ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး (နောက်ဆုံးပိုင်း)
>> Saturday, October 13, 2007
အပိုင်း (၄)
အန်နာ မော်စကိုမြို့သို့ သွားဖို့ပြင်ဆင်တယ်။ သူမ တစ်လကို နှစ်ကြိမ် (သို့) သုံးကြိမ် ပီတာစပတ်မြို့ကနေ မော်စကိုမြို့ကို သွားလေ့ရှိတယ်။ အဲဒီလိုထွက်သွားတိုင်း သူမပေးတဲ့အကြောင်းပြချက်က သူမရဲ့အမျိုးသမီးနဲ့ပတ်သက်တဲ့ ရောဂါအတွက် ဆရာဝန်ထံမှ အကြံဥာဏ်တောင်းဖို့လို့ ပြောလေ့ရှိပါတယ်။ ခင်ပွန်းဖြစ်သူကတော့ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ပေါ့။ မော်စကိုမြို့ကိုရောက်တော့ သူမ ဟော်တယ်မှာတည်းခဲ့တယ်။ ပြီးတော့ချက်ချင်း သူမရောက်ရှိနေကြောင်းကို သိရှိစေရန် အနီရောင် ကက်ဦးထုပ်လေးကို ဂုရော့ဆီကို ပို့လိုက်တယ်။ ဂုရော့ သူမရှိတဲ့နေရာကို သွားလေ့ရှိတာကိုတော့ မော်စကိုမြို့က တစ်ဦးတစ်ယောက်မျှ သတိမထားမိ မသိကြဘူး။ မနေ့က သူမဆီမှ အမှာပါးလိုက်သည့် စကားရရှိခဲ့ပေမယ့် သွားဖို့ရန်အခွင့်အရေးက မရခဲ့ဘူး။ အဲဒါကြောင့် နံနက်ခင်းမှာ သူမဆီကို သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ သူနဲ့အတူ သူ့ရဲ့သမီးပါလိုက်ပါလာတယ်။ သာအဖနှစ်ယေက် လမ်းလျှောက်ထွက်လာရာ လမ်ဘေးတစ်ဘက်တစ်ချက်မှတော့ ဆီနှင်းတွေက တောင်ပုံရာပုံဖြစ်လို့နေပြီ။ လမ်းမပေါ်မှာတော့ ဆီးနှင်းတွေအရည်ပျော်နေတဲ့အတွက် ဗွက်ပေါက်လို့နေတယ်။ လမ်းလျှောက်လာရင်း ဂုရော့က…
“ဒီနေ့က အရင်နေ့ကထက်စာရင် သုံးဒီရီလောက်ပိုပူလာတယ်… ဒါပေမယ့် ဒီအတောအတွင်း ဆီးနှင်းကတော့ ကျနေအုံးမှပဲ…မြေကြီးအပေါ်ယံမှာပဲ အဲဒီအပူချိန်ရှိနေတာ… လေထုထဲမှာရှိတဲ့ အပူချိန်ဒီဂရီနဲ့တော့ မတူဘူး…” လို့ပြောတော့……သမီးက
“ဆောင်းရာသီမှာ မိုးချုန်းတာတွေ၊ မိုးကြိုးပစ်တာတွေ ဘာလို့မဖြစ်တာလဲ..”လို့မေးလာတော့… ဂုရော့က အဲဒီအကြောင်းကို ရှင်းပြခဲ့တယ်။ သူကတော့ သူမနဲ့တွေ့ရန်ချိန်းဆိုထားတဲ့နေရာကို သွာဖို့အကြောင်းကိုပဲ စဉ်းစားနေမိတယ်။ သက်ရှိတွေဖြစ်တဲ့ ဘယ်သူတစ်ဦးတစ်ယောက်မှ ဒီအကြောင်းကိုမသိကြဘူး။ ဖြစ်နိုင်ဖွယ်ရှိတာက နောင်ကိုလည်း ဒီအကြောင်းကိုဘယ်သူမှ သိကြလိမ့်မယ် မဟုတ်ဘူး။ သူ့ကိုယ်သူ ဘ၀နှစ်မျိုးနှင့် အသက်ရှင်နေရပါ့လားလို့ ထင်နေမိတယ်။ ပထမဘ၀က သူ့ရဲ့မိတ်ဆွေ အပေါင်းအသင်းသူငယ်ချင်းတွေနဲ့ ပျော်ရွှင်ကြည်နူးစွာ ပြီးပြည့်စုံနေတဲ့ဘ၀၊ အလားတူ သူ့လုပ်ရပ်တွေရဲ့ အကောင်းအဆိုး အမှားအမှန်တွေကို သိလည်းသိကြတယ် နားလည်ပေးကြသူတွေလည်းရှိတဲ့ဘ၀၊ နောက်တစ်ခုကတော့ ဘယ်သူမှမသိအောင် ဘယ်သူ့ကိုမှ အသိပေးလို့မဖြစ်တဲ့ တိတ်တိတ်ပုန်းလှုပ်ရှားနေရတဲ့ဘ၀။ တစ်စုံတစ်ရာသောအကြောင်းကြောင့်၊ တိုက်ဆိုင်မှုတစ်ခုကြောင့်လို့ဆိုနိုင်ပေမယ့် ဒီအဖြစ်အပျက်တွေအားလုံးဟာ သူ့အတွက်တော့ အရေးပါတဲ့အရာဖြစ်တယ်၊ စိတ်ဝင်းစားစရာလည်းကောင်းတယ်၊ မရှိမဖြစ်ကိုလိုအပ်တဲ့အကြောင်းအရာတွေပါ။ မမျှော်လင့်တဲ့ တိုက်ဆိုင်မှုဆိုပေမယ့် အဲဒီကိစ္စတွေအပေါ်မှာ ရိုးရိုးသားသားရှိခဲ့တယ်။ ကိုယ့်ကိုယ်ကို မလှည့်ဖျားခဲ့ဘူး။ အဲဒီအကြောင်းအရာလေးတွေကပဲ သူ့ရဲ့ဘ၀ကို ဆက်လက်အသက်ရှင်နေထိုင်နိုင်ဖို့ အစပျိုးပေးခဲ့တာပါ။ တခြားသူတွေနဲ့ စကားပြောဆိုတဲ့အခါ ဥပမာ ဘဏ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့သော်လည်းကောင်း၊ ကလပ်ကို အတူသွားလေ့ရှိတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့သော်လည်းကောင်း၊ ဇနီးနဲ့အတူ နှစ်ပတ်လည်အခမ်းအနားတွေတက်ရောက်တဲ့အခါ သူ့ရဲ့မျက်နှာမှာ ပွင့်လင်းမှုအပြည့်၊ ပျော်ရွှင်မှုအပြည့်ရှိသယောင်ပေါ်လွင်နေတယ်။ ဒါပေမယ့် အမှန်တကယ်ကြည်နူးနေမိတာကတော့ အမှန်တရားတွေမပေါ်အောင်ဖုံးအုပ်ထားနိုင်တဲ့ လိမ်ညာပြောဆိုနိုင်မှု၊ ကာကွယ်ပြောဆိုနိုင်မှုတွေနဲ့ လှုပ်ရားနေရတဲ့ လျှို့ဝှက်နေရတဲ့ဘ၀မှာပါ။ တစ်ခြားသူတွေရဲ့အကြောင်းကို သူကိုယ်တိုင်အကဲခတ်ကြည့်တယ်။ တစ်ခြားသူတွေရဲ့အမြင်သဘောထားကိုလည်း မယုံကြည်ဘူး။ ပြီးတော့ သူ အမြဲတမ်းထင်မြင်ယူဆနေတာက လူတိုင်းလူတိုင်းဟာ လျှို့ဝှက်ချက်ကိုယ်စီနဲ့ သူတို့ရဲ့လက်ရှိဘ၀၊ စိတ်ဝင်စားမှုအရှိဆုံးဘ၀ကို ရုန်းကန်လှုပ်ရှားနေကြရတယ်။ ဥပမာ အမှောင်ကမ္ဘာထဲမှာ လှုပ်ရှားနေသလိုပေါ့။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေဟာ လျှို့ဝှက်ချက်အနေနဲ့ ရှိနေတာပါ။ ဒါကြောင့် လူကြီးလူကောင်းလို့ထင်ရတဲ့သူတွေဟာ သူတို့ရဲ့ကိုရေးကိုတာလျှို့ဝှက်ချက်တွေ ပေါက်ကြားသွားမှာကို အလွန်စိုးယိမ်ကြောင့်ကြတတ်ကြတယ်။
သမီးဖြစ်သူက အားကစားရုံမှာ နေရစ်ခဲ့ပါတယ်။ ဂုရော့ကတော့ သူမတည်းခိုရာဟော်တယ်ရှိတဲ့နေရာကို ဆက်လက်ထွက်ခွာလာခဲ့တယ်။ ဟော်တယ်ကိုရောက်တော့ သိုးမွေးအင်္ကျီကိုချွတ် ချိတ်မှာချိတ်ကာ သူမရဲ့အခန်းတခါးကို ညင်သာစွာခေါက်လိုက်တယ်။ သူမကတော့ သူအကြိုက်နှစ်သက်ဆုံး မီးခိုးရောင်ဝတ်စုံကိုဝတ်ကာ မျှော်တလင့်လင့်ရင်မောရင်း မနေ့ညနေကတည်းက ဂုရော့ရောက်လာမယ့်အချိန်ကို စောင့်နေတာပါ။ တခါးဖွင့်လိုက်တော့ သူ့ကိုကြည့်နေတဲ့ သူမရဲ့မျက်နှာက ဖြူဖတ်ဖြူရော်နဲ့၊ ပြုံးပြုံးရွှင်ရွှင်လည်းမရှိ။ သူမက ချက်ချင်းသူ့ရင်ခွင်ဆီကိုပြေးဝင်လာတော့ အခန်းထဲကိုမ၀င်ပဲ အတော်ကြာရပ်နေမိတယ်။ တစ်ယောက်နှင့်တစ်ယောက်မတွေ့ဖြစ်ကြတာ နှစ်နှစ်နီးပါးရှိပြီ။ ဒါကြောင့် အခုလိုပြန်လည်ဆုံတွေ့ကြတော့ သူတို့ရဲ့အနမ်းတွေက ရှည်လျားကြာမြင့်ခဲ့တာပေါ့။
ဂုရော့က “ပီတာစပတ်မှာနေရတာ နေထိုင်ရတာအဆင်ပြေလား…. ဘာသတင်းတွေများ ထူးသေးလဲ…” လို့မေးတော့…
သူမက “ခဏစောင့်ပါအုံး… အဲဒီမေးခွန်းတွေကို အခုမဖြေပရစေနဲ့…”
သူမငိုနေသောကြောင့် စကားမပြောနိုင်။ သူ့ရင်ခွင်ထဲကနေ လှည့်ထွက်ပြီး မျက်ရည်တွေကို သုပ်လို့နေတယ်။ သူကတော့ ထိုင်ခုံမှာ ထိုင်ရင်း…
“ငါရှိနေတုန်း သူမငိုပါစေ”လို့ တွေးနေမိတယ်။ အဲဒီနောက် သူ့အတွက် လက်ဖက်ရည်ယူလာဖို့ ဖုန်းဆက်မှာလိုက်တယ်။ လက်ဖက်ရည်သောက်နေခိုက် သူမက ပြတင်းပေါက်ဘက်ကိုလှည့်ကာ ရပ်နေတယ်။ စိုးယိမ်ကြောင့်ကြမှု ၀မ်းနည်းပူဆွေးမှုတွေကြောင့် သူမငိုနေတာပါ။ သူတို့နှစ်ယောက်ရဲ့ဘ၀ဟာ ကြေကွဲဖွယ်ရာဘ၀ဖြစ်လာတယ်။ သူတို့နှစ်ယေက်ဟာ သူခိုးတွေလိုပေါ့ တခြားသူတွေမမြင်အောင် ပုန်းရှိုးကွယ်ရှိုးနဲ့ တိတ်တဆိတ် တွေ့ကြရတယ်။ သူတို့ရဲ့ ဘ၀လေး မပြိုကွဲနိုင်လောက်ပါဘူးလို့လည်း ထင်နေမိတယ်။
“မင်းငိုတာ တော်လောက်ပြီးကွာ… ရပ်ပါတော့” လို့ ပြောလိုက်တယ်။
သူတို့နှစ်ယောက်ရဲ့အချစ်ဟာ မကြာခင်ပြီးဆုံးတော့မယ်လို့ သူက ထင်ယောင်နေမိတယ်။ ဒါပေမယ့် ဘယ်အချိန်လဲဆိုတာတော့ အတိအကြမသိဘူး။ အန်နာက သူ့ကို အသဲအသန်ု စွဲလန်းနေတာပါ၊ ပြီးတော့ သူထင်ထားတာထက်ကို သူ့ကို ပိုချစ်နေတဲ့သူပါ။ ဒါကြောင့် သူတို့နှစ်ယောက်ပတ်သက်ခဲ့တာတွေ ချစ်ခဲ့ကြတာတွေဟာ တစ်ချိန်ချိန်မှာ အဆုံးသတ်လိမ့်မယ်ဆိုတာကို သူမကိုပြောပြဖို့ သူ့မှာအင်အားမရှိခဲ့ဘူး။ သူမအနေနဲ့က အဲဒီလိုပြောလည်း ယုံကြည်မှာမဟုတ်ဘူး။
သူမအနားကို ချဉ်းကပ်သွားပြီး သူမပုခုံးကိုကိုင်ကာ တစ်စုံတစ်ရာပြောမယ့်ဟန်ပြင်နေတုန်း သူ့ရဲ့ပုံရိပ်ကို မှန်ထဲမှာ မြင်လိုက်မိတယ်။
သူ့ရဲ့ဆံပင်တွေဟာ အရင်ကလို ရွှေအိုရောင်မဟုတ်တော့ တစ်စတစ်စနဲ့ အဖြူရောင်ကိုပြောင်းလဲနေပြီ။ ဒီနှစ်ပိုင်းမှာ သူဟာ တဖြည်းဖြည်းအိုမင်းလာပြီ၊ အရင်ကလို ဆွဲဆောင်မှုအပြည့်ရှိသော ရုပ်ရည်လည်းမရှိတောတာသိရတော့ သူ့ကိုယ်သူ အံ့သြနေမိတယ် ၀မ်းနည်းသလို ခံစားနေမိတယ်။ သူလက်ထဲမှာရှိနေတဲ့ ပုခုံးအစုံကတော့ ပူနွေးလို့ တုန်ရင်လို့ပေါ့။ သူမလည်းပဲ သူကဲ့သို့ မကြာခင်အချိန်မှာ အလှအပတွေ တဖြည်းဖြည်းပျောက်ဆုံးသွားမှာပဲ။ သူမ ငါ့ကိုဘာကြောင့် စွဲစွဲလန်းလန်းချစ်နေတာလဲ။ သူအနေနဲ့ ဆုံဆည်းခဲ့ဖူးတဲ့မိန်းမတွေကို သတ်မှတ်ချက်တွေနဲ့ မကြည့်ခဲ့ဘူး။ ပြီးတော့ သူ့စိတ်ထဲမှာ နှစ်နှစ်ကာကာ ချစ်ခဲ့တဲ့သူလည်း မရှိဘူး။ မိန်းမတွေဟာသူတို့ရဲ့ စိတ်ကူးတွေနဲ့ ယောင်္ကျားတစ်ယောက်ကို ဖန်တီးကြည့်တယ်။ ပြီးတော့ အဲဒီယောင်္ကျားနဲ့တူတဲ့သူတစ်ယောက်ကို အငမ်းမရရှာဖွေတတ်ကြတယ်။ တစ်ယောက်အမှားကိုတစ်ယောက် သတိထာမိတဲ့အခါလည်း ဆက်လက်ပြီးချစ်နေကြတယ်။ မိန်းမတွေအများကြီးထဲက ဘယ်သူမှ သူနဲ့အတူ မပျော်ရွှင်ခဲ့ကြဘူး။ အချိန်တွေတာ ကုန်သွားခဲ့တယ် မိန်းမတွေနဲ့ ရင်းနှီးအောင်လုပ်တယ် အတူလျှောက်လည်ကြတယ် ပြီးတော့ လမ်းခွဲခဲ့ကြတယ်၊ ဒါပေမယ့် အချစ်ဆိုတာ ဖြစ်မလာခဲ့ဘူး။ အချစ်ဆိုတာကလွဲလို့ ကျန်တာတွေအားလုံးကို သဘောကျခဲ့တယ်။
အော်…. အခုတော့လည်း ဆံပင်တွေဖြူတော့မှ ဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် အချစ်စစ်အချစ်မှန်ကို တွေ့ရှိခဲ့၊ ခံစားနေမိတယ်။
အန်နာနဲ့ ဂုရော့တို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အိမ်နီးချင်းလိုတစ်မျိုး ရပ်ဆွေရပ်မျိုးလိုတဖုန် ခင်ပွန်းနဲ့ဇနီးလိုတသွယ် အရင်းနှီးဆုံးသူငယ်ချင်းလိုပုံစံမျိုးတွေနဲ့ အရမ်းကိုချစ်နေကြပြီ။ သူတို့နှစ်ယောက်ကတော့ ကိုယ့် ကံကြမ္မာ ကိုယ့်ဖာသာ ဖမ်းတီးမယ်လို့ ခံယူထာကြတာပါ။ ဒါပေမယ့် ဘာကြောင့်များ တစ်ခြားသူတွေကို လက်ထပ်ခဲ့ဖြစ်ခဲ့ တာလဲဆိုတာကိုတော့ နားမလည်နိုင်ခဲ့ဘူး။ အမြင်သာဆုံးဥပမာနဲ့ပြောရရင် တသီးတခြားဆီဖြစ်နေတဲ့လှောင်အိမ်ထဲမှာ အဖမ်းခံထားရတဲ့ ငှက်ဖို ငှက်မ လိုပေါ့….
တစ်ယောက်နဲ့တစ်ယောက် အတိတ်ကအဖြစ်အပျက်တွေကို ရှက်မနေတော့ပဲ ခွင့်လွတ်ခဲ့ကြသလို အခုလက်ရှိအခြေအနေကိုလည်း နားလည်ပေးနိုင်လာတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ဟာ နှစ်ယောက်လုံးကို ပြောင်းလဲစေခဲ့တာကိုတော့ သူတို့နှစ်ဦးသတိထားမိလာတယ်။ သူမနဲ့ပြန်လည်ဆုံတွေ့ချိန်အစောပိုင်းမှာတော့ သူက ခေါင်းထဲမှာစဉ်းစားမိသမျှ စကားလုံးတွေကို အေးအေးဆေးဆေးပဲ ပြောနေမိတယ်။ အခုအချိန်မှာတော့ သူ့အနေနဲ့ စကားမပြောချင်တော့ဘူး၊ မဆွေးနွေးချင်တော့ဘူး။ သူတို့နှစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ သံယောဇဉ်ကို ပိုပြီးနူးညံ့စေချင်လာတယ်။ ပိုပြီးခိုင်မြဲစေချင်လာတယ်…
“မငိုပါနဲ့တော့ကွာ… ဒီလောက်ဆို အငိုရပ်သင့်ပြီ… ငါတို့ တစ်ခုခုစဉ်းစားကြရအောင်…” လို့ သူကပြောလိုက်တယ်။
အဲဒီနောက် အချိန်တော်တော်ကြာ ဆွေးနွေးခဲ့ကြတယ်။ ပုန်းရှိုးကွယ်ရှိုးနေရတာတွေ၊ သူများကိုလိမ်ညာရတာတွေ၊ တစ်မြို့တစ်နယ်စီမှာနေရတာတွေ၊ အချိန်အကြာကြီးမတွေ့ဘဲနေရတာတွေ ကလွတ်မြှောက်ဖို့ အဖြေကိုရှာခဲ့ကြတယ်။ ဒီလိုအခြေအနေမျိုးကနေ ဘယ်လိုရုန်းထွက်မလဲ။
“ဘယ်လိုလုပ်ရမလဲ….ဘယ်လိုလုပ်ရမလဲ…” ဦးခေါင်းကိုကုပ်လျက် ဂုရော့စဉ်းစားနေမိတယ်။
အချိန်အနည်းငယ်ကြာမှာတော့ သူတို့ ဆုံးဖြတ်ချက်ချနိုင်လာတယ်။ အဲဒီနောက် လှပသော ဘ၀အသစ်တစ်ခုကို တည်ဆောက်ချင်နေပြီ။ နှစ်ယောက်စလုံး နားလည်သဘောပေါက်လက်ခံလာတာကတော့…
“ သူတို့နှစ်ယောက်ရဲ့အချစ်တွေ ပြီးဆုံးဖို့ဆိုတာ ဝေးသတဲ့ဝေးလို့ နေပါပြီ၊ ပြီတော့ အခုအချိန်ကစပြီး အလွန်ရှုပ်ထွေးလှတဲ့ ပြောပြဖို့အလွန်ခက်ခဲတဲ့ အခြေအနေကို စတင်ဖန်တီးမိနေကြပြီ”
ဤတွင် ၀တ္ထုပြီးပါပြီ။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ။

0 comments:
Post a Comment