သီတင်းကျွတ်လေပြီ။
>> Friday, October 26, 2007
သီတင်းကျွတ်လေပြီ။
ကျွန်တော်၏ ဆရာဆိုလည်းဟုတ်၊ အပေါင်းအသင်းဆိုလည်း မှန်သော အကိုကြီးများသည် အခုသီတင်းကျွတ်နှင့်အတူ သူတို့၏ လူပျိုသိုးဘ၀ကြီးများကိုစွန့်လွှတ်ရန် စိတ်ထဲတွင် အစီအစဉ်များဆွဲ၍တစ်ဖုံ၊ ဟိုခန်းမ၊ဒီခန်းမကိုလူကိုယ်တိုင်သွား၍တစ်လှည့် စုံစမ်းမေးမြန်းကာ အိုမင်းရန်အတွက် အပြိုင်အဆိုင် ကြိုးစားနေလေတော့သည်။
သူတို့တွေ ယင်းသို့ကြိုးစားနေသည်ကို သိရ၊ကြားရသောအခါ ကျွန်တော်သည်လည်း စိတ်ထဲတွင် မရိုးမရွ ကြွတတဖြစ်ကာ အလွန်ကို အိုချင်မင်းချင်စိတ်တွေသာ ပေါ်နေလေတော့သည်။ ပြောလို့သာပြောရသည် ကျွန်တော်သည်လည်း အသက်အရွယ်ငယ်လှသောသူတော့မဟုတ်ပေ။ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့် ဆိုသည့်စကား ရှိသော်ငြား၊ တကယ်တမ်းတော့ ကျွန်တော်မှာ အချစ်ပန်းလေးတစ်ပွင့် ပွင့်ထားသော်လည်း ယခုအခါတွင် အချိန်သင့်နေသော်လည်း သီးရန်ကားမစွမ်းသာသေးပါချေ။ ထိုသောအခါ ပွင့်ပြီးသီးရန်ကြိုးစားနေသော ကျွန်တော့်အကိုကြီးများ၏ အသက်အရွယ်ကိုခန့်မှန်းကြည့်နိုင်ပေသည်။ သူတို့များ အိုချင်နေသည်မှာကား၊ အသက်အရွယ်ကို ပြောလိုခြင်းမဟုတ်တော့ပေ။
ကျွန်တော်ချစ်သူသက်ထား စ၍ရစဉ်က ကျွန်တော်၏ငယ်ပေါင်းသူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို စားရေးကာ ခနဲ့တဲ့တဲ့စာတစ်စောင်ရေးပေးဖူး၏။ တကယ်တမ်းကျတော့ မနာလို၍ စကားနာထိုးခြင်းဖြစ်လေသည်။ - ဟေ့ ကောင်ကြီး မင်းကတော့ အတော့်ကို ကံနိမ့်နေရှာပြီ။ ယောက်ျားတစ်ယောက်ဟာ ကံနိမ့်လာပြီဆိုရင် မိန်းကလေးတွေကို စပြီး အသည်းအသန်စိတ်ဝင်စားလာတာ။ ဒီထက်ကို ကံဇာတာနိမ့်ကျလာရင် ချစ်သူရည်းစားဘ၀ကို ခုန်ကူးချင်စိတ်တွေပေါ်လာတာပဲကွ။ မိဘကျေးဇူးကို မဆပ်နိုင်သေးခင်မှာ အဲဒီစိတ်တွေပေါ်လာတာဆိုရင် အတော်ဆိုးနေပြီ။ မင်းက ကြွေးမြီဟောင်းကို မဆပ်နိုင်သေးခင်မှာ၊ ကြွေးသစ်ချဖို့ကြိုးစားတာ အောင်မြင်ဖို့လမ်းစရနေပြီ။ မင်းရဲ့ကံက အတော်ကို နိမ့်နေပြီ။ ငါကတော့ ကံအတော်မြင့်နေတယ်ကွ။ ငါကိုယ်တိုင်က ဘယ်လောက်ပဲ ကံနိမ့်အောင် ကြိုးစားစေကာမှု ဘယ်မိန်းကလေးကမှ ငါကို ကံနိမ့်ခွင့်မပေးသေးဘူးကွ။ မိဘကို လုပ်ကိုင်ကျွေးမွေးခွင့်ရတာပေါ့ကွာ။ - ၅နှစ်ခန့် မတွေ့ရသော ယင်းသူငယ်ချင်းကို ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင်တွေ့သောအခါ သူသည်လည်း ကံနိမ့်စေရန် အတော်ကြိုးစားနေရဆဲဖြစ်လေသည်။ ကျွန်တော့်သူငယ်ချင်း ချစ်ရေးဆိုထားသောမိန်းကလေးမှ ကျွန်တော့်သူငယ်ချင်းအား ငရုတ်ပင်လေးပေးကာ ရှင်သန်ကြီးထွားအောင် အစိုက်ခိုင်းလေသည်။ အကယ်၍ ငရုတ်ပင်သည် ခြောက်ကပ်ကာ အသက်မရှင်ပါက သူမအားမချစ်၍ ဂရုမစိုက်ခြင်းဖြစ်သည်ဟု သတ်မှတ်မည်ပြောသဖြင့်တစ်ညလောက် ကျွန်တော်ထံမှာအိပ်ရန်ပြောသော်လည်း မည်သို့မျှ တားမရချေ။ ငရုတ်ပင်အား နေသာသည့်ဖက်တွင် နေပြရန်နှင့် ရေလောင်းရန် ပြန်ပြေးလေတော့သည်။
တစ်ခါက သူငယ်ချင်းတစ်ယောက်သည် ကံမြင့်သော အခြေအနေသို့ ရုတ်ချည်းရောက်သွားသည်။ အကြောင်းမှာကား- သူ၏ကောင်မလေးမှ စိတ်ကောက်၍ မခေါ်မပြောလုပ်ကာ ဒဏ်ခတ်နေသောကာလဖြစ်လေသည်။ သို့သော် သူက- မချစ်မိလို့သေတဲ့သူမရှိဘူးကွ၊ ချစ်မိလို့အသည်းကွဲရတဲ့လူပဲရှိတာ-ဟု ဆို့ဆို့နစ်နစ်အသံကြီးဖြင့် ၀မ်းပန်းတနည်း တဖွဖွပြောသံကိုလည်း ကြားဖူးပါသည်။ ခက်လိုက်ပါဘိ ကျွန်ုပ်တို့ ပုရိသယောက်ျားအပေါင်းတို့။
တကယ်တမ်းတွင် ကျွန်တော့်ပတ်ဝန်းကျင်ကဘဲ လွဲနေသလား၊ နေရာတိုင်းတွင် ဤကဲ့သို့ပဲလားမသိ။ ကျွန်တော့်စိတ်ထင် ပွင့်ချိန်တန်သော်လည်း မပွင့်ရဲ၊ မဖူးရဲဖြစ်နေသောသူများ ယခုကာလတွင် အလွန်ပင်များပြားလှသည် ဟုထင်ပါသည်။ အကြောင်းအရင်းစစ်ကို ရှာဖွေကြည့်လိုက်လျှင်လည်း အခြေခံအကြောင်းမှာ စီးပွားရေးအဆင်မပြေတာက စမည်ထင်၏။ သို့သော်လည်း ဤသို့သော အဆင်မပြေမှုတွေ များသည့်အထဲပင်- လူကပဲ အချိန်ကိုလိုက်ပြီး ပြောင်းလဲတာလား၊ အချိန်တွေကပဲ လူကိုပြောင်းလဲစေတာလား မသိဘူးနော်၊ ငယ်ငယ်တုန်းတော့ ရည်းစားစာပေးဖို့ တော်တော်ရှက်တာကိုးဗျ- ဆိုပြီး အရှက်တွေကို ဘေးဖယ်ကာ ကြိုးစားသဖြင့် အလွမ်းတကာ့ အလွမ်းထဲမှာ ချစ်သူကိုလွမ်းရတဲ့အလွမ်းက အင်ဖဲနတီနဲ့ ညီမယ်ထင်တယ်လို့ တဟီးဟီးဖြင့်ပြောရသော အဆင့်ကို ရောက်သူများလည်း ရောက်ကြရသည်။
အချို့သော လူပျိုကြီး၊ အပျိုကြီးများကလည်း သီတင်းကျွတ်ပြီဆိုလျှင် အိမ်အပြင်သို့ ထွက်ချင်စိတ်တွေ နည်းကုန်ကျလေသည်။ အကြောင်းမူကား လူအများက သူတို့ကိုကြည့်ကြသော မျက်လုံးများကို မကြိုက်ကြ၍ဖြစ်လေသည်။ သံသယဖြင့်ကြည့်ကြသော မျက်လုံးများကို ကြိုက်သူမရှိ၊ ယူသူမရှိလို့ မဟုတ်ဘူးဟေ့၊ မယူနိုင်သေးလို့ မယူရတာဟေ့ ဆိုတာကို မျက်လုံးဟန်ဖြင့် ဘယ်လိုပြန်ပြောရမလဲဆိုတာကို စဉ်းစားရတာကိုက အမောပင်။
မည်သိုသော အကြောင်းရင်းတွေရှိစေကာမှု သီတင်းကျွတ်ပြီဆိုလျှင်ကာ အိမ်တွင်းပုန်းသူများရှိသလို၊ မှိုရသည့် မျက်နှာဖြင့် တလှုပ်လှုပ်ဖြစ်ကာ အိုရန်၊မင်းရန်ပြင်ဆင်သူများကလည်း ပြင်ဆင်နေကြလေပြီ။ ကျွန်တော်သည်လည်း ဒီတစ်ဝါကျွတ်တွင် ဘယ်သူငယ်ချင်း အပျိုကြီးများ၊လူပ်ျိုကြီးများ ကျွတ်ကြ၊လွတ်ကြသော ဘ၀ကိုရောက်ကြမလဲဆိုတာကိုသာ စဉ်းစားရင်း နောက်တစ်ဝါကျွတ်တော့ ငါ့အလှည့်ပေါ့ကွာဟု စိတ်ထဲမှာတွင် ကျုံးဝါးနေမိတော့သည်။
5 comments:
ကိုဇနိမှာ
ကျွတ်ချင်ရှာလည်း
ကျွတ်ရန်နည်းနည်း လိုသေးသည်။
တော်ပါပေ့ ကိုဇနိရယ်… စကားလုံးလေးကို နေရာတကျသုံးသွားတာများ… ဖတ်လို့ကောင်းသဗျ…
အင်း..
ဖတ်ရင်းပြုံး၊ ပြုံးရင်းဖတ် ရပါကော ကိုဇနိရေ။ ကောင်း၏၊ ကောင်း၏။
Ayay athar nelt talking lay kaung nay loe pot byar, pann pwint khwint ya dar!
Post a Comment