ပြင်သစ်ဘာသာစကားချိန်များ
>> Thursday, April 24, 2008
ရပ်စ်ပူတင်အကြောင်းကို ဒီဘလော့ရဲ့တစ်နေရာမှာ ကျွန်တော်ရေးခဲ့ဖူးပါတယ်။ သူ့ဝတ္ထုတွေအများကြီးမဖတ်ဖြစ်၊ မဖတ်နိုင်ခဲ့ပေမယ့်၊ ဖတ်ဖူးခဲ့သမျှနဲနဲလေးထဲမှတော့ ကျွန်တော့်အကြိုက်လေးတွေချည်းပါပဲ။ အဲဒီထဲမှာ ပြင်သစ်ဘာသာစကားချိန်များဆိုတဲ့ ဝတ္ထုလေးကတော့ အကြိုက်ဆုံးတည်းကတစ်ခုလို့ ဆိုရမလားပဲ။ အဲဒီဝတ္ထုလေးကို ရုပ်ရှင်အနေနဲ့ရိုက်ထားတာလဲ ကြည့်လိုက်ရပါသေးတယ်။ ကျွန်တော်တို့မြန်မာမှာတော့ အောင်ထွန်းလေးလို ကလေးဇာတ်ဆောင်လေးက အဓိကအခန်းကနေ သရုပ်ဆောင်ထားတာပါ။ သူပဲသရုပ်ဆောင်ကောင်းလေသလား၊ ကျွန်တော့်အကြိုက်နဲ့ပဲ အချိတ်အဆက်မိသွားလေသလားမသိဘူး၊ ရုပ်ရှင်ကိုလည်းအရမ်းကြိုက်ပါတယ်။ အဲဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခန်းမှာ ကောင်လေးအမေက ကောင်လေးနေတဲ့မြို့ကိုလာတွေ့ပြီး အိမ်အပြန်မှာ ကောင်လေးက သူ့အမေစီးသွားတဲ့ ကုန်တင်ကားကြီးနောက်ပြေးလိုက်တဲ့အခန်းကိုကြည့်ရတော့ မျက်ရည်တောင်ဝဲရပါတယ်။ သူ့ဆရာမနဲ့သူနဲ့ကစားကြတဲ့အခန်းတွေ၊ အငြင်းပြိုင်ကြတဲ့အခန်းလေးတွေကလဲ ကြည်နူးစရာလေးတွေပါ။ ဒီဝတ္ထုလေးကို ဘာသာစပြန်ထားတာတော့ကြာပါပြီ။ နည်းနည်းလဲရှည်တော့ ဆက်မပြန်ဖြစ်တာနဲ့ပစ်ထားခဲ့မိတယ်။ မနေ့ကမှ ပြန်လှန်ဖြစ်လို့ ဘာသာပြန်ပြီးသလောက်လေးတင်ပေးလိုက်ပါတယ်။ အဆုံးထိပြန်နိုင်ဖို့လဲ ကြိုးစားပါဦးမယ်။
************************************
အပိုင်း(၁)
အပိုင်း(၁)
ထူးဆန်းတယ်နော်၊ ကျွန်တော်တို့တွေ ဘာလို့များ မိဘတွေရှေ့မှာ ဆရာတွေရှေ့မှာ ကိုယ့်အမှားအတွက် အမြဲမလုံမလဲ ခံစားရလဲ မသိဘူး။ အဲဒါတွေအားလုံးက ကျောင်းသားဘ၀မှာတင်မဟုတ်ပါဘူး၊ ကျောင်းပြီးတော့လဲ ဒီခံစားချက်တွေက ကျွန်တော်တို့နဲ့အတူ ကျန်ရစ်နေခဲ့တာပါပဲ။
ကျွန်တော် ငါးတန်းကိုစတက်တာ ၁၉၄၇-ခုနှစ်မှာပေါ့။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ရွာလေးမှာ မူလတန်းအထိပဲ ရှိတာလေ။ အဲဒီတော့ ရှေ့ဆက်ပြီး ကျောင်းတက်ဖို့ဆိုရင် ကျွန်တော်တို့ရွာလေးကနေ ကီလိုမီတာငါးဆယ်လောက်ဝေးတဲ့ မြို့လေးကို ထွက်ခွာဖို့ ကျွန်တော်ပြင်ဆင်ရပြီပေါ့။ အမေက လွန်ခဲ့တဲ့တစ်ပတ်လောက်တည်းက အဲဒီကိုကြိုသွားပြီး သူ့အသိ အမျိုးသမီးတစ်ယောက်ဆီမှာ ကျွန်တော်လာနေမယ့်အကြောင်းကို ကြိုအကြောင်းကြားထားပြီးသား။ သြဂုတ်လရဲ့ နောက်ဆုံးနေ့မှာတော့ ကျွန်တော့် ဦးလေး (ကျွန်တော်တို့ရွာရဲ့ တစ်ဦးတည်းသော ကုန်တင်ကားကိုမောင်းရတဲ့) ဂျာဂျာ ဗန်ညာ က သူ့ကုန်တင်ကားကြီးပေါ်ကို ကျွန်တော့်ကိုဆွဲတင်ပြီး ကျောက်ခင်းလမ်းတလျှောက် တောက်လျှောက်မောင်းတော့တာပါပဲ။ ကျွန်တော်နေရမယ့်အိမ်ရောက်တော့ ဂျာဂျာ ဗန်ညာက ကျွန်တော့်အတွက် အိပ်ယာခင်းတွေ စားစရာတွေကို ကျွန်တော်နေရမယ့် အိမ်ရဲ့ထောင့်လေးအထိ လိုက်ပို့ပေးတယ်။ ပြီးတော့ ကျွန်တော့်ပုခုံးကို တစ်ချက်ပုတ်ပြီး ထွက်သွားတော့တယ်။ အဲဒီအချိန် ကျွန်တော့်အသက် ဆယ့်တစ်နှစ်ကစလို့ ကျွန်တော့်ရဲ့ ကိုယ့်အားကိုယ်ကိုးရတဲ့ ဘ၀စခဲ့တယ်ဆိုပါတော့။
စစချင်းနှစ်မှာတော့ ဆာလောင်မွတ်သိပ်တဲ့ဒုက္ခတွေကို မခံရသေးပါဘူး။ အမေ့မှာ ကလေးသုံးယောက်ရှိပါတယ်။ ကျွန်တော်ကအကြီးဆုံးပေါ့။ နွေဦးပေါက်ရာသီ အခက်အခဲ အကြပ်အတည်းတွေစပြီဆိုရင် ကျွန်တော်တို့ကလေးတွေမှာ စားစရာက မရှိတော့ဘူး။ ကျွန်တော်နဲ့ ကျွန်တော့်ညီမလေး အာလူးတွေရဲ့အပေါ်မှာ ထွက်နေတဲ့ အတက်လေးတွေကို ဖဲ့စားကြတယ်။ မြင်းစားဂျုံစေ့တွေ ဂျုံရိုင်းစေ့တွေကို စားကြရတယ်။ ဗိုက်ထဲရောက်မှ အပင်တွေပေါက်လာလဲ စားဖို့အတွက်မပူရတော့ဘူးလေ။ နွေတစ်နွေလုံးပါပဲ ကျွန်တော်တို့ဗိုက်ထဲက သီးပင်စားပင်တွေကို ကျွန်တော်တို့ရွာလေးနားကဖြတ်စီးနေတဲ့ အန်ဂါမြစ်ရေတွေနဲ့ ကြိုးစားပန်းစား လောင်းတာပါပဲ။ ဒါပေမယ့် အထွက်ကပဲနည်းတာလားတော့မသိ၊ ဘယ်လိုနေလဲတောင် မခံစားလိုက်ရပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်စဉ်းစားကြည့်တယ်၊ တီထွင်ကြံဆမှုဟာ အကျိုးမယုတ်ဘူးလို့၊ တစ်ခါတလေမှာ လူတွေအတွက် အသုံးတောင်တည့်ချင်တည့်နေဦးမှာ။ ကျွန်တော်တို့ အတွေ့အကြုံ နုနယ်သေးလို့ အမှားတစ်ခုခု လုပ်မိလို့ အပင်မပေါက်တာပဲ ဖြစ်မှာပေါ့။
အမေဘာဖြစ်လို့များ ကျွန်တော့်ကို မြို့ကျောင်းကို စာသွားသင်ခိုင်းဖို့ ဆုံးဖြတ်လိုက်လဲဆိုတာတော့ ပြောရခက်တယ်။ ကျွန်တော်တို့ အဖေမရှိပဲနေခဲ့ရတယ်။ အဆိုးဝါးဆုံးကို နေခဲ့ရတာပါ။ အမေ့ကြည့်ရတာ ဒီထက်တော့ မဆိုးနိုင်တော့ဘူးလို့ စိတ်ကိုဆုံးဖြတ်ထားလားမသိပါဘူး။ ရွာကမူလတန်းကျောင်းမှာ ကျွန်တော်စာကြိုးစားခဲ့ပါတယ်။ ကျောင်းသွားရတာလဲပျော်တယ်လေ။ ရွာမှာတော့ ကျွန်တော် စာရေးတတ်ဖတ်တတ်လို့ အသိအမှတ်ပြုကြပါတယ်။ အသက်ကြီးကြီး အဘိုးအဖွားကြီးတွေအတွက် စာရေးတာ စာဖတ်တာလဲ ကျွန်တော်ပဲလုပ်ပေးရတယ်။ ရွာစာကြည့်တိုက်လေးကနေ စာအုပ်တွေ ရှာဖွေဖတ်ရှုပြီး ညနေတွေဆိုရင် ရွာကသူငယ်ချင်းတွေကို ပြန်ပြောပြရတယ်။ များသောအားဖြင့်တော့ စာအုပ်ထဲက အကြောင်းအရာထက် ကျွန်တော်ထင်တာတွေ ထည့်ပြောတာက ခပ်များများပေါ့။ ဒါပေမယ့် ကျွန်တော့်ကို တော်တော်များများယုံကြည်ကြပါတယ်။ စစ်အတွင်းက တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေကို နိုင်ငံတော်ကနေ ထောက်ပံ့ကြေးအနေနဲ့ ရမယ့်ပိုက်ဆံကို သတင်းစာကနေ နံပါတ်တွေနဲ့ ကြော်ငြာပေးတယ်။ သတင်းစာထဲမှာပါတဲ့ ဇယားကနေ သူတို့နံပါတ်တွေ ပါမပါ ကျွန်တော်ကကြည့်ပေးရတယ်။ ကျွန်တော့်မှာ ကံကောင်းတဲ့ မျက်စိတစ်စုံရှိတယ်ဆိုပြီး တော်တော်များများက ကျွန်တော့်ကိုပဲ လာလာကြည့်ခိုင်းကြတယ်။ မဲပေါက်တဲ့လူတွေလဲ ရှိကြပါတယ်။ အများစုကတော့ နည်းနည်းပဲ ပေါက်တာများပါတယ်။ ဒါပေမယ့် အဲဒီအချိန်က လယ်သမားတစ်ယောက်အတွက် ဘယ်လို အကြွေစေ့ပဲဖြစ်ဖြစ် ၀မ်းသာစရာပါ။ မဲပေါက်တဲ့ဆီကနေရတဲ့ ပျော်ရွှင်မှုကလဲ ကျွန်တော့်ဆီကိုပါ ကူးစက်လာတယ်။ ရွာကကလေးတွေကြားမှာ ကျွန်တော့်ကို ပိုခင်ကြပါတယ်၊ တတ်နိုင်သလောက်လဲ ကျွေးကြမွေးကြပါတယ်။ တစ်နေ့မှာတော့ ဂျာဂျာ အီလျာ (သူက တကယ့်ကို ကပ်စေးနည်းတဲ့ အဖိုးကြီးပါ) က ရူဘယ်လ်ငွေလေးရာ မဲပေါက်တာနဲ့ ကျွန်တော့်ကို အာလူးတစ်ပုံးပေးတယ်။ ကျွန်တော်တို့ မိသားစုအတွက်တော့ အဲလောက်အာလူးကလဲ မနည်းလှတဲ့ ကြွယ်ဝချမ်းသာမှုပါပဲ။
ဒီလိုနဲ့ ကျွန်တော်လဲ မဲပေါက်စဉ်ဂဏန်းတွေကြားမှာနေရင်းက လူတွေက အမေ့ကိုပြောလာကြတယ်။
- နင့်မှာ ထက်မြက်တဲ့ သားတစ်ယောက် အရွယ်ရောက်လာပြီ။ သူ့ကို စာဆက်သင်ပေးသင့်တယ်။ ဒီလိုတော်တဲ့ ကလေးတစ်ယောက်တော့ အလဟသ မဆုံးရှုံးစေချင်ဘူး။
ဒီလိုနဲ့ အမေလည်း စိတ်မကောင်းစွာနဲ့ ကျွန်တော့်ကို စာဆက်သင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်အရင် ဘယ်သူမှ အဲဒီမြို့မှာ စာသွားမသင်ဖူးကြပါဘူး။ ကျွန်တော်ပထမဆုံးပါပဲ။ ကျွန်တော်ကိုယ်တိုင်လဲ ဘယ်လိုဆက်နေရမယ်မသိသေးဘူး။ ဘယ်လိုမျိုးအခက်အခဲတွေများ စောင့်ကြိုနေဦးမယ် မသိနိုင်ဘူးလေ။ နေရာသစ်တစ်ခုက သနားစရာ သတ္တ၀ါတစ်ကောင်ပါပဲဗျာ။
အဲဒီမှာလဲ ကျွန်တော်စာကောင်းကောင်းသင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တခြားဘာအလုပ်များရှိလို့လဲ။ မြို့ကိုရောက်ကတည်းက ကျွန်တော့်မှာ ဘာလုပ်ရမှန်းမသိဘူး၊ ယောင်ချာချာနဲ့ နေသားမကျသေးဘူး။ ဘာသာရပ်တွေအားလုံးမှာ အဆင့်အမြင့်ဆုံးနဲ့ အောင်ခဲ့တာချည်းပါပဲ။ ဘာသာရပ်တစ်ခုကလွဲလို့ပေါ့။ အဲဒီဘာသာကတော့ ပြင်သစ်ဘာသာစကားပါပဲ။
ပြင်သစ်ဘာသာစကားမှာ ကျွန်တော့်အတွက် အခက်ခဲဆုံးက အသံထွက်ကိစ္စ။ စကားလုံးတွေကို ကျွန်တော် လွယ်လွယ်ကူကူနဲ့ မှတ်မိတယ်၊ ဘာသာပြန်နိုင်တယ်၊ ပြင်သစ်ဘာသာရဲ့ ခက်ခဲလှတဲ့ သဒ္ဒါတွေနဲ့ စာကောင်းကောင်းရေးနိုင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ ဦးခေါင်းကနေခြေဖျားအထိ အန်ဂါရွာအသံထွက်ကြီးက စိမ့်ဝင်နေတာလေ။ ကျွန်တော်တို့ရွာမှာက ဘာသာခြားဆိုလို့ စကားတစ်လုံးတောင် ပြောတတ်တဲ့သူမရှိဘူး၊ ကြားလဲမကြားဖူးပါဘူး။ တခြားဘာသာစကားတွေ ရှိတယ်လို့ပြောရင်တောင် သံသယရှိနေကြဦးမှာ။ ကျွန်တော်က ပြင်သစ်စကားကို ကျွန်တော်တို့ရွာမှာ လျှာသွက်အောင်ပြောလေ့ရှိတဲ့ စာကြောင်းတွေပြောတဲ့ပုံစံနဲ့ အသံတစ်ဝက်လောက်က အသုံးမ၀င်သလိုနဲ့ မြိုချရင်း၊ ကျန်တဲ့တစ်ဝက်ကိုတော့ ဗလုံးဗထွေးနဲ့ လျှာကိုအပူလောင်နေသလိုမျိုးပဲ ပြောတတ်တယ်။ ပြင်သစ်စာသင်တဲ့ ဆရာမ လီဂျီယာ မိဟာအိလော့ဗနာက ကျွန်တော်ပြောနေတာကိုကြည့်ရင်း မျက်မှောင်ကြီးကြုံ့ရင်း မျက်လုံးကိုမှိတ်ထားတယ်။ သူဘာမှကို သဲသဲကွဲကွဲ မကြားပါဘူး။ ဆရာမက နှာသံကို ဘယ်လိုထွက်ရမယ်၊ သရအတွဲတွေ ဘယ်လိုထွက်ရမယ်ဆိုတာ အထပ်ထပ်ရှင်းပြတယ်၊ ထွက်ပြတယ်။ ပြီးတော့ ကျွန်တော့်ကို အသံလိုက်ထွက်ခိုင်းတယ်။ ကျွန်တော့်လျှာက ပါးစပ်ထဲမှာ မာတောင့်နေပြီး တုပ်တုပ်မှမလှုပ်။ ဘယ်လိုမှကို အဆင်မပြေပါဘူး။ ဒါပေမယ့် တကယ့်အဆင်မပြေဆုံးကိစ္စက ကျွန်တော် ကျောင်းကနေပြန်ရောက်မှစတာ။ ကျွန်တော်နေတဲ့ အိမ်ပြန်ရောက်ရင် နေရတာ မလွတ်မလပ်နဲ့ ကျွန်တော့်မှာ အမြဲပဲ စိတ်ရှုပ်ရတယ်။ လုပ်စရာကလဲ တစ်ခုမဟုတ်တစ်ခု အမြဲရှိနေတတ်တယ်။ ကျွန်တော့်အရွယ်ကောင်တွေနဲ့ ကစားချင်ချင် မကစားချင်ချင် ကစားရတာတယ်။ ကျောင်းပြန်ရောက်ရင်တော့ စာပြန်လုပ်ရပြန်တာပေါ့။ တစ်ယောက်တည်းလည်း အိမ်နဲ့တစ်ခါမှ ခွဲမနေဘူးတော့ အိမ်ကိုလွမ်းတဲ့စိတ်၊ ရွာကိုလွမ်းတဲ့စိတ်နဲ့ စိတ်ဓာတ်ကျလာတယ်။ ဘယ်တုန်းကမှ အိမ်ကနေ တစ်ညတောင် ခွဲမနေဖူးဘူးလေ။ ကျွန်တော်မသိတဲ့ လူစိမ်းတွေကြားမှာ နေသားကျဖို့ ကျွန်တော်အဆင်သင့်မဖြစ်သေးဘူး။ အဲဒီမှာနေရတာ ကျွန်တော့်အတွက်တော့ ခါးသီးဆိုးဝါးပြီး မုန်းတီးစရာ ကောင်းလှပါတယ်။ ရှိရှိသမျှရောဂါတွေထက်ကို ဆိုးရွားလှပါတယ်။ ကျွန်တော်တစ်ယောက်ထဲပဲနေချင်တယ်။ တစ်ယောက်ထဲနေရင်း အိမ်ကိုပဲ လွမ်းနေချင်တယ်။ ကျွန်တော် အရမ်းကို ပိန်သွားခဲ့တယ်။ အမေက စက်တင်ဘာလကုန်လောက်မှာ ရောက်လာရင်း ကျွန်တော့်အတွက် အရမ်းစိုးရိမ်သွားတယ်။ အမေ့ရှေ့မှာ ကျွန်တော့်စိတ်ကိုထိန်းထားတယ်။ ဘာမှလဲမငြီးဘူး၊ ငိုလဲမငိုဘူး။ ဒါပေမယ့် အမေလဲပြန်ရော ကျွန်တော်ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ပဲ အော်ဟစ်ငိုယိုပြီး အမေစီးသွားတဲ့ ကားနောက်ကို အတင်းပြေးလိုက်တော့တာပါပဲ။ အမေက ကုန်တင်ကားကြီးပေါ်ကနေ ကျွန်တော့်ကို လက်လှမ်းပြရင်း နေခဲ့ဖို့လှမ်းအော်ပြောနေတယ်။ ဒါပေမယ့် ကျွန်တော်ဘာကိုမှလဲ ရှက်ကြောက်မနေတော့ဘူး၊ ဘာကိုမှလဲနားမလည်ဘူး။ နောက်ဆုံးတော့ အမေက ကားကိုရပ်ခိုင်းလိုက်တယ်။
- ကဲ အထုပ်ပြင်တော့ - ကျွန်တော်အမေ့နားကပ်သွားတော့ အမေကပြောတယ် - ဒီလောက်ပညာသင်ရတာ လုံလောက်ပါပြီ၊ အိမ်ပဲပြန်လိုက်ခဲ့တော့။
ကျွန်တော်အသိပြန်ဝင်လာပြီး အမေ့ဆီကနေ ပြေးထွက်လာခဲ့တယ်။
ကျွန်တော် ပိန်ချုံးလာတာက အိမ်လွမ်းတဲ့စိတ် တစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူး။ အမြဲတမ်းလိုလို ၀၀လင်လင် မစားရတာလဲပါတယ်။ မိုးရာသီမှာ ဂျာဂျာ ဗန်ညာက ကျွန်တော်နေတဲ့မြို့နားဆီကို ပေါင်မုန့်တွေလာလာပို့ရတိုင်း အိမ်ကထည့်ပေးလိုက်တဲ့ စားစရာတွေ ကျွန်တော့်ဆီ တစ်ပါတ်တစ်ခါလောက် မကြာခဏ လာလာပို့ပေးတတ်ပါတယ်။ ဒါပေမယ့် ခက်တာက အဲဒီအစားအစာတွေက ကျွန်တော့်အတွက် မလုံလောက်ဘူး။ စားစရာဆိုတာကလည်း ဘာမှပါတာမဟုတ်ပါဘူး။ အာလူးတွေနဲ့ ပေါင်မုန့်ပါပဲ။ တစ်ခါတလေတော့ အမေက သူဘယ်သူ့ဆီကရမှန်းမသိတဲ့ ဒိန်ခဲလေးကို ဗူးလေးထဲမှာထည့်ပြီး ပေးတတ်ပါတယ်။ အမေ့မှာ နွားမှမရှိတာ ဘယ်ကဒိန်ခဲက ရမှာလဲ။ တစ်ခုပဲရှိတယ်၊ တစ်အိမ်အိမ်မှာ အလုပ်ကူလုပ်ပေးလို့ သူ့ကိုပေးလိုက်တဲ့ ဒိန်ခဲကို ကျွန်တော့်ဆီပို့ပေးတာနေမှာ။ ပို့ပေးလိုက်တာတော့ အများကြီးလို့ထင်ရတာပေါ့။ ဒါပေမယ့် နှစ်ရက်လောက်ပဲကြာပါတယ်၊ ဘာမှကိုမကျန်တော့ဘူး။ နောက်တော့ ကျွန်တော်သတိထားမိလာတယ်။ ကျွန်တော့်ဝေစုထဲက ပေါင်မုန့်တစ်ဝက်ကို တစ်ယောက်ယောက်ယူစားနေပြီဆိုတာကိုလေ။ အမှတ်အသားနဲ့ ကျွန်တော့်ပေါင်မုန့်လေးတွေကိုထားခဲ့တော့လဲ လက်ရာပျက်နေတယ်။ အာလူးတွေမှာလဲ ဒီတိုင်းပါပဲ။ ဘယ်သူများ အလစ်သုတ်နေတာပါလိမ့်။ အန်တီ နားဂျာလား၊ သူက အာကျယ်ကျယ်နဲ့ အမြဲတမ်း ယောက်ယက်ခတ်နေတတ်တဲ့ အမျိုးသမီးကြီး။ ဒါမှမဟုတ်၊ သူ့သမီးအကြီးမလား၊ အငယ်ကောင် ဖျော့ဒ်ကာလား။ ကျွန်တော်မသိတော့ဘူး၊ အဲဒီအကြောင်းကို ဆက်ပြီးတွေးဖို့တောင် ကြောက်လာမိတယ်။ အမေက သူမစားရက်မသောက်ရက်နဲ့ ညီမလေးဆီကဝေစုနဲနဲ၊ ညီလေးဆီက ဝေစုနဲနဲနဲ့ ပေါင်းပြီးမှ ကျွန်တော့်ဆီပို့ရတာ။ ဒီမှာဖြစ်ပျက်နေတဲ့အကြောင်းတွေပြန်ပြောပြရင်၊ သူလဲစိတ်ကောင်းမှာမဟုတ်ဘူး။ နောက်ဆုံးတော့ ကျွန်တော့်စိတ်ကိုပဲ ကျွန်တော်နှိမ့်ချပြီး မသိသလိုနေလိုက်တယ်။ အမှန်အတိုင်းသာ အမေသိလို့ကတော့ ဒီတိုင်းနေမှာမဟုတ်ဘူးလေ။
ဒီမှာခံစားနေရတဲ့ ဆာလောင်မှုက ရွာမှာတုန်းကနဲ့ လုံးဝမတူဘူး။ ရွာမှာက အမြဲတမ်း အထူးသဖြင့် မိုးရာသီဆိုရင် အန်ဂယ်လ်မြစ်ထဲမှာ ငါးလိုက်ဖမ်းမလား၊ တောထဲသွားပြီး ငှက်ပစ်မလား၊ သစ်ဥတွေလိုက်တူးမလား၊ အကုန်လုပ်လို့ရတယ်။ ဒီမှာတော့ ကျွန်တော့်ဝန်းကျင်တစ်ခုလုံးက ဗလာပါပဲ။ ကျွန်တော်မသိတဲ့ လူစိမ်းတွေ၊ သစ်ပင်တွေ၊ မြေကြီးတွေ။ မြစ်သေးသေးလေးမှာ ငါးထိုင်မျှားလဲ အလကားပါပဲ။ တနင်္ဂနွေလိုနေ့တွေမှာ ကျွန်တော် ငါးမျှားတံ တစ်ချောင်းနဲ့ တစ်နေကုန်အောင် ငါးမျှားခဲ့ဖူးတယ်။ လက်ဖက်ရည်ဇွန်းအရွယ်လောက်ပဲရှိတဲ့ ငါးလေး သုံးကောင်လားပဲရတယ်။ အဲဒီလောက်ငါးနဲ့တော့ ငါးဖမ်းသမားအတွက် အသုံးမတည့်ပါဘူးဗျာ။ နောက်တော့မသွားတော့ဘူး၊ အချိန်ကုန်တာပဲ အဖတ်တင်တယ်လေ။ ညနေတွေမှာတော့ လက်ဖက်ရည်ဆိုင်နားတ၀ိုက်မှာ ယောင်လည်လည်လုပ်တယ်။ တစ်ခါတလေတော့ ဈေးထဲမှာ ဘယ်ပစ္စည်းတွေ ဘယ်လောက်လဲဆိုတာလိုက်ကြည့်ရင်း၊ ကိုယ့်တံတွေးကိုယ် ပြန်မြိုမြိုချရတယ်။ အန်တီ နာဂျာရဲ့ မီးဖိုပေါ်မှာ ရေနွေးအိုးက ပွက်ပွက်ဆူလို့။ ဗလာဟင်းလင်း ရေနွေးနဲ့ ၀မ်းဗိုက်ကိုနွေးစေပြီး အိပ်ယာဝင်လိုက်တယ်။ မနက်ရောက်ရင်တော့ ကျောင်းသွားရဦးမယ်လေ။ ဒီလိုနဲ့ပဲ ကုန်တင်ကားကြီး ဂိတ်ဝရောက်လာပြီး ဂျာဂျာ ဗန်ညာတစ်ယောက် တံခါးလာခေါက်မယ့်အချိန်ကို စောင့်ရဦးတော့မှာပေါ့။ ဆာလောင်ငတ်မွတ်နေရင်းက ကျွန်တော်သိနေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့် ရိက္ခာတွေက ကျွန်တော်ပဲ မချွေတာပဲ စားပစ်သလို ကုန်သွားဦးမယ်ဆိုတာကိုပေါ့။ မထူးတော့ဘူးဆိုပြီး ရောက်လာသမျှအစာတွေကို ကျွန်တော့်ဗိုက်ကြီးကားလာတဲ့အထိ တ၀တပြဲစားပစ်လိုက်တယ်။ နောက်တစ်ရက် နှစ်ရက်လောက်နေရင်တော့ ကျွန်တော့်သွားတွေကို နံရံပေါ်က စာအုပ်စင်ပေါ်မှာ စိုက်ထားရဦးမယ်လေ။
(ဆက်ရန်)
(ဆက်ရန်)
2 comments:
အခု ကိုဖြူဘာသာပြန်ထားတဲ့ “ပြင်သစ်ဘာသာစကားအချိန်များ”ကို ကျနော်အတိုကို ဖတ်ဖူးတယ်။ ရုပ်ရှင်ကလည်း ကိုဖြူဆီကပဲရလို့ကြည့်ဖူးတယ်။ ကိုဖြူမျက်ရည်ဝဲသလို ၀ဲခဲ့ရပါတယ်။ ကိုဖြူရေ ဒီဝတ္ထုတိုမှာ စာရေးဆရာက သူ့ငယ်ဘ၀အကြောင်းကိုရေးထားတာဆို။ ဘာသာဆက်ပြန်ပါဦး။ အားပေးသူ အနည်းဆုံး ကျနော်တစ်ယောက်တော့ ရှိပါတယ်။ ဘာသာပြန်ရတာ ပင်ပန်းတာကို စာနာပါတယ်။
(((ပြင်သစ်ဘာသာစကားမှာ ကျွန်တော့်အတွက် အခက်ခဲဆုံးက အသံထွက်ကိစ္စ။ စကားလုံးတွေကို ကျွန်တော် လွယ်လွယ်ကူကူနဲ့ မှတ်မိတယ်၊ ဘာသာပြန်နိုင်တယ်၊ ပြင်သစ်ဘာသာရဲ့ ခက်ခဲလှတဲ့ သဒ္ဒါတွေနဲ့ စာကောင်းကောင်းရေးနိုင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ ဦးခေါင်းကနေခြေဖျားအထိ အန်ဂါရွာအသံထွက်ကြီးက စိမ့်ဝင်နေတာလေ။))) ကိုဖတ်မိတော့ ကိုယ့်ကိုကိုလည်း ရုရှားစာ သင်စတုန်းကအကြောင်းတွေ ပြန်သတိရပြီး ရီချင်ပါတယ်။ သူ့မှာ ပြင်သစ် အသံထွက်ကို ခက်နေလိုက်တာ ၊ “ဦးခေါင်းကနေခြေဖျားအထိ အန်ဂါရွာအသံထွက်ကြီးက စိမ့်ဝင်နေတာလေ” ဆိုတော့ ကျနော်တို့တွေ ရုရှားစာသင်တော့ မြန်မာငပိသံကြီး အသွေးထဲ အသားထဲထိ စိမ့်ဝင်နေတာကို သတိတရရှိမိတယ်။ ကျနော်ဖြင့် ရုရှားစာ စသင်စ ၁ ရက် ၂ ရက်လောက်တုန်းက “государство”ကို အသံထွက်ခက်လို့ ငါတော့ဖြင့် ဘယ်လိုသင်သင် ရုရှားစာတော့ တတ်တော့မှာ မဟုတ်ဘူးလို့ တွေးခဲ့မိဘူးတယ်။
ဆက်လက်ပြန်ပါဦး၊ စောင့်ဖတ်နေမယ်။
ကိုဇနိ
ကျွန်တော်က မြန်မာမှာတည်းက စိတ်ပျက်တာဗျ။ ခင်ဗျားတို့တွေ Russian-English-Russian အဘိဓာန်ကြီးဝယ်လာတော့၊ စကားလုံးတွေကြည့်လိုက်တာ ဘာတစ်ခုမှနားမလည်ဘူး။ ပဲပင်ပေါက်တွေပဲမြင်မြင်နေတာ။ ဆက်ပြန်ပါဦးမယ်။ နည်းနည်းရှည်တော့ ဖတ်တဲ့လူရှိပမလားမသိဘူး။ အနည်းဆုံးတော့ contributors တွေဖတ်ကြမယ်ထင်တာပဲ။ :P
Post a Comment