နိဂုံး

>> Friday, October 5, 2007

ထားခဲ့ပါတော့မေ
ပြန်မဆုံကြမယ့်သဘောတရားတစ်ခုမှာ
မေနဲ့ကိုယ်တို့ သေချာတိကျစွာ
လွဲခဲ့ကြပြီပေါ့နော်၊
အလွမ်းတစ်ခုနဲ့ကိုယ်ကတော့
လွမ်းသူ့အိပ်မက်ရှည်ကြီးတွေ
ဆက်တိုက်ကြီးကို ဆက်မက်ဖြစ်နေဦးမှာပါ။
(အနမ်းတွေမပါဝင်တော့တာတော့ ကိုယ့်အိပ်မက်ရဲ့ ကံဆိုးမှုတစ်ခုပေါ့)
အတိတ်ရဲ့ရွှေရောင်လွှမ်းကာလာတစ်ခုကို
ပိုင်ဆိုင်ခွင့်ပေးခဲ့တာကိုပဲ
မင်းကို ကျိတ်ပြီးကျေးဇူးတင်နေမယ့်ကောင်ပါကွာ။
မေနဲ့ကိုယ်တို့နှစ်ယောက်
မိုးသားပြာကြီးရဲ့အောက်
ပျော်ရွှင်မှုရနံ့တွေသင်းတဲ့
ညနေခင်းလေပြေတချို့ကိုရှူရှိုက်ရင်း
မဖြုတ်တန်းလက်တွေတွဲခဲ့ကြဖူးတယ်နော်။
ထိုထိုသောကာလတွေမှာတော့
ဝေးကျန်ရစ်နိုင်မယ့်အနာဂတ်ဆိုတာလဲ
ကိုယ်တို့မတွေးဖြစ်ခဲ့ကြဘူးနော်။
အဝေးကတောင်တန်းကြီးတွေကိုငေးမောရင်း
ကိုယ်တို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေ
သူတို့လိုခိုင်မြဲလိမ့်မယ်လို့
ကိုယ်မျှော်လင့်ခဲ့ဖူးတာတော့
မေ့ကိုပြောမပြဖြစ်ခဲ့တော့ပါဘူး။
ခဲသားရောင်ဖျော့တော့တော့နဲ့
တွယ်ရာမဲ့လွင့်မျောနေကြတဲ့
တိမ်တိုက်တွေရဲ့နောက်မှာ
ကံကြမ္မာမုန်တိုင်းမိုးပါလာလိမ့်မယ်ဆိုတာတော့
ကိုယ်မသိခဲ့ရိုးအမှန်ပါ။
ဘ၀ဆိုတာလဲလေ
နှစ်သက်ရာဆေးရောင်တွေနဲ့
ကျွမ်းကျင်တဲ့ပန်းချီဆရာတစ်ယောက်ရဲ့
ခြယ်သမှုအောက်က
ခြွင်းချက်မဲ့ပန်းချီကားတစ်ချပ်မှမဟုတ်ခဲ့တာ။
အလင်းအမှုန်မမှန်
ဆွဲချက်မသန်တာလေးတွေတော့
ရှိခဲ့ရိုးအမှန်ပါ။
ဒါပေမယ့်ကွာ
ကိုယ့်နှလုံးသားကိုခြယ်မှုန်းခဲ့တဲ့
မင်းရဲ့စုတ်ချက်ကြမ်းတွေအောက်မှာ
ကိုယ့်ဘ၀ပန်းချီကားတစ်ချပ်
ဘောင်ခတ်မသိမ်းဆည်းရခင်
ဆေးရောင်ပြယ်ကျဆုံးခဲ့တယ်ဆိုတာတော့
နှောင်းလူတို့ရဲ့ရာဇ၀င်အိုမှာ
မှတ်ထင်ကျန်ရစ်နေစေချင်ပါသေးတယ်
သမိုင်းဆရာအိုတစ်ယောက်ကရေးတဲ့
နုံချာတဲ့မှတ်စုစာအုပ်ရဲ့တစ်နေရာမှာပဲဖြစ်ဖြစ်ပေါ့၊
ဆုံဆည်းခြင်းတို့ရဲ့အဆုံးသတ်တစ်ခုဆိုတာ
ခွဲခွာခြင်းဖြစ်တယ်ဆိုတဲ့သီအိုရီကတော့
ရက်စက်လွန်းပါတယ်ကွာ။
အနန္တကိုပိုင်ဆိုးတဲ့ လောကကြီးရေ
တွယ်ရာမဲ့နှလုံးသားတစ်စုံနဲ့
ရင်ခွင်ဗလာဟင်းလူသားတစ်ယောက်ကို
သင်ဘယ်လိုအရာများနဲ့ရှင်သန်ခွင့်ပေးဦးမှာလဲ၊
ဝိုင်ချိုချိုတွေလောင်းချ
အရှင်လတ်လတ်မီးသဂြိုလ်လို့
ပြာအိုကိုတော့သိမ်းထားပေးပါ
သူ့သစ်ပင်အောက်မှာ
မြေသြဇာဖြစ်ပါရစေ….။ ။

မောင်ဖြူ

0 comments:

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP