ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး
>> Saturday, October 6, 2007
အပိုင်း(၃)
မော်စကို့မြို့က အိမ်အားလုံးကတော့ ဆောင်းရာသီအောက်မှာ အိပ်စက်နေကြပြီ။ နံနက်တိုင်း အအေးဓာတ်ကို အံတုနိုင်ဖို့ မီးဖိုကို မီးထိုးရတာကလည်း အမောပါပဲ။ ကလေးတွေ လက်ဖက်ရည်သောက်ပြီး အားကစားရုံသွားဖို့ ပြင်ဆင်နေတဲ့အချိန်မှာ မှောင်နေတဲ့အတွက် အိမ်ဖော်မိန်းမကြီးက မီးအိမ်ကို တခဏ မီးထွန်းညှိပေးပါတယ်။ ဆီးနှင်းတွေလည်း တဖွဲဖွဲနဲ့ အပြင်မှာတော့ ရေခဲလောက်အောင် ရာသီဥတုက အေးနေပါပြီ။ နှင်းတွေကျတဲ့ ပထမဆုံးနေ့မှာပဲ စွတ်ဖားလှည်းနဲ့ မြို့တွင်းကို လျှောက်သွားမိတဲ့အခါ အဖြူရောင်လွှမ်းနေတဲ့ မြေပြင်ကြီးရယ်၊ အဖြူရောင်တွေနဲ့ ဖုန်းအုပ်ထားတဲ့အိမ်ခေါင်မိုးတွေကို နှစ်လိုဖွယ် မြင်နေရတယ်၊ နူးညံ့တဲ့ လေပြေလေညှင်းတို့ကို ရှူရှိက်ရတာကလည်း ဘယ်လောက်ကြည်နူးဖို့ကောင်းလိုက်လဲ။ အဲဒီလိုအချိန်မျိုးမှာ ဟိုး…လူငယ်ဘ၀ကို သတိရနေမိတယ်ပေါ့။ ရွက်ဟောင်းတွေကြွေနေပြီး သစ်ပင်အိုကြီးတွေလိုဖြစ်နေတဲ့ သံပုရာပင်၊ ဘုဇပတ်ပင်၊ အဖြူရောင်ရှိတဲ့ မြူမှုံတို့ရဲ့အလှ၊ စိတ်ကိုကြည်လင်စေတဲ့ သဘာဝအလှအပတွေက ဆီးပင်၊ ဆိုက်ပရပ်(စ်)ပင်တို့ရဲ့အလှထက် လူတွေရဲ့ နှလုံးသားမှာ နေရာယူနေကြပြီ။ ဒီလိုဆောင်းရာသီရဲ့အလှအပတွေကြောင့် ပင်လယ်ကြီးအကြောင်းနှင့် တောင်းတန်တွေအကြောင်းကို မစဉ်းစားချင်ကြတော့ဘူး။ ရာသီဥတုသာရာတဲ့နေ့မှာ ဂုရော့ မော်စကိုမြို့ကို ပြန်လာခဲ့တယ်။ သားမွေးကုတ်အင်္ကျီ်၊ လက်အိတ်တွေဝတ်ပြီး ပီသရိုလမ်းမကြီးအတိုင်း လမ်းလျှေက်ရတဲ့ အခါ၊ ခရီးအသစ်တစ်ခုကို ထွက်ရတိုင်း နွေရာသီအပန်းဖြေရက်မှာ ကြည်းနူးခဲ့ရတာတွေကို မေ့ပျောက်သလို ရှိလာတယ်။ သူကတော့ တဖြည်းဖြည်းနဲ့ မော်စကိုမြို့ရဲ့လူနေမှုဘ၀ကို ပြန်လည်ခံစားလာရတယ်။ တစ်နေ့ကို သတင်းစာသုံးစောင် ဖတ်လေ့ရှိတယ်။ ဟိုတယ်၊ နိုက်ကလပ်၊ ညစာစားပွဲ၊ နှစ်ပတ်လည်အထိမ်းအမှတ်ပွဲတွေက သူ့ကို မြူဆွယ်နေကြတယ်။ သူ့အတွက်တော့ ပျော်ရွှင်စရာတွေနဲ့ ပြည့်လို့နေတယ်။ မိတ်ဆွေတွေဖြစ်တဲ့ ကျော်ကြားတဲ့ရှေ့နေ၊ အနုပညာရှင်တွေက သူ့ဆီကိုအလည်အပတ်လာကြတယ်။ သူက ဒေါက်တာကလပ်မှာလည်း ပါမောက္ခတွေနဲ့ ဖဲကစားလေ့ရှိတယ်။ ပြီးတော့ အသီးအရွက်ပေါင်းစုံနဲ့လုပ်ထားတဲ့ ဆလပ်တစ်ပန်းကန်ကိုလည်း တစ်ထိုင်တည်း စားနိုင်လာတယ်။
မကြာခင် လအနည်းငယ်မှာပဲ အန်နာကို သူ့စိတ်ထဲကနေ တိမ်တိုက်များပျောက်ကွယ်သွာသလို တဖြည်းဖြည်းမေပျောက့်နိုင်လာပြီး လှပသောအပြုံးအိပ်မက်အဖြစ်ပဲ ကျန်ရစ်နေမယ် လို့ထင်ခဲ့တာ။ လတွေ တစ်လပြီးတစ်လကုန်လာခဲ့တယ်၊ ဆောင်းကလည်းပိုပြီး အေးသည်ထက်အေးလာခဲ့ပေမယ့် အန်နာနဲ့ခွဲခွာခဲ့ရတဲ့နေ့ရက်တွေဟာ မနေ့တစ်နေ့ကလိုပဲ စိတ်ထဲမှာ ထင်ရောင် မြင်ယောင်လာတယ်။ တဖြည်းဖြည်းနဲ့ သူမကိုသတိရတဲ့စိတ်တွေက ဖိစီးလို့လာတယ်။ ညနေပိုင်းတိတ်ဆိတ်တဲ့အချိန်တွေမှာဆိုရင် သူ့အခန်းထဲက ကလေးတွေရဲ့စာကျက်သံတွေကို ကြားယောင်နေသလိုလို၊ ဟော်တယ်က လှပတဲ့တေးသီချင်းသံတွေကိုကြားနေသလိုလို၊ နှင်းမုန်တိုင်းတိုက်ခတ်သံတွေလိုလို စိတ်ထဲမှာဝေခွဲမရအောင်ဖြစ်နေချိန်မှာ အတိတ်ကပုံရိပ်တွေဖြစ်တဲ့ (ပင်လယ်ကမ်းစပ်က အဖြစ်အပျက်တွေ၊ နံနက်စောစော တိမ်တွေနဲ့လှပနေတဲ့ မြို့အကြောင်း၊ ကမ်းစပ်မှာ ဘယ်ညာယိမ်းနေတဲ့မော်တော်ဘုတ်တွေနှင့် သူမကို နမ်းခဲ့တဲ့နေ့ရက်တွေကို) စိတ်ထဲမှာ ပြန်လည်မြင်ရောင်လာပြန်တယ်။ အခန်းထဲမှာ အချိန်တော်တော်ကြာလမ်းလျှောက်လိုက်၊ သူမကိုသတိရလိုက်၊ ပြုံးလိုက်၊ ပြီးတော့ သတိရခြင်းတွေက အိပ်မက်တွေအဖြစ်ပြောင်းသွားလိုက်၊ အတိတ်ကအဖြစ်အပျက်တွေဟာ ရှေ့ဆက်ပြီးဘာတွေဖြစ်မလဲ ဆိုတဲ့ အတွေးပုံရိပ်တွေက နှေက်ယှက်လာလိုက်… သူမအကြောင်းကိုအိပ်မက် မမက်ပေမယ့် သူမက သူ့ရဲ့နောက်ကနေ အရိပ်ပမာလိုက်နေသလိုလို၊ သူ့ရဲ့ ဘေးမှာ အမြဲရှိနေသလိုလို ထင်နေမိတယ်။ မျက်လုံးမှိတ်လိုက်တိုင်း သူမကိုမြင်ယောင်နေမိတယ်။ သူမက အရင်ကထက်စာရင် ပိုပြီး လှပလာသလိုလို၊ ငယ်ရွယ်နုပျိုလာသလိုလို၊ နူးညံ့လာသလိုလိုပါပဲ။ သူ့ကိုယ်သူလည်း ရာလ်သာ မြို့မှာနေထိုင်ခဲ့ရတဲ့သူအဖြစ်နဲ့ နိုင်းယှဉ်ကြည့်ရင် အခုတော့ပိုပြီး ကြည့်ကောင်းသလိုလို၊ ရုပ်ရည်ချောမောလာသလိုလို၊ ညနေရောက်တိုင်း စာအုပ်စင်ရှိရာကနေ၊ မီးဖိုရှိရာကနေ၊ အခန်းထောင့်တစ်နေရာကနေ သူမက သူ့ကို စိမ်းစိမ်းကြီးစိုက်ကြည့်နေသလို၊ သူမရဲ့အသက်ရှူရှိုက်သံတွေ၊ သူမရဲ့ ဂါဝန်နဲ့ ကြမ်းပြင် ပွတ်တိုက်သံတွေ ကြားယောင်နေမိ မြင်ယောင်နေမိတယ်။ လမ်းမပေါ်မှာလည်း အမျိုးသမီးတွေကို ကြည့်ရတာကလည်းအမောပါပဲ… အန်နာနဲ့တူတဲ့သူများတွေ့လိုတွေ့ငြား ရှာဖွေမိတယ်။ သူ့ရဲ့ စိတ်ထဲမှာပြင်းပြင်းထန်ထန်ခံစားနေရတဲ့အကြောင်းတွေ၊ သတိရနေတဲ့အကြောင်းတွေကို တစ်စုံတစ်ယောက်ကို ဖွင့်ဟပြောဆိုချင်လာတယ်။ ဒါပေမယ့် အိမ်မှာသော်လည်းကောင်း၊ အိမ်အပြင်မှာသော်လည်းကောင်း၊ ဘဏ်မှာသော်လည်းကောင်း၊ သူငယ်ချင်းမိတ်ဆွေများကိုလည်းကောင်း မည်သူတစ်ဦးတစ်ယောက်နဲ့မ သူရဲ့အချစ်ဇာတ်လမ်းကို ပြောပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ဘာအကြောင်းကို ပြောရမှာလဲ။ သူမကိုချစ်ရောချစ်ခဲ့ ရဲ့လား။ သူမနဲ့ပတ်သက်ခဲ့တာတွေဟာ စိတ်ဝင်စားယုံသက်သက်လား၊ စိတ်လှုပ်ရှားယုံသက်သက်လား၊ ကဗျာတစ်ပုဒ်လို လှလှပပ ခံစားယုံလား။ မိန်းမတွေအကြောင်း၊ အချစ်အကြောင်းကို မရေမရာပြောနေမယ်ဆိုရင် ဘယ်သူကမှ ဒီကိစ္စကို မခန့်မှန်းမိနိုင်ဘူး။ သူ့ဇနီးတစ်ယောက်ကတော့ ပြောမှာသေချာတယ်….ဘယ်လိုပြောမလဲဆိုတော့…ရှင်ဒီအကြောင်းတွေကို ပြောဖို့သင့်တော်တော့တာမဟုတ်ဘူး… ကိုယ်အသက်ကိုမှ အားမနာ…
တစ်နေ့မှာတော့ ညအချိန် လုပ်ဖော်ကိုင်ဘက်သူငယ်ချင်းတစ်ယောက်နဲ့အတူ ဒေါက်တာကလပ်ကနေ ပြန်လာခဲ့တယ်။ စိတ်ထဲမှာမွန်းကြပ်လာလို့ သူ့သူငယ်ချင်းကို
“ရာလ်သာမြို့မှာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ငါအသိမိတ်ဆွေဖြစ်ခဲ့တဲ့အကြောင်းကို မင်းသိခဲ့မယ်ဆိုရင်….”
သူငယ်ချင်းက စွတ်ဖားလှည်းပေါ်မှာထိုင်ပြီး မောင်းထွက်သွားတယ်။ ပြီးမှ ချက်ချင်းပြန်လှည့်လာပြီး..
“ဒမီသရီ ဒမီသရိခ်ျ”
သူက “ဘာလဲ”
သူငယ်ချင်းက “မကြာသေးခင်ကဆိုရင်တော့ ခင်ဗျားလုပ်တာ မှန်ပါတယ်။ ငါးမလေးတစ်ကောင်နဲ့ ခန့်ညားတဲ့ယောင်္ကျားကြီးလိုပေါ့…”
အဲဒီသာမန်စကားလုံးတွေက အကြောင်းတစ်ခုခုကြောင့် ရုတ်တရက် သူ့ထိခိုက်သလိုဖြစ်ခဲ့ရတယ်၊ သူ့ကို မရိုးသားတဲ့သူ၊ စိတ်ဓာတ်အောက်တန်းကျတဲ့သူအဖြစ် ဖော်ပြနေသလိုပဲ။ ဘယ်လိုစိတ်ရိုင်းတွေလဲ။ ဘယ်လိုမျက်နှာတွေလဲ။ ဘယ်လောက် စိတ်ညစ်စရာကောင်းလိုက်တဲ့ ညတွေလဲ။ ဘယ်လောက် စိတ်ဝင်စားစရာမကောင်းတဲ့၊ ဆွဲဆောင်မှုကင်းမဲ့တဲ့ နေ့တွေလဲ။ ဂုရော့ အလွန်အကျွံ ဖဲကစားတယ်၊ စားတယ်၊ သောက်တယ်၊ ပြောပြီးသား စကားတွေကိုပဲ ထပ်ခါထပ်ခါပြောနေတယ်။ မလိုအပ်တဲ့ အလုပ်ပိုတွေ၊ စကားအပိုတွေက သူ့ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေ၊ အကောင်းဆုံးအားအင်တွေကို ၀ါးမြိုပစ်သလိုထင်လာတယ်။ နောက်ဆုံးကြတော့ အတောင်ပံမရှိတဲ့ဘ၀၊ ဘာမှ အသုံးမကျတဲ့ ဘ၀၊ ဘယ်နေရာကိုမှ ပြေးထွက်သွားလို့မဖြစ်နိုင်တဲ့ဘ၀၊ အကျဉ်းထောင်ထဲမှာ တသက်လုံးနေရတဲ့ဘ၀ အဖြစ်နဲ့ပဲ ကျန်ရစ်နေသလို ဖြစ်လာတယ်။ စိတ်တွေရှုပ်ထွေးနေလို့ တစ်ညလုံး အိတ်မပျော်။ နောက်တစ်နေ့မှာတော့ ခေါင်းကိုက်ဝေဒနာကို ခံစားလာရတယ်။ နောက်နေ့တွေရဲ့ညတိုင်းလိုလို အိတ်လို့မရတော့တဲ့ ဝေဒနာကိုခံစားလာရပြီး အိပ်ရာပေါ်မှာ ငုတ်တုတ်ထိုင်လိုက်၊ စဉ်းစားလိုက်၊ အခန်းထဲမှာ အရှေ့ထောင့်မှ အနောက်ထောင့်ကို လမ်လျှောက်လိုက်နဲ့ အချိန်တွေကုန်ခဲ့ရတယ်။ သူ့ရဲ့ကလေးတွေပေါ်မှာလည်း ငြီးငွေ့လာတယ်၊ ဘဏ်မှာအလုပ်လုပ်ရတာကိုလည်း စိတ်ဝင်စားမှုမရှိတော့၊ ဘယ်နေရာကိုမှလည်း သွားချင်စိတ်မရှိ၊ ဘာကိစ္စ ဘာအကြောင်းမှလည်း ပြောချင်စိတ်မရှိတော့။
ဒီဇင်ဘာလ အားလပ်ရက်တွေမှာ ခရီးထွက်ဖို့ပြင်ဆင်ခဲ့တယ်။
“ဘဏ်က ကောင်လေးတစ်ယေက်ရဲ့ကိစ္စနဲ့ ပီတာစပတ်မြို့ကို သွာရမယ်” လို့ ဇနီးဖြစ်သူကို ပြောတယ်။ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် သူအနေနဲ့ အန်နာကို တွေ့ဆုံချင်တယ်၊ စကားတွေပြောချင်တယ်၊ တစ်နေရာရာမှာတွေ့ကြဖို့အစီအစဉ်ကိုလည်း ပြောပြချင်တယ်။
နံနက်စောစောမှာပဲ ပီတာစပတ်မြို့ကို ရောက်လာခဲ့တယ်။ ဟော်တယ်က အကောင်းဆုံးအခန်းတစ်ခန်းကို ငှားလိုက်တယ်။ အန်နာနှင့် သူမခင်ပွန်းတို့ဟာ သူတည်းခိုရာ ဟော်တယ်အနီးမှာရှိတဲ့ လမ်းမှာပဲ ကိုယ်ပိုင်အိမ်နဲ့ နေကြကြောင်း၊ သူတို့က ကောင်းကောင်းမွန်မွန်၊ ချမ်းချမ်းသာသာ နေထိုင်နိုင်ကြောင်း၊ သူတို့မှာ ကိုယ်ပိုင်မြင်းတွေရှိပြီး သူမရဲ့ခင်ပွန်းကို ဒီမြို့ကလူတိုင်းက သိကြကြောင်း စသည်ဖြင့် သူသိချင်တဲ့ သတင်းတွေကို ဟော်တယ်ဝန်ထမ်းထံမှ သိခဲ့ရတယ်။ အန်နာနေထိုင်ရာလမ်းဆီကို အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာခဲ့ပြီး သူ့မရဲ့အိမ်ကိုရှာဖွေခဲ့တယ်။ အိမ်ကိုတော့ အလွန်ရှည်လျားပြီး မီးခိုးရောင်သုတ်ထားသော သံဆူးကြိုးတွေနဲ့ ၀ိုင်းထားတယ်။ ပြတင်းပေါက်ရှိရာကိုတလှည့်၊ ခြံစည်းရိုးကိုတလှည့် ကြည့်ပြီး…
“ဒီလောက်ခိုင်ခံ့တဲ့ ခြံစည်းရိုးကနေ ဘယ်လိုများ ထွက်လာနိုင်ပါလိမ့်” လို့တွေးနေမိတယ်။ သူဆက်လက်စဉ်းစားနေမိတာက…
“ဒီနေ့က အလုပ်အားရက်၊ သူမရဲ့ခင်ပွန်း အိမ်မှာပဲ ရှိနိုင်တယ်။ ဘာပဲဖြစ်ဖြစ် အိမ်ထဲကို ဒီအတိုင်းဝင်သွာလို့က ဘယ်လိုမှ မသင့်တော်ဘူး၊ အထင်မှား၊ အမြင်မှားစရာတွေ ဖြစ်သွားနိုင်တယ်၊ စာရေးပြီး အကြောင်းကြားမယ်ဆိုရင်လည်း တကယ်လို့ အဲဒီစာက အကြောင်းတစ်ခုခုကြောင့် သူ့မရဲ့ခင်ပွန်းလက်ထဲကို ရောက်သွားခဲ့ရင် အစီအစဉ်တွေအားလုံ သဲထဲရေသွန်သလို ဖြစ်သွားနိုင်တယ်၊ အဲဒီတော့ သူမအိမ်ထဲကနေ ထွက်လာမယ့် နေ့တစ်နေ့ကိုပဲ စောင့်နေတာက ပိုကောင်းလိမ့်မယ်…” ခြံစည်းရိုးအနီးမှာရှိတဲ့ လမ်းမတလျှောက်မှာ လမ်းလျှောက်နေရင်း သူမအိမ်ထဲကနေ ထွက်လာမယ့်နေ့ကို စောင့်နေမိခဲ့တယ်။ တစ်နေ့မှာတော့ တခါးဝဆီကို သူတောင်းစားတစ်ယောက် ၀င်သွားတာကို မြင်လိုက်ရတယ်။ ခွေးဟောင်သံကိုကြားလိုက်ရတယ်။ တစ်နာရီနီးပါးအကြာမှာတော့ စန္တယားတီးသံကိုကြားရပြီး တေးသွားသံက တဖြည်းဖြည်းနဲ့ ကွယ်ပျောက်သွားတယ်။ အန်နာတီးနေတာပဲ ဖြစ်ရမယ်လို့ပဲ စိတ်ထဲကထင်နေမိတယ်။ တခဏအကြာမှာတော့ တခါးမကြီးပွင့်လာပြီး အသက်ကြီးကြီးမိန်းမတစ်ယောက်ထွက်လာတယ်၊ သူ့နောက်ကနေ သူမြင်ဖူးခဲ့ဘူးတဲ့ ခွေးလေးတစ်ကောင် လိုက်လာတယ်။ သူက ခွေးလေးကို ခေါ်လိုက်မယ်စိတ်ကူးနေတုန်း ရုတ်တရက်စိတ်လှုပ်ရှားလာသဖြင့် ခွေးလေးနာမည်ကို မမှတ်မိဘူးဖြစ်နေတယ်။ အဲဒါနဲ့ပဲ လမ်းမတလျှောက် လမ်းလျှောက်မြဲလျှောက်နေရပြီး မီးခိုးရောင်ရှိတဲ့ ခြံစည်းရိုးကို ပိုပြီးတော့ကြည့်မရဖြစ်လာတယ်။ စိတ်မရှည်တော့တဲ့ပုံစံနဲ့ စဉ်းစားမိတာက “အန်နာ သူ့ကိုမေ့နေခဲ့ပြီးလား၊ ဒါမှမဟုတ် နောက်တစ်ယောက်ကို တွေ့နေပြီးလား၊ နံနက်ခင်းကနေ ညနေစောင်းထိ အိမ်ထဲကနေ အိမ်ပြင်မထွက်ရဘဲ ဒီသောက်ခြံစည်းရိုးကိုပဲ မြင်တွေ့နေရတဲ့ အမျိုးသမီးတစ်ယောက်အတွက်တော့ ဒီလိုအခြေအနေတွေဖြစ်နေခဲ့ရင်လည်း သဘာဝကျပါတယ်လေ… ”
အဲဒီနောက် ဟော်တယ်ကိုပြန်လာခဲ့တယ်။ ဘာဆက်လုပ်ရမှန်းမသိတော့တာနဲ့ ထိုင်ခုံပေါ်မှာ အကြာကြီးထိုင်နေမိတယ်။ ပြီးတော့ နေ့လည်စာစားတယ်၊ တစ်နေ့လည်လုံး အိပ်နေလိုက်တယ်။ ညနေစောင်းမှပဲ အိပ်ရာကနိုးပြီး မည်းမှောင်နေတဲ့ ပြတင်းပေါက်ကိုကြည့်ရင်း…
“အရာအားလုံးဟာ ဘယ်လောက်စိတ်ညစ်စရာ စိတ်ပျက်စရာ ကောင်းလိုက်သလဲ။ ဒီနေရာမှာ ဘာကြောင့် တစ်နေ့လည်လုံး အိပ်ပျော်ခဲ့ရတာလဲ။ အခုညမှာ ငါဘာလုပ်ရမလဲ…” ဆိုပြီးတွေးနေမိတယ်။ အိပ်ရာပေါ်မှာ ထိုင်နေကာ စိတ်ပျက်လက်ပျက်အမူအရာနဲ့…
“ဟိုနေရာမှာ ခွေးလေးနဲ့ အမျိုးသမီး၊ ဟောဒီမှာက ငါနဲ့ ရင်ခုန်စရာဖြစ်ရပ်တစ်ခု… လာကြပါ၊ ထိုင်ကြပါ” လို့ ကိုယ့်ကိုယ်ကို နောက်ပြောင်သလို ပြောနေမိတယ်။
နံနက်ဝေလီဝေလင်း ဘူတာကိုရောက်တော့ “အမျိုးသမီးအကဖွဲ့တစ်ဖွဲ့” ပထမဆုံးအကြိမ် ကပြမည်ဖြစ်ကြောင်း ရေးထားတဲ့ ကြော်ငြာသင်ပုန်းကို မြင်လိုက်တယ်။ ချက်ချင်းပဲ ကပွဲရုံရှိရာသို့ ထွက်လာခဲ့တယ်။
“ပထမဆုံးအကြိမ်ကပြမည့်ပွဲကို သူမလာရောက်ကြည့်နိုင်ဖို့ရာ လုံးဝဖြစ်နိုင်လိမ့်မယ်” လို့ တွေးမိနေတယ်။
ကပွဲရုံမှာတော့ နေရာကပြည့်နေပြီ။ တိုင်းအဆင့်ကပွဲရုံတွေလို မြူမှုံတွေက မီးသီးမီးလုံးတို့ရဲ့အပေါ်မှာရှိနေတယ်၊ ရုံထဲမှာလည်း ဆူညံသံတွေနဲ့ စိတ်ညစ်စရာကောင်းနေတယ်။ ကပွဲမစမီ ပထမဆုံးအတန်းမှာ ကတဲ့သူတွေ အ၀တ်အစားလဲဖို့ လုပ်ပေးရတဲ့သူတွေ နေရာယူထားကြတယ်။ ဘုရင်ခံချုပ်ရဲ့ထိုင်ခုံနေရာတွေမှာ ဘုရင်ခံချုပ်ရဲ့သမီးက ခန့်ညားစွာနေရာယူထားတယ်။ ဘုရင်ခံချုပ်ကိုယ်တိုက်ကတော့ ကုလားကာနောက်မှာ ကွယ်နေလို့ သူရဲ့လက်ကိုပဲ မြင်နေရတယ်။ ပိတ်ကားကြီးချထားပြီး သံစုံတီးဝိုင်းကြီးကလည်း အတော်ကြာကြာတီးခတ်လို့နေတယ်။ ပွဲကြည့်ပရိတ်သတ်က တဖွဲဖွဲနဲ့ဝင်လာပြီး နေရာယူနေကြတယ်။ ဂုရော့တစ်ယောက်ကတော့ ၀င်လာသမျှပရိတ်ထဲကနေ အန်နာကို ရှာဖွေနေမိတယ်။ အန်နာ ၀င်လာပြီး တတိယအတန်းမှာ ထိုင်နေတယ်။ ဂုရော့ သူမကိုမြင်လိုက်ရတော့ နှလုံးခုန်နှုန်းတွေ မြန်လာတယ်။ သူနားလည်လာတာက သူ့ကိုယ်သူ အခုအချိန်မှာ တန်ဖိုးရှိတဲ့သူ အရေးပါတဲ့သူကဲ့သို့ မမြင်တော့ဘူး။ သူမကတော့ ဘာမှအရေးမပါ၊ မထူးခြား၊ အသက်ငယ်ပေမယ့် သူ့ဘ၀တစ်ခုလုံးကို စိုးမိုးထားနိုင်တယ်။ သံစုံတီးဝိုင်းမှ ထွက်လာတဲ့ သာယာညိမ့်ညောင်းမှုမရှိသောအသံတွေအောက်မှာ သူကတော့ သူမရဲ့ကောင်းကြောင်းတွေကို ပဲ တွေးနေမိတယ်။ အန်နာနဲ့အတူ လူငယ်တစ်ယောက်ပါဘေးကပါလာပြီး သူမနံဘေးမှာပဲ ထိုင်နေတယ်။ လူငယ်က အရပ်ကရှည်၊ ခါးက ကိုင်း၊ အမြဲတန်းလိုလို လမ်းလျှောက်တိုင်း ဦးခေါင်းကလည်း တုန်နေတယ်။
သူခင်ပွန်းလည်းဖြစ်နိုင်တယ် လို့ဂုရော့တွေးနေမိတယ်။
ပထမပိုင်းပြီးလို့ ခဏနားတဲ့အချိန်မှာ သူမခင်ပွန်းက ဆေးလိပ်သောက်ရန် အပြင်ကိုထွက်သွားတယ်။ ဂုရော့ သူမထိုင်နေတဲ့ နေရာကို ချဉ်းကပ်လာပြီး အစွမ်းကုန်ပြုံးလျက် ကတုန်ကယင်အသံနဲ့ သူမကို…
“မင်္ဂလာပါ” လို့ နှုတ်ဆက်လိုက်တယ်။
သူမ ဂုရော့ကိုမြင်လိုက်တဲ့အခါ သူမ၏မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတယ်။ မိမိ၏မျက်လုံးများကို မယုံကြည်နိုင်ဖြစ်ကာ နောက်ထပ်တဖန် ကြောက်ရွံ့စွာကြည့်လိုက်မိတယ်။ လက်ထဲက မှန်ဘီလူးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လျက် မူးမေ့လဲမကျအောင် မိမိကိုယ်ကိုထိန်းထားနေရတဲ့သူမရဲ့ အမူအရာကသိသာထင်ရှားနေတယ်။ နှစ်ယောက်လုံးမှာတော့ ဆွံ့အလျက် ဘာစကားမှမပြောနိုင်ကြ။ သူမက ပြန်ထိုင်လိုက်တော့ ဂုရော့မှာ သူမအနားထိုင်သင့်မထိုင်သင့်တွေဝေနေရင်း သူမရဲ့ကမောက်ကမအမူအရာကြောင့် အလန့်တကြားဖြစ်ကာ သူမအနီးမှာ ရပ်နေမိတယ်။ တယောနှင့် ပုလွေတူရိယာတို့စတင်တီးခတ်သောအသံကြောင့် ရုတ်တရက်လန့်ဖြတ်သွားတယ်၊ ပြီးတော့ လူတွေက သူတို့နှစ်ယောက် အဖြစ်အပျက်ကို ကြည့်များနေကြသလားဆိုပြီး စိတ်ထဲမှာမလုံမလဲဖြစ်လာတယ်။ သူမက ထိုင်ရာကနေထကာ ထွက်ပေါက်ရှိရာကို လျှင်မြန်စွာထွက်သွားတယ်။ သူကလည်း သူမနောက်ကနေလိုက်သွားပြီး နှစ်ယေက်သား စင်္ကြံလမ်းတစ်လျှေက်၊ လှေကားတစ်လျှောက် ဆင်းလိုက် တက်လိုက်နဲ့ ခြေမကိုက်မိ လက်မကိုင်မိ ဖြစ်နေကြတယ်။ သူတို့ရှေ့ကလူများကိုလည်း သတိမထားမိ။ တိုက်ခတ်လာသောလေထဲမှ ဆေးလိပ်အနံ့တွေကြောင့် ဂုရော့ နှလုံးခုန်နှုန်းမြန်လာကာ နှုတ်မှ “အိုး…မြတ်စွာဘုရား၊ ဘယ်လိုလူတွေပါလိမ့်၊ ဒီကပွဲကို…”
အဲဒီတခဏအချိန်မှာပဲ သူချက်ချင်းသတိရလာတဲ့အကြောင်းကတော့ သူမကို ဘူတာရုံကိုလိုက်ပို့တဲ့ ညနေမှာပဲ အရာအားလုံးဟာ ပြီးဆုံခဲ့ပြီဆိုတာပါပဲ၊ တို့တစ်တွေနောက်ထပ်တွေ့ဆုံဖို့ဆိုတာ ဘယ်တော့မှ မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ အဲဒီလိုအဆုံးသပ်ကိုရောက်ဖို့က ပိုပြီးတော့ဝေးသွားသလိုပဲ။ မီးရောင်မှိန်မှိန်ရှိသော လှေကားနားရောက်တော့ သူမက ရပ်ကာ အံ့သြတုန်လှုပ်လျက် အသက်ရှူသံပြင်းပြင်းဖြင့်…
“ရှင် ကျွန်မကို ဘာကြောင့် အထိတ်တလန့်ဖြစ်အောင် လုပ်ရတာလဲ။ ကျွန်မ အသက်ရှင်လျက်ရှိနေပါတယ်။ ရှင် ဒီကို ဘာကြောင့် လိုက်လာရတာလဲ။ ဘာကြောင့်…” လို့ပြောတဲ့အခါ ဂုရော့က…
“ကျုပ်ကို နားလည်ပေးပါ၊ မင်းကိုတောင်းပန်ပါတယ်၊ နားလည်ပေးပါ”
သူမက ထိတ်လန့်နေတဲ့အမူအရာ အနူးအညွတ်တောင်းပန်တဲ့အမူအရာ ချစ်စဖွယ်အမူအရာတို့ဖြင့် ဂုရော့ကို ကြည့်နေခဲ့တယ်။ သူကိုကြည့်နေရင်း တဖြည်းဖြည်းနဲ့ သူရဲ့ထူခြားတဲ့အပြုအမူတွေကို မှတ်မှတ်ရရရှိနေမိတယ်။ သူမက… “ ကျွန်မမှာတော့ တော်တော်ဒုက္ခရောက်ရတယ်။ ရှင့်ရဲ့အကြောင်းကိုပဲ တစ်ချိန်လုံးတွေးနေမိတာ။ ရှင်နဲ့ပတ်သက်တဲ့ အတွေးတွေ စိတ်ကူးတွေနဲ့ အသက်ရှင်နေတာ။ ဒါပေမဲ့ အဲဒါတွေအားလုံးကို လုံးဝကိုမေ့ပစ်လိုက်ချင်တယ်။ ဘာကြောင့် ရှင်ဒီကို လိုက်လာရတာလဲ”
ဂုရော့ကတော့ဘာကိုမှဂရုမစိုက်ချင်တော့ဘူး။ အန်နာကို သူ့ဆီကို ဆွဲငင်လိုက်ပြီး သူမရဲ့ မျက်နှာ၊ ပါး၊ လက်ဖ၀ါး တို့ကို နမ်းလိုက်မိတယ်။ သူမ အလွန့်အလွန် ထိတ်လန့်ကြောက်ရွံ့လျက်…
“ရှင် ဒါဘာလုပ်တာလဲ…ဘာလုပ်တာလဲ” ဟုဆိုကာ ဂုရော့ကို တွန်းထုပ်ပစ်လိုက်တယ်။
“ကျွန်မကတော့ ရှင်ကြောင့် ရူးရတော့မယ်။ ဒီနေ့ပဲ ရှင်ပြန်ပါ၊ အခုချက်ချင်းပြန်ပါ…ကျွန်မ အနူးအညွတ်တောင်းပန်ပါတယ်၊ ရှင်ဒီကနေ ထွက်သွားပါတော့”
တစ်စုံတစ်ယောက် လှေကားအတိုင်းဆင်းလာသဖြင့် စကားစ ပြတ်သွားသလိုဖြစ်သွားတယ်။ သူမက ဆက်လက်ပြီး……..
”ရှင် ပြန်ကိုပြန်ရမယ်။ ကြားရဲ့လား ဒမီသရီ ဒမီသရိခ်ျ။ ရှင်နေတဲ့ မော်စကိုမြို့ကို ကျွန်မလာပါ့မယ်။ ကျွန်မ ဘယ်သောအခါမျှ မပျော်ရွှင်ခဲ့ဘူး။ အခုလည်း ကျွန်မ ကံမကောင်းဘူး။ ဘယ်သောအခါမျှ ပျော်ရွှင်လိမ့်မယ် မထင်ဘူး။ ကျွန်မကို နောက်ထပ်တစ်ကြိမ် စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့တော့။ တောင်းပန်းပါတယ်။ ကျွန်မ မော်စကိုမြို့ကို လာမယ်။ အခုတော့ တခဏ ခွဲခွာကြရအောင်နော်…”
သူ့ရဲ့ လက်မောင်းကိုဆွဲလျက် နှစ်ယောက်အတူ အောက်ဘက်သို့ လျှက်မြန်စွာ ဆင်းသွားကြတယ်။ အားလုံးက ဂုရော့ကို ၀ိုင်းကြည့်နေကြတယ်။ သူမ အမှန်တကယ် မပျော်ရွှင်ဖြစ်နေတာဟာ သူမရဲ့မျက်ဝန်းတွေကနေတဆင့် သိသာပေါ်လွင်နေတယ်…. ဂုရော့ ခဏရပ်လျက် စဉ်းစားနေပြီး အားလုံးတိတ်ဆိတ်သွားတဲ့အခါ မိမိရဲ့ကုတ်အင်္ကျီ၊ မာဖလာ တို့ကိုယူဆောင်ကာ ကပွဲရုံကနေ ထွက်လာခဲ့တယ်။

ဆက်ရန်
0 comments:
Post a Comment