ကိုလူဝ နှင့် ကိုပိန်လှီ (ချက်ဟော့(ဗ်))

>> Wednesday, May 2, 2007

ကိုလူဝ နှင့် ကိုပိန်လှီ

အန်တွန် ပါဗလိုဗစ်(ခ်ျ) ချက်ဟော့(ဗ်)
ဇနိမြန်မာပြန်သည်။


အန်တွန် ပါဗလိုဗစ်(ခ်ျ) ချက်ကော့
ဇနိမြန်မာပြန်သည်။
နီကိုလိုင်စကီးရထားဘူတာတွင် သူငယ်ချင်းနှစ်ယောက် တွေ့ဆုံမိကြလေသည်။ တစ်ယောက်သည်ကား ခပ်၀၀ဖြစ်၍၊ ကျန်တစ်ယောက်သည် ပိန်သောသူဖြစ်သည်။ လူဝကြီးသည် ဘူတာတွင် ညစာ စားပြီးစဖြစ်၍ သူ၏နှုတ်ခမ်းများမှာ ဆီများဖြင့်ပေကျံကာ မှည့်နေသော ချယ်ရီသီအနီရောင်ကဲ့သို့ အရောင်များပြန်နေသည်။ သူ၏ထံမှ ရှယ်ရီဝိုင် နှင့် လိမ္မော်အရက်နံ့ ထွက်ကာနေလေ၏။ ကိုပိန်လှီသည်ကား ရထားတွဲမှ ထွက်လာကာစဖြစ်ကာ သေတ္တာများ၊ အထုပ်များ၊ ပုံးများဖြင့်အလုပ်ရှုပ်နေလေသည်။ သူ၏ထံမှ ၀က်ပေါင်ခြောက်နံ့ နှင့် ကော်ဖီမှုန့်နံ့ကား သင်း၍နေလေ၏။ ၄င်းသူ၏နောက်ကျောဆီမှ မေးရိုးရှည်ရှည်၊ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ယောက် ပေါ်လာလေသည်။ ထိုလူ၏မိန်းမဖြစ်လေ၏။ အရပ်ရှည်ရှည်၊ မျက်လုံးမှုန်ကုပ်ကုပ်ရှိသော သူ၏သား မောင်ကျောင်းသားတစ်ယောက်သည်လည်း ထိုသူ၏နောက်ကျောဆီမှ ထွက်လာလေသည်။
- ပရိုဖီရီ- ကိုပိန်လှီကို မြင်၍ ကိုလူဝသည် လှမ်းအော်ခေါ်လိုက်လေသည်။ - မင်းမှ ဟုတ်ရဲ့လားကွာ။ ဟင် ငါ့ကောင်ကြီး။ ဘယ်နှဆောင်း၊ ဘယ်နှနှစ် ရှိပြီးလဲကွာ။
- ဟေ့ကောင်ကြီး။ - တအံ့အသြနဲ့ ပြန်အော်လိုက်သည် - မီးရှာ၊ ငယ်သူငယ်ချင်းကြီး။ ဘယ်ချောင်က ပေါ်လာတာလဲကွာ။
ငယ်သူငယ်ချင်းကြီးနှစ်ယောက်သည် တစ်ဦးနှင့် တစ်ဦး သုံးကြိမ်၊ သုံးခါ ပွေ့ဖတ်နှုတ်ဆက်ကြပြီး၊ တစ်ဦးကို တစ်ဦး မျက်ရည်အရွှမ်းသားဖြင့်မျက်လုံးခြင်းစိုက်ကာကြည့်နေကြသည်။ တကယ့်ကို နှစ်ဦးလုံးသည်ု ကြက်သေ သေသကဲ့သို့ဖြစ်နေကြသည်။
- ငါ့ကောင်ရာ - ပွေ့ဖတ်နှုတ်ဆက်အပြီး ကိုပိန်လှီက ရုတ်တရက်စပြောသည်။ - တကယ့်ကို မျှော်လင့်မထားဘူးကွာ။ အံ့သြသွားတာပဲ။ ငါ့ကိုသေချာကြည့်စမ်း။ အရင်လို ခန့်ချောကြီးပဲ မဟုတ်လားကွ ဟေ။ အရင်လိုပဲ ပျော်ပျော်နဲ့၊စတိုင်ကျကျ ပုံစံရော မဟုတ်လားကွ။ ဟ မင်းကတော့ ဘုရားသခင်ကများ မစထားတာလား။ ဘယ်လိုလဲဟ မင်းက။ ချမ်းသာနေတာလား။ အိမ်ထောင်ရော ကြပြီးလား။ ငါကတော့ မင်းမြင်တဲ့အတိုင်းပဲ၊ အိမ်ထောင်ကျနေပြီ။ ဒါကတော့ ငါ့ဇနီး လူအိဇာ၊ ဗာန်တစယ်ဘာတ့် မှာမွေးတဲ့ လူသဲရန်ဘာသာဝင်ပေါ့ကွာ။ ဒါက ငါ့သား နာဖာနာအိ(လ်)၊ သုံးတန်းကျောင်းသားကြီး။ အေး သူက နာဖာညာ ဟ၊ ငါ့ရဲ့ ငယ်ငယ်တုန်းက သူငယ်ချင်း။ အခြေခံကျောင်းတုန်းက အတူတူပေါ့တက်ခဲ့ကြတာပေါ့။
နာဖာနာအိ(လ်)က ခဏစဉ်းစားပြီး ဦးထုပ်ကို ချွတ်လိုက်သည်။
အခြေခံကျောင်းတုန်းက အတူတူကျောင်းတက်ခဲ့တယ်။ - ကိုပိန်လှီက ဆက်ပြောသည်။ မင်းကို နာမည်ပြောင် ဘယ်လိုခေါ်သလဲ မှတ်မိသေးလားကွ။ မင်းက ကျောင်းပြဌာန်းစာအုပ်ကို မီးရှို့ခဲ့လို့ ဂယ်ရိုစတတ်လို့ ပြောင်ခေါ်တာလေ။ ငါ့ကျတော့ သပုပ်လေလွင့်ပြောတတ်လွန်းလို့ဆိုပြီး အဲဖီအ(တ်) လို့ခေါ်တာလေ။ ဟ ဟ တကယ့်ကို လူရှုပ်ကလေးတွေပေါ့ကွာ။ နာဖာညာ ကို မကြောက်ပါနဲ့ဟ။ သူ့နားကို တိုးခဲ့ကြပါအုံး။ ဒါ ငါ့အမျိုးသမီး လူအိဇာ၊ ဗာန်တစယ်ဘာတ့် မှာမွေးတဲ့ လူသဲရန်ဘာသာဝင်ပေါ့ကွာ။
နာဖာနာအိ(လ်)သည် ခဏစဉ်းစားပြီး သူ့အဖေနောက်ကျောတွင် ကွယ်၍နေလိုက်သည်။
- ဘယ်လို လဲ။ အဆင်ပြေလား သူငယ်ချင်း။ - သူငယ်ချင်းကို စိတ်ဝင်စားစွာကြည့်ရင်း ကိုလူဝက မေးလိုက်တယ်။ ဘယ်မှာ အလုပ်လုပ်တာလဲ။ အလုပ်ရော လုပ်တုန်းပဲ မဟုတ်လား။
- လုပ်တုန်းပါပဲ သူငယ်ချင်းရ။ ရာဖြတ်အလုပ်ပါပဲ။ လခကတော့ မကောင်းပါဘူးကွာ။ အမျိုးသမီးကတော့ ဂီတသင်တန်းပေးတယ်လေ။ ငါ စီးကရက်ဘူးတွေကို တရားမ၀င်လုပ်တယ်ကွာ။ သိပ်ကောင်းတယ်ကွ ဘူးတွေက။ တစ်ဘူးကို တစ်ရူဘယ်နဲ့ရောင်းတယ်လေ။ တကယ်လို့ ဆယ်ဘူးနဲ့ အထက်ယူတယ်ဆိုရင် လျှော့ဈေးနဲ့ပေါ့ကွာ။ ကြုံသလိုလုပ်ပြီး ဘ၀ကို ခရီးဆက်ရတယ်ဟေ့။ အရင်က ဌာနတစ်ခုမှာကွာ၊ အခု ဒီကို ဌာနကြီးမှုးအနေနဲ့ ပြောင်းလာတာကွာ။ အခု ဒီမှာ တာဝန်ထမ်းရမယ်။ မင်းကရော။ အလုပ်ထွက်လိုက်ပြီလား။ ဘယ်လိုလဲ။
- မဟုတ်ဘူးဟ သူငယ်ချင်းရ။ နည်းနည်းမြှင့်တွေးလိုက်ဦး။- ကိုလူဝက ပြောသည်။ - ငါ လျှို့ဝှက်အမှုထမ်းအရာရှိဟ။ နှစ်ပွင့်။
ကိုပိန်လှီသည် ရုတ်တရက် မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး မလှုပ်မယှက်ဖြစ်သွားသည်။ သို့သော် ခဏအတွင်းပင် သူ၏မျက်နှာတွင် အပြုံးပွင့်များပေါ်လာကာ မျက်နှာနှင့်မျက်လုံးများမှ အရောင်များ တလက်လက်ထွက်လာသည်။ သူသည် မိမိကိုယ်ကို ရှက်လာ၍ သူ၏ခါးသည်လည်းကွေးညွတ်လာကာ လူသည်လည်း ထင်သည်ထက် ကျုံ့ဝင်လာလေသည်။ သူ၏ သေတ္တာများ၊ အထုပ်များ၊ ပုံးများသည်ပင် ရှုံ့ဝင်၊ကျုံ့ဝင်သွားသကဲ့သို့ ထင်ရလေ၏။ သူ့မိန်းမ၏ မေးရိုးကြီးသည်လည်း ပို၍ရှည်ထွက်လာသကဲ့သို့ဖြစ်လာလေသည်။ နာဖာနာအိ(လ်)သည်လည်း မတ်မတ်ကြီးဖြစ်လာကာ သူ၏ ၀တ်စုံကြယ်သီးများကို ကယောင်ကတမ်းဖြင့် တပ်နေလေသည်။
- ကျွန်တော် လူကြီးမင်းနဲ့တွေ့ရတာ အလွန်ဝမ်းသာပါတယ်ဗျာ။ ငယ်သူငယ်ချင်းကြီး အင်း ပြောလို့ရမလား။ ဒီလို သြဇာအာဏာကြီးတယ်လို့တော့ ထင်မိပါတယ်ခင်ဗျာ။
- ဟာ ရပါတယ်ကွ။ - ကိုလူဝသည် မျက်နှာရှုံ့ကာပြောသည် - ဘယ်လို လေသံကြီးလဲကွ။ တို့ ငယ်ငယ်တုန်းက သူငယ်ချင်းတွေလေကွာ။
- ဘာကိစ္စ ဒီလို လေးလေးစားစားကြီးတွေက။
- ခွင့်လွှတ်ပါဗျာ။ - ပိုပြီးရိုရိုသေသေကြီးနဲ့ ကိုပိန်လှီက အတင်းထပ်ပြောသည် - လူကြီးမင်းရဲ့ ကြင်နာတတ်တဲ့ ဂရုစိုက်မှုက တကယ့်ကိုပဲ ကျွန်တော့်ကို ကြည်နူးလန်းဆန်းစေပါတယ်။ လူကြီးမင်းခင်ဗျား။ သူကတော့ ကျွန်တော်၏သား နာဖာနာအိ(လ်) ဖြစ်ပြီး သူမကတော့ ကျွန်ုပ်၏ဇနီး လူအိဇာဖြစ်ပါတယ်။
ကိုလူဝသည် တစ်ခုခုကိုပြန်လည်ပြောဆိုချင်သော်လည်း ကိုပိန်လှီ၏မျက်နှာတွင် အံ့သြသောအရိပ်အရောင်များ၊ မျက်နှာချိုသွေးနေခြင်းများ၊ ခပ်ချဉ်ချဉ်လေးစားမှုအရိပ်အရောင်များက လျှို့ဝှက်အရာရှိအား မနှစ်မမြို့ဖြစ်စေလေသည်။ ကိုလူဝသည် ကိုပိန်လှီထံမှ လှည့်ကာ၊ ကိုလူပိန်အားလက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်လေသည်။ ကိုပိန်လှီသည်လည်း ကိုယ်လုံးကြီးအားတစ်ကိုယ်လုံးကွေးညွှတ်ကာ သုံးကြိမ်၊သုံးခါ အလေးပြု၍၊ ပါးစပ်မှလည်း တဟီဟီဖြင့်ထွက်ကာနေလေသည်။ မိန်းမ၏မျက်နှာသည်လည်း ပြုံးစိစိဖြစ်နေလေသည်။ သားဖြစ်သူ နာဖာနာအိ(လ်)သည်လည်း ခြေတစ်ဖက်ဒရွတ်ဆွဲကာ ဦးထုပ်သည်လည်းပြုတ်ကျသွား၏။ သားအမိ၊သားအဖသုံးယောက်သည် ကမောက်ကမအနေအထားတွင် ရှိနေလေတော့သည်။
ပြီး၏။

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP