လူဆိုးကလေး

>> Monday, July 21, 2008


အန်တွန် ချက်ဟော(ဗ်)ရဲ့ အတိုနောက်တပုဒ်ကို ဘာသာပြန်လိုက်ပါတယ်။ Злой мальчик မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။ ချက်ဟော(ဗ်)က စာတွေကို အစုံရေးပါတယ်။ လေးလေးနက်နက် ဘဝအမြင်တွေကို ရေးသလို၊ ဖတ်လိုက်ရင် ပြုံးပျော်သွားစေတဲ့ စာမျိုးတွေလည်း ရေးပါတယ်။ တခါတလေကြလည်း ဆရာ ဦးအောင်သင်းပြောတဲ့ ရယ်စရာ မောစရာ ဆိုသလို၊ ရယ်စရာ ပြုံးစရာတွေနောက်က ရင်မောစရာတွေလည်း ပါအောင် ရေးတတ်ပါတယ်။ သူ ၁၈၆၀ မှာမွေးပြီး ၁၉၀၄ မှာ ဆုံးသွားပါတယ်။ အခုအပုဒ်က ၁၈၈၃ မှာရေးထားတာပါ။ အခု ၂၀၀၈ ဆိုရင် ဒီစာရေးခဲ့တာ နှစ်ပေါင်း ၁၂၅နှစ် ရှိနေပါပြီ။ နှစ်တွေ ကြာလှပြီ ဆိုပေမယ့် သူ့စာတွေက အခုခေတ်ဖတ်လည်း ရှေးက စာလို့ မထင်ရပါဘူး။

အခုအပုဒ်မှာတော့ ကိုဖြူနဲ့ ကိုလုံးကို နေရာ ပြောင်းပေးထားပါတယ်။ မတရားရာ ရောက်မှာ စိုးလို့ပါ။



လူဆိုးကလေး


ရုပ်ရည်ပြေပြစ်ချောမောတဲ့ လူငယ်လူရွယ် မောင်လုံးနဲ့ အပျိုကလေး မဖြူ နှစ်ယောက်သား မြစ်ဘေးကို ဆင်းလာခဲ့ပြီး ထိုင်ခုံရှည်ပေါ်မှာထိုင်ကြပါတယ်။ ခုံတန်းရှည်က မြစ်ဘက်ကမ်းမှာရှိပြီးတော့ ဘေးတဝိုက်က သစ်ပင်ခြုံတွေနဲ့ ကွယ်နေပါတယ်။ အဲဒီနေရာလေးက တိတ်ဆိတ်ငြိမ်သက်ပြီး သူတို့ကို ငါးတွေက လွဲပြီး ဘယ်သူက မှ မမြင်နိုင်ပါဘူး။

- နောက်ဆုံးတော့လည်း တို့နှစ်ယောက်တည်းပဲ ရှိနေတာ ဝမ်းသာတယ်ကွာ။
ကိုလုံးက ဘေးဝန်းကျင်ကို ကြည့်ငေးရင်းနဲ့ ပြောလိုက်တယ်။
- မင်းလေးကို ပြောစရာတွေ အများကြီးကို ရှိနေပါတယ် မဖြူရယ်။
- မင်းကလေးကို စပြီး မြင်လိုက်တယ်ဆိုကတည်းက ငါ ဘာအတွက် အသက်ရှင်နေတယ်၊ ရိုးသားကြိုးစားတဲ့ ငါ့ဘဝတခုလုံးကို ပေးအပ်ရမယ့်သူ၊ ငါ့ဘဝရဲ့ ထိပ်ထားဟာ မင်းပဲ ဆိုတာကို သဘောပေါက်လိုက်ပါတယ်။ မြင်မြင်းချင်းကို နှစ်နှစ်ကာကာ ချစ်မိတာပါ။ ငါ့မှာ မေတ္တာရောင်ပြန် မျှော်လင့်ချက်ကလေးများ ရှိနိုင်မလားဆိုတာကို ပြောပြပါကွယ်။

အဲဒီ ပျော်ရွှင်ဖွယ်အချိန်ကလေးမှာ ကိုမောင်လုံးက မဖြူလက်ကလေးကို ဆွဲယူပြီး၊ ပွေ့ဖက်အနမ်းတွေ ဝေနေကြပါတယ်။
အဲသလောက် ပျော်ရွှင်ခဲ့ရတာ တစ်ဘဝလုံးမှာ မရှိခဲ့ပါဘူး။ သူတို့နှစ်ယောက် အနမ်းပန်းတွေဝေနေတုန်းမှာပဲ ရယ်သံတချက် ကြားလိုက်ရတယ်။ မြစ်ဘက်ကို ကြည့်လိုက်လော့ ဘုရားရေ… သူတို့နဲ့ သိပ်မဝေးလှတဲ့နေရာ ရေထဲမှာ ကောင်လေးတစ်ယောက် မတ်တပ်ရပ်နေပါတယ်။ သူက မောင်လူအေးပါ။ မဖြူရဲ့ မောင် အငယ်ဆုံးလေး။ သူက မဖြူတို့နှစ်ယောက်ကို ညစ်ကျယ်ကျယ်အပြုံးနဲ့ ကြည့်ပြီးနေတာပါ။

- ဟဲ ဟဲ မွှေးမွှေးတွေ ပေးနေကြတာပေါ့လေ။ သိပ်ပျော်စရာ ကောင်းတယ်လား၊ ပြောတာတွေလည်း အကုန်ကြားတယ်၊ အားလုံးကို အမေ့ကို ပြန်ပြောမယ်။

- ငါက မင်းကို လူရိုးလူကောင်းလေးလို့ ထင်နေတာ။ သူများကို ချောင်းကြည့်တာ၊ ကိုယ့်ကို ပြောတာ မဟုတ်တာတွေကို ခိုးနားထောင်ပြီး ပြန်ပြောတာတွေက မကောင်းဘူးကွ။ မင်းကို လူကောင်းလေးလို့ထင်ထားတာ..
ကိုမောင်လုံးက စိတ်လှုပ်ရှားပြီး မျက်နှာနီကြီးနဲ့ ပြောလိုက်တယ်။

- ဒါဆို ပိုက်ဆံပေးလေ..ပြန်မတိုင်ဘူး။ မဟုတ်ရင်တော့ ပြန်ကိုတိုင်မှာ။

ကိုမောင်လုံးတစ်ယောက်လည်း အိတ်ကပ်ထဲက ပိုက်ဆံကို ထုတ်ပြီး မောင်လူအေးကိုပေးရရှာပါတယ်။ မောင်လူအေးက ပိုက်ဆံကို စွတ်ကနဲ့ယူ၊ မြစ်ထဲကို ဝုန်းကနဲ့ ခုန်၊ ရေကူးပြီး ထွက်သွားလေရဲ့။ မဖြူတို့ နှစ်ယောက်လည်း အဲဒီနေ့မှာ အနမ်းပန်းတွေ ထပ်မဝေနိုင်ရှာဘူးပေါ့။

နောက်နေ့ကျတော့ ကိုမောင်လုံးက မောင်လူအေးဖို့ မြို့ထဲကနေ ရောင်စုံခဲတံတွေ၊ ဘောလုံးတွေ ဝယ်လာပေးရသလို၊ အမကြီး မဖြူကလည်း သူ့ကျောင်းလွယ်အိပ်ကလေး မောင်လူအေးကို ပေးရတယ်။ နောက်ပိုင်းလည်း အဲဒီကလေးဆိုးကလေးကို လက်ဆောင်ကလေးတွေနဲ့
မကြာမကြာဖို့ရတယ်။ လူဆိုးကလေး မောင်လူအေးက ရမှန်းသိတော့ ပိုလိုချင်၊ ခဏခဏချောင်းလုပ်လာပါတယ်။ သူတို့နှစ်ယောက် ဘယ်နေရာသွားသွား အဲဒီကောင်က ရောက်နှင့်နေတတ်တယ်။ ဘယ်တော့မှ ကို လွတ်လွတ်လပ်လပ်နေရတယ် မရှိတော့ဘူး။ တနွေလုံးနောက်က လိုက်ချောင်းလိုက်၊ အမေ့ကို တိုင်ပြောမယ်ပြောလိုက်၊ လိုချင်တာတွေ တောင်းလိုက်လုပ်နေတော့တာပေါ့။ နောက်ဆုံး နာရီဝယ်ပေးဖို့တောင်းဆိုလို့ ချစ်လျှက်နဲ့ ကံဆိုးနေသူ နှစ်ယောက်မှာ ဝယ်ပေးရတာပေါ့။

တစ်ခါ ညနေစာစားနေတုန်း မောင်လူအေးက အကျယ်ကြီးထရီပြီး ကိုမောင်လုံးဘက်လှည့်ပြီး
- ဟဲ ဟဲ ပြောလိုက်ရမလား။ ဘယ်လိုလဲ..

ကိုမောင်လုံးခမျာ မျက်နာကြီး ရဲခနဲဖြစ်သွားသလို၊ မဖြူလည်း ရှက်လို့ ထမင်းစာပွဲကထပြီး အခန်းထဲ အမြန် ပြေးဝင်သွားလေရဲ့။

မဖြူတို့နှစ်ယောက်မှာ သြဂတ်(စ)လကုန်အထိ ကိုမောင်လုံးက မဖြူကို လက်ထပ်ခွင့် မတောင်းမခြင်း ဒီလိုအနေအထားကြီးနဲ့ နေကြရပါတယ်။ အပျော်ရွှင်ရဆုံးနေ့တစ်နေ့ရောက်လာပါပြီ။ မောင်လုံးက မဖြူ့မိဘတွေနဲ့ စကားပြောပြီး လက်ထပ်ဖို့ သဘောတူခွင့်ရတာနဲ့ မောင်လူအေးကို ရှာဖို့ ပန်းခြံထဲ ဆင်းပြေးသွားတယ်။ မောင်လူအေးကို တွေ့လည်းတွေ့ရော ကိုမောင်လုံး ပျော်လွန်းလို့ အသံကျယ်ကြီးနဲ့ အော်ပြီး မောင်လူအေးလေး နားရွက်ကို ဆွဲလာတယ်၊ မဖြူကလည်း အပျော်နဲ့ ပြေးလာ မောင်လူအေးလေးရဲ့ ကျန်တဲ့ နားတစ်ဖက်ကို ဆွဲလိုက်ပါတယ်။ ချစ်သူနှစ်ယောက်က ပျော်လွန်းလို့ မျက်နှာပေါ် ပီတိတွေ ဖြာနေသလို၊ မောင်လူအေးလေးခမျာ နာလွန်းလို အော်ငိုပြီး တောင်းပန်ရှာတယ်။
- အကို အမတို့ရယ်၊ နောက်နောင်ကျ မလုပ်တော့ပါဘူး၊ တောင်းပန်ပါတယ်။

မောင်လုံးနှင့် မဖြူ သည် တစ်ဦးကိုတစ်ဦး ချစ်ပြီးသည့်နောက်ပိုင်း မောင်လူအေးလေး နားရွက်ကို ဆွဲရသည့်နေ့လောက် ပျော်ရွှင်ရသောနေ့ မရှိပါဟု နောက်ပိုင်းတွင် ချစ်သူနှစ်ဦး ပြောဖြစ်ကြလေသည်။


နာမည်ရင်းများ

မောင်လုံး - အီဗန် အီဗန်နိုဗိ(ခ်ျ)
မဖြူ - အန်နာ ဆယ်မျိုနိုဗာ
မောင်လူအေး - ကိုးလျာ

8 comments:

တားမြစ် ထားသော... July 21, 2008 at 6:28 PM  

ဟား ဟား။ ကောင်း၏။ လူဆိုးလေးတော့ ခံရပြီပေါ့။
............................................
မူရင်းတော့မသိပါ။ ဘာသာပြန်ဆိုပေမဲ့ ဖတ်ကောင်းပါတယ်။ ဝေမျှတာ ကျေးဇူးပါ။

tmn July 21, 2008 at 6:39 PM  

အခု မောင်လူအေး နားရွက်ကလေးကို ကားလို့ပဲ... :P
....................
ကိုဇနိ... ဘာသာပြန်လေး ဖတ်လို့ကောင်းတယ်

အိမ်လွမ်းသူ(မှန်နီကုန်း) July 21, 2008 at 6:51 PM  

ဘာသာပြန်ကတော့ ရှယ်ပဲဗျို့..။
ဖတ်လို့ကောင်းလိုက်တာ..ဗျာ..။
ကိုဇနိရေ..နောက်ထက်လဲ မျှဝေပေးအုံးနော်...။
ဇူးဇူးပဲနော်...။

Republic July 21, 2008 at 6:59 PM  

အတွေးပွားကြည့်ရင်...
၁ ) နယူတန်ရဲ့နိယာမလိုပါပဲ ၊၊သက်ရောက်မှုတိုင်းမှာ တန်ပြန်တဲ့ သက်ရောက်မှုရှိစမြဲပါ ၊၊ခံစားချက်ပမာဏတူပြီး ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း ဆန့်ကျင်ဘက်ပေါ့ ၊၊
၂) မတည်မြဲခြင်းသဘော တစ်ခုပါ ၊၊
အကောင်း အဆိုး အမြဲ တလှည့်စီပေါ့ဗျာ ၊၊

khin oo may July 21, 2008 at 7:13 PM  

ရးသူ အမည်မသည် မိ။ ကိုဇနိထင်၏. မဇနိမောင်လေးအမသိ။ မောင်လူအေးထင်၏. :D

မဖြူ July 21, 2008 at 9:03 PM  

ကိုဇနိကတော့ အချိန်ကိုက်ပဲနော်။ သိတယ်နော်အဟဲ အန်တီ့ကိုပြန်တိုင်ပြောလိုက်ရမလား။ :P

မြရွက်ဝေ July 22, 2008 at 3:50 AM  

ဘာသာပြန်လေးတွေ ဖတ်ရတာကောင်းတယ်။

မဇနိ July 22, 2008 at 4:58 AM  

ကိုဇနိရေ ဒီဖက်က မောင်လူအေးလေး တကယ်ကို နားရွက်ကားနေပြီနော်။ မဇနိလည်း ကြောက်နေရတယ်။ ဒီစာတွေ ပေးဖတ်လိုက်ရမလား။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP