ဝဋ်ရှိလို့ တော်ကြတာပါဗျာ

>> Monday, August 27, 2007


ဝဋ်ရှိလို့ တော်ကြတာပါဗျာ
မြင့်သန်း
စတိုင်သစ်၊ ဇူလိုင်၊ ၂၀၀၃။

ဦးမှန်က နာမည်တစ်လုံးနဲ့နေတာ။ ဓာတ်ဆရာဦးမှန်ဆိုတာကိုသာ ကြည့်။ ဒီတစ်ကြောမှာတော့ သူ့ကို ယုံကြတယ်။ ယုံဆို ဦးမှန်က မဟုတ်တာ မပြောဘူး။ စကားပြောရာမှာလည်း အပိုဆာဒါးနဲ့ မလိုတာများ မပါဘူး။ စမ်းတွင်းဘက်ဆီက သြဠာရိက ဆရာခဆိုရင် ဆေးဝါးတင်မကဘူး၊ စာတွေဘာတွေ အတော်ရတယ်။ ဒီတော့ ဆေးပေးဖို့ကို သူက အတော်ညွှန်းနေသေးတာ။ အညွှန်းကြားရတာနဲ့ကို လူနာက အဖျားပျောက်ချင်သလောက်တောင် ဖြစ်တတ်တယ်။ အဲဒီလိုပဲ အထက်ဘက်ဆီက မကြာမကြာလာတတ်တဲ့ အာယုဗေဒ ဦးဖိုးလှများဆိုရင်လည်း လူနာကို မကြည့်ခင် လေတစ်လုံး မိုးတစ်လုံး ပြောနေတာနဲ့ကို လူနာက သူငယ်အိမ်စိုက်သွားရော။ ဦးမှန်တို့က အဲဒီလိုမဟုတ်ဘူး။ ပြောတော့ပြောတယ်။ လေထွားတာ၊ လောကြွားတာမျိုးတွေ မဟုတ်ဘူး။ သူက စကားအခံကလေးနဲ့ ဆေးကုတာ။ "၀ဋ်နာ၊ ကံနာကလွဲလို့တော့ ဆရာ ဘာမှမကြောက်ဘူး။ သူများလို ဇာမချဲ့ဘူး။ ဦးမှန်ပြောတာ မမှန်လို့များတော့ အကြောက်အကန်မပြောဘူး။ ကိုယ့်အိမ်ကိုယ်ပဲ ပြန်မယ်"တဲ့။ အဲဒီအပြောကို ဘယ်သူက ဘယ်လို စလိုက်တယ်မသိဘူး။ "ဦးမှန် မမှန်၊ အိမ်ကိုပြန်"ရယ်လို့ ကလေးတွေ ပါးစပ်ထဲမှာ တစ်ဘောင်ပေါ်သလို ဖြစ်နေတယ်။

ခက်တာတစ်ခုက ၀ဋ်နာကံနာဆိုတဲ့ ကိစ္စပဲ။ ဘယ်လိုဟာမျိုးက ၀ဋ်နာကံနာပဲရယ်လို့တော့ လူတွေက သိချင်တာပေါ့။ စာသင်တိုက်ကြီးက တိုက်အုပ်ကတော့ ပြောတာပဲ။ ၀ဋ်နာကံနာဆိုတာက ကုလို့မရနိုင်တဲ့ရောဂါတဲ့။ ၀ဋ်ကြွေးရှိလို့ဖြစ်တာ။ ကံကြွေးရှိလို့ ဖြစ်တာတဲ့။ ဒီတော့ ဦးမှန်ကုလို့မရတဲ့လူမှန်သမျှ ၀ဋ်ကြွေးကံကြွေးရှိတဲ့ လူတွေချည်းလို့ပဲ ပြောရတော့မှာပဲ။ ဆယ်ပင်စုက မောင်အုန်းကိုပဲ ကြည့်တော့။ ထန်းတက်နေတာ အကောင်းသား။ အလကား လျှာရှည်ပြီး ဟိုဘက်ကမ်း လိုက်သွားတယ်။ သင်္ဘောကူလီသွားလုပ်သတဲ့။ အဲဒီက ဖျားနာပြီး ပြန်လာတယ်။ မကြာမကြာ မြစ်ထဲရေဆင်းချိုးရာက အပူရှပ်တယ်ဆိုပဲ။ ရွာပြန်ရောက်တော့ ဦးမှန်နဲ့ ကုတယ်။ မရပါဘူး။ သူနဲ့အတူ ဟိုဘက်ကမ်းသွားပြီး အလုပ်လုပ်တဲ့ သူငယ်တွေပြောတော့ ဒီကောင်က ဇကလေးရှိတယ်။ မိန်းမလိုက်စားတယ်တဲ့။ ရောဂါက အပူရှပ်တာမှမဟုတ်ဘဲ။ ကာလသားရောဂါ ဆိုသလားပဲ။ ဦးမှန်ကတော့ အပူရှပ်တာက ဓာတ်သဘောနဲ့ဆိုင်လေတော့ အုန်းစိမ်းရေကလေးတိုက်ပြီး နေမကျခင် ခေါင်းက ရေလောင်းချိုးခိုင်းနေတာ။ မောင်အုန်းခမျာမလဲ မသေခင် ချမ်းလွန်းလို့ ဆတ်ဆတ်ကို တုန်နေတာ။ နောက်ဆုံးတော့ မရပါဘူး။
ဦးမှန်ကြီး လက်လျှော့ရမလို ဖြစ်နေတုန်း မောင်အုန်းဇာတ်လမ်းကို လူကြီးတွေ သိသွားကြတယ်။ ကာလသားခေါင်း သောင်းစိန်က တိုက်အုပ်ကို လျှောက်လိုက်တယ်။ ဒီတော့ တိုက်အုပ်လည်း မနေသာဘူး။ ဦးမှန်ကို အကြောင်းစုံ ခေါ်ပြောပြရတယ်။ ဒီတော့ ဦးမှန်ကပြောသတဲ့ "တပည့်တော်လည်း အထင်သား"တဲ့၊ "ဒီကိစ္စက ၀ဋ်နာကံနာပဲ"တဲ့။ ဒီတော့ ဘုန်းကြီးလေးက "ခုခေတ်အပြောတော့ ကာလသားရောဂါပေါ့ဗျာ"လို့ မယုတ်မလွန်လေး ပြောတယ်။ ဒီတော့ ဦးမှန်ကပြောသတဲ့။ "အဲဒါကို တပည့်တော်ပြောတာပေါ့၊ တဏှာကြောင့်၊ ဥပါဒါန်ကြောင့်၊ အ၀ိဇ္ဇာကြောင့်ဖြစ်တာတွေဟာ ကိလေသာဝဋ်ပဲ မဟုတ်ပေဘူးလား ကိုယ်တော်။ ကိလေသာဝဋ်လည်း ၀ဋ်တစ်ပါးပဲဗျ"တဲ့။ ဒီတော့လည်း တိုက်အုပ်ဘုန်းကြီးကလေးက ဘာပြန်ပြောနိုင်တော့မှာတုန်း။ အသာခေါင်းညိတ်ရုံပဲ။ ဒါတောင် နောက်ဆုံးအနေနဲ့ ရသမျှ ဓာတ်နဲ့တွက်ချက်ပြီး ကိလေသာကို တန်ပြန်နိုင်အောင် စီးပစ်ရမယ်ဆိုပြီး ကာလီသီးထောင်းပြီး မောင်အုန်းပါးစပ်ထဲ အတင်းခွံ့ခိုင်းတာ။ မောင်အုန်းခမျာ သေသာသွားရော၊ ခေါင်းက ရေလောင်းလောင်းပြီး ချိုးပေးကြတာများလို့ ချမ်းကလည်းချမ်း၊ ကာလီသီးထောင်း ခွံ့တာ မြိုရလို့ ပါးစပ်ကလည်း စပ်လို့ ပြဲနေရှာတာ။ သေတော့ မျက်စိတောင် အတော်ပိတ်ယူကြရတယ် ပြောတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ သေမှတော့ ၀ဋ်နာကံနာချည်းပဲလို့ ပြောကြရတော့တာပဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ဘယ်သူကမှ ဦးမှန်ကို အပြစ်မပြောကြပါဘူး။ သူလက်လွှတ်ရသမျှ ၀ဋ်နာကံနာလို့ သူက ပြောပြီးသားကိုး။ ဒါပေတဲ့ တောင်ရွာက ကာလသားခေါင်း သောင်းစိန်ကတော့ သိပ်ဘ၀င်မကျဘူး။ လမ်းမှာ ဦးမှန်နဲ့တိုးရင် တံတွေးကို ပစ်ခနဲထွေးပြီး၊ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေလို့ ဦးမှန်ကြားအောင် ပြောတယ်။ ဒိပြင် "ကျုပ်များ မပြောကောင်း မဆိုကောင်း၊ သေကောင်ပေါင်းလဲ ဖြစ်လို့များတော့ သင်္ချိုင်းကုန်းမှာသွားပြီး ပစ်သာထားလိုက်ကြ။ ဦးမှန်နဲ့တော့ မကုကြနဲ့"လို့ လူထူထူမှာ ဦးမှန်ကြားအောင်လည်း ပြောတတ်တယ်။ ဦးမှန်ကတော့လည်း သောင်းစိန်ကြားအောင် မကြားတကြားပြောတယ်။ "မင်းနဲ့ငါ တွေ့ကြရဦးမှာပါ"တဲ့။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့ဆုံလို့ တခြားတစ်ယောက်အကြောင်း ပြောကြပြီဆိုရင်ဖြင့် သူကြီး ဦးကံရက "မင်းတို့နှစ်ယောက်မှာလည်း ဘယ်ဝဋ်နဲ့ ဒီမှာလာဆုံနေကြတယ် မသိဘူး"လို့ သူကိုယ်တိုင် ဘယ်တော့မှ ဖြေနိုင်မှာမဟုတ်တဲ့ မေးခွန်းကို အမြဲမေးလေ့ရှိတယ်။
ဖြစ်ချင်တော့ ရွာနှစ်ရွာကြားမှာနေတဲ့ စံထားသေတယ်။ စံထားညီ ငခွေးနဲ့ သောင်းစိန်က အတူကြီးကြတာ။ စံထားတို့အိမ်က သောင်းစိန်ရဲ့ စားအိမ်သောက်အိမ်။ ငခွေးက သောင်းစိန်ရဲ့ လက်ရုံး။ သောင်းစိန်က ကာလသားခေါင်း။ အရိုက်ကောင်းတယ်၊ လက်ယဉ်တယ်ဆိုပေတဲ့ တကယ်ရိုက်တာ ငခွေးကရိုက်တာ။ ငခွေးက မူးကွဲ၊ မတ်ကွဲလောက်တင် မဟုတ်ဘူး။ ဂျိုဇောင်း ဗွေပေါက်လို့ခေါ်တဲ့ ခေါင်းမကွဲဘဲ၊ ဘေးဘက်မှာ အဖုကြီး သီးထွက်လာရုံလောက် ရိုက်တာမျိုးလည်း ပိုင်တယ်။ ခေါင်းဘေးမှာ အသီးကြီးထွက်နေတော့ လူတိုင်းမြင်တယ်မဟုတ်လား။ ဒါမျိုးက လူရိုက်ခံရတယ်လို့ သိက္ခာကျရုံ ကျစေချင်လို့ ရိုက်တာမျိုး။ ကွဲစေချင်လို့ တုတ်နဲ့ရိုက်တာ မဟုတ်ဘူး။ ကြေးပြားစေ့တွေကို အတောင့်လိုက်ဖြစ်အောင် အိတ်ထဲထည့်ပြီး ချုပ်ထားတာနဲ့ ရိုက်ရတာ။ အသီးထွက်ရုံမကဘူး၊ ဂျိုဇောင်းမှာ ရိုက်ရာကျန်စေချင်ရင် ဂုန်နီကြမ်းစပတ်ပြီး ရိုက်ဆွဲရိုက်ရသတဲ့။ ဆာလာအိတ်စနဲ့ဆို မဖြစ်ဘူး။ နည်းနည်းနုတာကိုး။ ထားဦး။ ငခွေးရဲ့ ရိုက်နည်းတွေ။ သူ့အစ်ကို စံထားအကြောင်း ဆက်ရအောင်။ စံထားက ၀က်အမွေးကောင်းတယ်။ သားစပ်ကောင်းတယ်ပြောရမယ်။ ဒီတစ်ကြောမှာ နာမည်ရတယ်။ လိုချင်တဲ့လူတွေက မှာတောင်ထားရတယ်။ တံတားထိပ်ကားဆိပ်က အာ့စိန်ကြီးသူငယ်ချင်း အာ့ဖောင်ဆိုရင် ပိုက်ဆံတွေဘာတွေတောင် ကြိုပေးပြီး မှာတယ်လို့ကြားရတာပဲ။ ညီအစ်ကိုနှစ်ယောက် ၀က်မွေးကြတယ်ဆိုပေတဲ့၊ စံထားက အစကအဆုံးလုပ်တာပဲ။ သူများကို ခိုင်းလည်း စိတ်တိုင်းမကျတတ်တဲ့လူမျိုး။ ခိုင်းဖို့စေဖို့ ကောင်ကလေးတွေ ရှိပေတဲ့ သူ့ဘာသာလုပ်ရမှ ကျေနပ်တဲ့လူမျိုး။ ဟိုတစ်လောဆီကတော့ ၀က်ပေါက်ကလေးတွေ ထပ်ကျတော့ ခြံထောင့်နားက လူးကျင်းကို နည်းနည်းထပ်ချဲ့တယ်။ ကောင်ကလေးတွေ လုပ်ပြီးသားပဲ။ အဲဒါကို သူက မနေနိုင် မထိုင်နိုင်နဲ့ သွားပြီး နွံတွေကို နင်းကြည့်တာ၊ မြေကြီးထဲမြုပ်ပြီး သံချေးတွေဘာတွေ တက်နေတဲ့ သံကပေါ်ပြီး စံထားကို စူးပါလေရော။ စူးတော့လည်း သိပ်ဂရုမစိုက်ဘူး။ ထုံးစံအတိုင်း သေးနဲ့ပန်း၊ မြေကြီးနဲ့သိပ်။ ဒိထက်နည်းနည်း ပိုဆိုးလာတော့ နနွင်းမှုန့်သိပ်။ နောက်ဆုံးတော့ အနာရှိန်က မကျဘဲ ငန်းဖမ်းသလို ဖြစ်တာတော့၊ ဟိုလူဒီလူက ၀ိုင်းပြောကြတာနဲ့ ဦးမှန်ဆီရောက်သွားပါလေရော။ လိုရင်းပြောရရင်တော့ ဦးမှန်လည်း ဘာမှမတတ်နိုင်တဲ့ အခြေအနေဆိုတော့ စံထားသေပါလေရော။
စံထားသေတော့ သောင်းစိန်က ရွာမှာမရှိဘူး။ ဟိုဘက်ကမ်းမှာ။ သူ့ဆရာတိုက်အုပ်ဘုန်းကြီးနဲ့ သူကြီးဦးကံရကို ဟိုဘက်ကမ်းက ကိုယ်တော်တွေက တာဝတိံသာ ဘုရားပွဲကြီး လုပ်ဖို့ကိစ္စ အပင့်အဖိတ်ရှိလို့ သွားကြတော့ ဘုန်းကြီးလေးက သောင်းစိန်နဲ့ မောင်ဆင်ကို ခေါ်သွားတယ်။ ဘုန်းကြီးလေးနဲ့ သူကြီးပြန်လာတော့ သူတို့နှစ်ယောက်ပါမလာဘူး။ ဘုရားဝင်းထဲက ဇရပ်တစ်ဆောင်ပြင်ဖို့ နေရစ်ခဲ့ကြတာ။ တစ်ပတ်ဆယ်ရက်လောက်ကြာသွားတယ်။ သောင်းစိန်တို့ဒီဘက်ကမ်းပြန်ရောက်လို့ တံတားထိပ်ကားဆိပ်မှာတင် စံထားသတင်းကြားရတော့တာပဲ။ အာ့စိန်ကြီးကများဆို "ဒီကောင်၊ လူကောင်း။ ဒီကောင်၊ လူကောင်း"လို့ ပါးစပ်က တတွတ်တွတ်နဲ့ မျက်ရည်မကျရုံတင်ပဲ။ အာ့စိန်ကြီးဆိုင်လာတဲ့ ဆရာဝန်ကလေးကလည်း "ဒီကောင်မသေသင့်ဘဲ သေရတာ"လို့ ပြောလည်းပြောတော့ သောင်းစိန် ဒေါထပါလေရော။ ဘာလို့ မသေသင့်တယ်၊ ဘာ့ကြောင့် သေသွားရတယ်ဆိုတာ သူ့အတွက် အရေးမကြီးတော့။ အဓိကကတော့ ဦးမှန်ကြောင့်ပဲ။ ဦးမှန်ဆီရောက်မှ စံထား သေရတာကိုး။
သောင်းစိန်တို့ ရွာပြန်ရောက်တော့ အတော်ကလေး မိုးချုပ်နေကြပြီ။ မောင်ဆင်နဲ့ လမ်းခွဲကြမယ်လုပ်တော့ သောင်းစိန်က မောင်ဆင်ကို ပြောသတဲ့။ "ငါ ဦးမှန်ကို သွားသတ်ဦးမယ်"။ ဒီတော့ မောင်ဆင်က ရယ်စရာသဘောနဲ့ ပြန်ပြောတယ်။ "မင်းသတ်ပြီးရင်ပြော၊ ငါအခေါင်းစပ်ပေးမယ်"။ သူတို့နှစ်ယောက်စလုံးက တံတားထိပ် ကားဆိပ်မှာတင် အတော်သောက်ထားကြတော့ မောင်ဆင့်စိတ်ထဲမှာတော့ မူးလို့ပြောတာပဲလို့ထင်တာ။ သောင်းစိန်ကတော့ ဒီလိုမဟုတ်ဘူး။ ကပြင်ပြုတ်မှတော့ တိုင်ငုတ်ချည်း ချန်ထားလို့ မဖြစ်ဘူးဆိုတဲ့ သဘောပဲ။ ဒီတော့ အိမ်ပြန်ပြီး ကိုင်းခုတ်တဲ့ဓား သွားယူတယ်။ မီးတုတ်ယူတယ်။ မီးတုတ်ကို ရေနံနှစ်ရင်း ရေနံချေး အပိုနည်းနည်းကို ဟောလစ်ပုလင်းလွတ်လိုဟာမျိုးထဲ ထည့်တယ်။ ပြီးတော့ အာ့စိန်ကြီးဆိုင်က ၀ယ်လာတဲ့ အဖြူပုလင်းကို ခါးကြားမှာထိုးပြီး၊ ဦးမှန်အိမ်ဘက်ကို ထွက်သွားပါလေရော။ ဦးမှန်အိမ်က နောက်ဖေးတန်း အလယ်နားလောက်မှာဆိုတော့ ရွာလယ်လမ်းနဲ့ ဦးတိုက်ပဲ။ လှည်းဦးတိုက်၊ လှေဦးတိုက် ခိုက်တတ်တယ်ဆိုလို့ လူတော်တော်များများက မကြိုက်ပေမယ့် ဦးမှန်ကတော့ မမှုဘူး။ သူကဓာတ်ဆရာကိုး။ ဓာတ်ဆရာမှာ ပြဿနာမရှိဘူးဆိုပဲ။ ဦးမှန်တို့အိမ်က အိမ်ရှေ့တံခါးတောင် ပိတ်ထားပြီ။ အရပ်ထဲမှာလည်း အိမ်တော်တော်များများ မီးမှိတ်ထားကြပြီ။ သောင်းစိန်ကတော့ ဦးမှန်အိမ်ရှေ့ရောက်တာနဲ့ မီးတုတ်ကို မြေမှာစိုက်လိုက်ပြီး မြေစိုင်ခဲကောင်းကောင်းတစ်လုံးကို ကောက်ပြီး အိမ်ရှေ့တံခါးကို ပစ်လိုက်တော့တာပဲ။ ညဘက်မို့ တိတ်နေတော့ ဦးမှန်အိမ်ရှေ့တံခါးကို မှန်လိုက်တဲ့ မြေစိုင်ခဲသံကို တစ်ရပ်လုံးလိုလို ကြားလိုက်ကြရတယ်။ ပြီးတော့မှ သောင်းစိန်ရဲ့ မအေ၊ နှမ အစုံအလင်နဲ့ ဂုဏ်တင်ပြီး ဦးမှန်ကို ဆဲလိုက်သံ ဆက်တိုက်ကြားလိုက်ရတယ်။ အရပ်က သောင်းစိန့်အသံမှန်း ချက်ချင်းသိလိုက်ကြတယ်။ အိမ်တွေထဲက ပြူတစ်ပြူတစ်လုပ်နေကြပေတဲ့ ဘယ်သူမှ ထွက်မလာရဲဘူး။ ဦးမှန်တို့အိမ်ထဲမှာလည်း လုံးလုံးအမှောင်ချထားတယ်။ ဦးမှန်အိမ်ဝင်းအပြင်ဘက်က လှည်းလမ်းပေါ်မှာပဲ မီးတုတ်အရောင်အောက်မှာ သောင်းစိန်ကို ဓားတရမ်းရမ်းနဲ့ တွေ့နေရတယ်။ သင်းက လူပါး။ အိမ်ဝိုင်းထဲ မ၀င်ဘူး။ အပြင်ကနေသာ စိန်ခေါ်နေတာ။ "ကျုပ်နဲ့တွေ့ဦးမှာဆို ထွက်ခဲ့စမ်း"လို့ အော်ရင်း ဦးမှန်တို့ တစ်မျိုးလုံး ကုန်လောက်အောင် ဆဲနေတော့တာပဲ။
သိပ်မကြာလိုက်ဘူး။ သောင်းစိန်တစ်ယောက် ဦးမှန်အိမ်ရှေ့မှာ ရမ်းနေတဲ့သတင်း ဟိုဘက်ရွာ ဒီဘက်ရွာ ရောက်သွားတယ်။ သူ့အဖွဲ့သားတွေက ခပ်လှမ်းလှမ်းကနေ လာပြီး အော်ရင်းဖျောင်းဖျပေတဲ့ မရဘူး။ "ငါ့အနားလာတဲ့အကောင် ဦးမှန်နဲ့အတူတူ မသာဖြစ်သွားမယ်"လို့ အော်တော့ သောင်းစိန်အနား ဘယ်သူမှ မကပ်ဝံ့ဘူး။ စမ်းတွင်းက သူကြီး ဦးကံရတစ်ယောက် အိပ်မယ်လုပ်တုန်း ဆယ်အိမ်ခေါင်း ကိုဘရုန်းက သတင်းလာပေးတယ်။ ဦးကံရကြီးကတော့ "ဒီကောင် မူးလို့ပါကွာ၊ ဒီအတိုင်းထားလိုက်"လို့ပဲ ပြောတယ်။ ဒီတော့ ဆယ်အိမ်ခေါင်းကိုဘရုန်းလည်း အိမ်ပြန်ပြီး အိပ်နေလိုက်တော့တယ်။ အမှန်မှာတော့ ဦးကံရကြီးက ဦးမှန်ကို အရင်ကလိုမဟုတ်ဘူး။ သိပ်မညွတ်ဘူး။ သူ့ယောက်ခမကြီး သေကောင်ပေါင်းလဲဖြစ်နေတာ သွားရော့ဆိုတဲ့သဘောမျိုးနဲ့ ဦးမှန်လက်ထဲအပ်လိုက်တာ၊ ဦးမှန်ကောင်းမှု၊ ခုတော့ သူ့ယောက်ခမကြီး ထူထူထောင်ထောင် ဖြစ်လာရုံတင်မကဘူး၊ သူငယ်ပြန်ပြီး လမ်းပေါ်က မိန်းကလေးမှန်သမျှ လှမ်းလက်ပြနေတော့တာ။ ဒီတော့လည်း သူကြီးက ဘယ်ညွတ်ပါတော့မလဲ။ သောင်းစိန်ကိုနိုင်တဲ့ တောင်ရွာက မောင်တာတို့၊ သူကြီးတူမောင်မူတို့လည်း ဦးမှန်အိမ်နားရောက်လာကြတယ်။ လူလုံးမပြဘဲ၊ အသံမပေးဘဲ၊ မှောင်ရိပ်ထဲပဲနေတယ်။ တခြားလူဆိုရင်တော့ တစ်မျိုးဖြစ်ချင်ဖြစ်မှာ။ ဦးမှန်ကတော့ နဂိုထဲက သူတို့နဲ့ မျက်ကြောမတည့်ဘူး။ ဦးမှန်ကို နမုန်းခြံထုတ် လုပ်ပစ်လိုက်ချင်နေကြတာ ကြာပြီ။ ဒီတော့ မှောင်ရိပ်ထဲကနေရင်း ဗလာဆိုင်းနာသလို လုပ်နေကြတော့တယ်။ နောက်တစ်ချက်ကတော့ သောင်းစိန်ကိုယ်တိုင်ကလည်း သူတို့ခိုင်းသမျှ ဖင်ပေါ့ပေါ့နဲ့ လုပ်ပေးနေတဲ့ သူမျိုးကိုး။ သောင်းစိန်တပည့်တွေကတော့ မောင်မူတို့၊ မောင်တာတို့ ဘာလုပ်မယ်ဆိုတာပဲ စောင့်နေကြတယ်။ တစ်ရပ်လုံးတိတ်ပြီး သောင်းစိန်ရဲ့ ပုံမှန်ဆဲသံပဲ ကြားနေရတယ်။ အတော်ကြာတော့မှ မောင်မူနဲ့ မောင်တာ နှစ်ယောက်သားတိုင်ပင်ပြီး စာသင်တိုက်က တိုက်အုပ်ကို သွားလျှောက်ကြတယ်။ တိုက်အုပ်ကတော့ မေးသေးတယ်။ "ဒီကောင် ရမ်းနေတာ ဘယ်လောက်ကြာသွားပြီလဲ"တဲ့။ မောင်မူတို့က "တစ်နာရီသာသာလောက်တောင် ရှိရောပေါ့ဘုရား"လို့ ဖြေတော့၊ ဘုန်းကြီးလေးက "အေ၊ ဒီလောက်ဖြင့် တော်လောက်ပြီ"လို့ ပြောရင်း လှဲနေရာက ထလိုက်လာတယ်။ ဘာလို့ ဒီလောက်ဖြင့် တော်လောက်ပြီလို့ မိန့်တယ်ဆိုတာတော့ မောင်မူတို့က ပြန်မေးမကြည့်ကြဘူး။ သို့ပေသိ၊ သူတို့အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးကြတယ်။
ဦးမှန်တို့ အိမ်ရှေ့နား ဘုန်းကြီးလေးရောက်တာနဲ့ သောင်းစိန်တပည့်တစ်ယောက်က "ဘုန်းကြီး ကြွလာတယ်"လို့ လှမ်းပြီး အော်လိုက်တယ်။ သောင်းစိန်က "ဘယ်ကဘုန်းကြီးတုန်း"လို့ ပြန်မေးသေးတာ။ အောင်မင်္ဂလာကျောင်းဘက်က ကိုယ်တော်တွေဆို သူက မှုမှမမှုဘဲ။ ဒီတော့ သူ့တပည့်တစ်ယောက်က "ဗိုက်ဥာဏ်ရယ်ဗျ"လို့ လှမ်းဖြေလိုက်တယ်။ အဲဒီတုန်းမှာပဲ ဘုန်းကြီးလေးက လှမ်းအသံပေးလိုက်တယ်။ "ဟဲ့ကောင် သောင်းစိန် ..."။ ဒီတော့ သောင်းစိန်က အသံလာရာ မှောင်ရိပ်ထဲကို လှည့်ကြည့်လိုက်ရင်း လက်အုပ်ချီလိုက်တယ်။ ပြီးတော့ မြေကြီးပေါ်ဒူးထောက်ရင်း ၀တ်ချတယ်။ ဘုန်းကြီးလေးကတော့ မှောင်ရိပ်ထဲမှာတောင် ရပ်မနေဘူး။ သောင်းစိန်နားအထိ လျှောက်သွားတယ်။ ဘုန်းကြီးလေး နောက်နားက မောင်မူတို့၊ မောင်တာတို့လည်း ပါသွားတော့၊ သောင်းစိန်ရဲ့ တပည့်တွေလည်း မှောင်ရိပ်က ထွက်ပြီး သောင်းစိန်အနားဆီသွားကြတယ်။ သောင်းစိန်က မူးနေပေတဲ့ သူ့ဆရာကိုတော့ သိတယ်။ ဒီတော့ "တပည့်တော် ဒီကောင်ကြီးကို လုပ်ထည့်လိုက်ပြီးမှ လာမယ်ဘုရား"လို့ ဖြေသေးတယ်။ ဘုန်းကြီးလေးကတော့ "ဟကောင်၊ တော်ပြီ။ ငါ့ကျောင်းလိုက်ခဲ့ချေ"လို့ ပြောပြီး "မင်းလက်ထဲကဓား မောင်တာကြီးကို ပေးလိုက်။ မောင်မူ မီးတုတ်နဲ့ ရေနံပုလင်းယူစမ်း။ ဟိုကောင်တွေ သောင်းစိန်ကို တွဲစမ်း"ဆိုပြီး ညွှန်ကြားချက်တွေ ပေးနေတယ်။ ပြီးတော့မှ ငါ့နောက်လိုက်ခဲ့ကြလို့ ပြောပြီး သူကရှေ့ဆောင်ရင်း ကျောင်းဘက်ကို လာခဲ့ကြတယ်။
ကျောင်းနားနီးလို့ ရွာလယ်ရပ်က မမယ်ဆင့်ကြီး အိမ်နားရောက်တော့ ဘုန်းကြီးက ၀င်းမောင်ကို ရေတစ်ပုံးသွားကဲ့ခိုင်းပြီး သောင်းစိန်ခေါင်းက လောင်းချခိုင်းလိုက်တယ်။ သောင်းစိန်လည်း နည်းနည်း ထူထူထောင်ထောင် ဖြစ်လာတယ်။ အသံထွက်လာတယ်။ ဘုန်းကြီးနဲ့ မီးတုတ်ကိုင်ထားတဲ့ မောင်မူကြီးက ရှေ့နားဆီက လျှောက်နေကြတယ်။ စာသင်တိုက်ကြီးကို လှမ်းမြင်ရတော့ ဘုန်းကြီးလေးက ရပ်လိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်တယ်။ နောက်ကလိုက်လာတဲ့ သူတွေလည်း ရပ်သွားကြတယ်။ နောက်က လူအုပ်ကို ဦးဆောင်လာတဲ့ မောင်တာကြီးက "ဒီကောင့်ကို သူ့အိမ်ပဲ ခေါ်သွားလိုက်တော့မယ်ဘုရား"လို့ လျှောက်တယ်။ ဒီတော့ ဘုန်းကြီးလေးက "သေချာရဲ့လား"လို့ လှမ်းမေးတယ်။ ဘာမှန်းမသိပေတဲ့ မောင်တာကြီးက "သေချာပါသဘုရား"လို့ ဖြေတယ်။ ဒီတော့ ဘုန်းကြီးလေးက မောင်မူ့ကိုကြည့်ရင်း၊ "မင်းလည်း ပြန်ချေတော့။ ကျောင်းဝင်းထိပ်မှာ မီးရောင်မြင်တယ်။ ကိုရင်ကြီးစံမောင် ဖြစ်လိမ့်မယ်။ မနက်ကျ ဦးကံရများ ပေါက်ချလာပြီး ဘာဘာညာညာ ပြောရင် ငါ့ဆီလွှတ်လိုက်"လို့ မှာလိုက်တယ်။
မောင်မူတို့လူသိုက် ထွက်သွားကြဖို့ လုပ်နေတုန်း သောင်းစိန်အသံ ကြားလိုက်ရတယ်။ "ဘုန်းကြီး တပည့်တော် လျှောက်စမ်းပါရစေ"တဲ့။ ဘုန်းကြီးလေးက "ဆို"လို့ပဲ ပြန်ပြောတယ်။ ဒီတော့ သောင်းစိန်က လျှောက်တယ်။ "တပည့်တော် မခံနိုင်တာက အားတိုင်းယားတိုင်း ၀ဋ်နဲ့ကံကိုပဲ လှည့်ချနေတာဘုရား။ လူဆိုတာ ၀ဋ်ရှိလို့ ကံရှိလို့ပေါ့ဘုရား။ ၀ဋ်မရှိ၊ ကံမရှိတော့ရင် သိကြား၊ ဗြဟ္မာတောင် မဟုတ်ဘူး၊ နိဗ္ဗာန်ရောက်ကုန်ကြမှာ မဟုတ်လား"။ ဘုန်းကြီးလေးကတော့ ဘာမှ ပြန်မဖြေဘူး။ မီးတိုင်နဲ့လှမ်းနေတော့ မှောင်ရိပ်ထဲမှာ အသာပြုံးနေတယ်။ ဒီတော့ သောင်းစိန်အသံ ထပ်ကြားရပြန်တယ်။ "၀ဋ်ရှိလို့ ကံရှိလို့ လူဖြစ်တာပါ ဘုန်းကြီးရာ။ ကျုပ်ပြောတာ မဟုတ်လား"လို့ ထပ်မေးတယ်။ ဘုန်းကြီးလေးက မဖြေဘူး။ ဒါပေတဲ့ "ကိုင်း၊ သွားကြချေတော့။ ညဥ့်နက်လှပြီ။ သောင်းစိန် မင်းလည်း သွားအိပ်ချေတော့"လို့ လှမ်းပြောလိုက်တယ်။ ပြီးတော့မှ တောင်ဘက်ဆီထွက်သွားကြတဲ့ သူတို့လူသိုက်ရဲ့ ကျောဘက်ကို မှောင်ထဲမှာ အတော်ကြာအောင် ရပ်ကြည့်နေလိုက်မိတယ်။
ခပ်လှမ်းလှမ်းရောက်သွားကြတော့မှ ဘုန်းကြီးလေးက ကျောင်းဘက်ကို လှည့်ထွက်လာတယ်။ ၀ဋ်ရှိလို့ ကံရှိလို့ လူဖြစ်တာပါ ဘုန်းကြီးရာလို့ သောင်းစိန်စကားကို နားထဲမှာ ပြန်ပြီးကြားလိုက်မိတော့ ထပ်ပြီးပြုံးမိပြန်တယ်။ ဒီကောင်မူးနေပေတဲ့ အတော်သားလို့ စိတ်ထဲမှာ သူ့တပည့်ကို ချီးကျူးလိုက်မိတယ်။ ကျောင်းဘက်နား အတော်နီးလာတော့ သောင်းစိန့်စကားကို ထပ်ကြားလိုက်မိပြန်တယ်။ ဒီတော့လည်း ထပ်ပြီး ပြုံးမိပြန်တယ်။ ဒီတစ်ခါ ပြုံးမိတာကတော့ ဒီကောင်အတော်သားလို့ချည်း တွေးမိလို့မဟုတ်ဘူး။ ဒီကောင်က ငါ့တပည့်၊ ငါ့ကျောင်းထွက်ကိုးလို့ ဆက်တွေးမိလိုက်လို့ပဲ။ ဒီတော့လည်း အပြုံးက နည်းနည်း ရှည်သွားတယ်။ ။
မြင့်သန်း

1 comments:

TKLinn August 29, 2007 at 7:34 PM  

ကျေးဇူး အထူးတင်ပါတယ်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP