နှုတ်ဆက်ခြင်း

>> Thursday, November 27, 2008





ဒီနေ့ ဆရာတယောက်ကို နှုတ်ဆက်ပွဲလုပ်ကြမယ်။ ခါတိုင်းလိုပဲ ပါတီလုပ်မယ်ဆိုတာ သိနေခဲ့ပေမယ့် တကယ့်တကယ် ကိုယ့်ရှေ့ကို ကျောင်းသားလေးတယောက် ရောက်လာတဲ့အခါမှာ အံ့သြသွားမိတယ်။ ပြီးတော့လည်း စိတ်မကောင်းဖြစ်ကျန်ခဲ့တယ်။

တကယ်တော့ ကိုယ်က သံယောဇဉ်ကြီးတတ်လွန်းလို့ ခင်မိပြီးသားလူတွေနဲ့ နှုတ်ဆက်တယ်ဆိုတာမျိုး မလုပ်ချင်ပါဘူး။ မဖြစ်မနေနှုတ်ဆက်ရရင်လည်း စိတ်မကောင်းဖြစ်မိတယ်။ တွေ့ကြုံဆုံကွဲလောကကြီးမှာ ဒါတွေကို ရှောင်လွှဲမရဘူးဆိုတော့လည်း တနေ့တော့ ကြုံတွေ့ကြရမှာပဲ။ အခုဆရာကတော့ ထိုင်းလူမျိုးဆရာပါ။ သူရှိနေတော့လည်း နိုင်ငံခြားသား ကျောင်းသားကျောင်းသူတွေအနေနဲ့ တအားရှိတာပါပဲ။ ဂျပန်စကားနဲ့ပြောလို့ လိုရာမရောက်တော့ဘူးဆိုရင် အင်္ဂလိပ်လို ပြောလိုက်ချင် မေးလိုက်ချင်တယ်။ တနေ့ကလည်း နိုင်ငံခြားကျောင်းသူတယောက်က ဂျပန်ကျောင်းသာလေးကို စာမေးနေတာကြားတယ်။ သူလည်းစာမေးနေရင်း လိုရာမရောက်တော့ အင်္ဂလိပ်လိုတွေပြောလာတယ်။ ဒါလည်း ကျောင်းသားလေးက နားမလည်ဘူး။ ကြားနေတဲ့ကိုယ်က သူတို့ပြောချင်တာတွေ ခန့်မှန်းလို့ရနေပြီ။ ဒီလို အခက်အခဲတွေကို ထိုင်းဆရာတယောက်က အများဆုံးအကူအညီပေးပါတယ်။ မြန်မာမရှိတဲ့ဌာနတခုမှာ ဒီဆရာက ကိုယ့်အတွက် အတော်လေးကူညီပေးတယ်။ ထိုင်းနဲ့ မြန်မာနှစ်ယောက် ဒီနေရာမှာလာဆုံကြတော့ ကျွန်မအပေါ်ကို မြန်မာလူမျိုးတယောက်လို နားလည်မှုပေးပါတယ်။ အခက်အခဲတွေ့လာတဲ့အခါ တိုက်ရိုက်တော့ ဖြေရှင်းမပေးတတ်ဘူး။ ပြဿနာနဲ့ဆိုင်တဲ့ လက်ချာခေါ်ပေးပါတယ်။ သူပေးလိုက်တဲ့လက်ချာတချိန်ကလည်း တချိန်ဆိုသလောက် အသုံးဝင်တယ်။ နားလည်လွယ်အောင်လည်း ရှင်းပြတတ်တယ်။ စာအုပ်ကောင်းတွေလည်း လမ်းညွှန်ပေးတယ်။

ညနေခင်းမှာ ပါတီလုပ်ဖို့အတွက် လက်ဆောင်သွားဝယ်ကြတဲ့အထိ သိပ်မထူးဆန်းပါဘူး။ ရောင်စုံခဲတံလေးတွေနဲ့ ရွှေရောင်စာရွက်ပြားလေးလာချမှ အမှတ်တရစကားရေးပေးဖို့ဆိုတာ သိရတယ်။ ဒါတွေဟာ သူတို့လူမျိုးမှာလည်း ရှိတဲ့အတွက် ၀မ်းသာကြည်နူးမိပါတယ်။ ငြိမ်းချမ်းခြင်းကိုဆောင်တဲ့ အပြာရောင်ခဲတန်လေးနဲ့ ကျန်းမာပျော်ရွှင်ပါစေလို့ ရေးပေးလိုက်တယ်။ ဆရာက ကျွန်မဆုတောင်းလေးကို သဘောကျတယ်လို့လာပြောတယ်။ တခါကလေည်း တခြားလူမျိုးက ကျွန်မကို အသက်နဲ့စာရင် ငယ်တယ်ထင်ရတယ်လို့ ပြောလာတဲ့အခါ မြန်မာတွေမှာ လျှို့ဝှက်ချက်ရှိတယ်လို့ ထိုင်းဆရာက ၀င်ပြောဖူးပါတယ်။ မြန်မာတွေဟာ တရားထိုင်လို့ မျက်နှာလေးတွေအေးချမ်းပြီး နုပျိုနေတာပါတဲ့။ တကယ်တော့ သူပြောသလို နေ့တိုင်းတော့ ကျွန်မတရာမထိုင်ပါဘူး။ ဒီလိုပြောခံရတဲ့အတွက်တော့ မြန်မာလူမျိုးအပေါ်အမြင်ကို သိခွင့်ရလို့ ကျေနပ်မိပါတယ်။

ဆယ်တန်းစားမေးပွဲဖြေခါနီး ကျောင်းပိတ်ရက်ရောက်တော့မယ်ဆိုရင် အခန်းထဲမှာ အော်တိုစာအုပ်တွေ ဗြောင်းဆန်နေခဲ့တယ်။ စာအုပ်လေးမှာရေးလိုက်တဲ့ စာတကြောင်းက နှစ်အတော်ကြာခွဲခွာဖို့ နှုတ်ဆက်တယ်ဆိုတာ မတွေ့ရတာကြာမှ သိလိုက်ရတယ်။ “မြေဖြူနှင့်တုတ် လက်နှင့်မကွာ ကလေးများကို ပညာသင်တဲ့ ဆရာမလေးဖြစ်ပါစေ” ၊ “ဆေးထိုးအပ်ပိုင် နားကြပ်ကိုင် လူနာချစ်တဲ့ ဆရာဝန်မကြီး ဖြစ်ပါစေ”၊ ဒီလိုဆုတောင်းလေးတွေနဲ့ ခွဲခွာခဲ့ကြရတယ်။ ဆုတောင်းအတိုင်း ကျောင်းဆရာမဖြစ်နေသူတွေ ဆရာဝန်ဖြစ်နေသူတွေ ဘ၀လမ်းတွေခွဲကုန်ကြတယ်။ ဆုတောင်းနဲ့လွဲခဲ့တာတွေလည်း ရှိတယ်။ ဒါပေမယ့် သူငယ်ချင်းတွေအားလုံးကို ပြန်ဆုံဖို့ဆိုတာတော့ ဘယ်လိုမှ မသေချာတော့ပါဘူး။ တချို့တွေနဲ့ ခဏတဖြုတ်ပြန်တွေ့နိုင်ပေမယ့် တချို့သူတွေကို နှစ်ပေါင်းများစွာ ပြန်မတွေ့တော့ပါဘူး။ ဆယ်တန်းနှစ်က အတူထိုင်ခဲ့တဲ့ သူငယ်ချင်းသုံးယောက်မှာ သူ့လက်ကိုယ့်လက်ထောင်ကြည့်ရင်း ငါ့လက်က ဖောင်းဖောင်းလေးတွေ ဆရာဝန်ဖြစ်မည့်လက်၊ ငါ့လက်ကမှ အင်ဂျင်နီယာဖြစ်မည့်လက်နဲ့ အပျော်တမ်းငြင်းခုံခဲ့ကြဖူးတယ်။ ခွဲခွာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတို့လည်း လိုရာဆနွအတိုင်း ဖြစ်ခဲ့ပေမယ့် တနေရာစီ ဝေးကွာခဲ့ရတယ်။

တလမ်းထဲအတူနေတဲ့ အိမ်နားနီးချင်းတွေနဲ့လည်း ခွဲခွာကြရတာပါပဲ။ ကျွန်မတို့ငယ်ငယ်က ဆွေမျိုးလိုနေခဲ့တဲ့ အိမ်းနားနီးချင်းတွေကို တသက်လုံးအတူနေရမယ်လို့ မျှော်လင့်ခဲ့ဖူးတယ်။ တကယ်တမ်းခုချိန်မှာ ကျွန်မတို့လမ်းနဲ့ဝေးရာကို ပြောင်းသွားသူတွေ ချန်ထားခဲ့သူတွေ မနည်းတော့ပါဘူး။ သူတို့အိမ်ပြောင်းခါနီးလို့ လာနှုတ်ဆက်တဲ့အခါ ၀မ်းနည်းဝမ်းသာခံစားရပါတယ်။ တချို့တော့လည်း ဘ၀အခြေမြင့်သွားလို့ ပြောင်းတယ်ဆိုရင် သူတို့အတွက် ၀မ်းသာကြရတယ်။ တနယ်ကို ပြောင်းကြမယ်ဆို အတော်လေးစိတ်မကောင်း ဖြစ်ကြရပါတယ်။ ဒီကြားထဲ တချို့တွေအတွက် ပိုစိတ်မကောင်းဖြစ်ရတာက ဘ၀တွေနိမ့်သွားလို့ ဒီအိမ် ဒီလမ်းလေးကို စွန့်ခွာဖို့ လာနှုတ်ဆက်ကြတဲ့အတွက်ပါ။

ကျွန်မတို့မြန်မာလူမျိုးတွေနည်းတူ သူတို့တွေလည်း နှုတ်ဆက်ခြင်းကို ခံစားတတ်ကြလို့ ကြည်နူးဝမ်းသာမိပါတယ်။ ၀မ်းနည်းခံစားမှုက စိတ်ပင်ပန်းစေလို့ ခင်မင်သူများကို နှုတ်မဆက်ချင်ပါဘူး။ မဖြစ်မနေနှုတ်ဆက်ရတော့မယ်ဆိုရင်လည်း တနေ့မှာ ပြန်ဆုံကြရတဲ့ နှုတ်ဆက်ခြင်းတွေနဲ့ပဲ ကြုံတွေ့ချင်ပါတယ်။

မဇနိ

13 comments:

sin dan lar November 27, 2008 at 1:51 PM  

ခေါင်းစဉ်ကြည့်ပြီးလန့်သွားတယ် မဇနိရယ်....
ခုတလော နှုတ်ဆက်ကြတာတွေများနေလို့....
နောက်ဆုံးစာကြောင်းက ဆုတောင်းနဲ့ပြည့်ပါစေ

- November 27, 2008 at 2:10 PM  

အစ်မဇနိ
အစ်မ sin dan lar လိုပဲ စိတ်ထဲထင့် သွားမိပါတယ်။ လူတိုင်းကို ခေတ္တခဏ၊ ခဏတဖြုတ် နှုတ်ဆက်တာပဲ ဖြစ်စေချင်ပါတယ်။
လေးစားချက်
http://winzaw-mdy.blogspot.com

nu-san November 27, 2008 at 2:31 PM  

ဟွန့် လန့်သွားတာပဲ.... နှုတ်ဆက်ခြင်း၊ ခွဲခွာခြင်းတွေကို တတ်နိုင်သလောက် မကြုံချင်ဘူး မဇနိရေ... အမတို့ ရုံးမှာလည်း အခုတလော အဲဒီလိုတွေ သိပ်များတယ်... တခါတလေဆို ကိုယ်အရမ်းခင်ရတဲ့သူတွေ အလုပ်ထွက်သွားတာမျိုးဆို စိတ်မကောင်းဖြစ်ရတယ်..နောက်ပြီး တခုခု အကူအညီလိုပြီဆို ကိုယ့်ကို ကူညီမဲ့သူ မရှိတော့ဘူးဆိုပြီး အားငယ်တာလဲ ပါတာပေါ့နော်... :(

သက်ဝေ November 27, 2008 at 2:33 PM  

ဘုရားရေ...
နိနိလေး တော်တော်ဆိုးပါလား...
လန့် သွားတာဘဲ...
ပြောထားမယ်နော်...
မလွမ်းချင်ဘူး...
နှုတ်မဆက်ချင်ဘူး... ဒါပဲ
မွန် (သုနှင်းဆီ) ကလဲ နားပါရစေတဲ့...
သွားဆူလိုက်အုံးမယ်...

PAUK November 27, 2008 at 5:26 PM  

လန့်သွားတာပဲ..

khin oo may November 27, 2008 at 5:46 PM  

ဖတ်သွားသည်။ မနှူတ်ဆက်ချင်တာများ တကယ်ပါ။

Republic November 27, 2008 at 6:14 PM  

ပို့စ် ခေါင်းစဉ်လေးတွေ့ လို့ ချက်ချင်းလိုက်လာတာ မမကွိ ၊၊ လန့်သွားတာပဲဗျာ ၊၊ မနိပြောသလိုပါပဲ ၊၊မတတ်နိုင်ဘူးလေ ၊၊ ကြုံရတွေ့ရ များလေလေ ခံစားချက်က ထုံပေပေဆိုသလိုပါပဲ ၊၊ ကြာတော့ ဟန်ဆောင်ရုပ်နဲ့ နေတတ်လာတယ်ဗျာ ၊၊
မနိ ဆုတောင်းပြည့်ပါစေဗျာ ၊၊ အားလုံးထပ်တူထပ်မျှပါ ၊၊

ကိုကြီးဝီ

မီယာ November 27, 2008 at 7:31 PM  

နှုတ်ဆက်ရတိုင်း ၀မ်းနည်းရတာပါပဲ။ နိနိပြောသလို ဘ၀အခြေအနေတွေမတူကြတော့တဲ့ ငယ်ငယ်ကသူငယ်ချင်းတွေကိုသတိရအောက်မေ့ပါတယ်။

sonata-cantata November 28, 2008 at 5:33 AM  

ရေးတဲ့အကြောင်းအရာလေးနဲ့ ဆက်စပ်တဲ့ အကြောင်းလေးတွေပါ သိုင်းဝိုင်းရေးတတ်တော့
အဓိပ္ပါယ်ပေါ်လွင် လေးနက်တယ်...
ဆယ်တန်းတုန်းက အတူတူ ထိုင်တဲ့ သူငယ်ချင်း သုံးယောက် နောက်တန်းက ကပ်လျက် သုံးယောက် အားလုံးထဲမှာ တစ်ယောက်ထဲ ခွဲထွက်ခဲ့ရတဲ့ ဒဏ်ရာတွေ အခုတော့လည်း ထုံပေပေဖြစ်နေပါပြီလေ

Moe Cho Thinn November 28, 2008 at 10:58 AM  

နိရေ..အားတုန်းလေး ပြေးလာတာ၊ ခေါင်းစဉ်မြင်တော့ လန့်သွားလို့ ကလူကလူ လုပ်လိုက်ရတယ်။ နောက် ဒါမျိုး မရေးနဲ့..သိလား။
ကိုယ်ချစ်ခင်သူများနဲ့ ဘယ်တော့မှ ဘယ်တော့မှ မခွဲခွာရပါစေနဲ့လို့ ဆုတောင်းအတူ ထပ်ဆုတောင်းသွားတယ်။

Anonymous November 28, 2008 at 4:50 PM  

နိနိရေ...

ပြောချင်တာတွေ အားလုံးးး အပေါ်မှာ ပြောပြီး သွားလို့ မပြောတော့ဘူးး နော်..

တကယ်လည်း လန့်သွားတယ် :D
ဆက်လက်ပြီး ပျော်ပျော်ရွှင်ရွှင် ဘလော့ဂင်းနိုင်ပါစေ။ :)

ခင်မင်စွာဖြင့်
တင်ဇာ

တားမြစ် ထားသော... November 30, 2008 at 6:35 AM  

ပြန်ဆုံရမဲ့နှုတ်ဆက်ခြင်းကိုပဲ အားလုံးလိုချင်ကြမယ်ထင်ပါတယ်။

ဒါနဲ့ စကားမစပ် အိုးဝေကို ၂ရက်လောက်ရှိပြီ ဖွင့်ရတာ တအားကို လေးနေပါတယ်။ တစ်ခြားဘလော့ဂ်တွေ ဖွင့်လို့ရတယ်။ ဒီနေ့တော့ မနက်အစောကတည်းက ဖွင့်ပြီး ပြစ်ထားလိုက်တယ်။ မေ့လောက်မှ တက်လာပါတယ်။ စီဘောက်စ်ပါမလာလို့ ဒီမှာပဲ ပြောသွားပါတယ်။ အိုးဝေအဖွဲ့သားများ ကျန်းမာပျော်ရွှင်ကြပါစေ ခင်ဗျာ။

သုခမိန်(E-Journal)

မောင်မျိုး December 1, 2008 at 10:03 AM  

မနှုတ်ဆက်ချင်ဘူး ရင်ဘတ်အောင့်လို့  ....

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP