နီကာ

>> Tuesday, August 21, 2007


Nika
V. Pelevin

မြန်မာပြန်-ဇနိ

(၁)

သူမရဲ့ ညင်သာတဲ့ အသက်ရှုခြင်းက ကမ္ဘာမြေပေါ်မှာ၊ တိမ်ထပ်ထူတဲ့ ကောင်းကင်ပေါ်မှာ၊ နွေဦးပေါက်ရဲ့ လေပြေအေးထဲမှာ နောက်တစ်ခေါက် ပျံ့လွင့်လာတဲ့ အချိန်အခါမှာပဲ လေးလံထူထပ်တဲ့ ဘူနင်ရဲ့ စာအုပ်အတွဲတွေကို ကျွန်တော့်ရဲ့ ပေါင်ပေါ်မှာတင်ထားပြီး၊ ဖတ်နေတဲ့ စာမျက်နှာက တစ်ခါတစ်ခါ ခွာပြီး သူမကို မတော်တဆရိုက်ယူထားမိတဲ့ ဓာတ်ပုံကို ချိတ်ဆွဲထားတဲ့ နံရံကို ကျွန်တော် ငေးပြီးကြည့်မိတယ်။

သူမက ကျွန်တော့်ထက် အသက်အများကြီးငယ်ပါတယ်။ ကံကြမ္မာက ကျွန်တော်တို့ကို ရုတ်ချည်းပေါင်းဖက်ပေးလိုက်ပေမယ့်လည်း ကျွန်တော်က သူမရဲ့တွယ်တာမှုကို ကျွန်တော့်အတွက် ပြီးပြည့်စုံမှုလို့ မတွက်ဆခဲ့ပါဘူး။ မကြာခင်မှာတော့လည်း ကျွန်တော်ဟာ သူမအတွက် ဖြစ်သွားပါလေရော။ ခန္ဓာဗေဒက စကားလုံးကို ယူသုံးရမယ်ဆိုရင် လှုံ့ဆော်ကောင်လို့ ရိုးရိုးပဲခေါ်ရမယ်။ မပြောင်းမလဲ ကျန်ခဲ့ကောင်းကျန်ခဲ့နိုင်တဲ့ အလိုအလျောက်တုန့်ပြန်မှု နဲ့ ရိုးရိုးတုန့်ပြန်မှုကို ဖြစ်စေတဲ့အရာပေါ့။ တကယ်လို့ ကျွန်တော့်နေရာမှာ ဘယ်သူတစ်ယောက်ပဲဖြစ်ဖြစ်ပေါ့၊ ငတ်မွတ်ခေါင်းပါးလှတဲ့ မြောက်ပိုင်းအရပ်က တိုင်းပြည်တစ်ခုမှာ လွဲမှားစွာမွေဖွားခဲ့သောသူမရဲ့ မဲမှောင်တဲ့ တောင်းပိုင်းနယ်က ချစ်ဖွယ်ရာ စွဲမက်မှုကို တန်ဖိုးထားနိုင်စွမ်းရှိတဲ့၊ ရှေးကျတဲ့မွေးရပ်မြေက စွန့်ခွာခဲ့လို့ ဖြစ်ပေါ်လာတဲ့ သူမရဲ့ ခက်ထန်မာကျောမှုတွေကိုလည်း ပျော့ပျောင်းနူးညံ့သွားအောင်စွမ်းဆောင်ပေးနိုင်သူသာဖြစ်ခဲ့ရင်.........

ကျွန်တော်က သူမကို ဘယ်တုန်းကမှ နာမည်အပြည့်အစုံမခေါ်ခဲ့ပါဘူး။ သူမနာမည် " ဗျယ်ရိုနီကာ" ဆိုတာကလည်း ကျွန်တော့်အတွက်တော့ ရုက္ခဗေဒက စကားလုံးတစ်ခုလိုလို၊ မှတ်ဥာဏ်တွေထဲမှာ အသက်ရှုမွန်းကျပ်နေအောင်ရနံ့သင်းနေတဲ့ ဟိုအဝေးမှာကျန်ခဲ့တဲ့ ကလေးဘ၀ တောင်းပိုင်းနယ် ပန်းလွင်ပြင်က အဖြူရောင်ပန်းလေးတွေလိုလို။ ကျွန်တော်ကတော့ နောက်ဆုံးနှစ်လုံးကိုပဲ ဖြတ်ခေါ်တယ်။ သူမအတွက်တော့ ဘာမှလည်းမထူးခြားပါဘူး။ ဂီတကို ခံစားနိုင်စွမ်းကလည်း လုံးဝမရှိ၊ ဦးခေါင်းမရှိတော့ဘဲ၊ အတောင်လှလှတွေသာရှိတော့တဲ့ နာမည်တူ နတ်ဘုရားမ ရှိတယ်ဆိုတာတောင် သူမက မသိပါဘူး။

1 comments:

Anonymous August 21, 2007 at 1:20 PM  

စကားလုံးလေးတွေကောင်းတယ်၊ ကဗျာတစ်ပုဒ်ဖတ်နေရသလိုပဲ။ မျှော်နေတယ်ကိုဇနိရေ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP