ချစ်အပ်သော တို့မြေယာ

>> Tuesday, June 16, 2009

နေကြာတစ်မှုံ ၊ ဂျုံနှံတစ်အာ
ဤယာဝိုးဝင်း ၊ထိုယာတွင်း။

နေကြာဝါ၀င်း ၊ ဂျုံနံ့သင်းနှင့်
ယာခင်းသာစွ ၊မုံအာကြ။

ပြောင်းကတစ်ဖူး ၊ လူးကတစ်နှံ
မြေယံလဲ့စိမ်း ၊ပြာနွဲ့ရှိန်းသည်
လေသိမ်းလှုပ်က ၊ယိမ်းသမ။
နဘူးတစ်ချုံ ၊ ဆူးတစ်ချုံမှာ
ယာတစ်ကွက်ခြား ၊ နှစ်ကွက်ခြားလျင်
ပိုင်းခြားကန့်ကန့် ၊ ယာကိုသန့်။

ကန်စွန်းကြီးရုံ၊ ချင်းယားရုံလည်း
ဟိုရုံသည်ရုံ ၊ ယာစပ်ရုံကာ
ခိုလှုံယာငွေ့ ၊ ရင်ခွင်မွေ့။

ယာတစ်ကွက်တွင်
ဗူးပင်တစ်အုံ
သီးမျိုးစုံ ။

ယာတစ်ကွက် ၌
ပဲစိုက်တိုင်ထောင် ၊ သီးမျိုးအောင် ။

ယာတစ်ကွက် ထဲ
ဖရဲ ဖရုံ
ကင်းပုံ သခွား ၊ သီးမျိုးထွား။

ဤမြေဤယာ၊
ဘယ်သူ့ ယာ......
ဤယာဤမြေ ၊
ဘယ်သူ့မြေ.......
တို့မြေတို့ယာ...တို့မြေသာတည့်။

တို့ယာမြေကြော ၊ စာရေပေါလည်း
တို့တောဘ၀ ၊ ယာအလှကို
တို့က မေ့ပြီ ဆိုမှဖြင့်.......။

ယာမေ့ ရွာမေ့ ၊ မြို့ကိုမေ့
မြို့မေ့နယ်မေ့ ၊တိုင်းကိုမေ့ကာ
ပြည်မေ့ ထိုကျိုး ၊အဖြစ်ဆိုး
အမျိုးဘယ်မှာ ၊ခိုင်တော့အံ့ ......။ ။

မေအောင်

3 comments:

Sonata Cantata June 16, 2009 at 9:50 PM  

လယ်ပဲတွေ့ဖူးတာ... ယာမမြင်ဖူးသေးဘူး... ဆရာမ
ပထ၀ီဝင် မကျေတာလည်း ပါတယ်... ဆရာမ
ဆရာမ ကိုတော့ မမေ့ပါဘူး... ဆရာမ

:P June 18, 2009 at 5:57 AM  

ချစ်စရာ ကဗျာလေးတွေ တကယ်ရေးတတ်တယ်...။

Unknown June 20, 2009 at 1:35 PM  

တကယ့်ချစ်စရာ့ကဗျာလေးပါ..ရေးလဲရေးတတ်ပါ့.....

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP