စာဖတ်ခြင်း

>> Sunday, July 13, 2008


ကျနော် ရုရှားစာတွေ ဘာသာမပြန်ဖြစ်တာကြာပြီဖြစ်လို့ အခု အန်တွန် ချက်ဟော(ဗ်) ရေးထားတဲ့ “စာဖတ်ခြင်း”ဆိုတဲ့ အတိုတစ်ပုဒ်ကို ဘာသာပြန်လိုက်ပါတယ်။ မူရင်းရုရှားလိုကတော့ ဒီမှာ ပါ။ ရုရှားလို စိတ်ဝင်စားတဲ့သူတွေ ဖတ်ရအောင်လို့ပါ။ အရင်ကတည်းကလည်း ချက်ဟော့(ဗ်)ရဲ့ ၀တ္ထုအတိုတွေကို ဘာသာပြန်ဖူးပါတယ်။ အရင်က ချက်ဟော့(ဗ်)ရဲ့ စာတွေကို ဘာသာပြန်ပြီးတင်ထားတဲ့ လင့်တွေကို ပြန်စုစည်းပေးပါဦးမယ်။

၁။ ကိုလူဝ နှင့် ကိုပိန်လှီ
၂။ ခွေးကလေးတစ်ကောင်နဲ့ အမျိုးသမီး (ကိုကြီးလုံး ဘာသာပြန်ထားတာပါ။)
၃။ အလောင်းအစား
၎။ ချက်ဟော့(ဗ်) ပြောခဲ့သော စကားအချို့
၅။ Anton Pavlovich Chekhov
၆။ Dushechaka - A. P. Chekhov
၇။ Examination - A. P. Chekhov
၈။ Poprygunya - A. P. Chekhov
၉။ Proposal - A. P. Chekhov
၁၀။ My "SHE" - A. P. Chekhov

အခုတစ်ပုဒ်ကတော့ ချက်ဟော့(ဗ်)ရေး၊ ဆရာမောင်ထင်ဘာသာပြန်ထားသော၊ ဧရာဝတီအင်တာနက်မဂ္ဂဇင်း၊ရသလွင်ပြင်မှ လူ့ပုတ်သင် ဖြစ်ပါတယ်။

ကျနော်ဘာသာပြန်ထားတာတွေက ထောင့်ထောင့်ကြီးတွေဖြစ်နေ၊ အဓိပ္ပါယ်မရောက်တာတွေရှိနေရင် ကျနော့်ဘာသာပြန် အားနည်းချက်ကြောင့်ပါ။ စာတွေ အားလုံးကတော့ ရုရှားဘာသာကနေပဲ ဘာသာပြန်တာပါ။ မူရင်းရုရှားလို ဖတ်ရတာ ပင်ပန်းပေမယ့် အရသာ ပိုရှိတယ်လို့လည်း ထင်မိပါတယ်။ ရုရှားစာတွေဖတ်ဖြစ်အောင် သင်လည်းပေး၊ ဘာသာပြန်ဖြစ်အောင် တွန်းအားလည်းပေးတဲ့ ရုရှားဘာသာသင်ဆရာမကြီး Елена Викторовна Соловьева ကိုလည်း ကျေးဇူးအများကြီးတင်မိပါတယ်။




စာဖတ်ခြင်း

တခါက ကျုပ်တို့ရဲ့ အလုပ်ရှင်ကြီး အီဗန် ပျယ်သရိုးဗစ်(ချ) စယ်မီပါလာတော့(ဗ်) သူရဲ့အခန်းထဲမှာ ကျုပ်တို့ ဇာတ်ရုံမန်နေဂျာ ဂါလာမီဒေါ့(ဗ်) နဲ့အတူထိုင်ပြီး ပြဇာတ်တွေအကြောင်း၊ မင်းသမီးတွေရဲ့အလှအကြောင်း ပြောနေကြလေရဲ့။
- ကျုပ်ကတော့ ခင်ဗျားနဲ့ သဘောမတူဘူးဗျ။ - အီဗန် ပျယ်သရိုးဗစ်(ချ)က စာရွက်စာတမ်းတွေကို လက်မှတ်ထိုးရင်း ပြောတယ်။ - ဆိုဖီယာ ယူရယ်ဗနာ က တောင့်တောင့်တင်းတင်းနဲ့၊ ပင်ကိုယ် အရည်အသွေးလည်းရှိ၊ ဟော သိပ်ချစ်စရာကောင်းပြီး ကြက်သရေအလွန်ရှိတဲ့ သူတစ်ယောက်ပါဗျာ။

အီဗန် ပျယ်သရိုးဗစ်(ချ) ဆက်ပြီးပြောချင်သော်လည်း ပီတိတွေအလွန်ဖြာနေတဲ့အတွက် စကားလုံးတစ်လုံးမှ ထွက်မလာနိုင်ပါဘဲ၊ သကာရည်များဖြန်းထားသကဲ့သို့ပင် မျက်နှာကြီးပေါ်တွင် ချိုကလီအပြုံးကြီးဝေနေလေရာ၊ မန်နေဂျာသည်လည်း သူ့မျက်နှာကို မြင်၍ ပါးစပ်အထဲတွင် ချိုတိုတိုအရသာကို ခံစားရသယောင်ရှိနေလေသည်။

- ကျုပ်ကတော့ သူမကို သဘောကျသဗျာ၊ အဲ အဲ အဲ သူမက တစ်ယောက်တည်းစကားပြောတွေ ဖတ်နေတယ်ဆိုရင် စိတ်လှုပ်ရှားသံတွေရော၊ သူမရင်တုန်ပန်းတုန်ဖြစ်နေပုံတွေကလေ အလင်းတွေများ ဖြာထွက်နေသလိုပဲ။ အဲဒီအချိန်ဆို သူမအတွက် ဘာတွေပဲ လုပ်ပေးရ ပေးရ ကျူပ်ကတော့ အဆင်သင့်ကိုဖြစ်နေတာဗျို့။

- လူကြီးမင်းခင်ဗျာ၊ ဒီသဘောတူစာချုပ်မှာ လက်မှတ်ထိုးပေးစေချင်ပါတယ်။
စယ်မီပါလာတော့(ဗ်) ပြုံနေတဲ့ မျက်နှာကြီးကို မော့လိုက်တော့ သူ့ရှေ့မှာ ]ရုံဝန်ထမ်း မျယ်(ရ်)ဂျာရက်(ဗ်) ကို တွေ့ရပါရောလား။ မျယ်(ရ်)ဂျာရက်(ဗ်)က သူ့ရှေ့မှာ မျက်လုံးကြီး ပြူးပြီး လက်မှတ်ထိုးဖို့ စာရွက်ကို ကမ်းပေးနေလေရဲ့။ စယ်မီပါလာတော့(ဗ်) က မချိပြုံးလေးနဲ့၊ စကားပြေက ကဗျာရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးနေရမှာ လာနှောက်ယှက်သလိုမျိုးနဲ့။

- အဲဒီအကြောင်းကို ပြီးရင်တော့ ပြောပြမယ်၊ - သူက ပြောတယ်။ - ဒီမှာမြင်လား ငါပြောနေတယ်။ ကြောက်စရာကောင်းလောက်အောင် ပြုစုပျိုးထောင်မခံခဲ့ရတဲ့ မိုက်မဲတဲ့လူတွေပါလား။ ဒီမှာ လူကြီးမင်း မျယ်(ရ်)ဂျာရက်(ဗ်)၊ ခင်ဗျားပြောခဲ့တယ် ကျုပ်တို့မှာ ဂိုဂိုပုံစံတွေ မရှိဘူးဆို၊ ရော့ ဒီမှာ။ ဘာပုံစံတွေလဲ။ ဒီမှာ အပေအရေတွေ တံတောင်တွေလည်း စုတ်ပြတ်လို့။ ဘယ်တော့မှလည်း ဘီးမဖီးဘူး။ ကြည့်ပါဦး ဘယ်လိုတွေ ရေးထားတယ်ဆိုတာ။ ဒီလက်ရေးနဲ့တော့ကွာ။ သဒ္ဒါမှားတွေ၊ အဓိပ္ပါယ်မရှိတွေ ရေးလိုက်တာ ဖိနပ်ချုပ်သမားကျလို့ ဒီမှာကြည့်စမ်း။

- ဟေ့ လူ - ဂါလာမီဒေါ့(ဗ်)က စာရွက်ကိုကြည့်ရင် တိုးတိုးညီးတယ်။ - သိပ်ဟုတ်တာပေါ့၊ လူကြီးမင်း မျယ်(ရ်)ဂျာရက်(ဗ်) စာဖတ်သိပ်နည်းပုံရတယ်။
- ဒီပုံအတိုင်းကတော့ မရဘူး မိတ်ဆွေ - အလုပ်ရှင်ကြီးက ဆက်ပြောတယ်။ - ခင်ဗျားအစား ကျနော် ရှက်လိုက်တာဗျာ။ ခင်ဗျာ စာလေး ဘာလေးတွေ မဖတ်ဘူးလား။

- စာဖတ်တယ်ဆိုတာ အဓိပ္ပါယ်အများကြီး ရှိတယ်ဗျ။- ဂါလာမီဒေါ့(ဗ်) က ဘာအကြောင်းပြချက်မှ မပြောဘဲ သက်ပြင်းကြီး ချရင်းနဲ့ ပြောတယ်။ - အများကြီးပဲ။ ခင်ဗျား စာဖတ်တယ်ဆိုရင် ခင်ဗျားအမြင်တွေ ချက်ချင်းပြောင်းသွားတာကို အမြန်သိလာလိမ့်မယ်။ စာအုပ်တွေကတော့ အဆင်ပြေတဲ့နေရာမှာ ရနိုင်ပါတယ်။ ဥပမာ ကျွန်တော့်ဆီကနေ ငှားပေါ့။ ၀မ်းမြောက်ဝမ်းသာ ငှားမယ်။ လိုချင်ရင် မနက်ဖြန်ယူလာပေးမယ်။
- အေး ကျေးဇူးတင်လိုက် မောင်ရင် - စယ်မီပါလာတော့(ဗ်) က ပြောတယ်။
မျယ်(ရ်)ဂျာရက်(ဗ်) လည်း အောင့်သီးအောင့်သက်နဲ့ ခါးကိုင်း အရိုအသေပေး၊ နှုတ်ခမ်းကို သွားနဲ့ကိုက်ပြီး ထွက်သွားလေရဲ့။

နောက်တရက်ကျတော့ ကျူပ်တို့ဆီကို ဂါလာမီဒေါ့(ဗ်) စာအုပ်တွေသယ်ပြီး ရောက်ချလာပါတယ်။ အဲဒီအချိန်ကတည်းက သမိုင်းကြောင်းက စတော့တာပဲ။ နောင်လာနောက်သားတွေကတော့ စယ်မီပါလာတော့(ဗ်)ကို သူခပ်ပေါ့ပေါ့တွေးပြီး လုပ်လိုက်တာအတွက် ဘယ်တော့မှ ခွင့်မလွှတ်ကြတော့ဘူး။ ဒီလိုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ် လူငယ်လေးတစ်ယောက်က မှားတာဆိုရင်တော့ ခွင့်လွှတ်နိုင်လောက်ပေမယ့် အတွေ့အကြုံရင့် တကယ့်ဝါရင့် အဖိုးကြီးတစ်ယောက်ဆိုတော့ ဘယ်တော့မှ ခွင့်မလွှတ်နိုင်တာဖြစ်မယ်။ မန်နေဂျာရှိတုန်းပဲ မျယ်(ရ်)ဂျာရက်(ဗ်) ကို အခန်းထဲ အခေါ်လွှတ်လိုက်တယ်။

- ဟေ့ မောင်ရင် ဖတ်ဟေ့ - စယ်မီပါလာတော့(ဗ်)က စာအုပ်ကမ်းပေးရင်း ပြောပါတယ်။ သေသေချာချာဖတ်စမ်း။
မျယ်(ရ်)ဂျာရက်(ဗ်) လက်တုန်တုန်နဲ့ စာအုပ်ကို ယူပြီး အခန်းထဲကနေ ထွက်သွားတယ်။ ဖြူဖတ်ဖြူရော်ကြီးဖြစ်နေတာပေါ့။ သူ့မျက်လုံးစွေစောင်းကြီးတွေက ဟိုးပြေးဒီပြေးနဲ့ ဘေးပတ်ဝန်းကျင်မှာ အကူအညီရနိုင်စရာ တခုခုကို ရှာနေသလိုပဲ။ ကျုပ်တို့ကလည်း သူ့ဆီက စာအုပ်ကိုယူပြီး ဂရုတစိုက်ကြည့်လိုက်တော့ စာအုပ်နာမည်က “ မြို့စားကြီး မွန်တီကာလို”တဲ့။

- သူ့ဆန္ဒကို ဆန့်ကျင်ရအောင်လည်း မဖြစ်သေးဘူးကွ။ - ငွေစာရင်းစာရေးကြီး ပရိုဟော်(ရ်) စယ်မျိုနစ်(ခ်ျ) ဘူဒီ(လ်)ဒါ က သက်ပြင်းကြီးချပြီး ပြောရှာတယ်။ တနည်းနည်းနဲ့ ကြိုးစားပါ၊ အားစိုက်ပြီး တစ်နေ့ နည်းနည်းချင်းဖတ်ပေါ့၊ ဘုရားသခင်ကယ်မတဲ့အခါ သူမေ့သွားလိမ့်မယ်လေ။ အဲဒီတော့မှ စာအုပ်တွေကို လွှင့်ပစ်ပေါ့။ ကြောက်မနေနဲ့။ အရေးကြီးတာက အလေးအနက်မထားဖို့ပဲ။ ဖတ် ပြီးတော့ အဲဒီအာရုံသိပ်စိုက်ရတာကြီးကို စိတ်ထဲမှာ သိပ်လေးလေးနက်နက်မထားနဲ့။

မျယ်(ရ်)ဂျာရက်(ဗ်) စာအုပ်လေးကို အသာခေါက်ပြီး စာရေးဖို့ထိုင်တယ်။ ဒါပေမယ့် ဒီတကြိမ်လည်း စာမရေးနိုင်လိုက်ပါဘူး။ လက်တွေက တုန်လာပြီး မျက်စိတွေကလည်း ဟိုကြည့်ဒီကြည့်နဲ့ပါ၊ တလုံးက မျက်နှာကြက်ရောက်၊ တခြားတလုံးက မင်အိုးဆီရောက်လို့။ နောက်နေ့အလုပ်ကို လာတော့ ငိုထားတဲ့ မျက်လုံးကြီးတွေနဲ့လေ။

- လေးကြိမ်ရှိပြီ စလုပ်တာ - သူကပြောတယ်။ - ဘာမှလည်း နားမလည်ကြဘူး၊ ဘယ်လို့ နိုင်ငံခြားသားတွေလဲ။
နောက်ငါးရက်ခန့်ကြာသောအခါမှာ စားပွဲတွေနားက ဖြတ်လျှောက်သွားရင်း စယ်မီပါလာတော့(ဗ်)က မျယ်(ရ်)ဂျာရက်(ဗ်)ရှေ့မှာ ရပ်ပြီး မေးပါလေရော..
- ကဲ ခင်ဗျား ဘာစာအုပ်ဖတ်ပြီးပြီလဲ။
- ဖတ်ပါတယ်ခင်ဗျ လူကြီးမင်း။
- ဘာအကြောင်းများဖတ်ခဲ့တာလဲ မောင်ရင်။ လုပ်ပါဦး ပြောပြစမ်းပါ။

မျယ်(ရ်)ဂျာရက်(ဗ်) ခေါင်းလေးမော့လာပြီး နှုတ်ခမ်းပါးလေးလှုပ်ယုံလေသံလေးနဲ့ ပြောရှာတယ်။
- မေ့သွားပြီ လူကြီးမင်းခင်ဗျာ။ - သူနောက်တစ်မိနစ်လောက်ကြာမှပြောတယ်။
- သဘောက သေသေချာချာ စာမဖတ်ဘူးပေါ့။ အတော်ပြောရတာပဲ။ ဒီလို မရဘူးလေ။ အေး နောက်တစ်ခေါက်ထပ်ဖတ်။ အသေအချာကို သတိပေးတယ်။ ဖတ်စမ်းပါ။ အားလုံးဖတ်ရမယ်။ ကျုပ်ဆီမှာ စာအုပ်တွေရှိတယ်။ လာယူ ပြီး ဖတ်ကြ။ ပါရာမွန်တော့(ဗ်) လာခဲ့ပါ စာအုပ်လာယူ။ ပါ့(ဒ်)ဟော(ဒ်)ဆတ်(ဗ်) ရှေ့တိုးပြီး စာအုပ်ယူပါ လူကြီးမင်း။ စမီး(ရ်)နော့(ဗ်) လာပါ။ လူကြီးမင်းများအားလုံး စာအုပ်လာယူပါ တောင်းပန်ပါတယ်။

အားလုံးသောလူတွေလည်း သွားပြီး စာအုပ်ကိုယ်စီယူကြရပါတယ်။ ဘူဒီ(လ်)ဒါ တစ်ယောက်ပဲ စာအုပ်သွားမယူဘဲ ဆန့်ကျင်ရဲတယ်။ သူက လက်နဲ့ကာပြီး ခေါင်းတရမ်းရမ်းနဲ့ ပြောပါရောလား။
- လူကြီးမင်းခင်ဗျာ ကျနော့်ကိုတော့ ခွင့်လွှတ်ပါ။ ပင်စင်သာ အမြန်ပေးပါတော့။ ဒီလို ဝေဖန်ရေးစာပေတွေကနေပြီး ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ကျနော်နားလည်ပါတယ်။ ကျနော့်မြေးအကြီးလေး အဲဒီလိုတွေဖတ်ပြီး အမေအရင်းကို အရူးမလို့ခေါ်ပြီး မျက်လုံးကို နွားနို့နဲ့ ပက်ပါတယ်။
- ခင်ဗျားဘာမှ နားမလည်ပါပဲ။ - စယ်မီပါလာတော့(ဗ်)က အဖိုးကြီးရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ရင်းနဲ့ ပြောတယ်။

စယ်မီပါလာတော့(ဗ်) မှားသွားပါတယ်။ အဖိုးကြီးက အားလုံးကို နားလည်ပါတယ်။ နောက်အပတ်လည်း ရောက်ရော အခုစာဖတ်ခြင်းရဲ့ အသီးအပွင့်တွေကို တွေ့ရမြင်ရပါလေရော။ “ထာဝရ ဂျူး” စာအုပ် ဒုတိယတွဲကိုဖတ်တဲ့ ပါ့(ဒ်)ဟော(ဒ်)ဆတ်(ဗ်)က ငွေစာရင်းစာရေးကြီး ဘူဒီ(လ်)ဒါ ကို ဂျူးဘာသာဝင်လို့ ပြောပါလေရော။ စမီး(ရ်)နော့(ဗ်)က အလုပ်ကို အမူးသမားပုံစံနဲ့ ပေါ်လာတတ်တယ်။ စာဖတ်ခြင်းက မျယ်(ရ်)ဂျာရက်(ဗ်)ကို လွှမ်းမိုးသလောက် အခြား ဘယ်သူ့ကိုမှ မလွှမ်းမိုးဘူး။ သူ ပိန်လှီလာပြီး အရက်သောက်စပြုလာတယ်။

“ပရိုဟော်(ရ်) စယ်မျိုနစ်(ခ်ျ)” - သူ ဘူဒီ(လ်)ဒါကို တောင်းပန်တယ်။ - ဘုရားသခင်ကို အမြဲဆုတောင်းရန် ပြုလုပ်ပေးပါ။ တောင်းပန်ပါတယ် သူတို့တွေအားလုံး ကျနော့်ကို ခွင့်လွှတ်ပေးပါ။ ကျနော် စာမဖတ်နိုင်ပါဘူး။ နေ့ရော ညပါ ဖတ်ပါတယ်။ မအိပ်၊ မစားပါ။ အသံထွက်ဖတ်တာကို ဇနီးက စိတ်ပျက်လာပါတယ်။ ဒူးထောက်တောင်းပန်ပါတယ်၊ ဘုရားသခင် သနားကြင်နာတော်မူပါ။

ဘူဒီ(လ်)ဒါလည်း စယ်မီပါလာတော့(ဗ်)ကို မကြာခဏ သွားတင်ပြပေမယ့် လက်ခါပြပြီး ဂါလာမီဒေါ့(ဗ်)နဲ့အတူ အခန်းထဲမှာ လမ်းလျှောက်ရင်း လျစ်လျှူရှုပြီး အားလုံးကို ပြစ်တင်ကြိမ်းမောင်းတာပါပဲ။ ဒီလိုနဲ့ နှစ်လလောက်ကြာတော့ အဲဒီသမိုင်းကြောင်းက ကြောက်လန့်စရာအဖြစ်နဲ့ အဆုံးသတ်သွားပါလေရော။

တစ်နေ့ မျယ်(ရ်)ဂျာရက်(ဗ်)က အလုပ်ကိုရောက်တော့ ထိုင်ခုံမှာထိုင်ရမယ့်အစား၊ လူအများအလည်သွားပြီး ဒူးထောက်ငိုယိုပြီး ပြောပါလေရော…
- ကျနော့်ကို စာရွက်အတုများပြုလုပ်မိသည့်အတွက် ခွင့်လွှတ်ကြပါ အော်သိုဒေါက် ဘာသာဝင်များခင်ဗျာ။

ပြီးတော့ ရုံးခန်းအတွင်းကိုဝင်ပြီး စယ်မီပါလာတော့(ဗ်)ရဲ့ရှေ့မှာ ဒူးထောက်ပြီး ပြောတယ်
- ကျနော့်ကို ခွင့်လွှတ်ပါခင်ဗျာ လူကြီးမင်း၊ မနေ့က ကျနော် သားငယ်ကို ရေတွင်းထဲ ပစ်ချမိပါတယ်။
ကြမ်းပြင်ကို နဖူးနဲ့တိုက်ပြီး ငိုပါလေရော..
ဘာအဓိပ္ပါယ်ပါလိမ့်။ - စယ်မီပါလာတော့(ဗ်) လည်း အံ့အားသင့်နေတယ်။
- ဒီလို သဘောရှိပါတယ် လူကြီးမင်းခင်ဗျာ၊ ဘူဒီ(လ်)ဒါက ရှေ့ကိုခြေတလှမ်းတိုးကာ မျက်လုံးတွေမှာ မျက်ရည်တွေ ၀ိုင်းပြီးပြောရှာပါတယ်။ သူ့အသိနဲ့ သူဆုံးဖြတ်သွားတာပါ။ သူကျိုးကြောင်းဆင်ခြင်တာမရှိတော့တာပါ။ အသင့်ရဲ့ စာပေအဖွဲ့အနွှဲ့တွေက သူ့ကိုဖျက်ဆီးလိုက်တာပါ။ ဘုရားသခင်က အားလုံးကို သိမြင်တော်မူပါတယ် လူကြီးမင်းခင်ဗျား။ အကယ်၍သင်ဟာ ကျနော့်၏ စကားများကို မနှစ်မြို့ပါက အလုပ်မှ နားခွင့်ပေးပါ။ ဒီအရွယ်ကြီးမှာ အခုလိုဖြစ်ပျက်နေတာတွေကို မြင်ရတာထက် ငတ်ပြီးသေတာက ကောင်းပါလိမ့်မယ်ဗျာ။

စယ်မီပါလာတော့(ဗ်)လည်း ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး အခန်းထဲမှာ ဟိုထောင့်ကနေ ဒီထောင့် လမ်းလျှောက်နေပါတော့တယ်။
- ဂါလာမီဒေါ့(ဗ်) ပြောတာတွေကို မလုပ်နဲ့တော့။ - သူ အသံခြောက်ကြီးနဲ့ ပြောလိုက်တယ်။ - စိတ်အေးအေးထားပါ လူကြီးမင်းခင်ဗျာ။ အခုကျနော် ကျနော့်အမှားကို မြင်ပါပြီ။ ကျေးဇူးတင်ပါတယ် အဖိုးကြီးခင်ဗျာ။

အဲဒီအချိန်ကစပြီး ကျုပ်တို့ဆီမှာ ဘာဆိုဘာမှ မရှိတော့ပါဘူး။ မျယ်(ရ်)ဂျာရက်(ဗ်)လည်း ပိုမိုကျန်းမာလာပေမယ့် လုံးဝကြီးတော့ မကောင်းသေးပါဘူး။ အခုအချိန်အထိ စာအုပ်ပုံစံကိုတွေ့ရင် တုန်ရင်လာပြီး မျက်စိက အခြားဖက်ကို လွှဲသွားပါတယ်။

5 comments:

တားမြစ် ထားသော... July 13, 2008 at 6:33 AM  

ကောင်းတယ်ဗျာ။ ရုရှဝတ္ထုတွေရဲ့ ပုံစံအတိုင်းပဲ စာဖတ်သူကို တစ်ခုခုတော့ တွေးစရာ၊ တွေဝေစရာတွေ ပေးသွားတယ်။

အော်၊ ဘာသာပြန်တာလည်း ကောင်းတာပါပဲဗျ။ အခုလို အရင်လင့်ခ်တွေပါ ပြန်စုပေးတာ ကျေးဇူးပါ။

Republic July 13, 2008 at 12:44 PM  

ကိုဇနိ ရေ...ကိုယ်တို့ နဲ့ အနီးဆုံး အင်္ဂလိပ်ဘာသာ စကားကို ပြန်ရေးနိုင်ဖို့တောင် မလွယ်ကူလှပါဘူးဗျာ..
တန်ဖိုးရှိတဲ့ စာတွေပါဗျာ ၊၊
စာတွေအားလုံးအတွက် ကျေးဇူးပါ ကိုဇနိ ..

မောင်ဖြူ July 13, 2008 at 1:26 PM  

ကောင်းတယ်ကိုဇနိရေ။
ဘာသာပြန်သင့်တဲ့ စာကောင်းတစ်ပုဒ်ပါပဲ။ ကျွန်တော်တို့ဘုရားရှင်ဟောသလိုပေါ့ဗျာ၊ ဘယ်ဟာမဆို အလယ်အလတ်ပဲကောင်းပါတယ်။ ကောင်းတဲ့အလုပ်ကိုတောင် အလယ်အလတ်ပဲလုပ်တာကောင်းတယ်၊ ဝိရိယရဲ့ကျေးကျွန်မဖြစ်ဘို့ပေါ့။ စာဖတ်တာက ရည်ရွယ်ချက်မျိုးစုံရှိကြမှာပါ။ စာအုပ်တွေကလဲအမျိုးစုံတာကိုး။ တကယ်တော့ စာအုပ်တစ်အုပ်က စာရေးသူတစ်ယောက်ရဲ့အတွေးအခေါ်၊ သူ့ရဲ့အတွေ့အကြုံတွေပါပဲ။ အဲဒီထဲက အချက်တွေက အမှန်တရားတွေပါလို့ ဘယ်သူမှမပြောနိုင်ပါဘူး။ လိုက်လုပ်ဖို့၊ မလုပ်ဘို့ဆိုတာကလဲ စာဖတ်သူရဲ့အတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်ပါတယ်။ မကောင်းတဲ့စာအုပ်တွေရှိသလို၊ တန်ဖိုးမဖြတ်နိုင်တဲ့စာအုပ်ကောင်းတွေလဲရှိတော့ စာဖတ်တဲ့သူအဖို့ ရွေးခြယ်ဖတ်နိုင်ဖို့ကလဲ လွယ်တဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ကိုဇနိဘာသာပြန်ထားတဲ့စာမှာ စာအုပ်တွေကိုရှုပ်ချချင်တဲ့သဘောတော့ပါမယ်မထင်ဘူး။ စာဖတ်သူရဲ့အခြေခံအသိပညာကလဲ စာဖတ်ရာမှာအရေးကြီးမယ်ထင်တယ်။ ဥပမာ ဒီမိုကရေစီစနစ်တို့၊ ကယ်ပီတယ်လစ်ဇင်တို့ကိုမဖတ်ဘူးဘဲနဲ့ မာက်စ်ဝါဒကိုပဲဖတ်မိရင်၊ အဲဒီလူ ကွန်မြူနစ်ဖြစ်သွားနိုင်တာလိုမျိုးပေါ့။ ချက်ဟော့(ဗ်)ကတော့ ဒီစာပုဒ်တိုတိုလေးမှာ အတွေးတွေအများကြီးပေးသွားတယ်။ စာလုံးဝမဖတ်ဘို့ပြောသွားတာမဟုတ်တာတော့သေချာတယ်။ ကျွန်တော့်အဖို့တော့ ဒီပို့စ်လေးက အကောင်းဆုံးမဟုတ်ရင်တောင် အကြိုက်ဆုံးထဲကတစ်ခုပါပဲ။ ကိုဇနိရေ နောက်ထပ်ချက်ဟော့(ဗ်)လေးတွေလဲ မျှော်နေတယ်ဗျို့။

မေအောင် July 13, 2008 at 1:39 PM  

စာဖတ်တယ်ဆိုတာ အဓိပ္ပါယ်အများကြီး ရှိတယ်ဗျ။-”
ဆိုတာဟုတ်တယ်နော်။
ကိုဇနိဘာသာပြန်တွေကိုကြိုက်တယ်။
အရမ်းလဲအားကျတယ်။

khin oo may July 13, 2008 at 6:23 PM  

စိတ်ဆိုးမှာတော.စိုးသား။ စိတ်ဆိုးခဲ.ရင်လဲ.ဒီအစ်မ ငါ ပြောချင်တာကို မှီတဲ.အဆင်.မရှိဘူးလို. တွေးလိုက်ရင် စိတ်ချမ်းသာမှာပါ။
ဖတ်ကြည်.ပါတယ်။ ရုရှ နာမည် တွေက ကိုယ်နဲ.စိမ်းနေတော.ဘယ်သူကဘာ ကို ပြော တာပါလိမ်.ဆိုပြီး အရှေ.ကို ပြန် ပြီး refer သွားရပါတယ်။ summary ကိုတော.အကျဉ်းချူံး ပြီး နားလည် လိုက်ပါတယ်။ ဒါပေမဲ. အသေးစိတ် ကိုတော.သိတ်ပြီး နားမလည်လိုက်ဘူး။ နှစ်ခါ ပြန် ဖတ်ရတယ်။ စာဖတ်သူ အတွက် သိတ်ပြီး မရှင်းဘူး ဖြစ်တယ်။ သုံးခါဖတ်ပြီးမှာ နဲနဲ ရှင်းသွားတယ်။ အဲလိုတော.မဖြစ်သင်.ဘူး။ စာဖတ်တယ် ဆိုတာ အပျင်းပြေဖတ်တဲ.သူမျှိုးအတွက်တော.ဒီ စာ က မသင်.တော်ပေမဲ. တွေးချင်တဲ.သူအတွက်တော.စာဖတ်ပြီး တွေးတော စရာ ရတာမို.လို.နှစ်သက်ပါလိမ်.မယ်။ (ဘယ်သူဘာပြော ဝေဖန်ဖန် ကိုယ်လုပ်စရာရှိတာကိုဆက်လုပ်ပါ. လူတွေကတော. ပိုက်ဆံ မပေးရတဲ.ဝေဖန်ခြင်း ကို ဆက်လုပ်မှာပါဘဲ.မြည်းတစ်ကောင်နဲ. လူနှစ်ယောက်ပုံပြင် လိုပေါ.။ -)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP