ဘာ့အတွက်လဲ ဒီအလောင်းအစားက။ ရှေ့နေလေးမှာ ဘ၀မှာ ဆယ့်ငါးနှစ်ဆုံးရှုံးရတယ်၊ ငါ့မှာလည်း ပိုက်ဆံ နှစ်သန်း အလကားဖြစ်ရတဲ့ အတွက် ဘာများ အကျိုးရှိလို့လဲ။ ဒီလိုလုပ်တာနဲ့ပဲ သေဒဏ်က တသက်တာထောင်ဒဏ်ထက်ပိုကောင်းပါတယ် ပိုဆိုးတယ်လို့ လူတွေကို သက်သေပြလို့ရလို့လား။ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ အနှစ်သာရမရှိ၊အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေပဲ။ ငါ့နေနဲ့ဆိုရင်လည်း စိတ်အာသာပြေလုပ်သလို၊ ရှေ့နေလေးကြတော့လည်း ငွေကိုမက်တဲ့ လောဘ။
ထိုနောက် သူသည် ယင်းညနေခင်းဧည့်ခံပွဲအပြီးအကြောင်းအရာများကို ပြန်လည်သတိရနေလေသည်။ ရှေ့နေလေးသည် ဘဏ်သူဌေး၏ ပန်းခြံအတွင်းတွင်ရှိသော အိမ်ဆွယ်တစ်ခုတွင် အလွန်တင်းကျပ်သော စည်းကမ်းများဖြင့်အချုပ်ခံရပါမည်ဟု ဆုံးဖြတ်လေသည်။ ဆယ့်ငါးနှစ် အချုပ်နှောင်ကာလတွင် ရှေ့နေလေးသည် အချုပ်ခန်း၏နယ်နိမိတ်မှလုံးဝမကျော်ရ၊ သက်ရှိလူများကို မတွေ့မြင်ရ၊ လူသံသူသံအား အကြားမခံရ၊ စာ၊သတင်းစာများမရရှိစေရ ဟူသောစည်းကမ်းများကို သဘောတူရလေသည်။ ဂီတပစ္စည်းများရရှိခွင့်၊ စာအုပ်များဖတ်ခွင့်၊ စာရေးသားခွင့်၊ ၀ိုင်သောက်ခွင့်နှင့် ဆေးလိပ်သောက်ခွင့် စသော အခွင့်အရေးများကား ရရှိမည်ဖြစ်သည်။ အပြင်ကမ္ဘာနှင့်ဆက်သွယ်ရန်အတွက် အသေအချာတပ်ဆင်ထားသော ပြတင်းပေါက်မှတဆင့် သူသည် စကားမပြောရဘဲ အခြေအနေအရ ဆက်သွယ်ခွင့်ပြုသည်။ စာအုပ်များ၊ ဂီတသင်္ဂေတစာအုပ်များ၊ ၀ိုင် စသောလိုအပ်သည့်ပစ္စည်းများကို စာရေးကာ ယင်းပြတင်းပေါက်လေးမှတဆင့်သာ ရယူနိုင်လေသည်။ သဘောတူညီချက်အရ တစ်ယောက်တည်းချုပ်နှောင်ထားရန် အသေးအမွှားမှစ၍ လိုအပ်သည်များကို အသေအချာဖြည့်ဆည်းလုပ်ဆောင်ကာ ၁၈၇၀ ခုနှစ်၊နိုဝင်ဘာလ ၁၄ ရက်၊ ၁၂ နာရီမှစကာ ၁၈၈၅ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်၊ ၁၂ နာရီထိ ၁၅နှစ်တိတိ ရှေ့နေလေးအား ချုပ်နှောင်မည်ဖြစ်သည်။ အကယ်၍ သတ်မှတ်ချုပ်နှောင်ကာလထက် တစ်မိနစ်၊နှစ်မိနစ်လေးပင်ဖြစ်စေကာမှု ရှေ့နေလေးမှ စည်းကမ်းဖောက်ဖျက်ပါက ဘဏ်သူဌေးအား ပိုက်ဆံနှစ်သန်း လျော်ကြေးပေးရခြင်းမှ ကင်းလွတ်ပေးရမည်ဖြစ်သည်။
အချုပ်နှောင်ခံ ပထမနှစ်တွင် ရှေ့နေလေးအား သူ၏စာအတိုများကိုကြည့်၍ဆုံးဖြတ်ရလျှင် အထီးကျန်ခြင်းနှင့် ပျင်းရိခြင်းဒဏ်ကို အလူးအလိမ့်ခံစားနေရသည်။ နေ့ရော ညပါ သူ၏အချုပ်ခန်းဆီမှ စန္ဒရားသံကို ကြားရလေသည်။ ဆေးလိပ်နှင့်ဝိုင်ကိုလည်းမတောင်းဆိုပေ။ ၀ိုင်သည် ဆန္ဒကို အားပေးအားမြှောက်ပြု၍ ဆန္ဒသည်ထောင်သားတစ်ယောက်အတွက် ပထမဆုံးသော ရန်သူဖြစ်လေသည်။ ၀ိုင်ကောင်းကောင်းကိုသောက်ပြီး မည်သူနှင့်မှ မတွေ့ရခြင်းလောက် ပျင်းစရာကောင်းခြင်းသည် မရှိ။ ဆေးလိပ်သည် သူ၏အခန်းအတွင်း လေကိုမသန့်မစင်ဖြစ်စေသည်။ ပထမနှစ်တွင် ရှေ့နေလေးဆီသို့  ရှုပ်ထွေးသော၊ အချစ်ဇာတ်လမ်းပါသော ၀တ္ထုများ၊ မှုခင်းဝတ္ထုများ၊ စိတ်ကူးယဉ်ပျော်ရွှင်ဖွယ်ဇာတ်လမ်းများကဲ့သို့သော ပေါ့ပေါ့ပါးပါးရေးထားသောစာအုပ်များကိုသာ အဓိကအားဖြင့် ပို့ပေးရလေသည်။
ဒုတိယနှစ်တွင် အချုပ်ဆောင်ဘက်မှ ဂီတသံတို့ဆိတ်ငြိမ်သွားလေသည်။ ရှေ့နေလေးသည် ဂန္ထ၀င်စာပေများကိုသာ စာတိုလေးများဖြင့်တောင်းဆိုတော့သည်။ ငါးနှစ်မြောက်တွင် ဂီတသံများပြန်လည်ကြားရပြီး အကျဉ်းစံသည် ၀ိုင်အားတောင်းဆိုသည်။ အကျဉ်းစံသည် တစ်နှစ်လုံး စားလိုက်၊ သောက်လိုက်၊ အိပ်ရာထဲတွင်ဝင်လှဲနေလိုက်၊ မကြာခဏ သန်းဝေလိုက်၊ ဒေါသတကြီးဖြင့်တစ်ယောက်တည်းစကားပြောလိုက်သာလုပ်နေသည်ဟု အချုပ်ခန်းပြတင်းပေါက်လေးမှ သူ့အားစောင့်ကြည့်သူများမှပြောသည်။ စာအုပ်များကိုလည်းမဖတ်ပေ။ တရံအခါတွင် ညအချိန်၌ ကြာရှည်စွာ စာထိုင်ရေးနေတတ်ပြီး နံနက်ခင်းရောက်လျှင် ရေးထားသမျှစာကို အပိုင်းပိုင်းဖြစ်အောင်ဆုတ်ဖြဲပစ်တတ်သည်။ ငိုကြွေးသော အသံကိုတော့ တစ်ကြိမ်တစ်ခါမှ မကြားရချေ။
ငါးနှစ်ခွဲနောက်ပိုင်းတွင် အကျဉ်းစံသည် ဘာသာစကားများ၊ အတွေးအခေါ်စာပေများ၊ သမိုင်းစာပေများကို အူလိုက် သည်းလိုက်လေ့လာသည်။ သူသည် ထိုသိပ္ပံပညာရပ်များဖြင့်သာ အလုပ်ရှုပ်နေပြီး၊ ဘဏ်သူဌေးသည်လည်း သူ့အတွက်စာအုပ်များကို ခက်ခက်ခဲခဲ မှာယူပေးရလေသည်။ လေးနှစ်အတွင်းတွင် ရှေ့နေလေး၏တောင်းဆိုချက်အရ စာအုပ်အတွဲပေါင်းခြောက်ရာခန့်မှာယူပေးရလေသည်။ ယင်း စိတ်အားထက်သန်စွာ စာဖတ်နေချိန်တွင် ဘဏ်သူဌေးသည် သူ၏ အကျဉ်းစံထံမှ စာတစ်စောင်ရလေသည်။
- ချစ်ခင်ရပါသော ကျွန်ုပ်၏ထောင်ပိုင်ကြီးခင်ဗျာ။ ထိုစာကြောင်းများကို ဘာသာစကား ခြောက်မျိုးဖြင့်ရေးပါသည်။ ကျွမ်းကျင်သူများအား ထိုစာများကိုပြပါ။ အသေအချာ ဖတ်ပါစေ။ အကယ်၍ သူတို့သည် ယင်းစာများထဲမှ အမှားတစ်ခုခု မတွေ့ခဲ့လျှင် ပန်းခြံထဲတွင် သေနတ်ဖြင့် ပစ်၍ အချက်ပြပေးရန် လူကြီးမင်းအား တောင်းဆိုပါသည်။ သေနတ်သံသည် ကျွန်ုပ်၏ အားထုတ်မှုများသည် အလဟသမဖြစ်ဟု ကျွန်ုပ်အားသိစေပါလိမ့်မည်။ ရာစုနှစ်အဆက်ဆက်၊နိုင်ငံအသီးသီးမှ ပါရမီရှင်တို့သည် ဘာသာစကားပေါင်းစုံဖြင့်ပြောဆိုကြပါသည်။ သို့သော် ၄င်းသူများအား တွန်းအားပေးသော တစ်ခုတည်းသော မီးတောက်ကလေးရှိပါသည်။ အလွန်ပင်ပျော်ရွင်ဖွယ်ကောင်းခြင်းများက ကျွန်ုပ်အားတွန်းအားပေးကာ၊ ယင်းအကြောင်းများကြောင့်ပင် ၄င်းစာများကို ကျွန်ုပ်နားလည်လာသည်ကိုသင်သိပါလိမ့်မည်။ - အကျဉ်းစံ၏ ဆန္ဒသည် ပြည့်ဝသွားလေသည်။ ဘဏ်သူဌေးသည် ပန်းခြံထဲတွင် သေနတ်သံနှစ်ကြိမ်ပေးရန် အမိန့်ပေးလိုက်လေသည်။
ထို့နောက် ဆယ်နှစ်နောက်ပိုင်းတွင် ရှေ့နေလေးသည် စားပွဲခုံရှေ့တွင် မလှုပ်မယှက်ထိုင်ကာ သမ္မာကျမ်းစာကိုသာ ဖတ်တော့သည်။ လေးနှစ်အတွင်းတွင် စာအုပ်အတွဲပေါင်း ခြောက်ရာခန့်ကို ကျွမ်းကျင်ပိုင်နိုင်သောသူသည် မထူသော၊နားလည်ရလွယ်သော စာအုပ်တစ်အုပ်တည်းကို တစ်နှစ်ခန့်အချိန်ယူကာ ဖတ်နေခြင်းက ဘဏ်သူဌေးအား အံ့အားသင့်စေသည်။ စာအုပ်အလဲတွင် သမ္မာကျမ်းစာအုပ်အား ဘာသာတရားများသမိုင်းနှင့်ထာဝရဘုရားသခင်ဆိုင်ရာများဖြင့် လဲလှယ်လေသည်။
အထိန်းသိမ်းခံ နောက်ဆုံးနှစ်နှစ်တွင် အကျဉ်းစံသည် ဆန်းစစ်ခြင်းအလျင်းမရှိဘဲ စာများကိုသာ အလွန်အကျွံဖတ်လေတော့သည်။ သူသည် သဘာဝသိပ္ပံများဖြင့်သာ အလုပ်ရှုပ်နေတတ်ပြီး၊ ဘေရွန်၊ ရှိတ်စပီးယားတို့ကိုသာတောင်းဆိုတော့သည်။ ဓာတုဗေဒဆိုင်ရာစာအုပ်၊ ဆေးပညာစာအုပ်၊ ၀တ္ထုစာအုပ်၊ အတွေးအခေါ်စာအုပ်တစ်မျိုးမျိုး၊ ထာဝရဘုရားသခင်ဆိုင်ရာ စာအုပ်တို့ကို စာတိုလေးများဖြင့်တချိန်တည်းတွင်ပင်တောင်းဆိုသည်။ သူစာဖတ်ပုံသည် ပင်လယ်အတွင်း သင်္ဘောပျက်အပိုင်းအစများအလယ်တွင်ရေကူးရင်း မိမိအသက်ကို မိမိကိုယ်တိုင် ကယ်တင်ရန်မျှော်လင့်ကာ သင်္ဘောပျက်အပိုင်းအစ တစ်ခုပြီးတစ်ခုကို အငမ်းမရ လိုက်လံဖမ်းဆီးနေသကဲ့သို့ပင်ရှိနေလေသည်။
(၂)
အသက်အရွယ်ရလာပြီဖြစ်သော ဘဏ်သူဌေးသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို ပြန်လည်သတိရနေပြီး စဉ်းစားနေလေသည်။
- မနက်ဖြန် ဆယ့်နှစ်နာရီဆိုရင် သူလွတ်တော့မယ်။ သဘောတူထားတာအရဆိုရင် ငါက သူ့ကို ပိုက်ဆံနှစ်သန်းရှုံးကြေးပေးရတော့မယ်။ ရှုံးကြေးပေးလိုက်ရရင်တော့ ငါ့ရှိတာ အကုန်ကုန်ပြီး နောက်ဆုံးတော့ ငါ့ဘ၀ပဲ ပျက်ဆီးတော့မယ်။
လွန်ခဲ့သော တစ်ဆယ့်ငါးနှစ်က မိမိထံတွင် ငွေသန်းပေါင်းမည်မျှမည်ရွေ့ရှိသည်ကို မသိနိုင်လောက်အောင်ချမ်းသာခဲ့သော ဘဏ်သူဌေးသည် ယခုအချိန်တွင် မိမိထံတွင်ရှိသောပိုက်ဆံနှင့် အကြွေး မည်သည်က ပိုများနေသနည်းဆိုသည်ကိုပင် မိမိကိုယ်ကို မဆန်းစစ်ရဲ ဖြစ်နေလေသည်။ စိတ်ထင်လျှင်ထင်သလို အလျင်စလိုကစားရသော စိတ်လှုပ်ရှားဖွယ် အလွန်ကောင်းသော အလောင်းအစားများကိုလည်း အသက်အရွယ်ကြီးသည်အထိ မစွန့်ပယ်နိုင်ဖြစ်ကာ၊ မိမိရဲ့အလုပ်များကိုလည်း စိတ်မ၀င်စားတော့ဘဲ အကြောက်အရွံ့ကင်းသော၊ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသော၊ အလွန်ပင်မာန်မာနကြီးသော သူဌေးကြီးသည် မိမိထံတွင်ငွေကြေးပမာဏ နည်းသွားသလား၊ များလာသလား ဆိုသည့်အပေါ်တွင်စိတ်လှုပ်ရှားရသော အလယ်အလတ်တန်းစား ဘဏ်သူဌေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲရောက်ရှိနေလေတော့သည်။
- သောက်အလောင်းအစား! - အဖိုးကြီးသည် တစ်ယောက်တည်း ခေါင်းကုတ်၍ စိတ်ညစ်ညစ်ဖြင့်တိုးတိုးရေရွတ်လိုက်သည်။- ဘာကိစ္စ ဒီကောင်က မသေရတာလဲကွာ။ အခုမှ အသက်က လေးဆယ်ပဲရှိသေးတယ်။ သူက ငါဆီက ရှိတာတွေအကုန်ယူမယ်၊ မိန်းမယူမယ်။ ပြီးရင် ဒီငွေတွေနဲ့ လုပ်ကိုင်စားသောက်ပြီး ဘ၀ကိုကျေနပ်နေမယ်။ ငါကကျတော့ သူတောင်းစားတစ်ယောက်လို မနာလိုဝန်တိုစိတ်တွေနဲ့ - ကျွန်တော့်ဘ၀ရဲ့ ကျေးဇူးရှင်အဖြစ်နဲ့ ခင်ဗျားကို ကူညီပါရစေ- ဆိုတဲ့ စကားကို နေ့တိုင်းကြားရတော့မယ်။ အဲဒီလိုတော့အဖြစ်မခံနိုင်ဘူး။ ငါ့အရှက်နဲ့ ငွေကြေးအတွက် မင်းသေမှ ဖြစ်မယ်။
သုံးနာရီ ထိုးလေပြီ။ ဘဏ်သူဌေးသည် နားစွန့်ကြည့်ရာ အိမ်အတွင်းမှလူများအိပ်နေကြပြီဖြစ်ပြီး၊ ပြတင်းပေါက်အပြင်ဘက်မှ သစ်ပင်များမှ သစ်ရွက်လေတိုးသံသာကြားရလေသည်။ အသံနည်းနည်းမှ မထွက်စေရန်ကျိုးစားကာ မီးခံသေတ္တာထဲမှ ဆယ့်ငါးနှစ်လုံးလုံး အသုံးမပြုရသေးသော တံခါးသော့ကို ယူကာ ကုတ်အင်္ကျီဝတ်၍ အိမ်ထဲမှ ထွက်ခဲ့လေသည်။
ပန်းခြံထဲတွင် မှောင်းမည်း၍ အေးစက်နေလေသည်။ မိုးရွာနေသည်။ မိုးသက်လေပြင်းက ပန်းခြံအတွင်းဖြတ်သန်းတိုက်ခတ်သွားကာ သစ်ပင်ကြီးများလည်း လှုပ်ခတ်နေလေတော့သည်။ ဘဏ်သူဌေးသည် မျက်မှောင်ကုတ်ကာ ကြည့်သော်လည်း မြေကြီးကိုသော်လည်းကောင်း၊ ရုပ်ထုဖြူဖြူများကိုလည်းကောင်း၊ အချုပ်ဆောင်ကိုသော်လည်းကောင်း၊ သစ်ပင်များကိုလည်းကောင်း မမြင်ရပေ။ အချုပ်ဆောင်ဘက်သို့ မှန်းဆ၍ သွားကာ အစောင့်အား နှစ်ကြိမ်နှစ်ခါ ခေါ်ကြည့်သော်လည်း အဖြေသံကိုမကြားရပေ။ အစောင့်သည်လည်း ရာသီဥတုမကောင်း၍ မီးဖိုထဲတွင်သော်လည်းကောင်း၊နွေးသောတစ်နေရာရာတွင်သော်လည်းကောင်း သွား၍အိပ်နေပေတော့မည်။
- ငါ့အကြံအောင်မြင်သွားရင်လဲ သံသယကတော့ အစောင့်အပေါ်ကိုပဲ ကျမှာပဲ။ - ဘဏ်သူဌေးက စဉ်းစားသည်။
သူသည်အမှောင်ထဲတွင် လှေကား၊တံခါးတို့ကို လက်ဖြင့်စမ်းကာ အချုပ်ဆောင်ရှေ့ကိုရောက်သွားကာ အဆောင်အတွင်းလျှောက်လမ်းလေးသို့ရောက်သောအခါ မီးခြစ်ကိုခြစ်လိုက်သည်။ သက်ရှိဟူ၍ တစ်ခုမှ မရှိချေ။ အိပ်ရာခင်းမရှိသော ကုတင်တစ်လုံး နှင့် ထောင့်တစ်နေရာတွင် သံမီးဖိုတစ်ခုရှိလေသည်။ အချုပ်ခန်းအား ချိပ်ပိတ်ကာ ထားလေသည်။
မီးခြစ်မီးသေသွားသောအခါ စိတ်လှုပ်ရှားမှုကြောင့် တုန်လှုပ်နေသော အဖိုးကြီးသည် တံခါးပေါက်လေးမှ ချောင်းကြည့်လေသည်။ အချုပ်ခန်းအတွင်းတွင် ဖယောင်းတိုင်မီးရောင် မှိန်မှိန်လေး လင်းနေသည်။ အကျဉ်းစံသည် စားပွဲခုံရှေ့တွင် ထိုင်နေလေသည်။ သူ၏နောက်ကျောပြင်ကြီးနှင့် လက်ပေါ်ထိဝဲကျနေသောဆံပင်တို့ကိုသာ မြင်ရသည်။ စားပွဲခုံပေါ်၊ ကုလားထိုင်နှစ်ခုပေါ်၊ ကော်ဇောပေါ်နှင့် စားပွဲခုံအနီးတွင် အဖုံးပွင့်နေသောစာအုပ်များ ပြန့်ကျဲနေလေသည်။
ငါးမိနစ်ခန့်ကြာသွားသည်အထိ အကျဉ်းသားသည် တစ်ချက်ကလေးမျှ မလှုပ်ရှားပေ။ တစ်ဆယ့်ငါးနှစ်ကြာ အကျဉ်းချထားခြင်းက သူအား မလှုပ်မယှက်ထိုင်တတ်ရန် သင်ပေးလေသည်။ ဘဏ်သူဌေးသည် တံခါးကိုလက်ဖြင့်ခေါက်သော်လည်း အကျဉ်းသားသည် တုပ်တုပ်မျှမလှုပ်ချေ။ ထိုအခါ ဘဏ်သူဌေးသည် တံခါးဆီမှ ချိပ်ကို သတိတကြီးဖြင့် ခွာပြီး သော့ပေါက်ထဲသို့ သော့ကိုသေချာစွာ ထည့်လေသည်။ သံချေးတက်နေသော သော့ဆီမှ ခက်အက်အက်အသံ ထွက်လာပြီး တံခါးသည် တကျွီကျွီအသံထွက်ကာ ပွင့်သွားလေသည်။ ဘဏ်သူဌေးသည် အလန့်တကြားအော်သံနှင့် ခြေသံတစ်ခုတစ်လေကြာရလေမည်လားဟု သုံးမိနစ်လောက်ကြာအောင် စောင့်ကြည့်သော်လည်း တံခါးနောက်ကွယ်တွင် အရင်အတိုင်းပင် တိတ်ဆိတ်လျက်သာရှိနေလေသည်။ အခန်းအတွင်သို့ဝင်ရန်ဆုံးဖြတ်လိုက်လေသည်။
စားပွဲခုံ၏နောက်တွင် သာမန်လူများနှင့်မတူသော လူတစ်ယောက်သည် မလှုပ်မယှက်ထိုင်နေလေသည်။ တကယ်တော့ လိမ်ကောက်ကောက်နှင့် စုတ်ဖွာဖွာဖြစ်နေသော ရှည်လျားရှုပ်ပွနေသော မုတ်ဆိတ်မွှေးများရှိသည့် အရေပြားများဖုံးလွှမ်းထားသော အရိုးစုတစ်ခုသာဖြစ်လေသည်။ သူ၏မျက်နှာသည်လည်း ၀ါကြန့်ကြန့်ဖြူဖတ်ဖြူရော်နှင့်ဖြစ်ကာ ပါးနှစ်ဖက်သည် ပိန်ခွက်ဝင်နေပြီး ကျောလျားကြီးသည်ကား ပိန်သေးရှည်လျားကာ ဆံပင်များရှုပ်ပွနေသော ခေါင်းကို ထောက်ထားသော လက်နှစ်ဖက်မှာကား ပိန်သေးကျုံလှီကာ မြင်ရသည်မှာ အလွန်အမင်း စိတ်မသက်မသာဖြစ်ရလေသည်။ ဆံပင်သည်လည်း မီခိုးရောင်ဖြစ်နေပြီး အဖိုးအိုကြီးတစ်ယောက်ကဲ့သို့ မျက်နှာကြီးပိန်ရှုံ့နေသည်မှာ မည်သူတစ်ဦးတစ်ယောက်ကမှ သူသည် အသက်လေးဆယ်သာရှိသေးသည်ကို ယုံကြည်ကြမည်မဟုတ်ပေ။ သူသည်အိပ်ပျော်နေလေသည်။ သူ၏ခေါင်းငိုက်စိုက်၏ရှေ့ စားပွဲပေါ်တွင် လက်ရေးသေးသေးလေးဖြင့်တစ်ခုခု ရေးထားသောစာရွက်တစ်ရွက်ရှိနေလေသည်။
- သနားစရာပဲ - ဘဏ်သူဌေး စိတ်ထဲတွင် ပြောလေသည်။ အိပ်နေပြီး ပိုက်ဆံတွေများ သန်းချီပြီအိပ်မက်နေလားမသိ။ ဒီသေခါနီးလူကို အိပ်ရာပေါ်ဆွဲတင်ပြီး ခေါင်းအုံးနဲ့ဖိပြီ အသက်ရှုကျပ်အောင်လုပ်ပြီး သတ်လိုက်ရင် ငါတမင်ကြံစည်ပြီးသတ်တယ်ဆိုတာ ဘယ်သူမှလည်းသိမှာမဟုတ်ပါဘူး။ နေပါဦးလေ၊ ဘာတွေရေးထားလည်း အရင်ဖတ်ဦးမှ။
ဘဏ်သူဌေးသည် စားပွဲပေါ်မှ စာရွက်ကိုယူကာ ဖတ်လေသည်။
- မနက်ဖြန်၁၂ နာရီဆိုရင် ကျွန်တော်လွတ်လပ်ပါပြီ။ လူတွေနဲ့လည်း စကားပြောရတော့မယ်။ ဒီအခန်းထဲကမထွက်ခင် နေကိုမမြင်ရသေးခင် ခင်ဗျားကို စကားအနည်းငယ်ပြောဖို့လိုတယ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော့်အား ကောင်းစွာသိမြင်တော်မှုသော ဘုရားသခင်ရှေ့မှောက်တွင် စင်ကြယ်သော လိပ်ပြာဖြင့် ရိုးသားစွာ ပြောရလျှင် ကျွန်တော်သည် သင်၏စာအုပ်များတွင် ကောင်းချီးမင်္ဂလာများဟုဆိုသော လွတ်လပ်ခြင်း၊ ဘ၀နှင့်ကျန်းမာခြင်းတို့အား စက်ဆုပ်နေပါသည်။ ကျွန်တော်သည် ဆယ့်ငါးနှစ်လုံးလုံး သတ္တလောကကို သေချာစွာလေ့လာခဲ့ပါသည်။ ကမ္ဘာမြေနဲ့ လူသားတွေကို မတွေ့ခဲ့ရတာ မှန်ပေမယ့် သင်၏ စာအုပ်တွေမှနေပြီး မွှေးကြိုင်တဲ့ ၀ိုင်အရက်ကိုသောက်ခဲ့ပြီး၊ သီချင်းတွေကိုလည်း သီကြွေးခဲ့ပါတယ်။ ချစ်စရာကောင်းသောသမင်များ၊ ရိုင်းစိုင်းသော တောဝက်များ ပေါများလှသည့် သစ်တောအုပ်တွေထဲလည်း အနှံ့ရောက်ခဲ့ပါတယ်။ မိန်းမတွေကိုလည်းချစ်ခဲ့ပါတယ်။ သင်ရဲ့ လွန်စွာတောက်ပြောင်လှသော ကဗျာတွေရဲ့ မှော်အစွမ်းနဲ့ ဖန်တီးထားတဲ့ တိမ်စိုင်တွေလို ပေါ့ပါးလွတ်လပ်နေသော အလှနတ်သမီးတွေက ညစဉ် ကျွန်ပ်ထံရောက်လာပြီး အံ့ဖွယ်ပုံပြင်တွေကို တီးတိုးပြောကြားကာ၊ အဲဒါတွေကြောင့် ကျွန်ုပ်ဦးခေါင်းလည်း ရီဝေမူးနောက်ခဲ့ပါပြီ။ သင့်ရဲ့စာအုပ်တွေထဲကနေပြီး အဲဗရု(စ်)တောင်နဲ့ ဗလန့်တောင်ထိပ်တွေထိ တက်ခဲ့ပြီးတော့၊ ထိုနေရာမှ မနက်ခင်း နေမင်းကြီး ထွက်လာတာကိုရော၊ ညနေခင်းမှာ နေမင်းက ကောင်းကင်၊ ပင်လယ်နဲ့ တောင်ထိပ်တွေကိုအနီရောင်တောက်တောက် ရွှေရည်တွေဖြန်းပက်တဲ့အလှတွေကိုရောပါ တွေ့ခဲ့၊မြင်ခဲ့၊ ခံစားခဲ့ပါတယ်။ အဲဒီကနေပြီးတော့ ကျွန်တော်အပေါ်ကတိမ်မဲတွေလွင့်စင်ပြီး၊ အလင်းရောင်တွေဖြာထွက်တောက်ပတာကို မြင်ခဲ့ပါတယ်။ သစ်တောစိမ်းစိမ်းတွေ၊ လယ်ကွင်းကျယ်ကျယ်တွေ၊ မြစ်ချောင်းတွေ၊ ပင်လယ်တွေ၊ မြို့ပြတွေကို မြင်ခဲ့ရ၊ ကျေးငှက်တွေတေးသီကြတာတွေ၊ လယ်သမားတွေရဲ့ ပုလွေသံသာတွေကို ကြားခဲ့ရ၊ ဘုရားအကြောင်းဆွေးနွှေးဖို့ဆိုပြီး ကျွန်တော့်ဆီကို ပျံသန်းရောက်ရှိလာတဲ့ နတ်ဆိုးလှလှတွေရဲ့ အတောင်ပံတွေကိုလည်း ထိတွေ့ခံစားခဲ့ရပါတယ်။ သင်၏ စာအုပ်တွေထဲမှာပဲ ကျွန်တော်ဟာ အဆုံးမရှိသော ချောက်နက်ထဲကို ပြုတ်ကျခဲ့သလို၊ အံ့ဖွယ်အရာတွေကိုလည်း တီထွင်ခဲ့ပါတယ်။ သတ်ခဲ့ ဖြတ်ခဲ့သလို၊ မြို့တွေကိုလည်း မီးရှို့ခဲ့ပါတယ်။ ဘာသာတရားအသစ်ကို လိုက်လံဟောကြားခဲ့သလို ဘုရင်မျိုးဆက်တစ်ခုလုံးကိုလည်း အောင်နိုင်ခဲ့ပါတယ်။
သင်၏ စာအုပ်တွေက ကျွန်တော့်အား ဉာဏ်ပညာကိုလည်း ရစေပါတယ်။ ရာစုနှစ်ပေါင်းများစွာ မဆုတ်မနစ်ကျိုးစားခဲ့တဲ့ လူသားအတွေးအခေါ်တွေကိုလည်း ကျွန်တော့်ရဲ့ ဦးဏှောက်အခန်းကျဉ်းလေးထဲမှာ ပြွတ်သိပ်ပြီး ထည့်ထားခဲ့ပါတယ်။ ကျွန်တော် ခင်ဗျားတို့အားလုံးထက် ပိုပြီးတော်တယ်ဆိုတာ သိပါတယ်။ သင်၏ စာအုပ်တွေအားလုံးကိုလည်း အထင်အမြင်သေးပြီး ရွံရှာစက်ဆုပ်ပါတယ်။ ကောင်းချီးမင်္ဂလာနှင့် ဉာဏ်ပညာအမြော်အမြင်များကိုလည်း ရွံရှာစက်ဆုပ်ပါတယ်။ အားလုံးဟာ သေးမွှားစွာ၊ ပျက်ဆီးလွယ်စွာ၊ အရိပ်အရောင်ဆန်စွာ၊ ထင်ယောင်ထင်မှား ဖြစ်ဖွယ် တံလျှပ်ကဲ့သို့သာ ဖြစ်ပါသည်။ သင်သည် ကြီးမြတ်သူ၊ အမြော်အမြင်ကြီးမားသူ၊ တင့်တယ်ထည်ဝါသူဟု ဆိုသော်လည်း မြေအောက်ကြွက်များကဲ့သို့ သေခြင်းတရားက ကမ္ဘာမြေမျက်နှာပြင်မှ ရှင်းလင်းဖယ်ဆောင်သွားမည်သာ ဖြစ်ပါသည်။ သင်၏ နောက်မျိုးဆက်များ၊ သမိုင်းများ၊ သင်၏ ပါရမီရှင်များ၏ အဆုံးမရှိခြင်းများသည်လည်း ကမ္ဘာမြေနှင့်အတူ အေးခဲသွားမည်လား၊ လောင်းကျွမ်းသွားမည်လား။
- သင်သည်လည်း သတိကင်းလွတ်ခဲ့ပြီး ထိုလမ်းအတိုင်းပင်လျှောက်နေပေသည်။ သင်သည် မုသားများကိုအမှန်အဖြစ်ယူဆကာ၊ အလှတရားများကိုလည်း အကျည်းတန်အဖြစ်ယူဆခဲ့ပါသည်။ အကယ်၍ အကြောင်းအရာတစ်ခု၏ အကျိုးဆက်တစ်ခုက ပန်းသီးပင်၊ လိမ္မော်သီးပင်တွေပေါ်တွင် အသီးများသီးရမည့်အစား ဖားများ၊ အိမ်မြှောင်များ ရုတ်တရက် ကြီးထွားလာခဲ့သော်၊ နှင်းဆီပန်းပွင့်တွေမှ မြင်းချွေးနံ့ထွက်ခဲ့သော် သင် အံ့သြကောင်း အံ့သြလိမ့်မည်ဖြစ်သည်။ အလားတူပင် ကောင်းကင်အား ကမ္ဘာမြေနှင့် အလဲအလှယ်လုပ်ခဲ့သော သင့်အား ကျွန်တော်ကိုလည်း အားအံ့အားသင့်စေပါသည်။ သင့်အား ကျွန်တော် နားလည်ရန်အလိုမရှိတော့ပါ။
- သင် နေထိုင်ကျင်လည်နေသော လောကကြီးအား အထင်အမြင်သေးကြောင်း ပြသရန်အတွက် ယခုလွန်စွာစက်ဆုပ်နေပြီ ဖြစ်သော၊ ယခင်က နတ်ပြည်နတ်နန်းကဲ့သို့ပင် လွန်စွာတပ်မက်ခဲ့သော ပိုက်ဆံနှစ်သန်းအားလည်း ငြင်းပယ်ပါသည်။ မိမိကိုယ်ကို ကာကွယ်ရန်အတွက် ယခုနေရာမှ သတ်မှတ်ချိန်ထက် ငါးနာရီစောပြီး ထွက်၍ စာချုပ်အား ပျက်ဆီးစေမည်ဖြစ်ပါသည်။
ယင်းစာအားဖတ်ပြီးသောအခါ ဘဏ်သူဌေးသည် စာရွက်အား စားပွဲပေါ်တွင်ချထားလိုက်ပြီး၊ ထူးဆန်းသော လူ၏ဦးခေါင်းအား နမ်းကာ မျက်ရည်ကျ၍ အချုပ်ခန်းအတွင်းမှ ထွက်ခွာသွားလေသည်။ အလောင်းအစားလုပ်၍ အလွန်အမင်းရှုံးသည့်အခါတွင်ဖြစ်စေကာမှု ယခုအချိန်လောက် မိမိကိုယ်ကို အထင်အမြင် မသေးဘူးချေ။ အိမ်သို့ရောက်ပြီး အိပ်ရာထဲတွင်လှဲနေသော်လည်း စိတ်လှုပ်ရှားမှုများ၊ မျက်ရည်များဖြင့် အိပ်၍ပင်မပျော်တော့ပေ။
နောက်နေ့ နံနက်ခင်းတွင် သွေးပျက်နေသော အစောင့်သည် အပြေးရောက်လာကာ ဘဏ်သူဌေးအား အချုပ်ခန်းအတွင်းနေသော လူသည် ပြတင်းပေါက်မှ ကျော်ကာ ပန်းခြံအတွင်းဆင်း၍ ၀န်းတံခါးမှ ထွက်ခါ တစ်နေရာရာသို့ ထွက်သွားကြောင်း အကြောင်းကြားလေသည်။ ဘဏ်သူဌေးသည် အခိုင်းအစေများနှင့်အတူ အချုပ်ခန်းသို့ ချက်ခြင်းသွားကာ အကျဉ်းသားထွက်ပြေးသွားခြင်းကို သေချာစေခဲ့သည်။ စကားပိုများ ထွက်ပေါ်မလာစေရန်အတွက် ဘဏ်သူဌေးသည် စားပွဲပေါ်မှ စာရွက်ကို မသိမသာယူလာပြီး အိမ်သို့ရောက်သောအခါ မီးခံသေတ္တာအတွင်းထည့်၍ သော့ခတ်သိမ်းဆည်းလိုက်တော့သည်။
၁၈၈၈ ခုနှစ်။
ပြီး၏။
အန်တွန် ပါဗလိုဗစ်(ခ်ျ) ချက်ဟော့(ဗ်)
ဇနိမြန်မာပြန်သည်။

1 comments:

မောင်ဖြူ June 29, 2007 at 11:32 AM  

အရမ်းကောင်းတယ်ဗျာ။ အထူးသဖြင့် “ကျွန်တော့်ဘ၀ရဲ့ ကျေးဇူးရှင်အဖြစ်နဲ့ ခင်ဗျားကို ကူညီပါရစေ” ဆိုတာမျိုး၊ ပြီးတော့ အကျည်းစံရဲ့ စာတွေပေါ့။ အချိန်ကုန်ခံပြီး မျှဝေပေးတဲ့အတွက်ကျေးဇူးပါဗျာ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP