မတူညီတဲ့အရာ

>> Friday, November 7, 2008



လူတွေ တဦးနဲ့တဦး အမြင်မတူကြသလို အလေးထားမှု၊ တန်ဖိုးထားမှုတွေလည်း ကွဲပြားနေတယ်။ တန်ဖိုးထားတာတွေမတူတာ သတိမထားမိဘူး။ ကိုယ်တိုင်လည်း ဘာကို “တန်ဖိုးထားသလဲ” ပြန်မစမ်းစစ်မိပါဘူး။ ကိုယ့်နီးစပ်ရာ အသိုင်းအဝိုင်းထဲမှာ ဘယ်လိုတွေ ဘယ်လိုတွေ စိတ်ဝင်စားကြပါလိမ့်လို့ တကယ်သတိထားမိတဲ့အချိန်မှာတော့ အော် သူတို့က ဒါတွေကို စိတ်မဝင်စားပါ့လားလို့ သိလာရတယ်။


စစချင်း သတိပြုမိတာ လွန်ခဲ့တဲ့လအနည်းငယ်ကပါ။ ကိုယ်ကိုယ်တိုင် အတ္တကြီးသူတယောက်ဖြစ်နေတယ်။ ကိုဇနိက နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေ ကြည့်စေချင်တယ်။ ဒေါင်းလုပ်လုပ်ပေးတယ်။ ကွန်ပြူတာ desktop ပေါ်မှာ တင်ထားပေးတယ်။ မြင်သာစေချင်လို့။ ဒါမှမဟုတ်လဲ ယောင်မှားပြီး ကလစ်လုပ်မိလေမလား မျှော်လင့်ထားပုံပေါ်တယ်။ ကိုယ်ကလည်း တနေ့လည်း မကြည့်၊ နောက်နေ့လည်း မကြည့်ပါဘူး။ ဖိုင်လေးကိုတွေ့လည်း ရှောင်ကွင်းသွားတတ်တယ်။ သူလုပ်ပေးထားတာသိပေမယ့် မမြင်ဟန်ဆောင်နေလိုက်တာ။ ဒါဆို desktop sidebar ပေါ်က notepad လေးမှာ လက်ရေးအလှလေးတွေနဲ့ “ဇာတ်ကားလေးကြည့်ချင် ….”၊ “ညက ညနက်ထိ ဘယ်ဇာတ်ကားလေး ဒေါင်းလုပ်လုပ်ထားတယ်၊ “အိပ်ယာနိုးလာလို့ပျင်းရင် ကြည့်ရန်…”လို့ ကိုယ့်ကို သွယ်ဝိုက်တဲ့နည်းနဲ့ သူ့ဆန္ဒလေးဖေါ်ထုတ်လာတယ်။ မရပါဘူး။ ဒီလိုရေးထားတဲ့ notepad ဆို တချက်လေးကြည့်ပြီး စိတ်မဝင်စားတော့ဘူး။ ကျွန်မကို အောင်မြင်စွာဆွဲဆောင်နိုင်တာ ကာတွန်းကားနဲ့ ဆင်လိမ်မာဗွီဒီယိုဖိုင်လောက်ပဲရှိတယ်။ ဆင်မလိမ်မာဗွီဒီယိုဖိုင်ကြည့်မိတာ စိတ်မချမ်းသာလို့ နောက်ဆင်လိမ်မာဗွီဒီယိုဖိုင်ကိုတောင် မကြည့်တော့ဘူး။

သူလည်းအစကတော့ မရိပ်မိဘူး။ အခုနောက်ပိုင်းတော့ သိပ်မတိုက်တွန်းတော့ဘူး။ လက်လျှော့သွားတာလား။ မောသွားတာလား။ သူကိုအလေးမထားလို့များ ဥပက္ခာပြုထားတော့တာလား ကိုဇနိပဲ သိမှာပါ။ သူအချိန်တွေ ပေးခဲ့တာတွေ ကိုယ့်အတွက် ကြိုးပမ်းပေးတာတွေကို အတ္တကြီးကြီးနဲ့ လျစ်လျူရူလိုက်မိတယ်။ အင်္ဂလိပ်စာတိုးတက်စေချင်တဲ့ သူ့စေတနာတွေလည်း သိတော့သိပေမယ့် ကိုယ်သက်သာဖို့က ပိုအရေးကြီးတာကိုး။ ကျောင်းကတမျိုး၊ တယောက်ထဲနေရတာက တဖုံ ဆိုတော့ ဘာမှကို အလေးအနက်မစဉ်းစားချင်ဘူး။ ဇာတ်ကားဆိုလည်း လိုက်စဉ်းစားနေရမှာမျိုးဆို မကြည့်ချင်။ ကြောက်စရာကောင်းတာဆို မကြည့်ရဲ။ အမှန်တော့ အပျင်းထူနေတာနေမယ်။ ကျောင်းပြန်လာလို့ ပင်ပန်းလာရင် ဘလော့ဂ်လေးဖတ်ဖို့လာမပေးပါနဲ့။ “ပင်ပန်းလာတယ် ဘာမှမဖတ်ချင်ဘူးနော် ဘာမှလည်းမကြည့်ဘူး”နဲ့ ညစ်ကျယ်ကျယ်ပြောထားလိုက်တယ်။

အိမ်ကမောင်လေးလာတော့ အမြဲသုံးရတဲ့ အင်တာနက်ကို အားစိုက်သုံးစေချင်တယ်။ ဟိုဟာလေးလည်း လုပ်တတ်စေချင်၊ ဒါလေးလည်း သိစေချင်နဲ့ စိတ်တွေများမောလို့။ သူတို့ကတော့ အေးအေးပဲ။ တခါတလေ ဖြစ်စေချင်လွန်းလို့ စိတ်တိုင်းမကျဖြစ်ရတယ်။ အိမ်ကို တရားခွေတွေထည့်ပေး။ တရားနာဖြစ်သလားမေးတော့လည်း “အေး မီးလာရင် နာပါတယ်” ဆိုတဲ့ ခပ်အေးအေးအဖြေရ။ ကိုယ်ကြားချင်တာက “တရားတွေလည်းနာတယ်” ဆိုတာမျိုး။ အိမ်က အလှူလုပ်တယ်။ ဘယ်သွားတယ်။ ပြန်လာရင် ဓါတ်ပုံကြည့်ချင်ရော။ သူတို့က မရိုက်လာဘူး။ ကင်မရာကိုလည်း သိမ်းထားချင်တာပဲသိတယ်။ ဓါတ်ပုံတွေကြည့်ချင်တဲ့ ကိုဇနိလည်း အိမ်ကို စိတ်တိုင်းမကျဖြစ်တော့တာ။ သူ့ညီအင်တာနက်လာသုံးရင် တောင်းရတဲ့ဓါတ်ပုံ။ တခါမှ မပို့ဘူး။ ကွန်နက်ရှင်မကောင်းတာအကြောင်းပြ လစ်ပြေးကြတာချည်းပဲ။ တကယ်တော့ သူတို့မှ ဒါတွေကို အလေးမထားချင်တာ။ စိတ်မဝင်စားဘူးလေ။

ချစ်လှစွာသော သူငယ်ချင်းမအတွက် ကင်မရာထည့်ပေးလိုက်တယ်။ ဖုန်းဆက်ဖြစ်ကြတော့ စတွေ့တာနဲ့ “ဖိနပ်လေးက ငါနဲ့အတော်ပဲ”၊ “ထီးလေးက ပေါ့ပေါ့လေး ကြိုက်တယ်” ဒါမျိုးလုပ်တော့တာ။ ကိုယ်မျှော်လင့်ထားတာက ကင်မရာကြိုက်တယ်။ ဘယ်တွေသွားလို့ ဘာတွေရိုက်ဖြစ်တယ်။ ကိုယ်လည်း “အင်း အင်း” နဲ့ ဘယ်အချိန်ကင်မရာကြောင်းပြောမလဲ စောင့်နေမိတာပေါ့။ မနေနိုင်တဲ့အဆုံးမှ “နင် ကင်မရာကြိုက်လား” လို့ ဖွင့်မေးရတယ်။ “အေးဟယ် အစမ်းရိုက်တာပဲရှိတာ မသုံးဖြစ်ဘူး၊ မအားတာနဲ့ လှည့်မကြည့်ဖြစ်ဘူး” တဲ့။ ကဲ ဘယ့်နှယ့်ရှိစ မဇနိ။ မျှော်လင့်တာတွေ ဖြစ်မလာတော့ ကိုယ်ကဖုန်းပြောရင်း “အင်း ဟို အော်” နဲ့ ထစ်အထစ်အဖြစ်လာရတယ်။ တကယ်တော့ ဒီသူငယ်ချင်းက စိတ်သဘောထား အတိုက်ဆိုင်ဆုံး။ ကိုယ်ဘာပြောပြော ကိုယ့်ဆန္ဒကို လိုက်လျောအပေးဆုံးပါ။ စိတ်ညစ်တဲ့အခါတိုင်း သူ့ဆီဖုန်းဆက်ဖြစ်တဲ့သူ။။ တဖက်က ကိုဇနိ ကိုယ့်ကိုအံ့သြပြီး “မင်းစကားတွေ အေးစက်စက်ကြီးတဲ့ မင်းသူငယ်ချင်းကို စိတ်တိုင်းမကျဖြစ်နေတာလား” လို့ ပြောလာတယ်။ တဆက်တည်း “မင်းက စိတ်ထဲမှာ တခုခုမကြိုက်သွားရင် ပြောလို့မထွက်တော့တာ သိနေတယ်” နဲ့ သူက မေးရော။ ဟုတ်တယ် အခုစိတ်မပျော်ဘူး။ စိတ်တိုင်းမကျတွေဖြစ်နေတယ်လို့ သူ့ကိုပြောရတော့တာ။

“မင်းနဲ့ငါသာ စိတ်တွေညှိယူလို့ရတာ၊ သူတို့တွေက အေးအေးဆေးဆေးနေတဲ့ဘဝထဲမှာ အသားကျနေပြီ၊ သွားပြီး ဆန္ဒတွေစောမနေနဲ့တော့”၊ “တန်ဖိုးထားတဲ့အရာ စိတ်ဝင်စားတဲ့အရာတွေ မတူတော့ဘူး” လို့ သတိပေးလာပါတယ်။ အဲဒီတော့မှ ကျွန်မလည်း ပြန်စဉ်းမိတယ်။ သတိထားလိုက်မိတဲ့အချိန်မှာ အတော်နောက်ကျနေပါပြီ။ ဒီလို စိတ်တွေလော ဖြစ်စေချင်တာတွေများနေလို့ လိုက်မလုပ်တဲ့ အငယ်တွေကို စိတ်ဆိုးခဲ့ရတာတွေ မနည်းတော့ဘူးလေ။ “သူတို့ကိုလိုက်ပြင်ဖို့ မကြိုးစားနဲ့တော့၊ ကိုယ်စိတ်ကိုယ်သာ ပြင်နိုင်အောင်ကြိုးစားနေ” လို့ ကိုဇနိဆိုလာတော့ သက်ပြင်းတွေ အခါခါချမိနေတော့တယ်။ စိတ်နဲ့လူနဲ့မကပ် ငူငူငိုင်ငိုင်ကြီးဖြစ်နေတုန်း မင်သက်မိစေမည့် စကားတခု ထပ်ဆိုလာပြန်တယ်။ “အခု မင်းဖြစ်နေတာ ဟိုဥပမာလေးနဲ့တူသကွ၊ ငါဇာတ်ကားလေးတွေကြည့်စေချင်တာကို လှည့်မကြည့်တတ်တဲ့မင်းလုပ်ပုံနဲ့လေ” လို့ ဆိုလိုက်တဲ့အခါ ကျွန်မမှာ ပြောစရာစကားဘာမှမရှိတော့သလို ဆွံ့အသွားခဲ့ရပါတယ်။

မဇနိ

17 comments:

Anonymous November 7, 2008 at 7:05 PM  

စိတ်တွေ လွှတ်ချပေးလိုက် မမနိရေ့ ကိုနိကိုနိုင်စားလို့  ၀ဋ်လည်တာလားမသိး) ဖတ်လို့ ကောင်းတယ် လွမ်းးနေမယ် ဒီအိမ်ကလေးက စာတွေကို ။ သတိရနေမယ် ကိုနိ နဲ့  မမနိရေ့ ...........။

ThuHninSee November 7, 2008 at 7:24 PM  

အခုတလော အဲလိုအဖြစ်မျိုးကြုံကြုံနေလို့ တကယ်ပဲကိုယ်ကိုယ်တိုင်က သူများကို မထည့်တွက်ပဲ အများကြီးမျှော်လင့်မိနေတာလားလို့ တွေးပြီး စိတ်လျော့နေရတယ်။

PAUK November 7, 2008 at 7:30 PM  

နိနိရေ...
ပေါက်လည်း အိမ်နဲ့ အခုလိုပဲ ခံစားရဖူးတယ်..
ကိုယ်ကတော့ ဘာမဆိုမြန်မြန်ထက်ထက်လုပ်လိုက်စေချင်တာ
သူတို့ကတော့ အေးအေးပဲ...
ဥပမာ...ဈေးကလေးသွားတာကို ခရီးဝေးသွားရမှာလို အကြီးကြီးလုပ်
ချင်နေကြတာလေ..
ဟီးး

Welcome November 7, 2008 at 7:37 PM  

နိစ္စဓူဝ ကြုံတွေ့နေရတဲ့ အိမ်တွင်းရေးလေးကို အရေးသွက်သွက် နဲ့ စိတ်ဝင်တစား ရေးထား တာမို့ ဖတ်လို့ ကောင်းတယ်၊ နှစ်သက်တယ်၊
လေးစားလျက်

http://winzaw-mdy.blogspot.com

Moe Cho Thinn November 7, 2008 at 9:03 PM  

နိနိရေ
ကိုယ့်စိတ်တောင် အစိုးမရတာ သူများစိတ်တော့ ကိုယ့် အကြိုက်နဲ့ ကိုက်ဖို့ ဝေးပါသေးလို့ မှတ်ပါ ညီမရေ။
ကိုနိကလဲ အကွက်ပေါ်ပြီဆိုပြီ တချက်ပေးလိုက်တယ် :)

အမတို့နှစ်ယောက်လဲ မတူကြပါဘူး။ သူက တည်လေ၊ ကိုယ်က ရီလေ ဆိုတဲ့ အစားပဲ။ အစားအသောက်ရောပဲ။ ဒါပေမဲ့လဲ တယောက်နဲ့ တယောက် အတတ်နိုင်ဆုံး နားလည်အောင် ကြိုးစားကြ၊ သူ့အကြိုက်လဲ ကိုယ်လုပ်၊ ကိုယ့်အကြိုက်လဲ သူပါ ပေါ့ ညီမလေးရေ။

ဘယ်ဟာမှ အစွန်းရောက်တာ မကောင်းဘူး။ မျှမျှတတ အလယ်အလတ် လမ်းစဉ် သူ့ဖက် ကိုယ့်ဖက် ကြည့်ပေး၊ လုပ်ပေးရတာပေါ့လေ။ တခြားလူနဲ့တောင် ကိုယ်က အဆင်ပြေပြေ ပေါင်းနိုင်သေးတာ ကိုယ်ချစ်တဲ့၊ ခင်တဲ့သူဆို ဘာလို့ မပေါင်းနိုင်ရမလဲ နော်။ ဒါလဲ ဘ၀ကို ကောင်းမွန်စွာ manage လုပ်တဲ့သဘောပဲ နိကလေးရေ။

khin oo may November 7, 2008 at 10:10 PM  

သူ..ကြီးဘဲ ပြောသွားလို့ သူများပြောဘို့တောင် မကျန်တော့ဘူး။ ပြည့်စုံပါတယ်။ရဲဘော်ဆက်လုပ်..။

Dr. Yi Yi Win November 8, 2008 at 12:44 AM  

စိတ်တိုင်းမကျတာလေးတွေ၊ မပျော်ရွှင်ရတာလေးတွေ၊ ပျော်ရွှင်ရတာလေးတွေအားလုံးကို
ခုလိုရေးချလိုက်တာကောင်းတယ်ညီမလေး။ ထွက်ပေါက်တစ်ခုပဲလေ။ ဒါလူတိုင်းကြုံရတဲ့
ကိစ္စတွေပဲဖြစ်မှာပါ။ ဘယ်လိုထွက်ပေါက် ပေးမလဲဆိုတာပဲ ကွာသွားကြတာ။ ပျော်ရွှင်ပါ
စေနော်။

RePublic November 8, 2008 at 2:59 AM  

အင်း ဟုတ်ပါတယ် မမနိ ၊၊ ဖြစ်စေချင်တဲ့ ဆဒ္ဒတွေပါ ၊၊ကိုယ်တိုင်ကြိုးစားရယူခဲ့သလို ကိုယ်ချစ်ခင်တဲ့ ညီအကို မောင်နှမတွေ သူငယ်ချင်းတွေပါ ဖြစ်စေချင်တာပါ ၊၊
နားလည်ပါတယ်မမနိ ၊၊ တတ်သနိုင်သမျှ တော့ ကြိုးစားပြီး လျှော့ကြည့်ပါ၊၊ ကျနော်တို့ အသက်အရွယ်တွေ ကြီးလာတာလည်းပါမယ်ထင်တယ်၊၊ ခံထားရတဲ့ invisible stress တွေ tension တွေက မနည်းဘူးဗျာ ၊၊ကိုယ်တိုင်ပါပဲ ထစ်ကနဲဆို စိတ်က ဆတ်တတ်တယ်၊၊တော်တော် ထိန်းရပါတယ်၊၊ငြိမ်းချမ်းအောင်သာ နေပါ မမနိ၊၊ကိုနိ က အကောင်းဆုံး နားလည်ရပ်တည်ပေးနိုင်သူပါ၊၊ တရားခွေလေးတွေ အချိန်ရရင်စမ်းနားထောင်ဗျာ ၊၊ကျနော်တော့ လုပ်ဖြစ်နေပြီ၊၊မမနိ အမြဲပျော်ရွင်ပါစေ ၊၊
(စိတ်ထဲရှိတာရေးလိုက်တာပါ... ကွိကွိ)

ကိုကြီးဝီ

mgngal November 8, 2008 at 3:05 AM  

တိုက်တိုက်ဆိုင်ဆိုင်ဗျာ မနိရေ ။ ဒါပေမယ့် စောစောကပဲ
အဆင်ပြေသွားတယ်ဗျ ။ အဆင်ပြေကြပါစေဗျ။ ကျနော့်
အစ်ကိုကြီး ကိုနိကိုတော့ ဂရုစိုက်ပါဗျ ။ :P

nu-san November 8, 2008 at 5:56 AM  

မဇနိရေ.. အမလည်း အရင်က အကိုတွေ မောင်တွေအပေါ် စိတ်တိုင်းမကျဘူး.. ကိုယ့်စိတ်က အရမ်းမြန်တာကို သူတို့က လိုက်မမီတာ.. နောက်ပြီး ကိုယ်က ဖြစ်စေချင်တာက သူတို့က လိုက်မလုပ်နိုင်တာ.. အဲဒီအခါမျိုးမှာ ကိုယ်ပဲ စိတ်ပင်ပန်းလူပင်ပန်းတယ်.. နောက်တော့ မတတ်နိုင်ဘူး.. သူတို့ ဘ၀နဲ့ သူတို့ပဲဆိုပြီး လက်လျော့ထားလိုက်ရတော့တယ်.. အခုဆို သူတို့ ဘာလိုတာလည်းဆိုတာ ဘေးကကြည့်ပြီး ဖြည့်ဆည်းပေးတော့တယ်... အတင်းမတိုက်တွန်းတော့ဘူး.. မဇနိခံစားရတာ အမကိုယ်ချင်းစာတယ်.. ကိုယ်က သူမှ မဟုတ်တာဆိုတာကို အမလည်း အမြဲသတိထားပြီး ဆင်ခြင်ရတယ် ညီမလေးရေ.. ကိုဇနိကတော့ ဘယ်အချိန်ကတည်းက အကွက်ချောင်းနေတာလည်း မသိဘူးနော်.. ဟီး..ဟီး..

ဘလူးဖီးနစ် November 8, 2008 at 5:58 AM  

ကျွန်တော်အခုတလော ဖြစ်နေတဲ့ စိတ်ခံစားချက်မျိုးတွေပါလားဗျာ...
ဟုတ်တယ်ဗျ လူတွေက အသက်တွေ ကြီးသွားရင် ကိုယ်သန်ရာသန်ရာပဲ..သိပ်ဆွဲဆောင်လို့ မရတော့ဘူး...ကျွန်တော်တော့ လက်လျော့လိုက်ပြီ

May Moe November 8, 2008 at 7:26 AM  

ဒီလိုပါပဲ မမနိရေ ။ လက်ချောင်းတွေတောင် တခုနဲ့တခုမတူတာ ။ဒါပေမဲ့ ညှိညှိနိုင်းနိုင်းပေါ့မမနိရာ ။ ပျော်ပျော်ရွှင်ရွှင်နေပါနော် :D

သက်ဝေ November 8, 2008 at 9:27 AM  

နိနိလေး...
နှစ်ယောက်စလုံး တူနေရင်လဲ မဖြစ်သေးဘူးကွ...
တချိန်လုံး ချနေရမှာ... အမတို့ နှစ်ယောက်လုံး တော်တော်များများမှာ မတူကြဘူး။
သူက အေးတယ်... ကိုယ်ကတော့... ဟဲဟဲ..

ဒါပေမယ့် ဘယ်လို အခြေအနေမှာဘဲဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက် သည်းခံကြတယ်။ အရာရာမှာ မျှတအောင်၊ နားလည်မှုရှိနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြတယ်...။
အဲဒီ နားလည်မှု သည်းညည်းခံနိုင်မှု တွေအတွက် လိုတာက ချစ်ခြင်းမေတ္တာပါ..။
ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတတ်တာခြင်း တူညီနေရင် စိတ်ချမ်းသာရမှာ အမှန်ပါဘဲ...
ပျော်ရွှင်ပါစေ နိနိရေ...

တန်ခူး November 8, 2008 at 5:42 PM  

နိနိရေ… အမ ပို့ စ်တခုရေးဖူးတယ်… တော်တော်ကြီးကွဲလွဲကြတဲ့ အမတို့ နှစ်ယောက် အကြောင်းပေါ့… စိတ်မပူနဲ့ ညီမရေ… နားလည်မှုက ပြဿနာတော်တော်များများကို ဖြေရှင်းပေးလိမ့်မယ်နော်… အမမောင်တွေ ညီမတွေနဲ့ လဲ အဲဒီလိုပဲ… အားမရတာများ တခါတခါ မောတောင်ယူရတယ်…

pandora November 9, 2008 at 11:42 AM  

ဟုတ်တယ်.. တခါတခါ ကိုယ်က အလေးအနက်ထားတာကို သူက ဂရုမထားတာလေးတွေရှိတတ်တယ်.။ ပြီးတော့ဒေါသထွက်ရ။

တကယ့်တကယ်ကျတော့လည်း သူများအလေးထားတာကို ကိုယ်က အမှတ်မဲ့ဖြစ်မိတာတွေက ပိုများကောင်းများနေနိုင်တယ်။

ကိုယ့်ဘက်ကပဲ ကြည့်မိနေတတ်တာကိုး။

ကိုပေါ November 11, 2008 at 10:39 AM  

မှန်လိုက်တဲ့ပို့စ်။ ဒီဆောင်းပါးက ကိုယ့်အဖြစ်ကို မှန်ထောင်ပြလိုက်သလိုဘဲ။

အဟီး….ကျနော်ကိုယ်တိုင်ကလည်း အဲသလို လုပ်တတ်တယ်။ အခုဘဲ ကြည့်လေ….။ လူတွေကို မဖတ်မိမှာစိုးလို့ ကိုယ်ကြိုက်တဲ့ဆောင်းပါးတွေကို ကိုယ့်ဘလော့ဂ်မှာ လူတွေကြိုက်မှန်းသိ၊ မကြိုက်မှန်းသိ အလိုက်ကန်းဆိုးမသိ အတင်းဘာသာပြန်ပြီး တင်ပေးနေတာ။ လာမဖတ်ကြတဲ့လူတွေကို “ကွယ်….စာကောင်းပေကောင်းကို လူတွေ တန်ဘိုးထားရကောင်းမှန်းမသိကြရကောင်းလား”လို့ စိတ်ထဲမှာ အားမလိုအားမရ ဖြစ်လိုက်သေးတယ်…ခွိခွိ။

တားမြစ် ထားသော... November 11, 2008 at 2:54 PM  

စိတ်ဆိုတာကတော့ တစ်ထပ်တည်းကျနိုင်ဖို့ ဘယ်လွယ်မလဲနော်။ ကိုယ်စိတ်ဝင်စားပေမဲ့ သူက စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာ။ ဟုတ်လေ၏။

သုခမိန်(E-Journal)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP