ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး

>> Tuesday, October 2, 2007


အန်တွန် ပါဗလိုဗစ်(ခ်ျ) ချက်ဟော့(ဗ်)
မြန်မာပြန် - ကိုလုံး
အပိုင်း(၂)

မိတ်ဆွေဖြစ်ကြသည်မှာ ရက်သတ္တပတ်ခန့်ကြာခဲ့ပါပြီ။ အပန်းဖြေရက်တွေလည်း တဖြည်းဖြည်းကုန်လွန်ခဲ့လေပြီ….ရာသီဥတုကပူတော့ အခန်းထဲမှာလည်း ပူစပ်ပူလောင်၊ အပြင်မှာတော့ လေပူ၊ လေပွေတိုက်ခတ်နေလေသည်။ ဦးတည်ရာမဲ့ တိုက်ခတ်နေသောလေများနဲ့အတူ ဖုံမှုန့်တွေပါလာသည်။ တစ်နေ့လုံး ရေကိုပဲ သောက်ချင်နေတော့သည်။ တခြားနေရာများကို လျှောက်သွားလိုစိတ်လည်းမရှိ။ ဂုရော့ တဲလေးရှိရာသို့ တစ်ခါတစ်ရံသာ ရောက်ပြီး၊ အန်နာကို သီးစုံဖျော်ရည်သောက်ရန်၊ ရေခဲ့မုန့် စားရန် ဖိတ်ခေါ်လေ့ရှိသည်။ ညနေပိုင်းသို့ရောက်သောအခါ ရာသီဥတုသာယာလာသဖြင့် နှစ်ရောက်အတူ သင်္ဘောဆိပ်ခံတံတားရှိရာသို့ လမ်းလျှောက်ထွက်လာခဲ့သည်။ ထိုနေရာတွင် ဟိုတစ်စု ဒီတစ်စု လူအုပ်ကိုတွေ့ရပြီး တစ်ချို့မှာတော့ လက်ထဲတွင် ပန်းစည်းကိုကိုင်လျက် တစ်စုံတစ်ယောက်ကို ခရီးကြိုဆိုရန် စောင့်နေကြသည်။ လူအုပ်ကြီးထဲတွင် ဆယ်ကျော်သက်အရွယ်များလို ၀တ်ဆင်ထားသော အသက်ကြီးကြီးမိန်မတွေနဲ့ ဗိုလ်ချုပ်ကြီးတွေကို မြင်တွေ့ရသည်။

နေ၀င်ပြီးအနည်းငယ်အကြာမှာ သင်္ဘောဆိုက်ကပ်လာလေသည်။ အန်နာက သင်္ဘောရှိရာနေရာနှင့် ခရီးသည်များကို မှန်ဘီလူးဖြင့် တလှည့်စီကြည့်နေသည်။ သူမရဲ့ မျက်ဝန်းအစုံမှာလည်း တောက်ပလို့နေသည်။ သူမစကားတွေအများကြီးပြောပြီး၊ မေးလိုက်သောမေးခွန်းများကလည်း အဓိပ္ပါယ်မရှိ တုံးတိတိ၊ ဘယ်လိုမေးခွန်းတွေမေးမိမှန်းလည်း သူမ မမှတ်မိ၊ ပြီးတော့ မှန်ဘီလူးကိုလည်း တစ်နေနေရာမှာ ကျပျောက်ခဲ့ပြန်သည်။ တဖြည်းဖြည်းနဲ့ ဆိပ်ကမ်းတွင် လူများမရှိတော့၊ လေပြည်လေညင်းတို့ ငြိမ်သက်နေ၍ ကမ်းခြေတွင် တိတ်ဆိတ်နေသည်။ သင်္ဘောမှ တစ်စုံတစ်ယောက်များထွက်လာဦးမလားဆိုပြီး စောင့်ဆိုင်းရင်း အန်နာနဲ့ ဂုရော့ အချိန်တော်တော်ကြာရပ်နေသည်။ အန်နာကတော့ နှုတ်ဆိတ်လျက်၊ ပြီးတော့ လက်ထဲက ပန်းစည်းလေးကို နမ်းရှိုက်နေသည်။

ဂုရော့က
“ရာသီဥတုက ညနေပိုင်းရောက်လေ သာယာလေပဲနော်…တို့ အခုဘယ်နေရာကို သွားကြမလဲ… တစ်နေရာရာကိုသွားဖို့ အစီအစဉ် မရှိဘူးလား”လို့မေးတော့…သူမက မေးခွန်းတစ်ခုကိုမှ ပြန်မဖြေခဲ့။
အဲဒီနောက် သူက အန်နာကို အသေအချာစိုက်ကြည့်လျက် သူမအား ရုတ်တရက်ပွေ့ဖက်ကာ သူမရဲ့နှုတ်ခမ်းများကို နမ်းလိုက်၏။ သူ၏တစ်ကိုယ်လုံးမှာ ပန်းတို့ရဲ့ရနံ့တို့ဖြင့် လွမ်းခြုံသလိုခံစားသွားရသည်။ ထို့နောက် သူ ဒီလိုပြုမူလိုက်တာကို တစ်စုံတစ်ယောက်ကများ မြင်သွားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။

“မင်းဆီကို အလည်လာလို့ရမလား….”လို့ သူက အန်နာကို တိုးတိုးလေးမေးလိုက်ပါတယ်။

ထို့နောက် နှစ်ယောက်အတူ ခတ်မြန်မြန်လျှောက်ကာ ဟော်တယ်သို့ ပြန်ခဲ့ကြလေသည်။ သူမရဲ့အခန်းထဲမှာ အသက်ရှုကျပ်သလို ဂုရော့ခံစားရတယ်၊ ဂျပန်စတိုးဆိုင်တစ်ဆိုင်က ၀ယ်လာတဲ့ ရေမွှေးရနံ့လေးက သင်းလို့နေတယ်။ ဂုရော့ သူမကိုမကြည့်ပဲ စဉ်းစားနေမိတာက
“သူရဲ့ဘ၀မှာ ဒီလိုအမျိုးသမီးနဲ့ မတွေ့ဆုံခဲ့ဘူးတဲ့အကြောင်း…. ပြီးတော့ လွန်ခဲ့သောအတိတ်က တခဏတာတွေ့ဆုံခဲ့ရတဲ့ ဘာကိုမှဂရုမစိုက် လွတ်လွတ်လပ်လပ်နေတတ်သော အမျိုးသမီးတွေအကြောင်း၊ စိတ်ရင်းစေတနာကောင်းသော အမျိုသမီးတွေအကြောင်း၊ အချစ်ရှိမှ ပျော်တတ်သောအမျိုးသမီးတွေအကြောင်း၊ သူက ရီစရာဟာသတွေပြောတဲ့အခါ ချီးမွမ်းတတ်သော အမျိုးသမီးတွေအကြောင်း … ဥပမာပြောရရင် သူ့ရဲ့အတိတ်က ဇနီးတွေအကြောင်းပေါ့… အဲဒီလိုအမျိုးသမီးတွေနဲ့တွေ့ရတိုင်း သူ့ရဲ့စိတ်ထဲမှ အမုန်းစိတ်များသာတိုးပွားလာပြီး သူတို့ရဲ့အ၀တ်အစားတွေဟာလည်း တိရိစ္ဆာန်တွေရဲ့ အကြေးခွံနဲ့တူတယ်လို့ ခံစားနေရတယ်… အန်နာကတော့ အဲဒီ့အမျိုးသမီးတွေနဲ့မတူ ရှက်တတ်တယ်၊ အတွေ့အကြုံကလည်းနု၊ သူမကိုကြည့်ရတာ သူနဲ့ဆုံတိုင်း အနေအထိုင်မလွတ်လပ်တဲ့ပုံစံနဲ့၊ သူမရဲ့အပြုအမူတွေကလည်း ပြာရာခတ်နေတယ်… အန်နာ “ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး”ရေ မင်းရဲ့အတိတ်က ဘာတွေဖြစ်ခဲ့တာလဲ၊ ထူးဆန်းပြီး မင်းရဲ့ဘ၀ကိုပြောင်းလဲနိုင်လောက်အောင် စိတ်မချမ်းမြေ့စရာ အဖြစ်အပျက်တွေ ရှိခဲ့လို့လား…”
သူမကတော့ စိတ်ဓာတ်ကျနေသောပုံစံနဲ့၊ ဆံပင်တွေကလည်း ဖရိုဖရဲနဲ့ မျက်နှာတစ်ဖက်ခြမ်းကိုအုပ်လို့နေတယ်။ သူမကိုယ်သူမ အပြစ်တစ်ခုကိုကျူးလွန်ထားသော အမျိုးသမီးတစ်ယောက်နဲ့တူတယ်လို့ ခံစားနေမိတယ်။ ရုတ်တရက် သူမက
“ကျွန်တော့်ကို လူကြီးလူကောင်းအဖြစ်အသိအမှတ်မပြုပဲ ပြောဆိုဆက်ဆံတာ ခင်ဗျားက ပထမဆုံးပဲ… အဲဒါမကောင်းဘူးဗျာ… ” လို့ပြောလိုက်တယ်။

ဂုရော့ကတော့ စားပွဲပေါ်က ဖရဲသီးကိုတစ်စိတ်ချင်းလှီးပြီး အေးအေးဆေးဆေးစားနေတယ်။ တစ်ယေက်နဲ့တစ်ယေက် စကားမပြောကြပဲ တိတ်ဆိတ်လို့နေတယ်။ စားပွဲပေါ်မှာထွန်းထားတဲ့ ဖယောင်းတိုင်ကတော့ မီးရောင်တောက်ပလို့နေတယ်။ သူမရဲ့မျက်နှာမှာ ပြုံးလို့နေလား… သူမ ၀မ်းနည်းနေလား ၀မ်းသာနေလားဆိုတာကိုလည်း သဲသဲကွဲကွဲ မမြင်ရ။ သူမက ရိုးသားတယ်၊ အလွယ်တကူ စိတ်ထိခိုက်တတ်တယ်။

နာရီဝက်ခန့်အကြာမှာတော့ ဂုရော့က…
“မင်းအပေါ်မှာ လူကြီးလူကောင်းတစ်ယောက်လို မပြောဆို မဆက်ဆံဘူးလို့ ဘာကြောင့်ပြောနိုင်တာလဲ။ မင်းပြောလိုက်တဲ့စကားကို မင်းကိုယ်တိုင်နားလည်ရဲ့လား”လို့မေးတော့… သူမက
“ဘုရားသခင် ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ” ပြန်ပြောရင်း သူမရဲ့မျက်ဝန်းမှာ မျက်ရည်တွေအပြည့်လို့နေတယ်။ တော်တော်ကြောက်စရာကောင်းပလားနော်လို့ ရေရွတ်ရင်း သူမက
“ရှင် ကျွန်မကို အပြစ်မမြင်ဘူးဆိုတာ သေချာပါတယ်နော်”လို့မေးလိုက်တော့….သူက
“ငါက ဘာကိုအပြစ်မြင်ရမှာလဲ…”လို့ ပြန်မေးလိုက်တယ်။ သူမက
“ကျွန်မက အသုံးမကျတဲ့ အောက်တန်းကျတဲ့ မိန်းမတစ်ယေက်ပါ… ကိုယ့်ကိုယ်ကိုလည်း အထင်မကြီး မလေးစား၊ သူတစ်ပါးအပေါ်မှာ ခွင့်လွှတ်နားလည်ပေးဖို့လည်း မစဉ်းစားမိဘူး… ကျွန်မရဲ့ ခင်ပွန်းအပေါ်မှာ မလိမ်ညာခဲ့ဘူး၊ မလှည့်ဖျားခဲ့ဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ လိမ်ညာလှည့်ဖျားခဲ့တယ်။ အခုမဟုတ်ပါဘူး… ကိုယ့်ကိုယ်ကို လိမ်ညာတာ တော်တော်ကြာနေပြီ။ ကျွန်မခင်ပွန်းက ရိုးသာတဲ့ လူကောင်းတစ်ယောက်ပါ။ ဒါပေမယ့် ရှင်သိရဲ့လား သူက အစေခံယောင်္ကျားတစ်ယောက်ပါ။ အခုတော့ သူဘာတွေလုပ်နေလဲ မသိဘူး။ ကျွန်မသိတာကတော့ သူက အစေခံယောင်္ကျားတစ်ယေက်လို အလုပ်လုပ်နေတယ် ဆိုတာကိုပဲ သိတယ်။ သူနဲ့ လက်ထပ်တော့ ကျွန်မရဲ့အသက်က နှစ်ဆယ်ပဲရှိသေးတယ်။ သူကို ကျွန်မ မချစ်ခဲ့ဘူး။ ကျွန်မက အခုလက်ရှိထက် သာလွန်တဲ့ဘ၀ကို တမ်းတခဲ့တာပါ။ အချစ်က ကျွန်မရဲ့ဘ၀ကို ပူလောင်စေခဲ့တယ်… ရှင် ဒါကိုရော နားလည်ရဲ့လား…ဘုရားသခင်ရဲ့ ကျိမ်စာကြောင့်ထင်တယ် ကျွန်မ ကိုယ့်စိတ်ကို မထိန်းနိုင်ခဲ့ပဲ၊ တစ်ခုခုကို မစဉ်းစားပဲ လုပ်ခဲ့မိတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်မကို ဆက်လက်မပေါင်းသင်းတော့ဖို့ ခင်ပွန်းကို ပြောလိုက်မိတာပါပဲ။ အဲဒီနောက် ကျွန်မ နာကျင်စွာခံစားခဲ့ရတယ်၊ ပြီးတော့ စိတ်ညစ်တာနဲ့ အိမ်ကနေထွက်လာခဲ့တယ်။ အခုတော့ ဒီကမ်းခြေမှာ လေလွင့်သူတစ်ယောက်လို၊ အရူးတစ်ယောက်လို ကျွန်မ လျှောက်သွားနေတာပဲလေ။ ဟောအခု ကျွန်မက ရိုင်းစိုင်းတဲ့မိန်းမတစ်ယောက်၊ ဒုက္ခရောက်နေတဲ့ မိန်မတစ်ယေက် ဖြစ်နေပြီ။ လူတွေအားလုံးကလည်း ကျွန်မကို အထင်သေး၊ အမြင်သေးနဲ့ ကြည့်နေကြပြီ….”
ဂုရော့ သူမရဲ့စကားတွေကို စိတ်မကောင်းစွာနဲ့ နားထောင်နေမိတယ်။ မျှော်လင့်မထားသောစကားလုံးတွေ၊ မပြောသင့်သောစကားလုံးတွေနဲ့ ပြောပြသော သူမရဲ့စကားတွေကြောင့် သူစိတ်ထဲမှာ အတော်တုန်လှုပ်ခဲ့ရတယ်။ တကယ်လို့ သူမရဲ့မျက်ဝန်းထဲမှာ မျက်ရည်စတွေရှိမနေဘူးဆိုရင် သူမက ဟာသတစ်ပုဒ်ကို ပြောပြနေတာလား၊ ဒါမမဟုတ် ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုကို သရုပ်ဆောင်ပြနေတာလား လို့ထင်လောက်စရာပါ။

“ငါနားမလည်ဘူး…မင်း ဘာကိုလိုချင်တာလဲ” လို့ ဂုရော့ကပြောတော့….
သူမက သူ့ရင်ခွင်ဆီကိုတိုးဝင်လားပြီး သူ့ကိုဖက်ထားရင်း…
”ကျွန်မကို ရိုက်ပါ… ကျွန်မက ရိုးသားတဲ့ သန့်ရှင်းတဲ့ဘ၀ကို နှစ်သက်တယ်… အခုတော့ ကျွန်မက မရိုးသားတဲ့ လိမ်ညာတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်နေပြီ… ဘာလုပ်ရမယ်ဆိုတာ ကျွန်မ မသိတော့ဘူး။ တစ်ချို့ကတော့ ပြောကြတယ် ကျွန်မရဲ့လုပ်ရပ်တွေဟာ မကောင်းဘူးတဲ့။ ကျွန်မ မကောင်းတာတွေကို လုပ်ခဲ့မိတဲ့အကြာင်း ရှင့်ရဲ့ရှေ့မှောက်မှာ အခုတော့ ပြောပြနိုင်ပြီ…”
“တော်ပါတော့ကွာ…တော်ပါတော့”လို့ ဂုရော့ တိုးတိုးပြောလိုက်တယ်။

သူမကို မရွေ့လျားပဲ စူးရှတဲ့မျက်လုံးတွေနဲ့ ကြည့်ရင်း ညင်သာစွာ နှုတ်ခမ်းတို့ကို နမ်းလိုက်ပါတယ်။ အဲဒီနောက် သူမလည်း စိတ်ညစ်တာတွေပျောက်ကာ ပြန်လည်ပျော်ရွှင်လာသလို ခံစားလာရတယ်။ ပြီးတော့ နှစ်ယောက်သား စကားပြောရင်း အားရပါးရ ရယ်မောနေခဲ့ကြသည်။

သူတို့ အခန်းထဲကနေ အပြင်ကိုထွက်ခဲ့ကြသည်။ ပင်လယ်ကမ်းခြေဘက်မှာတော့ မွန်းကြပ်တဲ့စိတ်တွေနဲ့ အသက်ရှူကြပ်တာတွေ မရှိတော့ဘူး။ မြို့ကလည်း လှပတဲ့သစ်ပင်၊ ပန်းပင်တွေနဲ့အတူ တိတ်ဆိတ်လို့နေတယ်။ ပင်လယ်ပြင်မှာတော့ ရေလှိုင်းရိုက်သံတွေနဲ့ ဆူညံလို့နေတယ်။ ကမ်းခြေကို ရိုက်ခတ်လာသော ရေလှိုင်းပုတ်သံကိုလည်း ကြားနေရတယ်။ နီယွန်မီး ခတ်မှိုန်မှိုန်ထွန်းထားသော မော်တော်ဘုတ်တစ်စီးကတော့ ရေလှိုင်းတွေအလယ်မှာ ဘယ်ညာယိမ်းလို့နေတယ်။ မြင်းလှည်းတစ်စီးကိုတွေ့တော့ တားပြီး ဟော်တယ်”အော်ဒီအန်ဒါ” ဆီသို့ သွားကြတယ်။ “အောက်ထပ်ကအ၀င်ဝက ဘုတ်မှာ မင်းရဲ့ မိဘမျိုးရိုးအမည်ကို ငါအခုလေးတင် ဖတ်ခဲ့တာ… မင်းရဲ့ခင်ပွန်းက ဂျာမန်လူမျိုးတစ်ယေက်လား…” လို့ မေးတော့…. သူမက
“မဟုတ်ပါဘူး… သူ့ရဲ့အဖေကတော့ ဂျာမန်လူမျိုးတစ်ယောက်ဖြစ်မယ်ထင်တယ်… သူကတော့ ခရစ်ယန်တစ်ယောက်ပါ…” လို့ပြန်ပြောလိုက်တယ်။

ဟော်တယ် ”အော်ဒီအန်ဒါ” ကိုရောက်တော့ ဘုရားရှိခိုးကျောင်းအနီးမှာရှိတဲ့ ခုံရှည်မှာထိုင်ရင်း ပင်လယ်ပြင်ရှိရာဘက်ကို ငေးမောကြည့်ရင်း စကားမပြောပဲ အတွေးကိုယ်စီနဲ့တိတ်ဆိတ်နေခဲ့ကြတယ်။ ရာလ်သာမြို့လေးမှာတော့ နံနက်ခင်းမြူ တွေနဲ့ ဖုန်းအုပ်လို့နေတယ်။ တောင်တန်းတွေဆီမှာတော့ လှပတဲ့အဖြူရောင်တိမ်တိုက်တွေက မလှုပ်မရှား ငြိမ်လို့နေတယ်။ သစ်ပင်တွေမှ သစ်ရွက်တွေကလည်း မလှုပ်မရှား၊ ပုဇင်းရင်ကွဲကောင်လေးရဲ့ ဆူဆူညံညံအော်သံနဲ့ ပင်လယ်ဘက်က ရေလှိုင်းပုတ်သံတွေဟာ ကျွန်တော်တို့မျှော်လင့်နေတဲ့ တိတ်ဆိတ်ငြိမ်းချမ်းတဲ့အကြောင်း၊ ညနေခင်းတစ်ခုရဲ့ အိပ်မက်တွေအကြောင်တွေကို ပြောပြနေတယ်။ ရာလ်သာဆိုတဲ့ မြို့လေးမရှိခင်၊ ”အော်ဒီအန်ဒါ” ဟော်တယ် မရှိခင်ကတည်းက ပင်လယ်ကြီးကရှိနေတာပါ။ ကျွန်တော်တို့တတွေ မရှိတော့တဲ့အချိန်မှာလည်း ပင်လယ်ကြီးကတော့ ရေလှိုင်းရိုက်သံတွေနဲ့ ဆူညံလို့နေအုံးမှာပါ။ ဒီလို နံနက်မိုးသောက်ယံအချိန်မှာ ကိုယ့်ရဲ့နံဘေးမှာ လှပတဲ့အမျိုးသမီးရှိနေတာဟာ ဘယ်လောက်ပျော်ရွှင်ကြည်နူးစရာကောင်းလိုက်လဲ။ ပင်လယ်ကြီးရယ်၊ တောင်တန်းတွေရယ်၊ လှပတဲ့မိုးတိမ်တွေရယ်၊ ရှည်လျားကျယ်ဝန်းလှတဲ့ ကောင်းကင်ပြင်ကြီးရယ် စသဖြင့် ဆွဲဆောင်မှုအပြည့်ရှိတဲ့ နတ်သမီးပုံပြင်တစ်ပုဒ်ကို ဖတ်နေရသလိုပဲ။ ဒီလိုမျှော်လင့်မထားတဲ့ အလှအပတွေဟာ နက်နဲသိမ်မွေ့မှု၊ ဆန်းကြယ်မှုတို့ကို ဖော်ကျူးနေသလိုပေါ့။
သူတို့အနီးသို့ ဟော်တယ်ဝန်ထမ်းတစ်ယောက် ရောက်လာပြီး ယောင်လည်လည်နဲ့ သူတို့ကိုကြည့်ကာ ပြန်ထွက်သွားတယ်။ ပင်လယ်ပြင်မှာလည်း နံနက်ခင်းနေရောင်ခြည်တွေ လင်းလက်လာသလိုပဲ။ သင်္ဘော၊ မော်တော်ဘုတ်တွေက မီးမထွန်းပဲ ကမ်းခြေဆီကို ဆိုက်ကပ်နေကြပြီ။
ဘယ်လောက်ကြာကြာ တစ်ယောက်နဲ့တစ်ယေက် စကားမပြောမိကြသည် သတိမထားမိ။ အန်နာ က
“မြက်ခင်းပေါ်မှာ နှင်းပေါက်လေးတွေရှိနေပြီ” လို့ပြောတော့… ဂုရော့ က
”ဟုတ်တယ်….ဒို့ အိမ်ပြန်ဖို့ အချိန်တန်ပြီ” …

အဲဒီနောက် နှစ်ယောက်အတူ မြို့ထဲသို့ပြန်ခဲ့ကြသည်။

နောက်နေ့တွေမှာတော့ နေ့လည်ခင်းတိုင်းလိုလို သူတို့နှစ်ယေက် ပင်လယ်ကမ်းခြေမှာ တွေ့ဖြစ်ကြတယ်။ နှစ်ယေက်မတူ နံနက်စာ စားတယ်။ နေ့လည်စာ စားတယ်။ လမ်းလျှောက်ကြတယ်။ သူမက ညဘက်တွေမှာ အိပ်မပျော်တာ၊ အိပ်ရေးပျက်ရင် နှလုံးခုန်တာကို အန္တရာယ်ပေးတတ်တဲ့အကြောင်းတွေ ပြောနေတယ်။ သူမအပေါ်မှာ လေးလေးစားစား ပြောဆိုဆက်မှုမရှိမှာကို စိုးရိမ်ပူပန်နေပုံရတယ်။ မေးပြီးသားမေးခွန်းများကို ထပ်တလဲလဲ မေးနေပြန်တယ်။ သူတို့ ပန်းခြံထဲက ခုံတန်းတွေမှာထိုင်ခဲ့ရင်လည်း တစ်ယောက်နဲ့တစ်ယေက် နီးနီးကပ်ကပ် ဘယ်တော့မှ မထိုင်ခဲ့ဘူး။ တစ်ခါတစ်ရံ သူက သူမကို ရုတ်တရက်ဆွဲဖက်ကာ ထူးဆန်တဲ့အနမ်းတွေပေးတတ်တယ်။ အဲဒီလိုနမ်းပြီးတိုင်း တစ်စုံတစ်ယောက်များ မြင်သွာမလားဆိုတဲ့အတွေးနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ရတာကလည်းအမောပါပဲ။ သူက အန်နာကို မင်းက ကောင်းမွန်တဲ့ အမျိုးသမီးတစ်ယောက်၊ ဆွဲဆောင်မှုအပြည့်ရှိတယ်၊ စိတ်ရှည်တယ်၊ သည်းခံတတ်တယ်… အဲဒါကြောင့် မင်းရဲ့အပါးက တစ်ဖ၀ါးမှမခွာချင်ဘူးလို့ပြောသော်လည်း….သူမဘက်ကတော့ သူ့ကို လေးလေးစားစားဆက်ဆံမှုမရှိသူ၊ သူမကို လုံးဝမချစ်တဲ့သူ၊ သူမကို အရိုင်းအစိုင်းမိန်းမတစ်ယောက်လို သဘောထားတဲ့သူ အဖြစ် စိတ်ထဲမှာထင်ယောင်နေမိပါတယ်။ မြို့ထဲဘက်၊ ဟော်တယ်ဘက်နဲ့ ရေတံခွန်ရှိရာကို သူတို့နှစ်ယောက် ညနေတိုင်းလိုလို သွားဖြစ်ကြတယ်။ ပင်လယ်ကမ်းခြေတစ်လျှောက် နှစ်ယောက်အတူ လမ်းလျှောက်ရတာက နေ့ရက်တွေကတော့ အပျော်ရွှင်ဆုံး၊ ကြည်နူးစရာအကောင်းဆုံး နေရက်တွေပါပဲ။ သူမက တော့ ခင်ပွန်းရောက်လာမဲ့နေ့ကို မျှော်လင့်စောင့်စားရင်း ရက်တွေတစ်ရက်ပြီးတစ်ရက် ကုန်ခဲ့ရတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ သူ့ခင်ပွန်းဆီက စာတစ်ဆောင် ရောက်လာတယ်။ စာထဲမှာ မျက်စိနာနေလို့ အိမ်ကိုအမြန်ပြန်ခဲ့ဖို့အကြောင်းရေးထားတော့ သူမ အတော်ပျာယာခတ်သွားတယ်။
“ကျွန်မ အိမ်ကို ပြန်မှဖြစ်မယ်…ဒါဟာ ကံတရားရဲ့ စီမံမှုပဲ…”လို့သူမက ပြောလိုက်တယ်။
ပစ္စည်းတွေသိမ်းပြီးတဲ့နောက် သူမကို ဘူတာကိုလိုက်ပို့ပေးတယ်။ သူမ ရထားထဲမှာ ထိုင်နေရင်း ရထားထွက်ဖို့ ဒုတိယအချက်ပေးသံကိုကြားရတော့… သူမက
“ရှင်ကို နောက်ထပ်တစ်ကြိမ်တွေ့ခွင့်ပေးပါနော်” လို့ပြောလိုက်တယ်။

သူမ မငိုပါဘူး… ဒါပေမဲ့ ၀မ်းနည်းနေတယ်… သေချာတာကတော့ နာကျင်စွာခံစားနေရတယ်…သူမရဲ့မျက်နှာမှာ စိတ်လှုပ်ရှားနေတဲ့ အမူအရာပေါ်လွင်နေတယ်။

“ကျွန်မ ရှင်ရဲ့အကြောင်းကို စဉ်းစားနေမှာပါ၊ သတိရနေမှာပါ၊ ရှင့်ကို ဘုရားသခင် စောင့်ရှောက်ပါစေ…မကောင်းဆိုးရွားတွေနဲ့ မတွေ့ပါစေနဲ့…တို့တစ်တွေက အမြဲတန်းတစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်နေရမှာ…အဲဒါက တကယ်ကိုလိုအပ်တယ်လေ… ဘာလို့လဲဆိုတော့ တို့တစ်တွေက လုံးဝဆုံဆည်းဖို့ဆိုတာ မဖြစ်နိုင်လို့ပဲ… ဒါပါပဲ… ရှင့်ကို ဘုရားသခင် စောင့်ရှောက်ပါစေ…”လို့ပြောနေချိန်မှာ ရထားက စတင်ထွက်ခွာနေပါပြီ။

ရထားကြီးလျှက်မြန်စွာထွက်သွားပြီး မကြာခင်မှာပဲ ရထားစက်ခေါင်းမှ မီးခိုးများလည်း တဖြည်းဖြည်းကွယ်ပြောက်သွားခဲ့ပြီ။ ဆူညံသံများလည်း မရှိတော့။ လူသွားစင်္ကြန်မှာ တစ်ယောက်ထဲရပ်နေရင်း ဟိုးအဝေးတစ်နေရာကို ငေးကြည့်နေမိတယ်။ အလုပ်သမားတွေရဲ့စကာသံတွေ၊ ကြေးနန်းကြိုးတွေမှ ထွက်လာသော တ၀ီဝီအသံတွေကြောင့် သူသတိပြန်ဝင်လာတယ်။ သူမနဲ့မိတ်ဆွေဖြစ်ဖို့ ကြိုးစားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဂုရော့ သတိရနေမိတယ်။ ဒီအဖြစ်အပျက်တွေအားလုံးဟာ ပြီးဆုံးသွားပါပြီ။ သူ့အတွက်တော့ သတိရခြင်းတွေ လွမ်ဆွတ်ခြင်းတွေ သာ ကျန်ရစ်နေခဲ့တယ်။ သူကတော့ ၀မ်းနည်းစွာ နောင်တတရားတွေတပွေ့တပိုက်နဲ့ အရူးတစ်ယောက်လို ခံစားနေရတယ်။ ဒီလို ငယ်ရွယ်တဲ့ အမျိုးသမီးနဲ့နောက်ထပ်တွေ့ဆုံဖို့ သူဘ၀မှာ မဖြစ်နိုင်တော့ဘူး။ သူမကတော့ သူနဲ့တွေ့တိုင်း ပျော်ရွှင်မှုမရှိသလိုပဲ။ သူမအတွက်ဆိုရင် မိတ်ဆွေကောင်းတစ်ယောက်လိုနေထိုင်ခဲ့တယ်။ သူမနဲ့စကားပြောတဲ့အခါတိုင်း ရင်ခုန်သလို ခံစားရတယ်။ သူမထက် အသက်နှစ်ဆခန့်ကြီးသူဆိုတော့ သူ့ရဲ့စကားတွေ၊ ကြင်နာမှုတွေက သူမအပေါ်လှောင်ပြောင်သလိုများ ဖြစ်နေခဲ့လား။ အချိန်တိုင်းလိုလို သူမကတော့ သူ့ကို ကြင်နာတတ်တဲ့သူ၊ သာမန်သူတွေထက်ထူးတဲ့သူအဖြစ် သတ်မှတ်ထားတာပါ။ သူဘက်ကတော့ သူမလို ပွင့်ပွင့်လင်းလင်းမရှိခဲ့ဘူး။ သူမအပေါ်မှာ သတိလက်လွတ် လိမ်ညာခဲ့တာတွေရှိခဲ့တယ်….

ဘူတာရုံမှာတော့ ဆောင်းဦးပေါက်ရနံ့တွေ သင်းပျန့်လို့နေတယ်။ ညနေပိုင်းရောက်ရင် ရာသီဥတုက ပိုပြီးအေးလာတယ်။ မြောက်အရပ်ကိုပြန်ဖို့ အချိန်တန်ပြီးလို့တွေးရင်း လူသွားစင်္ကြန်ကနေ ထွက်ခွာလာခဲ့ပါတော့တယ်။
ဆက်ရန်

2 comments:

မောင်ဖြူ October 2, 2007 at 12:43 PM  

ကောင်းခန်းရောက်နေပြီ။ ဆက်လုပ်... ဆက်လုပ်....

နေရဉ္စရာ October 5, 2007 at 3:22 PM  

ဟဲလို ကိုတီအမ်အင်န်

ဘယ်တော့လဲနောက်ထပ်ဆက်ရန်က

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP