ဟင်းလျာစာရင်းစာရွက်ပေါ်က နွေဦးပေါက်ရာသီ

>> Wednesday, August 15, 2007

ဒီဇာတ်လမ်းက မတ်လရဲ့ နေ့တစ်နေ့မှာ ဖြစ်ခဲ့တာပါ ….
ကောင်မလေးတစ်ယောက် ဟင်းလျာစာရင်းစာရွက်ပေါ်မှာ မျက်နှာကိုအပ်လျက် ငိုနေခဲ့တယ်။ နယူးယောက်မြို့သူတစ်ယောက် ငိုနေရတာ ဘာကြောင့်လို့ထင်သလဲ။
သူစားတော့မယ့် ပန်းကန်ထဲက ပုဇွန်ထုပ်ကြီး ပျောက်သွားလို့လား၊ ဒါမှမဟုတ် ကြက်သွန်ဥနီတွေကို မှာယူစားသောက်နေလို့လား၊ ဒါမှမဟုတ် ၀မ်းနည်းစရာကောင်းသော ရုပ်ရှင်ကားကြည့်ပြီးစ ဖြစ်နေလို့လား …. အဲဒီခန့်မှန်းချက်တွေ တစ်ခုမှမဟုတ်ပါဘူး။
ကောင်မလေးက သူကိုယ်တိုင်လက်နှိပ်စက်ရိုက်ထားတဲ့ ဟင်းလျာစာရင်းစာရွက်ပေါ်မှာ မျက်နှာကိုအပ်လျက် ငိုနေခဲ့တယ်။ သူမရဲ့ အသက်မွေးဝမ်းကြောင်းက စာစီစာရိုက်လုပ်ငန်းပါ။ အဲဒီလုပ်ငန်းကို သူမရဲ့အိမ်မှာ လုပ်ပါတယ်။
သူမရဲ့နာမည် Sarah လို့ခေါ်ပါတယ်။ Sarah ရဲ့ ဘ၀တိုက်ပွဲမှာ အအောင်မြင်ဆုံးလုပ်ငန်းတစ်ခုကတော့ စားသောက်ဆိုင်ပိုင်ရှင်သဌေး Schulenberg နဲ့ သဘောတူညီမှု ရရှိခဲ့တဲ့လုပ်ငန်းပါ။ အဲဒါကတော့ စားသောက်ဆိုင်ရဲ့နေ့စဉ် ဟင်လျာစာရင်းကို စာစီစာရိုက်လုပ်ပေးပို့ပါ။ စားသောက်ဆိုင်က သူမနေတဲ့ အိမ်အိုကြီးရဲ့နောက်ဘက် ကပ်လျက်ရှိတာဆိုတော့ သူမအတွက် အဆင်ပြေတာပေါ့။ တနေ့သောညနေခင်းမှာ Sarah အဲဒီစားသောက်ဆိုင်မှာ ညစာစားပြီး ဟင်းလျာစာရင်းစာရွက်တွေကို သူမနဲ့အတူ ယူဆောင်ခဲ့ပါတယ်။ စာရွက်ပေါ်မှာရေးထားတဲ့ ဟင်းလျာစာရင်းတွေက အင်္ဂလိပ်ဘာသာလား၊ ဂျာမန်ဘာသာလား ခွဲခြားမရဘူး။ လှလှပပလက်ရေးမဟုတ်တော့ ဖတ်လို့မရအောင် ရှုပ်ထွေးနေတယ်။ တကယ်လို့ ခင်ဗျား စာရင်းကိုသေသေချာချာ မဖတ်ပဲ အစားသောက်မှာမယ်ဆိုရင် ခင်ဗျား ပထမ အချိုပွဲကို စားရလိမ့်မယ်၊ နောက်ဆုံးကြမှ ဟင်းချိုကိုသောက်ရလိမ့်မယ်။
နောက်တနေ့မှာ Sarah ဟာ သူမအလှပဆုံးစာရိုက်ထားတဲ့ ဟင်းလျာစာရင်းကို Schulenberg ကို ပြခဲ့တယ်။ ဒီဆိုင်းဆန်းပြီး လှပသောစာလုံးလေးများကိုမြင်တော့ အလွန်သဘောကျကျေနပ်ကာ သူမနဲ့ အလုပ်အတူတွဲလုပ်ဖို့ သဘောတူခဲ့တယ်။ သဘောတူညီချက်ထဲမှာ Sarah က နေ့စဉ် နံနက်စာ၊ နေ့လည်စာ၊ ညစာ စာရင်းကို စားပွဲနှစ်ဆယ့်တစ်ပွဲအတွက် စာရိုက်ပေးရပါမယ်။ အဲဒီအတွက် Schulenberg က နေ့စဉ်အစားအသောက်စာရင်းကို Sarah ဆီကို ပို့ပေးရပါတယ်။
ဒီသဘောတူညီချက်က နှစ်ဦးနှစ်ဖက်စလုံးကို အဆင်ပြေစေခဲ့ပါတယ်။ Schulenberg ရဲ့ဖောက်သည်တွေလည်း အခုတော့ သူတို့မှာယူစားသောက်နေတဲ့ အစားအစာတွေရဲ့နာမည်တွေကို သိခဲ့ရပြီလေ။ Sarah အတွက်တော့ အလွန်အေးမြပြီး အုံ့မှိုင်းနေတဲ့ ဆောင်းရာသီကာလမှာ စားဖို့အတွက် စားစရိတ် ရရှိခဲ့တယ်။ အဲဒါဟာ သူမအတွက်တော့ အရေးကြီးဆုံးပါပဲ။
တနေ့မှာတော့ ပြက္ခဒိန်လေးက ဟေး … Sarah “နွေဦးပေါက်ရာသီက ပြီးသွားပြီက”ွလို့ လိမ်ပြောခဲ့တယ်။ Sarah က “နွေဦးပေါက်ရာသီက မရောက်သေးပါဘူးကွာ၊ ဟိုးမှာကြည့်ပါလား နယူးယောက်မြို့ကြီးကတော့ အလွန်အေးမြတဲ့ ဆောင်းရာသီအောက်မှာ အိပ်ပျော်နေတုန်းပဲကွ၊ လမ်းမတွေပေါ်မှာ ဇန်န၀ါရီလရဲ့ ဆီးနှင်းခဲကြီးတွေ မလှုပ်မရှား ငြိမ်သက်လဲလျောင်းနေတုန်းပဲ” … လို့ ပြန်ပြောတာပေါ့။
ဆောင်းရာသီရဲ့ တနေ့သောနေ့လည်ခင်းမှာ Sarah တစ်ယောက် ခိုက်ခိုက်တုန်အောင်ချမ်းနေလို့ သူမရဲ့အိပ်ရာထဲမှာ ကွေးနေခဲ့တယ်။ သူမမှာ စာစီစာရိုက်လုပ်ငန်းကလွဲလို့ တခြားလုပ်ငန်း မရှိပါဘူး။ သူမ ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ရင်း ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးကြည့်နေမိတယ်။ အဲဒီအချိန်မှာပဲ နံရံပေါ်မှာချိတ်ထားတဲ့ ပြက္ခဒိန်လေးက ငိုပြီးတော့ပြောတယ်… “Sarah နွေဦးပေါက်ရာသီက ဒီမှာ … ငါ့ပုံစံက နွေဦးပေါက်ရာသီနဲ.တူတယ် … ငါ့ကိုကြည့်ပါကွာ … မင်းက လှပတဲ့ လက်ချောင်းလေးတွေကို ပိုင်ဆိုင်ထားသလို ငါကလည်း အလှပဆုံး နွေဦးပေါက်ရာသီပုံစံကို ပိုင်ဆိုင်ထားပါတယ် … ဘာကြောင့် ပြတင်းပေါက်ကနေ အပြင်ဘက်ကို အလွန်ဝမ်းနည်းကျေကွဲတဲ့ပုံစံနဲ့ ငေးကြည့်နေတာလဲ ”
သူမနေတဲ့အခန်းက အိမ်တစ်လုံးရဲ့နောက်ဖက်မှာပါ။ ပြတင်းပေါက်ကနေ အပြင်ဘက်ကိုကြည့်နေပေမယ့် လူသွားလမ်းတစ်ဖက်မှာရှိတဲ့ သေတ္တာစက်ရုံရဲ့ ပြတင်းပေါက်သေးသေးလေးတွေရှိတဲ့ အုတ်နံရံကို သူမ မြင်နိုင်ခဲ့တာပါ။ သူမအတွက်တော့ အဲဒီအုတ်နံရံတွေကိုကြည့်ရတာဟာ ချယ်ရီပင်များ၊ ရပ်စ်ဘယ်ရီပင်များ၊ နှင်းဆီပင်များနဲ့ ချယ်မှုန်းထားသော မြက်ခင်းထူထူရှိသော လမ်းကျဉ်းလေးကိုကြည့်ရတာနဲ့တူနေပါတယ်။
တဆက်တည်း သူမ သူ့ချစ်သူကို သတိရရင်း အတိတ်ကအကြောင်းတွေကို စဉ်းစားနေမိတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ သူမဒေါ်လေးရှိရာ တောရွာကျေးလက်ဒေသကို သွားခဲ့တယ်။ သူမ Sunnybrook လယ်ကွင်းကြီးမှာ နှစ်ပတ်ကြာနေခဲ့တယ်။ အဲဒီလယ်ကွင်းမှာ အလုပ်လုပ်နေတဲ့ လယ်သမားကြီး Franklin ရဲ့သား Walter နဲ့ မေတ္တာရှိခဲ့ကြတယ်။ ပြီးတော့ ချယ်ရီပင်များ၊ ရပ်စ်ဘယ်ရီပင်များ၊ နှင်းဆီပင်များနဲ့ ချယ်မှုန်းထားသော မြက်ခင်းထူထူရှိသော လမ်းကျဉ်းလေးမှာ Walter က သူမကို ချစ်ခွင့်ပန်ခဲ့တာ။ သူတို့နှစ်ယောက်အတူတူထိုင်ပြီး လွှသွားပုံအရွက်နှင့် အ၀ါရောင်ပန်းတွေပွင့်တဲ့ ဒုဇလီအပင်ကြီးက ပန်းပွင့်တွေကိုအတူကောက်ခဲ့ကြတယ်။ ပြီးတော့ Walter က အဲဒီပန်းပွင့်တွေကို သရဖူပုံစံလုပ်ပြီး သူမရဲ့ဆံပင်မှာ ပန်ပေးခဲ့တယ်။ Walter က သူမရဲ့အညိုရောင် ဆံပင်တွေနဲ့ ဆန့်ကျင်ဘက် အ၀ါရောင်ပန်းတွေရဲ့ နှစ်လို့ဖွယ်ရာအလှကို ချီးမွမ်းနေခဲ့တယ်။ သူမကတော့ ဒုဇလီပန်းပွင့်တွေကို အဲဒီနေရာမှာပဲထားခဲ့ပြီး ဂျုံဦးထုပ်ကိုလက်ကနေကိုင်က လှုပ်ရမ်းရင်း အိမ်ဘက်ကိုပြန်လာခဲ့တယ်။ သူတို့ နွေဦးပေါက်ရာသီမှာ လက်ထပ်ကြမယ်လို့ သဘောတူညီခဲ့ကြတယ်။ ပြီးတော့ Sarah သူမနေထိုင်ရာမြို့ကို ပြန်လာခဲ့တယ်။
အတိတ်ရဲ့အကြောင်းတွေပြန်သတိရနေခိုက် တံခါးခေါက်သံကြားလိုက်ရတော့ သူမရဲ့ပျော်ရွှင်ခဲ့ရသော နေ့တစ်နေ့ရဲ့ အိပ်မက်များဟာ အဝေးကိုလွင့်စင်ပျောက်ကွယ်ခဲ့ပါတော့တယ်။
စားပွဲထိုးတစ်ယောက် နောက်တစ်နေ့အတွက် အကြမ်းဖျင်းရေးထားတဲ့ အစားအသောက်စာရင်းမူကြမ်းကို သူမဆီကို ယူဆောင်လာခဲ့တယ်။
Sarah သူမရဲ့လက်နှိပ်စကရှေ့မှာ ထိုင်လိုက်တယ်။ ဒီနေ့ အစားအသောက်စာရင်းက အရင်နေ့တွေနဲ့နှိုင်းယှဉ်ရင် ထူးထူးခြားခြား ပြောင်းလဲနေတယ်၊ စာရင်းတစ်ခုလုံးမှာ နွေဦးပေါက်ရာသီရဲ့ ၀ိညာဉ်တွေ ပြည့်လို့နေပါတယ်။ Sarah ရဲ့ လက်ချောင်းလေးများက လက်နှိပ်စက်ခလုတ်တွေပေါ်မှာ လှလှပပ ကခုန်နေကြပါတယ်။ ဒီလိုနဲ့ အချိုပွဲစာရင်းရဲ့အထက်က ဟင်းသီးဟင်းရွက်စာရင်းကို စာရိုက်ပို့ရောက်လာတော့ … မုန်လာဥ၀ါနဲ့ရွှေပဲတောင့်၊ ပေါင်မုန့်မီးကင်နဲ့ကညွတ်ရွက်၊ ခရမ်းချဉ်သီးနဲ့ဂျုံ၊ ဂေါ်ဖီထုပ်…
သူမ အစားအသောက်စာရင်းကိုကြည့်ရင်း ရုတ်တရက် ငိုမိနေခဲ့တယ်။ အနက်ရှိုင်းဆုံး နှလုံးသားမှ ဖြစ်ပေါ်လာသောမျက်ရည်တွေဟာ သူမရဲ့မျက်ဝန်းအစုံမှာ စုစည်းလာတယ်။ သူမရဲ့ဦးခေါင်းက လက်နှိပ်စက်သေးသေးလေးပေါ်မှာ ငိုက်စိုက်ကျလျက်…ကီးဘုတ်ရိုက်သံက သူမရဲ့ငိုရှိုက်သံနဲ့အတူ ခြောက်သွေ့ပြင်းရိဖွယ်ကောင်းသောတီးမှုတ်ကခုန်သံကဲ့သို့ ဆက်မပြတ်အသံတွေမြည်လို့နေပါတယ်။
သူမ ချစ်သူဆီက စာရောက်မလာတာ နှစ်ပတ်တိတိကြာခဲ့ပြီ။ စာရင်းစာရွက်ပေါ်က နောက်ရိုက်ရမယ့် ဟင်းလျာအမြည်က ဒုဇလီပွင့် - ဒုဇလီပွင့်နဲ့ ကြက်ဥအချို့- ဒါပေမယ့် ကြက်ဥကအရေးမကြီးပါဘူး၊ ဒုဇလီပွင့်တွေက သူမရဲ့အပျော်ရွှင်ဆုံးနေ့ရက်များကို ပြန်လည်သတိရစေခဲ့တဲ့ သင်္ကေတ၊ နွေဦးပေါက်ရာသီရဲ့ တမန်တော်။ ပြီးတော့ Water က သူ့ရဲ့အလှဘုရင်မ၊ တနည်းအားဖြင့် သူ့ရဲ့ သတို့သမီးလောင်း Sarah ကို ရွှေဝါရောင်အဆင်းရှိတဲ့ ဒုဇလီပွင့်တွေနဲ့ အလှသရဖူဆောင်းပေးခဲ့တယ်။
အိုး စုန်းမကြီးနဲ့တူတဲ့ နွေဦးပေါက်ရာသီရယ်၊ ကျောက်တုံးကျောက်ခဲ သံချောင်း တွေနဲ့ဆောက်လုပ်ထားတဲ့ အလွန်တိတ်ဆိတ်သော မြို့ကြီးထဲကို တမန်တော်ကို ဘာကြောင့်များစေလွတ်ခဲ့တာလဲ၊ တမန်တော်ရဲ့အလှကို ခံစားတတ်သူ ဒီမှာတစ်ယောက်မှမရှိဘူး၊ ဒါပေမယ့် တမန်တော်ရှိရာ အစိမ်းရောက်လယ်ကွင်းထဲက လူတွေနည်းနည်းကပဲ တမန်တော်ရဲ့အလှကို ခံစားတတ်ကြတာပါ။
မကြာမီ Sarah မျက်ရည်တွေကို သုတ်လိုက်ပြီး ရိုက်လက်စစာရင်းတွေကိုပြီးအောင် လုပ်ဖို့တာဝန်ရှိသေးကြောင်း သတိရခဲ့တယ်။ ဒါပေမယ့် ဒုဇလီပန်းပွင့်အိပ်မက်ကနေဖြစ်ပေါ်လာတဲ့ ရွှေဝါရောင်အလင်းတန်းအချို့ သူမဆီသို့ တိတ်ဆိတ်စွာဝင်ရောက်လာတယ်။ အဲဒီအချိန်မှာပဲ တခဏကြာ သူမ ကီးခလုတ်တွေကို လွဲမှားစွာ ရိုက်နေမိတယ်။ သူမရဲ့စိတ်၊ သူမရဲ့နှလုံးသားဟာ ချစ်သူနဲ့အတူ မြက်ခင်းလမ်းကလေးမှာ ရောက်ရှိလို့နေတယ်။ ဒါပေမယ့် မကြာလိုက်ပါဘူး၊ အတွေးတွေဟာ သူမနေထိုင်ရာ ကျောက်ခင်းလမ်းဆီကို ပြန်ရောက်လာတော့၊ လက်နှိပ်စက်မှ ကီးခလုတ်များဟာ ကားတစ်စီးသွားသလို ဂျောက်ဂျောက်ဂျက်ဂျက်မြည်သံတွေနဲ့ ခုန်ပေါက်လို့နေပါတယ်။
ညနေခြောက်နာရီမှာ စားပွဲထိုးက သူမအတွက် ညစာလာပို့ရင်း စာရိုက်ပြီးသား စာရွက်တွေကို ပြန်ယူသွားခဲ့တယ်။ သူမ ညစာစားတဲ့အခါ သက်ပြင်းချရင်း ဒုဇလီပန်းပွင့်တွေပါတဲ့ ဟင်းပန်းကန်ကို ဘေးမှာချထားတယ်။ Shakespeare ပြောခဲ့သလို “အချစ်က အချစ်ကို စားနိုင်တယ်” ဒါပေမယ့် သူမဘ၀ရဲ့ အပျော်ရွှင်ဆုံးနေ့ရက်များကို သတိရစေတဲ့ ဒုဇလီပန်းပွင့်တွေကို စားနိုင်လောက်တဲ့ သတ္တိခွန်အား Sarah မှာမရှိခဲ့ဘူး။
ခုနစ်နာရီခွဲတော့ အခန်းချင်းကပ်လျက်က လင်မယား စတင်ရန်ဖြစ်ကြတယ်။ အပေါ်ထပ်အခန်းနေမှာနေတဲ့ လူက အေလိုင်းကလွင့်သော ပုလွေတေးဂီတအစီအစဉ်ကို ကြည့်နေတယ်။ နောက်ဘက်ခြံစည်းရိုးပေါ်က ကြောင်ကလေးများရဲ့ အော်သံကို ကြားနေရတယ်။ ဓာတ်ငွေ့မီးဖိုမှ အလင်းရောင်က တဖြည်းဖြည်းမှိန်လာတယ်။ ဒီအရိပ်လက္ခဏာများက သူမကို စာဖတ်ဖို့အချိန်ရောက်ပြီဖြစ်ကြောင်း သတိပေးသလိုဖြစ်နေတယ်။ သူမ စာအုပ်တစ်အုပ်ယူပြီး စာဖတ်နေခဲ့တယ်။
မကြာမီ အိမ်ရှေ့တံခါးမှ ခေါင်းလောင်းသံကို သူမကြားမိတယ်။ အိမ်ရှင်အမျိုးသမီးနဲ့ လူငယ်တစ်ဦး စကားပြောသံကို သူမနားထောင်နေခဲ့တယ်။ ပြီးတော့ အောက်ထပ်အခန်းက ကြည်လင်ပြတ်သားသောအသံကိုကြားလိုက်ရတော့ သူမ ဖတ်လက်စစာအုပ်ကို ကြမ်းပြင်ပေါ်ကိုပြစ်ချပြီး အခန်းတခါးဆီသို့ ပြေးထွက်သွားခဲ့တယ်။
သူမလှေကားထိပ်ကိုရောက်တော့ သူမရဲ့ချစ်သူလှေကားအတိုင်း တက်လာနေတာကို မြင်ရတော့ ရုတ်တရက် အံ့သြကာ ခန္ဓာကိုယ်ထဲကသွေးကြောများရပ်ဆိုင်းသလို ခံစားခဲ့ရတယ်။ သူမ သတိပြန်ဝင်လာတော့ ချစ်သူရဲ့နွေးထွေးစွာပွေ့ဖက်မှုကို ခံစားခဲ့ရတယ်။ အိပ်မက်လား တကယ်လား သူမ ဝေခွဲမရခဲ့ဘူး။ အိပ်မက်မဖြစ်ပါစေနဲ့လို့ စိတ်ထဲက ဆုတောင်းနေခဲ့မိတယ်။
Sarah ၀မ်းနည်းစွာ ငိုရှိုက်ရင်း ချစ်သူ Walter ကို “ မင်း ဘာကြောင့် … အို ဘာကြောင့် ငါ့ဆီကို စာမရေးတာလဲ … ငါ မင်းဆီကို စာတွေအများကြီး ရေးခဲ့တယ် … မင်း ဒီစာတွေကို မရဘူးလားကွာ … ဒါနဲ့ မင်း ငါရှိတဲ့နေရာကို ဘယ်လိုရှာတွေ့ခဲ့လဲ ”
ချစ်သူရဲ့မေးခွန်းတွေများတော့ Walter ဘယ်မေးခွန်းကိုစဖြေရမှန်း မသိဘူးဖြစ်သွားတယ်။ Walter က နွေဦးပေါက်ရာသီရဲ့အပြုံးဖြင့် ချစ်သူရှာပုံတော်အကြောင်း Sarah ကို ရှင်းပြခဲ့တယ်။ “ နယူးယောက်မြို့ကြီးက အရမ်းလှပတဲ့ မြို့ကြီးကွ … ငါ မင်းနေတဲ့ နေရာဟောင်းကို ပြီးခဲ့တဲ့နှစ်ပတ်အကြာက ရောက်ခဲ့တယ် … ဒီတစ်ပတ်ကြာသာပတေးနေ့ကမှ မင်း နေရာသစ်ကိုပြောင်းသွားတယ်လို့ သိခဲ့ရတယ် … ဒါနဲ့ပဲ ရဲတစ်ယောက်အကူအညီနဲ့ ငါ မင်းရှိနိုင်မယ့်နေရာကို နေ့တိုင်းရှာခဲ့တယ် … တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ညနေမှာ ဟောဒီအိမ်အိုကြီးရဲ့နောက်ဘက် ကပ်လျက်က စားသောက်ဆိုင်ထဲကို နောက်ဘေးပေါက်ကနေ ၀င်လာခဲ့မိတယ် … ငါဒီလိုဝင်လာတာကို ဘယ်သူတွေသိသိ ငါကဂရုမစိုက်ပါဘူး … ငါက နှစ်တိုင်း ဒီလိုအချိန်ရောက်ရင် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် အစားအစာကို စားရတာကြိုက်တယ်ကွ … ငါ စားပွဲပေါ်က အစားအသောက်စာရင်းကို ဖတ်လိုက်တော့ ငါ့စိတ်ထဲမှာ တစုံတခုကို သတိထားမိသလိုပဲ … ငါ အစဉ်လိုက် စာရင်းတွေကိုဖတ်လာရင်းက မုံလာထုပ်အောက်နားရောက်တော့ ငါ ဆိုင်ပိုင်ရှင်ဆီကိုသွားပြီး ဒီစာရိုက်တဲ့သူ ဘယ်မှာနေလဲ မေးလိုက်တယ် … သူက မင်းနေတဲ့နေရာကို ငါ့ကိုပြောပြတယ်လေ ”
Sarah က သက်ပျင်းချပြီး “ ငါ မင်းကို အရမ်းသတိရတာပဲ ” ပြီးတော့ ပျော်ရွှင်သောအမူအရာနဲ့ “မုံလာထုပ်ပြီးတော့ ဒုဇလီပန်းပွင့်” လို့ပြောလိုက်တယ်။
Walter က “ မဟုတ်ပါဘူး … ဒုဇလီပန်းပွင့် နေရာမှာ Walter လို့ရေးထားတယ် … ပြီးတော့ W စာလုံးက အပေါ်ဘက်ကို နည်းနည်းရောက်နေတယ် … ဒီစာလုံးကို ရေးတဲ့သူဟာ ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ ရှိမှာပဲဆိုတာ ငါသိနေတယ် ” လို့ပြောလိုက်တော့
Saran က တအံ့တသြနဲ့ “ ဒုဇလီပန်းပွင့်မှာ ဘာကြောင့် W စာလုံး ပါရမှာလဲ ” လို့ပြန်ပြောခဲ့တယ်။
လူငယ်က သူ့အိတ်ထဲက ဟင်းလျာစာရင်းစာရွက်ကို ထုတ်ပြပြီး မှားနေတဲ့စာကြောင်းကို ထောက်ပြတာပေါ့။
Sarah ဒီစာရင်းကတ်ပြားလေးကို ခုနေ့လည်ခင်းကမှ ရိုက်ခဲ့တာကို သတိရသွားတယ်။ ကတ်ပြားလေးရဲ့ ညာဘက်ထောင့်မှာ သူမရဲ့မျက်ရည်စတွေစွန်းထင်နေတဲ့ အမှတ်အသားလေးတွေ ရှိနေဆဲပါပဲ။ အဲဒီအချိန်တုန်းက ရွှေဝါရောင်ပန်းပွင့်လေးရဲ့အမည်ကို ဖတ်လိုက်ရတော့ သူမရင်ထဲမှာ တစုံတယောက်ကို သတိရခဲ့လို့ ၀မ်းနည်းကျေကွဲစွာ ခံစားခဲ့ရတယ်။ ဒီခံစားချက်က သူမရဲ့လက်ချောင်းလေးတွေ မှားရွင်းစွာ ကီးဘုတ်ခလုတ်တွေကို ရိုက်ခတ်စေပို့ ခွင့်ပြုခဲ့တာပဲ။
သူမ ရိုက်ခဲ့တာက မုံလာရွက်နီ နဲ့ ပန်းငရုတ်နီ ကြားမှာ “ အလွန်အရသာရှိသော ဒုဇလီပွင့်နဲ့ ကြက်ဥပြုတ်” လို့ရေးရမည့်အစား “ အလွန်အရသာရှိသော Walter နဲ့ ကြက်ဥပြုတ်” လို့ရေးထားခဲ့တယ်လေ။
(O. Henry ၏ Springtime on the Menu ကိုဘာသာပြန်ပါသည်။)


tmn

1 comments:

ဇနိ August 16, 2007 at 4:32 AM  

ရွှေလုံး
ဖတ်လို့ကောင်းတယ်။
မျှော်နေဦးမယ်။
ထပ်ရေးဦး။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP