မောင်ပြူးတူး

>> Monday, May 21, 2007

ကျွန်တော့်နာမည်က ပြူးတူးပါ။ နာမည်ကြားလိုက်ရုံနဲ့ ပြူးတူးပြဲတဲ ဆိုတာ သိလောက်ရောပေါ့။ ငယ်ငယ်တုန်းကသာ ပြူးတူးပြဲတဲနဲ့ ၀၀လေးမို့ လူတွေကချစ်ကြတာ။ ခုတော့ ရပ်ကွက်ထဲမှာ ပြူးတူးဆိုတဲ့အသံကြားရင် နှာခေါင်းရှုံ့ကြပြီ။ ကျွန်တော်ကလဲ ဆိုးတာကိုး။ မူးလာပြီဆိုရင် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်ဆဲတော့တာ။ တစ်ကယ်တော့ နာမည်အရင်းက ခင်စိုး။ ကျွန်တော်တို့မှာ ညီအစ်ကို လေးယောက်ရှိခဲ့တယ်။ ရှိခဲ့တယ်လို့ပြောရတာက ခုသုံးယောက်ပဲကျန်တော့လို့လေ။ သုံးယောက်ဆိုမှတော့ တစ်ယောက်ကသေပြီပေါ့ဗျာ။ ဘာကြောင့်သေလဲတော့မသိဘူး။ အဲဒီတုန်းက ကျွန်တော်က ငယ်ငယ်ပဲရှိသေးတာ။ အမေပြောတာတော့ တုပ်ကွေးဆိုလားပဲ။ ထားလိုက်ပါတော့ ဒါတွေ။ ကျွန်တော်ပြောချင်တာက ကျန်ခဲ့တဲ့ သုံးယောက်အကြောင်း။ သုံးယောက်ဆိုတော့ ကျွန်တော်လဲ ပါတာပေါ့။ ကျွန်တော်က အငယ်ဆုံး။ ကျွန်တော်ထက် အကြီးက ခင်ဝင်းတဲ့။ ဒီကောင်ကတော့ ၀၀ဖိုင့်ဖိုင့်။ တရုပ်ကားတွေထဲမှာပါတဲ့ အရက်ဆိုင်က တရုပ်ကြီးရုပ်မျိုး။ အကြီးဆုံးက ခင်တိုး။ ခင်တိုးကတော့ ကျွန်တော်တို့ ညီအစ်ကိုထဲမှာ အအေးဆုံး။ ရုပ်ကလဲ ခပ်သန့်သန့်။ စာကလဲတော်တယ်။ ဒါပေမယ့် ကြီးလာတော့ သူလဲ ဆယ်တန်းမအောင်ဘူး။ ကျွန်တော်နဲ့ ခင်ဝင်းကတော့ ရှစ်တန်းအထိပဲ နေရတယ်။ ကျွန်တော်တို့နှစ်ယောက်မှ ကျောင်းမထွက်ရင် အတန်းပိုင်ဆရာမက သူကိုယ်တိုင် ကျောင်းထွက်မယ့်အထိ ပြောလာတာနဲ့ ကျွန်တော်တို့ နှစ်ယောက် မထွက်ချင်ပဲ ထွက်လိုက်ရတာ။ ဟုတ်တယ်လေဗျာ ဘယ်ထွက်ချင်ပမလဲ။ ကျောင်းသွားမှ အိမ်ကအလုပ်လဲ လုပ်စရာမလိုဘူး၊ မုန့်ဖိုးကလဲ ရသေးတယ်။ ကျွန်တော့်အထင်တော့ ကျောင်းသားဘ၀လောက် ဇိမ်ကျတာဘယ်ရှိမှာလဲဗျာ။ အဲ အတန်းထဲရောက်ရင်တော့ နဲနဲစိတ်ညစ်ရတယ်။ အိမ်စာလုပ်မလာရင်ဆူတာနဲ့၊ စာမရရင် ဆူတာနဲ့ နားကိုငြီးရောဗျာ။ ရိုက်စရာရှိ ရိုက်လိုက်ရင် အိုကေနေတာ။ အလုပ်ရှုပ်လို့ ဆူနေရသေးတယ်။ အိမ်မှာဆိုလဲ အဲလိုပဲ။ အမေက တဆူဆူတညံညံလုပ်တယ်။ အဲလိုမျိုးဆိုရင် အဖေက ဘေးလွတ်ရာ သွားနေတော့တယ်။ အဖေနဲ့ အမေက ဘယ်လိုများ ရေစက်ပါလာကြလဲမသိဘူး။ အဖေက အေးသလောက်၊ အမေကတော့ တစ်ကယ့် ဒေါ်သွက်။ သူတို့နှစ်ယောက်လုံးက ကြို့ပင်ကောက်ဇာတိ။ ကြို့ပင်ကောက်တော့ ခင်ဗျားတို့ သိကြလားမသိဘူး။ ရန်ကုန် နဲ့ ပြည်ကြားထဲမှာဗျာ။ ဘယ်ကနေ မိုင်ဘယ်လောက်ဝေးလဲဘာလဲတော့ ကျွန်တော်မသိဘူး၊ ပြည်နဲ့တော့ ပိုနီးတယ်။ ကျွန်တော်တို့မြို့ကနေ ကားနဲ့လာရင် တစ်နာရီလောက်မောင်းရတယ်။ ကြို့ပင်ကောက်ကသာဆိုတယ်၊ သူတို့နှစ်ယောက်လုံးက မြို့ပေါ်က မဟုတ်ဘူး။ တူးကန်ချောင်းနားဆိုတဲ့ ရွာက။ အစ်ကို ခင်တိုးကို မွေးပြီးမှ ကျွန်တော်တို့က ဒီမြို့ကို ရောက်လာတာ။ ကျွန်တော်က ဒီရောက်မှမွေးတာဆိုတော့ မြို့သားပေါ့ဗျာ။ ညီအစ်ကို သုံးယောက်ထဲမှာ ကျွန်တော်နဲ့ ခင်ဝင်းနဲ့က တစ်တွဲ။ သောက်လဲအတူတူ။ ရပ်ကွက်လူကြီးကို သူ့အိမ်ရှေ့သွားပြီး ပေါက်ကရတွေအော်ဆဲ၊ စိမ်ခေါ် လုပ်လဲ အတူတူ။ အစ်ကို ခင်တိုးကတော့ ကျွန်တော်တို့နဲ့ အနေနည်းတယ်။ သူ့ ကျောင်းနေဖက်သူငယ်ချင်းတွေနဲ့ပဲ တွဲလေ့ရှိတယ်။ အရင်ကတော့ ကျွန်တော်တို့မှာ ရေစည်လှည်းတွေရှိတယ်။ ရေစည်လှည်းဆိုတာက လက်တွန်းလှည်းလိုမျိုးမဟုတ်ဘူး၊ နွားနဲ့ဆွဲရတာ။ လှည်းပေါ်မှာ သစ်သားစည်ကြီးတင်ပြီး အရပ်တကာ လှည့်ရေရောင်းရတယ်။ တစ်စည်ဆိုရင် အိမ်မှာသုံးကြတဲ့ ကျောက်စည် သုံးလုံးလောက်တော့ အပျော့ပဲ။ အရင်ကတော့ အဲဒီအလုပ်က တော်တော်အိုကေတယ်။ နောက်တော့ အ၀ီစိတွင်းဆိုတာတွေပေါ်လာတော့ ကျွန်တော်တို့ ရေစည်လှည်းအလုပ်လဲအ၀ီစိကိုရောက်တော့တာပါပဲ။ လှည်းတွေလဲ ဆွေးမြည့်ပြီး ခြစားကုန်ရော၊ အမေက အိမ်ကနွားတွေကို လယ်လုပ်တဲ့သူတွေဆီငှားစားဖို့ စီစဉ်တယ်။ အိမ်မှာ အမေက မန်နေဂျာဆိုရင် အဖေကတော့ အောက်ခြေသိမ်း ပျာတာပဲ။ အမေခိုင်းတာမှန်သမျှ လိုက်လုပ်ရတာ။ သူ့ဖာသာလဲ တစ်ကယ်က ဘာမှလုပ်တတ်တာမဟုတ်ဘူး။ ရွာမှာတုန်းကတော့ လယ်လေးဘာလေးလုပ်တယ်။ မြို့လဲရောက်ရော ထိုင်စားဖြစ်တော့တာပါပဲ။ ရေစည်လှည်းတွေ ခေတ်ကောင်းတုန်းကလဲ ကိုယ်တိုင်လှည်းမောင်းတာက ခပ်နည်းနည်း၊ သူများငှားစားတာက ခပ်များများ။ ပျင်းတာကလဲ တော်တော်ပျင်းတယ်။ တော်ပါပြီဗျာ။ ကိုယ့်အဖေမကောင်းကြောင်းမပြောတော့ပါဘူး။ ဒါပေမယ့် တစ်ခုတော့ ထပ်ပြောလိုက်ဦးမယ်။ သူက ရေနွေးတော့ အသေကြိုက်တယ်ဗျ။ တစ်နေ့ကို ရေနွေး လေးအိုးလောက် ကုန်တယ်။ ခုခေတ် လက်ဖက်ခြောက်ဈေးနဲ့ တွက်သာကြည့်ပေတော့။ ခုတော့ ကျွန်တော့အသက်ကလဲ ငါးဆယ်နားနီးပြီ။ သြော်အသက်လေးရလာလို့ လိမ္မာပြီလားမမေးနဲ့၊ မိုက်လို့ကောင်းတုန်း။ ညီအစ်ကို သုံးယောက်လဲ မိန်းမတွေ၊ ကလေးတွေရနေကြပါပြီ။ ကျွန်တော်ကတော့ မိန်းမနဲ့ကွဲနေတယ်။ ကွဲတာကလဲ ကြာပါပြီ။ ကျွန်တော့ သမီးအငယ်ဆုံးလေး သုံးနှစ်သမီးလောက်တည်းကဆိုပါတော့။ ခုဆိုရင် သူတောင် အပျိုဖြစ်နေပြီ။ သူက ဈေးက ကျွန်တော်တို့နဲ့ ရွေမျိုးနီးစပ်တော်တဲ့ ကုန်စုံဆိုင်မှာအလုပ်လုပ်တယ်။ အကြီးမနဲ့ အငယ်မနဲ့ကတော့ အိမ်ထောင်ကျနေကြပြီ။ သူတို့လဲ ကျွန်တော့လုပ်စာ ကောင်းကောင်းမစားဖူးခဲ့ကြဘူး။ ကျွန်တော်တောင် ခုချိန်ထိ အမေ့လုပ်စာ ထိုင်စားနေတုန်းလေ။ အကြီးမက ကလေးနှစ်ယောက်တောင်ရနေပြီ။ ကျွန်တော့်မြေးတွေပေါ့ဗျာ။ အလတ်မကလဲ ကလေးတစ်ယောက်နဲ့။ သူတို့လဲ မနဲရုန်းကန်နေရတယ်။ ကျွန်တော့်အလုပ်ကလား။ ပြောလို့တော့မကောင်းဘူး။ ကျွန်တော်တို့ရပ်ကွက်ထဲက သုံးလုံးရောင်းတဲ့လူဆီမှာ အလုပ်လုပ်တယ်။ ဘောင်ချာရေးပေးရတာမဟုတ်ဘူး။ လူရိပ်လူခြေကြည့်ပေးရတယ်။ ကိုယ့်ဆီမှာ အကွက်ကုန်နေပြီဆိုရင်၊ စက်ဘီးလေးနဲ့ တစ်ခြားဒိုင်တွေဆီ သွားထိုးပေးရတယ်။ ကာတာတွေဘာတွေကလဲ ရှိသေးတယ်။ ဥပမာဗျာ ဂဏန်းတစ်ကွက်ကွက်က ဟော့နေတယ်၊ ခေတ်စားနေတယ်ဆိုရင် အဲဒီအကွက်ကို ကိုယ်က တစ်ခြားဒိုင်မှာ ပြန်ထိုးထားရတယ်။ ဒါမှ အဲဒီအကွက်ပေါက်ရင် လျော်ရတာ သက်သာမယ်လေ။ တစ်ချို့အကွက်ဆိုရင် လုံးဝပိတ်လိုက်တာမျိုးတွေရှိတယ်။ ထိုးတဲ့လူကလည်း အပိုင်ကွက်ဆိုပြီး စပါယ်ရှယ်ထိုးတာ။ ထွက်လာရင်သာ တစ်လုံးမှ မတူချင်မတူမယ်။ မထွက်ခင်တော့ အပြီးပေါက်ဆိုလားပဲ။ ကျွန်တော့်လုပ်အားခကိုတော့ လခရယ်လို့တော့ မဟုတ်ဘူး။ ကျန်ရင်ကျန်သလိုပေးတယ်။ အဲဒါက အဓိကမဟုတ်ပါဘူး။ အဓိကက ကျွန်တော်ကြိုက်တတ်တဲ့ ယမကာလေး နေ့စဉ်မှီဝဲဖို့ ထောင့်ပံ့တယ်။ ကျေးဇူးရှင်တွေပေါ့ဗျာ။ အရင်ကတော့ သူတို့လဲ ကျွန်တော်တို့လို လက်လုပ်လက်စားပါပဲ။ နောက်တော့မှ သုံးလုံး ကော်မရှင်လေးရောင်း ဒိုင်ကိုင်နဲ့ ကြီးပွားလာတယ်ဆိုပါတော့။ ခင်ဝင်းကလဲ အဲဒီမှာလုပ်တယ်။ သူ့မိန်းမက ဈေးထဲမှာ အသုပ်စုံတွေဘာတွေ ရောင်းတယ်။ သူရတဲ့ငွေကလဲ သူပြန်သောက်တာနဲ့ ကုန်တာပါပဲ။ သူ့မှာက သားတွေချည်းပဲ နှစ်ယောက်ရှိတယ်။ ဒီကောင့်သားတွေကတော့ လိမ္မာကြတယ်။ ကျွန်တော်တို့နဲ့တော့ ကွာပ။ အစ်ကို ခင်တိုးကတော့ သားသမီးလေးယောက်တောင်။ သူက ကျွန်တော်တို့ထဲမှာ အိမ်ထောင် အစောဆုံးကျတာ။ ဒီကောင်ရတဲ့ မိန်းမက ငယ်ငယ်ချောချောလေး။ ချမ်းသာတယ်ပေါ့ဗျာ။ ဒါပေမယ့် ဒီကောင်လဲ ဟန်ပုံမပေါ်ပါဘူး။ သူ့ယောက္ခမကြီးတွေက ကပ်စီးနည်း ကော်တရာတွေ။ ဒီကောင်မိန်းမခိုးလာတုန်းက ကြို့ပင်ကောက်က အဖေ့အမျိုးတွေဆီ ခိုးပြေးတာ။ ကောင်မလေးက ကျွန်တော်တို့ထက်တောင်ငယ်တယ်။ အဲဒီတုန်းက ရှိလှမှ ဆယ့်ခြောက်နှစ်တောင်စွန်းရဲ့လားမသိဘူး။ ရွာက ကျွန်တော်တို့နဲ့ ညီအစ်ကို တစ်ဝမ်းကွဲက ချောင်းတွေဘာတွေကူးတော့ ကောင်မလေးလက်စွဲပြီး ရှေ့ဆုံးကပြေးလိုပ ကျွန်တော်တို့က မင်းခိုးလာတာလားလို့တောင် စရသေးတယ်။ ညားကာစကတော့ အမေတို့နဲ့အတူတူနေတယ်။ ကောင်မလေးက ဘာမှမလုပ်တတ် မကိုင်တတ်နဲ့၊ ကျွန်တော့်အမေ ဒေါ်သွက်နဲ့ တွေ့တော့တာပေါ့။ နောက်တော့ အိမ်ခွဲသွားတယ်။ ဒီကောင်တွေလဲ သုံးလုံးပေါက်ဖူးတယ်။ အဲဒါ ဒိုင်က မလျော်ဘူး။ ခင်တိုးကတော့ ဘာလုပ်မလဲ လူအေးပဲ။ ဒီတိုင်းပဲနေလိုက်တယ်။ ဟိုတိုင်ဒီတိုင်လဲ ရတဲ့ကိစ္စမဟုတ်ဘူးလေ။ အဲဒါကို ခင်ဝင်းက မရဘူး။ ဒိုင်အိမ်ရှေ့သွားပြီး ကော်ဆဲတယ်။ ဟိုကဓါးနဲ့ ထွက်ခုတ်တာ ပြဿနာတွေကို အကြီးအကျယ်တက်တော့တာပါပဲ။ ခင်ဝင်းကလဲ အဲလိုကောင်။ ဆေးတွေကလဲ ထိုးထားလိုက်တာ အစုံပဲ။ အထက်လမ်းတွေကော အောက်လမ်းတွေကော။ ပြီးတော့ အစားကမရှောင်ဘူး အကုန်စား။ ဒီကောင်မူးလာပြီဆိုရင် ကျွန်တော့်ထက်ပိုကြမ်းတယ်။ ကျွန်တော်ကတော့ အထက်လမ်းတို့ အောက်လမ်းတို့ နတ်တို့ ၀ါသနာမပါဘူး။ တစ်ခါက ခင်တိုးသား အလတ်ကောင် နတ်ပွဲသွားကြည့်တာ၊ ကိုကြီးကျော် အခြောက်က အရက်ပုလင်းကို လျှောက်ရမ်းလိုက်တာ။ ကွဲပြီး ဒီကောင့် မျက်ခုံးလာထိတယ်။ ကျွန်တော်က ဘယ်ရမလဲ။ အဲဒီ နတ်ဝင်သယ်တွေ သွားချဲတာ၊ ၀ီစကီ တစ်ပုလင်းပေးပြီး တောင်းပန်မှ ပြန်လာခဲ့လိုက်တယ်။ ကိုယ့်တူထိတာတော့ ဘယ်ခံပမလဲဗျာ၊ မဟုတ်ဘူးလား။
ကျွန်တော်တို့မှာ ခုခက်နေတာက အမေနဲ့အဖေနဲ့က အသက်ကြီးပြီဆိုတော့ ဘာမှမလုပ်နိုင်တော့ဘူး။ ကျွန်တော်နဲ့ ကျွန်တော့်သမီး အကြီးမမိသားစုက သူတို့ အဖိုးကြီးအဖွားကြီးအိမ်မှာနေရတာဆိုပေမယ့် သမီးက အိုးခွဲစားတယ်။ ကျွန်တော်ကတော့ သမီးဆီနှိုက်လိုက် အမေ့ဆီနှိုက်လိုက်ပေါ့။ တစ်ခါတလေတော့ အငယ်မဆီက ပိုက်ဆံချေးပြီး အရက်ဝယ်သောက်ရတယ်။ ခုက အမေကလဲ မချက်နိုင်မပြုတ်နိုင်တော့ဘူး။ ၀င်ငွေကလဲ မရှိဘူး။ ခင်ဝင်းတို့ကတော့ အဖေ့ကို သူတို့ဆီမှာစားဆိုပြီး ခေါ်ထားတယ်။ အမေ့တစ်ယောက်ကိုကျတော့ ဟိုကောင်ခင်တိုးကလဲ မိန်းမကြောက်ရတာနဲ့ ခေါ်မထားချင်ဘူး။ ကျွေးစရာရှိရင်တော့ ၀ယ်ချမ်းပြီး လာကျွေးပါတယ်။ ကျွန်တော့်ကိုတော့ အားကိုးလို့မရဘူး။ ကျွန်တော်က ကိုယ့်ဟာကိုယ်တောင် အနိုင်နိုင်။ အဖွားကြီးကလဲ ဇီဇာကြောင်တယ်။ တော်ရုံလူနဲ့မဖြစ်ဘူး။ အဖေကတော့ အိမ်ကို ပြန်မလာတော့ဘူး ခင်ဝင်းတို့ဆီမှာပဲနေနေတော့တယ်။ အမေသာခက်နေတာ။ ခုနောက်ပိုင်းတော့ ခင်တိုးတို့အိမ်ကို သွားနေတယ်။ ညနေမှပြန်လာတယ်။ သူမလာရင်တော့ ဟိုက ထမင်းချိုင့်ပို့တယ်။ သူစားလို့ တစ်ခါတလေကျန်ရင်တော့ ကျွန်တော့်အတွက်ပေါ့။ ဒီကောင်တွေကလဲ အမေ့ကိုအမြဲခေါ်မထားချင်တာက ကျွန်တော့်ကြောင့်လဲပါမယ်။ အမေ့ကို ခေါ်ထားလိုက်ရင် အမေ့ဗန်းပြပြီး၊ ကျွန်တော်အ၀င်အထွက်လုပ်မှာ ကြောက်ပုံရတယ်။ ခက်တာက အဖွားကြီးက မျက်လုံးကလဲ သိပ်မကောင်းတော့ မမြင်မစမ်းနဲ့ မနက်ဆိုရင် သူတို့အိမ်သွားလိုက် ညနေဆိုပြန်လာလိုက်နဲ့ ပင်ပန်းတာပေါ့။ ကျွန်တော်လဲ ကိုယ့်အမေဖြစ်နေတာ မကြည့်ရက်ပါဘူး။ ဒါပေမယ့် ဘာမှမတတ်နိုင်ဘူးလေ။ အရင်အပတ်ကတော့ ရတဲ့လုပ်အားခထဲကနေ အမေ့အတွက်ဆိုပြီး သုံးလုံးပြန်ထိုးလိုက်တယ်။ မပေါက်ပါဘူး၊ ကျွန်တော် အရက်ငတ်တာပဲ အဖတ်တင်တယ်။ အဲဒါနဲ့ အမေ့ကို သူများကန်တော့ထားတဲ့ ငွေထဲကနေ ယူသုံးလိုက်ရတယ်။ ဒီတစ်ခ်ါတော့ နှစ်လုံးစမ်းကြည့်မလို့ သူကကြာကြာမစောင့်ရဘူးလေ။ ရတဲ့ပမာဏကတော့ မများဘူးပေါ့ဗျာ၊ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ ဈေးဖိုးရလဲ မနည်းဘူးမို့လား။ ခင်ဗျားတို့လဲ အကွက်ကောင်းလေးတွေရရင် လုပ်ပါဦးဗျာ၊ အမေ့အတွက်လေ။ ကျွန်တော်က ကျေးဇူးမမေ့တတ်ပါဘူးဗျာ။ ။
မောင်ဖြူ

1 comments:

ဇနိ May 21, 2007 at 6:49 PM  

ဆရာဖြူ
ဖတ်လို့ကောင်းသဗျ။
မျှော်နေတယ်။
အသစ်အသစ်တွေ လုပ်ပါဦး။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP