အချစ်သည်ကာ ထူးဆန်းပေစွ။

>> Saturday, December 15, 2007

ကျနော်၏ ဇာတ်လိုက်ကျော်ကြီးသည် ယခုအခါတွင် ချစ်ရသော မူပိုင်ရှင်မိန်းကလေးမှ မူပိုင်ခွင့်သိမ်းသည်လား၊ မသိမ်းသည်လား မသိ၊ စာမလာ၊ အကြောင်းမကြား၊ ဖုန်းမခေါ်၊ ခေါ်သည့်ဖုန်းလည်း မကိုင်။ ဖြတ်တော့တာလား၊ ပြတ်သွားပြီးလား မသိ။ လွမ်းရဆွေးရတာ အရသာပိုရှိအောင် စိုင်းထီးဆိုင်ကိုလည်း သီချင်း အဆိုခိုင်း၊ သူကိုယ်တိုင်လည်း လိုက်အော်နေလေတော့သည်။
~~~~~ ပျော်ချင်တိုင်းလည်း မပျော်ရပါ ~~~~~
~~~~~ ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ ~~~~~
~~~~~ မသိသေးတဲ့ ဒီလောကရဲ့အထာ ~~~~~
~~~~~ အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ ~~~~


တစ်ခါတုန်းကလည်း ကောင်မလေးနှင့် ကတောက်ကဆဖြစ်ကာ အနေဝေးခဲ့ဖူးသေးသည်။ ထိုစဉ်ကလည်း သီချင်းတစ်ပုဒ် ညဉ်းလေသည်။ ခင်မောင်ထူး၏ အချစ်အယူခံ ဖြစ်လေသည်။
~~~~~ ကြင်သူရေ ကိုယ်တစ်ယောက်တည်းဆွေးပြီ၊ အချစ်ကြီးချစ်ခဲ့မိလို့ အမုန်းကြီးမုန်းပြီလား တယူသန်ပဲ ဆုံးဖြစ်တော့မှာလား ~~~~~
~~~~~ ကြင်သူရေ ခေါ်သံလေးကြားရင် အချစ်ဟောင်းလေးကို ခဏလောက် လှည့်လို့ကြည့်ပါဦး ~~~~~

ပြန်၍အဆင်ပြေသောအခါတွင် သီချင်းပြောင်းသွားလေသည်။
~~~~~ တိုးတိုးလေးပြောလို့ တကယ်အားမရနိုင်တယ် ~~~~~

အချစ်သည် ဓူဝံကြယ်ဆို လိုချင်တယ်ဆိုလျှင် ခူးပေးနိုင်၊ မပေးနိုင်တော့ မသိ။ အချစ်သည် သီချင်းတွေအား စိတ်ခံစားမှုအလိုက် ပြောင်းလဲသိဆိုစေတာကတော့ သေချာပေသည်။ သူငယ်ချင်းတစ်ယောက် အဆင်ပြေပါစေ။

သူငယ်ချင်းတစ်ယောက်က ယင်းသို့ပြောပြလေသည် - အီတလီဘောလုံးလောက စကားနဲ့ပြောရရင် အခု ငါတို့နဲ့ ရွယ်တူတွေကိုချစ်ကြိုက်သောသူများအား စီးရီ-A တွင်ကစားသည်ဟုခေါ်မည့် အကြောင်း၊ ငယ်သူကိုလိုက်လံချစ်ရေးဆိုသူများအား စီးရီး-B တွင်တန်းဆင်းပြီးကန်နေသည်ဟုလည်းကောင်း၊ ယင်းထက်ငယ်သူ ကိုယ်မွေးထားသော သမီးလေးကိုချစ်သလိုချစ်မှာပါဟုပြောသူကိုကား စီးရီး- C တွင် အသင်းထောင်နေသည်ဟု သတ်မှတ်မည်ဟုပြောလေသည်။ စီးရီးအေတွင် ကန်ရာအဆင်မပြေသဖြင့်စီးရီ ဘီတွင်ကန်နေသော သူငယ်ချင်းများလည်း အဆင်ပြေပါစေ။ အချစ်မှာ အရွယ်မရှိပါဘူးကိုကိုရယ်- ဆိုသော ညီမလေးများကလည်း အသင်းထောင်နေသာ အကိုကြီးအား ချစ်နေနိုင်ကြပါစေ။ တန်းတူ၊ရွယ်တူသူငယ်ချင်းမိန်းကလေးများကိုချစ်ကြိုက်သော်လည်း တစ်ယောက်ကမှ ပြန်စာမလာသောအခါ၊ ဘ၀မှာ တစ်ယောက်တည်းတော့ မနေနိုင်ပါဘူးကွာ- ဟုဆိုကာ တစ်ခြားကျောင်းများသွားကာ မိန်းကလေးများကိုလိုက်ပတ်ကာ ကလပ်ပြောင်း၍ ကန်သူတွေလည်းကန်ကြလေသည်။ ကလပ်အသင်းသစ်မှာ ကန်နေတဲ့သူငယ်ချင်းများလည်း အဆင်ပြေကြပါစေ။

ရှိသေးသည်။ ငယ်ရွယ်စဉ် တက္ကသိုလ်ကျောင်းသားဘ၀က သူငယ်ချင်းများစုကာ ကောင်မလေးများတွေ့လျှင် ဟေ့ကောင်တွေ ဖိုသံပေးကြမယ်ဟေ့ ဆိုကာ ဖို၊ ဖို နှင့် တဖိုဖို အော်ခဲ့၊ လှောင်ခဲ့သော သူငယ်ချင်းသည်လည်း ကိန္နရီ၊ကိန္နရာမောင်နှံ တစ်ရက်ဝေးတာနဲ့ ရက်ပေါင်း ၇၀၀ ငိုတယ်ဆိုတောဟုတ်လောက်တယ်ဟ၊ ငါတော့ တရက်ဝေးတာ ဘယ်လိုနေရမှန်းတောင် မသိဘူး- ဟု ဆိုကာ စေ့စပ်ပြီးသား ကောင်မလေးနားက မခွာနိုင် တစ်ကပ်ကပ်ဖြစ်နေသော သူငယ်ချင်းလည်း တစ်သက်တာမက ချစ်နိုင်ကြပါစေ။

4 comments:

မောင်ဖြူ December 16, 2007 at 12:03 AM  

အချို့ကလည်း အဝါကဒ်ပြခံထားရတယ်။
အချို့ကလည်း အနိကဒ်နဲ့လစ်သွားကြတယ်။
အချို့ကြတော့လည်း အရံကကိုမတက်တော့ဘူး ကိုဇနိရေ။
အသင်းထောင်မယ်ဆိုရင်တော့ ပြောဦးနော်။ ကိုဇနိသာ နည်းပြလုပ်မယ်ဆိုရင်၊ ကိုဇနိကလပ်ကို ပြောင်းကန်မလားလို့။

ဇနိ December 16, 2007 at 12:20 AM  

ဆရာဖြူရေ
ကျနော်က အစွဲအလမ်းကြီးသဗျ။
မြို့ခံကလပ်မှာပဲ ကန်မှာဗျ။
ကိုဖြူက စီးရီး ဘီမှာကန်ပါဗျာ။
အေ မှာကန်တာလည်း အဆင်မှမပြေတာ။
ဆရာလုံးနဲ့လိုက်ကန်။
အဖော်ရတာပေါ့ဗျာ။

Anonymous December 16, 2007 at 12:54 AM  

ကျွန်တော်တော့ အ၀ါကဒ် ပေးခံရတာလား၊ ၂၀ါ ၁နီနဲ ထုပ်ခံလိုက်ရတာလား၊ တိုက်ရိုက် အနီ ထိတာလား ၊ ဒါမှမဟုပ် နောင်ဖြစ်လာ ဦးမည်ထင်ရသော အစိမ်းကဒ် ပြပြီး စိမ်းသွားပြီလားတော့ မသိတော့ဘူးဗျာ။
ဘီကလပ် နဲ စီကလပ် ကိုဆင်းပြီး ကန်ရင် ကောင်းမလားလိုတောင် စဉ်းစားမိတယ်။ ဖြစ်နိုင်ရင်ပေါ့နော်။ လူငယ်ခြေတတ်လေးတွေနဲ ယှဉ်ပြီး ကန်ရမယ်ဆိုတော့ ကိုဘက်ကလည်း သက်လုံကောင်းမှဗျ။
သက်လုံကောင်အောင်လေ့ကျင့် ထားဘိုလဲ လိုတာပေါ့ဗျာ။
ဘီ နဲ စီ ကလပ် ကို ဆင်ပြီး ကန်ချင်တဲ့ အကိုကြီးများ သက်လုံကောင်းကျပါစေ။

Anonymous December 16, 2007 at 10:24 AM  

ကိုဇနိက မြို့ခံကလပ်မှာက ခြေပေါ်တာကိုးဗျ။
ကိုဖြူကတော့ လာလီဂါကို အလွတ်နဲ့ပြောင်းတော့မယ်ထင်တယ်။
ကိုသောရဲ့ဇာတ်လိုက်ကျော်ကြီးက စီးရီး C မှာ ခြေပေါ်တယ်။ သက်လုံလိုသေးတယ်ဆိုပြီး လေးကျင့်နေတယ်။ :D

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP