မီးပွိုင့်

>> Saturday, July 26, 2008


အခုစာရေးဆရာ Фазиль Искандер(ဖာဇီ(လ်) အီစကန်ဂျယ်) က Abkhazia တွင် ၆၊မတ်လ၊၁၉၂၉ မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့စာတပုဒ်ကို ကျောင်းသင်ခန်းစာမှ သင်ခဲ့ဖူးလို့ အင်တာနက်မှာ လိုက်ရှာလိုက်တော့ အခုဘာသာပြန်လိုက်တဲ့ အတိုတပုဒ်နဲ့အတူ သူရဲ့အခြားစာတွေလည်းကိုပါ တွေ့ပါတယ်။ အခြားစာတွေကိုလည်း နောက်အလျင်းသင့်ရင်လည်း ဘာသာပြန်ပါဦးမယ်။ သူဟာ စာပေဆုများစွာရတဲ့ သူတစ်ယောက်ဖြစ်တာ တွေ့ရပါတယ်။ အခုအချိန်မှာ မော်စကိုမှာ နေထိုင်လျက်ရှိပါတယ်။



မီးပွိုင့်
ဖာဇီ(လ်) အီစကန်ဂျယ်


အရုပ်ကလေးတစ်ရုပ်လို ချစ်စရာကောင်းလှတဲ့ ဂျာမန်ရှေးဟောင်းမြို့လေးတစ်မြို့။ ကျနော်တို့ အဖွဲ့ဝင်အနည်းငယ်ပါတဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ တည်းခိုတဲ့ ဟိုတယ်ကလေးကို ညမိုးချုပ်နောက်ကျပြီး ပြန်လာကြတယ်။ လမ်းမကို ဖြတ်ကူးမယ်ဆိုတော့ မီးပွိုင့်က အနီရောင်ပြနေပါတယ်။ ဒါပေမယ့်လည်း လမ်းမပေါ်မှာ မောင်းနေတဲ့ကားမှ မရှိတော့ လမ်းကို ဖြတ်ကူးကြမယ်ပေါ့။ ကျနော်တို့တွေက လမ်းကူးဖို့လုပ်တော့ ဂျာမန်တချို့ဆီက လမ်းကူးမှာကို မကြိုက်တဲ့အသံတွေ ထွက်လာပါတယ်။ သူတို့တွေကတော့ လူသွားလမ်းပေါ်မှာ မီးစိမ်းကို ရပ်စောင့်နေပါတယ်။ ကားတစီးမှမရှိဘဲ မတ်တပ်ရပ်ပြီး စောင့်နေပါတယ်။

အဲဒါက ဘာကိုဆိုလိုသလဲဆိုတာ ကျနော်စဉ်းစားမိတယ်၊ ဒီမိုကရေစီဆိုတာ ဟိုးအနိမ့်ဆုံးမှာရှိနေတာလား၊ ဒါမှမဟုတ် အရေးကြီးအဆင့်အတန်းမှာ ရှိနေတာလား။ ဒါက နိုင်ငံတော်နဲ့ ပြည်သူတွေကြားက ဖွင့်ပြောမထားတဲ့ အများဆိုင်ရာ သဘောတူစာချုပ်လိုမျိုး မဟုတ်ပေဘူးလား။

ပြည်သူတွေက မလိုက်နာပေမယ့် နိုင်ငံတော်က လိုက်ပြီးဖြည့်စည်းပေးရမဲ့ ကိစ္စတွေရှိတယ်။ နိုင်ငံတော်က စောင့်မကြည့်ပေမယ့်လည်း ပြည်သူတွေက လိုက်နာဖြည့်စည်းရမယ့် ကိစ္စတွေလည်းရှိပါတယ်။

ပြည်ကြီးသားပီသတယ်ဆိုတာက ကိုယ့်ဆေးလိပ်အစီခံကို ပြာခံအမှိုက်ပုံးဆီကို သယ်သွားတာပါ။ နိုင်ငံတော့်အလုပ်ကတော့ သိပ်မကွာဝေးလှတဲ့ နေရာတိုင်းမှာ ပြာခံအမှိုက်ပုံးတွေ ထားပေးရမှာ မဟုတ်လား။

ဒီမိုကရေစီနိုင်ငံတော်မှ ပြည်သူတစ်ယောက်က သူ့ပုဂ္ဂလိက အကျိုးအတွက် ရဲတွေစောင့်မနေတောင် ကိုယ့်ရဲ့သောက်ပြီးသား စီးကရက် ဖင်စီခံကို ပြာခံအမှိုက်ပုံးဆီကို သယ်သွားတတ်တယ်လို့ အဓိပ္ပါယ်ရောက်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်ဆိုတာကတော့ လမ်းမပေါ်ရဲတွေ ချထားတာထက် ပြာခံအမှိုက်ပုံးတွေ ပိုပြီးချထားပေးမယ်လို့ သဘောရပါတယ်။ အဲဒါမှသာ အကျိုးများစေတဲ့ ဒီမိုကရေစီစနစ်ရဲ့ လက်တွေ့အလုပ်ပါ။

အဲဒါက ဘယ်လို စဖြစ်လာမှာလဲဆိုရင် အထက်ကနေ အောက်ကို၊ အောက်ကနေ အထက်ကို ဆိုသလို တချိန်တည်းမှာဖြစ်နေတဲ့ ဖြစ်စဉ်တခုအဖြစ် စဉ်းစားနိုင်ပါတယ်။ သိပ်တော့ မသေချာပါဘူး။ မြင်သာထင်သာရှိတဲ့ ဥပမာတခုပြောကြည့်မယ်။ နိုင်ငံတော်မှာ အားလုံးအတွက် မြင်သာထင်သာအရှိဆုံးတခုကတော့ (ဂရုတစိုက်ပဲဖြစ်ဖြစ်၊ ပေါ့ပျက်ပျက်ပဲဖြစ်ဖြစ် သူ့ကို ရှုမြင်ကြလိမ့်မယ်။) နိုင်ငံတော် အာဏာပါပဲ။ ပြည်သူတွေက အာဏာကိုရှုမြင်တဲ့အခါ ကိုယ့်ကိုကို ဘာတွေပြန်ပြောဖြစ်သလဲဆိုတော့ - "ဟေ့ ကြည့်စမ်း မခိုးကြဘူး။ ဟေ့ ကြည့်စမ်း မလိမ်ညာကြဘူး။ ကြည့်စမ်း မနေ့က မှားခဲ့တယ်၊ ဒီနေ့မှာ (နောက်နှစ်မှ မဟုတ်ဘူး) မနေ့က မှားခဲ့တယ်ဆိုတာကို ဝန်ခံမယ်။ ကိုယ့်ဆေးလိပ်ဖင်စီခံကို ပြာခံအမှိုက်ပုံဆီကို သယ်သွားကြရော။"

မူရင်းကို ဒီမှာ ဖတ်နိုင်ပါတယ်။

9 comments:

မောင်ဖြူ July 26, 2008 at 1:17 AM  

စနစ်တစ်ခုကလဲ စာရွက်ထဲတင်ပြင်လိုက်ရင်တော့လွယ်သားဗျ။ ဒါပေမယ့် တကယ်လိုက်လုပ်ကြလားဆိုတာကျတော့ခက်လာရော။ ဒီစနစ်ကိုဆွဲတဲ့သူတွေမှာလဲ အဲဒီစနစ်ကိုယုံကြည်ရဲ့လား၊ ကိုယ်တိုင်ရောလိုက်နာစောင့်ထိမ်းရဲ့လားဆိုတာဆန်းစစ်ဖို့လိုပြန်ရော။ ရှေ့နွားဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက်လဲ ဖြောင့်ဖြောင့်လိုက်ကြလိမ့်မယ်။ ကိုယ်တိုင်ကလဲဖြောင့်ဖြောင့်မသွား၊ နောက်နွားကိုလဲကျော်တက်ခွင့်မပေးဘဲနဲ့ လမ်းပေါ်မှာပေကပ်ကြီးလုပ်နေလို့ကတော့ ခရီးဖင့်တာကလွဲလို့ ဘာမှဖြစ်လာမှာကိုမဟုတ်ဘူး။ နောက်နွားတွေကလဲ ကျော်တက်ချင်စိတ်နဲ့ ကျော်တက်နိုင်တဲ့နွားစွမ်းအားတွေတော့ လိုတာပေါ့ဗျာ။
ဘာပဲဖြစ်ဖြစ် ကိုဇနိဘာသာပြန်လေးတွေက အတွေးတစ်ခုခုတော့ပေးတယ်။ ဒါလဲကျေးဇူးတင်ထိုက်တဲ့အကြောင်းတစ်ခုပါပဲ။

တားမြစ် ထားသော... July 26, 2008 at 1:50 AM  

“သူတို့တွေကတော့ လူသွားလမ်းပေါ်မှာ မီးစိမ်းကို ရပ်စောင့်နေပါတယ်။ ကားတစီးမှမရှိဘဲ မတ်တပ်ရပ်ပြီး စောင့်နေပါတယ်။”
ဒီမိုကရေစီဆိုတာ သူ့တစ်ခုတည်းပြောရင် မပြည့်စုံပါဘူးတဲ့။ တရက်က ကိုသင်ကာဆီမှာ ဖတ်လိုက်ရတယ်။ ထားတော့ အကြီးအကျယ် မဆွေးနွေးနိုင်မှတော့ သိတာပြောမယ်။
ရန်ကုန်မြို့မှာတော့ ကားတွေ ပွိုင့်မိလား၊ မမိလားဆိုတာ၊ လမ်းသွားတွေနဲ့ မဆိုင်သလိုပါပဲ။ သူတို့ကူးချင်ကူးတာပဲ။ လွတ်လပ်ခွင့်ရှိတယ်ဗျ။ ဒါမှမဟုတ် တမျိုးပြောရရင် စည်းကမ်းမရှိတာလား။
စဉ်းစားရင်တော့ အဖြေပေါ်မယ်ထင်တယ်။ အိပ်ရေးဝလို့ တရေးနိုးရင် အကြံပေါ်တတ်သတဲ့။ အရင်အိပ်လိုက်အုံးမဗျာ။း)
*******************************
တကယ်ကောင်းတဲ့ ပို့စ်လေးပါ။ ဘာသာပြန်ချက်တွေကတော့ ဘာသာပြန်ဆရာတွေရဲ့ လက်ရာနဲ့ ခွဲခြားမရအောင်ကို သာမန်မဟုတ်၊ တကယ့်အလုပ်ရဲ့ ရလာဒ်မှန်း သိသာနိုင်ပ။

Republic July 26, 2008 at 9:53 AM  

ကိုဇနိ ..စာကောင်းတယ် ၊အဓိပ္ပါယ်လည်းရှိတယ် ၊၊
ကြိုက်တယ် ကိုဇနိ ၊၊

မေအောင် July 26, 2008 at 2:11 PM  

ဖတ်တယ်
ကောင်းတယ်
တွေးနေတယ်

မြရွက်ဝေ July 26, 2008 at 3:10 PM  

ဒါဖတ်ပြီး "စည်းကမ်းဟူသည် လူ့တန်ဖိုး" ဆိုတာကို သတိရမိတယ်။

အခြား July 26, 2008 at 5:37 PM  

အခြေအနေတစ်ရပ်မှာ အခြေခံပြီး စနစ်တစ်ခုကို poing of view တစ်ခုကနေ မြင်သာအောင် ပြသွားတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ထိမိတယ်။ လူတစ်ဦးခြင်းစီနဲ့ စနစ်ကို တည်ဆောက်တာ မြင်သာစေတယ်။ လူတစ်ဦးခြင်းစီနှင့် နိုင်ငံတော် ...... ဘယ်လိုတာဝန်တွေ ရှိကြတယ်ဆိုတာ ဥပမာလေး တစ်ခုနဲ့ ပုံဖေါ်ထားတယ်။ ကိုဇနိရဲ့ စေတနာကို လေးစားပါတယ်။ ;P အချိန်ရမယ်ဆိုရင် အဲဒါမျိုးတွေ နောက်ထပ်နောက်ထပ် ......

Yu Wa Yi July 26, 2008 at 11:21 PM  

မီးပွိုင့်ဆိုလို့ ဝင်လျှာရှည်လိုက်ဦးမယ်နော်။ ကျွန်မတော့ မီးပွိုင့်နီနေလည်း အခြား ဘာကားဘာဆိုင်ကယ်မှမရှိတဲ့ အချိန်နဲ့ တိုးရင် ဖြတ်မောင်းပစ်လိုက်တာပါပဲ။ အချိန်ကုန်သက်သာတယ်လေ။ ဘယ်သူ့ ကိုမှတော့ မထိခိုက်ဘူးပေါ့။ အင်းဒါပေမယ့်....

nu-san July 27, 2008 at 3:51 PM  

အဟီး.. အမလည်း မီးပွိုင့်နီနေပေမယ့် လူရှင်း ကားရှင်း စက်ဘီးရှင်းရင် ဖြတ်ကူးတာပဲ.. ဒါပေမယ့် အများရှေ့မှာဆိုရင်တော့ သူတို့ ကူးမှ ကူးပါတယ်။ စည်းကမ်းထားတာတာက လိုအပ်လို့ လုပ်ထားတာဆိုတော့ အားလုံး လိုက်နာနိုင်ရင် အကောင်းဆုံးပါပဲ။

ကိုဇနိရဲ့ ဘာသာပြန်တွေကို အားပေးနေပါတယ်နော်.. :)

tmn July 27, 2008 at 10:53 PM  

ဖတ်လို့ကောင်းပ... ကိုဇနိ... အဲဒါမျိုးလေးတွေ နောက်ထပ် ဘာသာပြန်ဦး...:D

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP