နိပွန်ပြည်မှာ အိမ်ငှားမယ်

>> Tuesday, July 1, 2008


နိပွန်ပြည်မှာ အိမ်ငှားမယ်
မဇနိ
1 July 08

လူတိုင်းဟာ နားခိုစရာနေရာလေးတွေ မရှိမဖြစ်လိုအပ်ကြပါတယ်။ စား၊ ၀တ်၊ နေရေးဆိုပြီး မရှိမဖြစ်ဆိုတော့လည်း ဘယ်နေရာ ဘယ်ဒေသရောက်ရောက် နေစရာအိမ်လေးတွေ ရှာကြရတာပါ။ နေစရာရှာတဲ့အခါမှာ ကာလ၊ ဒေသပေါ်မူတည်ပြီး ဒုက္ခအမျိုးမျိုး ကြုံတွေ့ကြရတယ်။ စင်္ကာပူမှာ အိမ်ရှာကြရတဲ့အကြောင်းကိုလည်း “ကျွန်တော်နှင့် စင်္ကာပူမှ ခရုခွံလေးများ” ဖတ်ရတာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ WeSheMe မှာလည်း “၀င်ကစွပ်”ဆိုပြီးရေးထားလို့ ဖတ်ရပါတယ်။ ကိုအန်ဒီပေးတဲ့နာမည်လေးကို အတော် သဘောကျမိပါတယ်။ ကျွန်မတို့ ရောက်တဲ့နေရာမှာ နေစရာလေးတွေရှာပြီး ပြီးရင် ထားခဲ့ကြရတာမလို့ပါ။


မိဘအရိပ်မှာ ခိုခဲ့စဉ်ကတော့ အပူအပင်မရှိပေါ့။ အိမ်ငှားရတဲ့ ဒုက္ခဆိုတာ နားမလည်ခဲ့ပါဘူး။ နိပွန်ပြည်ရောက်တော့ လာကတည်းက သူတို့စီစဉ်ထားတဲ့ အဆောင်တော်ကြီးမှာ နေခဲ့ရတယ်။ ဒုက္ခဆိုတာ နားမလည်ခဲ့ပြန်ဘူး။ အစစအရာရာ အဆင်ပြေတဲ့နေရာမှာ တက်နေခဲ့ရတာဆိုတော့ အိုကေမှာစိုပြေပေါ့။ ဒါပေမယ့် အဆောင်က ၁ နှစ်ပြီးတော့ ထွက်ရမယ်တဲ့။ အဲဒါမှ ဒုက္ခနဲ့လှလှတွေ့ရပါတော့တယ်။ အချိန်မပြည့်ခင် ၂ လအလိုကတည်းက အိမ်ရှာဖို့ ပြင်ဆင်ရပါတယ်။ ပိုက်ဆံလည်း ကြိုစုရပါတယ်။ စကားကလည်း ကောင်းကောင်းမတတ်တော့ စိတ်ညစ်မိတာ အမှန်ပါ။ အိမ်မရှာလည်း နေစရာမရှိတော့ အိမ်ရှာပုံတော် ထွက်ဖို့ ပြင်ရတော့တယ်။

ဂျပန်မှာ အိမ်ငှားတော့မယ်ဆိုရင် ယန်းသောင်း ၂၀ အနည်းဆုံး လက်ထဲမှာ အဆင်သင့်ဖြစ်နေရမယ်။ ဒါကလည်း အတော်အသင့်အိမ်လောက်ပဲ ရှာမှာမလို့ပါ။ သူတို့ ဂျပန်တွေနေသလို အိမ်ရှာမယ်ဆိုရင်တော့ သောင်း၃၀ လောက်ရှိရမှာပါ။ အိမ်ရှာပေးတဲ့ မီနီလေးတွေက နေရာအနှံ့ ပေါလှပါတယ်။ ဂျပန်မှာ အိမ်ပိုင်မယ်ဆိုရင် အတော်အဆင်ပြေတဲ့သူတွေပါ။ တော်တော်များများက အိမ်ငှားနေကြရပါတယ်။ မီနီတွေဒီလောက်များတာ အကုန်များ အိမ်ငှားနေကြတာလားလို့တောင် စဉ်းစားမိပါတယ်။

အိမ်ငှားတဲ့ မီနီတွေ သွားရင် ပွဲစားခပေးရမှာ ကြောက်လို့ ကျောင်းက Co-op ကိုပဲ သွားကြည့်ပါတယ်။ အဲဒီမှာ စာအုပ်တွေနဲ့ အိမ်လိပ်စာ၊ ဈေးနှုန်း၊ ဘယ်ဘူတာကနေ ဘယ်နှစ်မိနစ်လမ်းလျှောက်ရတယ် စသည်ဖြင့် ကြည့်ရှာနိုင်ပါတယ်။ အရေးကြီးတာက ဘယ်လောက်ကျယ်လဲ ရေချိုးခန်း၊ အိမ်သာက ပါပြီးသားလားဆိုတာ ကြည့်ရတယ်။ တချို့ အခန်းတွေမှာက ရေချိုးခန်း၊ အိမ်သာက ဘုံသုံးရပါတယ်။ မီးဖိုဆိုလည်း ဘုံသုံးရပါတယ်။ ဘုံသုံးရတယ်ဆိုပေမယ့် အခန်း ၃၊ ၄ ခန်းကို ရေချိုးခန်း၊ မီးဖို၊ အိမ်သာ စုသုံးရတယ်ပေါ့။ သပ်သပ်ရပ်ရပ်ရှိပေမယ့် ကိုယ့်က မိန်းကလေးတယောက်ထဲ နေမယ်ဆိုရင် အခန်းထဲမှာ အစုံပါပြီးသားကမှ ပိုအဆင်ပြေပါတယ်။ ဈေးချိုတယ်ဆိုပြီးသွားကြည့်လိုက်ရင် တခုမဟုတ်တခုလိုအပ်နေလို့သာ ဈေးချိုတာများပါတယ်။ ညက ဂျာမဏီက သူငယ်ချင်းပြောသလို သူနေတဲ့မြို့ကကို ပိုဈေးကြီးနေလို့တဲ့။ ကျွန်မနေတဲ့မြို့မှာလည်း ဈေးကြီးပါတယ်။ အတန်ငယ်သေးငယ်တဲ့ မြို့တွေထက်တော့ ၂ ဆနီးပါး ပိုပေးရတာပါပဲ။

ဘူတာနားလည်း နီးရမယ်၊ စူပါတွေလည်း နီးရမယ်ဆိုရင် ယန်း ၇၀၀၀၀ တန်က အနည်းဆုံးပါ။ ဒါကြောင့် အိမ်ငှားမယ်ဆို သောင်း ၂၀ လောက်ကုန်တယ်လို့ ခန့်မှန်းထားရပါတယ်။ ပွဲစားကို ၁ လစာ၊ deposit က ၁ လစာ၊ insurance (မီး၊ ငလျင်) က ယန်း ၁၄၀၀၀ ပေးရပါတယ်။ deposit ၁ လစာအိမ်ဆိုတာ အင်မတန်ရှာရခက်ပါတယ်။ နေရာကောင်းရင် ယန်း ၁၅၀၀၀၀ လောက် ပေးရပါတယ်။ အိမ်ဆောက်ထားတဲ့ သက်တမ်းပေါ်လည်း မူတည်ပြီး ဈေးကွာပါတယ်။ ဒီနိုင်ငံမှာက ငလျင်ကို အမြဲစဉ်းစားနေရတော့ သက်တမ်းကြာတဲ့အိမ်တွေဆို မနေချင်ကြပါဘူး။ ငလျင်ကလည်း တခါတလေ နေ့တိုင်းလောက်လှုပ်နေတာပါ။ တနေ့ ၂ကြိမ်ဆိုတာ ထက်ထက်မိုးဦးသီချင်းမဟုတ်ဘဲ ဒီမှာတော့ ငလျင်ဖြစ်နေပါတယ်။ ရောက်ခါစကဆို ဘာလုပ်ရမှန်း မသိအောင်ကြောက်ပေမယ့် အခုတော့ ဒန်းစီးရသလို ငြိမ့်နေမိတယ်။ ၆.၈ ငလျင်လောက်ကတော့ ကြုံဖူးနေတော့တာပါ။ ခပ်ပြင်းပြင်းငလျင်လှုပ်ပြီးခါစဆိုရင် အရေးပေါ်ကားသံတွေ ဆူညံနေတော့တယ်။ ထိခိုက်ဒဏ်ရာတွေလည်း ရကြတယ်။ ကျွန်မဆီမှာ ငလျင်လှုပ်ရင် အမ မမေအောင်နဲ့ ညီမပါ သူ့မြို့ကနေ ဘုရားစာရွတ်ပေးနေရပါတယ်။

အိမ်စရှာပြီဆိုတာနဲ့ တနေကုန်ခြေတိုအောင် သွားရပါတယ်။ ဒီအိမ်ကြည့်မယ်ဆိုပြီး ပြောလိုက်ရင် အိမ်ပိုင်ရှင်က ကားနဲ့လာခေါ်ပါတယ်။ ကားအကောင်းစားတွေနဲ့လာခေါ်ပေမယ့် အိမ်ကိုမကြိုက်ရင် အားနာစရာမလိုပါဘူး။ အားနာလို့ ငှားမိရင် ကိုယ်ပဲနေရတော့မယ် ၁ နှစ် ၂ နှစ်ပေါ့။ ဒီမှာက အိမ်ပိုင်ရှင်က သိပ်မာနကြီးကြတယ်။ တချို့က နိုင်ငံခြားသားဆို မငှားဘူး။ တချို့က ကျောင်းသားဆို မငှားပါဘူး။ အိမ်ငှားတဲ့နေရာမှာ သူတို့လူမျိုးတွေလည်း ကျွန်မတို့လို ပင်ပန်းကြတယ်လို့ ဘာသာစကားသင်တဲ့ ဆရာမက ပြောဖူးပါတယ်။ ကျွန်မတို့ကတော့ ဘာသာစကားအခက်အခဲက ပိုပါလာသေးတယ်။ အာမခံလက်မှတ်ထိုးရတဲ့နေရာမှာတော့ ကျွန်မတို့လို နိုင်ငံခြားသားက ပိုအလုပ်ရှုပ်ပါတယ်။ တချို့ကလည်း တာဝန်ကြီးတော့ လက်မှတ်မထိုးပေးချင်ကြပါဘူး။ ကျွန်မအိမ်ငှားတုန်းကတော့ ဂျပန်နဲ့အိမ်ထောင်ကျတဲ့ တခြားနိုင်ငံက သူငယ်ချင်းစုံတွဲက လိုက်ကူပေးပါတယ်။

အိမ်လည်းကြိုက်ပြီ၊ အာမခံပေးမယ့်လက်မှတ်လည်းရပြီဆိုရင် စာချုပ်ချုပ်လို့ရပါပြီ။ စာချုပ်တဲ့နေ့မှာ အိမ်သော့လည်းပေးလိုက်ပါတယ်။ ဒါပေမယ့် သော့လဲပေးမယ့် ကုမ္ပဏီကလာရင် သော့ဖိုး ယန်း ၁၇၀၀၀ ပေးလိုက်ရပါသေးတယ်။ စာချုပ်တဲ့နေ့ကရတဲ့ သော့က အရင်လူတွေသုံးသွားတာဆိုတော့ စိတ်မချရဘူးဆိုတဲ့သဘောနဲ့ လဲရတာပါ။ နေရာတိုင်းစိတ်ချရအောင် လိုက်စဉ်းစားပေးတာကတော့ ဟုတ်ပါတယ်။ ပိုက်ဆံတွေလည်း လိုက်လို့မနိုင်ဘူးပေါ့။ အဲဒီအဆင့်ရောက်ဖို့က စိတ်မောလူမောနဲ့ပါ။ ကျွန်မဆို တပတ်လောက်က အိမ်မတွေ့ပါဘူး။ ကျောင်းသားတွေကလည်း မတ်လကုန်ဆို ထွက်တဲ့သူက ထွက်တယ်။ ပြောင်းရမည့်သူတွေကလည်း အိမ်ရှာရတယ်။ တချို့ကလည်း သူတို့နေတဲ့အခန်းဆက်နေမလား။ deposit မပေးရဘူးပေါ့။ ဈေးသက်သာလို့သွားမနေလိုက်ပါနဲ့ ပိုဆိုးမယ်။ အိမ်ပျက်စီးတာတွေ ကိုယ်ထွက်မှ စုလျော်နေရမှာမလို့ပါ။

တနေ့တော့ ကျွန်မက ယန်း ၅ သောင်းအိမ်ကို သွားကြည့်နေတုန်း ထိုင်းက သူငယ်ချင်းက ယန်း ၄ သောင်းတန်ကို သွားကြည့်နေပါတယ်။ သူသွားကြည့်မယ့်အိမ်က ပိုတန်ပါတယ်။ မီးဖိုခန်း သီးသန့်ပါတယ်။ ရေချိုးခန်းသပ်သပ်၊ အိမ်သာသပ်သပ်၊ deposit က ၁ လစာ၊ ပွဲစားက ၁လစာဆိုတော့ ကျွန်မလည်း အဲဒီအိမ်လေးလိုချင်တယ်။ သူက ဂျပန်စကားပိုတတ်တော့ သူရှာတွေ့တာပါ။ ကံကောင်းချင်တော့ သူက ဖုန်းခေါ်လာပါတယ်။ သူ့အိမ်ဘေးမှာ ပုံစံတူ၊ ဈေးတူတအိမ်ရှိသေးတယ်တဲ့။ အပြေးလေး သွားကြည့်တာပေါ့။ ကုမ္ပဏီက ကားနဲ့လာခေါ်ပါတယ်။ ကားပေါ်မှာ ဖိနပ်ကို အိတ်နဲ့ယူလာပေးတယ်။ အိမ်ထဲဝင်ခါနီးရင် ဖိနပ်လေးချပေးပါတယ်။ အိမ်လေးကိုမြင်တော့လည်း ကျောင်းနဲ့က ၇ မိနစ်လောက် လမ်းလျှောက်ရတာဆိုတော့ သဘောကျသွားပါတယ်။ ကျောင်းကလည်း တနေကုန်နေကြတာဆိုတော့ ကျောင်းနားနီးမှ အဆင်ပြေပါတယ်။ ဒါနဲ့ပဲ ဈေးအားလုံးတွက်လိုက်တော့(Reservation fee (tetsukekin)၊ Deposit (shikikin)၊ Key money (reikin)၊ Service fee (chukai tesuryo)) ယန်း ၂၀ သောင်းကုန်သွားပါတယ်။ အမှိုက်ပစ်ခက တစ်လကို ယန်း ၂၀၀၀ ပါသေးတယ်။

အိမ်ပြောင်းတော့မယ်ဆိုရင် မတိုင်ခင် ၃ ရက်လောက်မှာ ရေ၊ မီး၊ ဂက်စ် ကို ဖုန်းဆက်ပြောရပါတယ်။ ဘယ်သူမှ ကူမည့်သူမရှိတော့ ကိုယ်တိုင်ပဲ တတ်သလောက်ချရပါတယ်။ ရေ နဲ့ မီးကတော့ ကိုယ်ပြောင်းတဲ့နေ့ ဘယ်နှစ်နာရီရစေမယ်ဆို အတိအကျရပါတယ်။ သူတို့မေ့နေရင် ဘယ်လိုလုပ်ပါ့မလဲလို့ စိတ်မပူရပါဘူး။ ဂက်စ်ကတော့ လူကိုယ်တိုင်လာပါတယ်။ ဘယ်ချိန်လာရမလဲဆိုတာ ချိန်းပြီး အတိအကျပဲလာပါတယ်။ ဂက်စ်မီးဖိုပိုက်တပ်ပေးတယ်။ ရေချိုးခန်းပိုက်တွေ တပ်ပေးတယ်။ ဒုက္ခရောက်တာက အင်တာနက်ပါ။ အရင်အဆောင်မှာတော့ ပိုက်ဆံလည်း မပေးရ၊ ရောက်တာနဲ့ အင်တာနက်ကြိုးက အဆင်သင့်ဆိုတော့ အဆင်ပြေလှပါတယ်။ အပြင်လည်းရောက်တော့ ဒုက္ခတွေမျိုးစုံစတွေ့တော့တာပါ။ သူတို့က ရောက်စတုန်းက အစစ အဆင်ပြေလှတဲ့နေရာမှာ ပစ်ထည့်ထားတော့ ခုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေပြီလို့ သူငယ်ချင်းတွေနဲ့ ပြန်ပြောမိပါတယ်။ အင်တာနက်လျှောက်တာကလည်း တစ်လလောက်ကြာပါတယ်။ provider နာမည်မျိုးစုံရှိနေတော့ ဟိုဟာယူရမှလိုလို၊ ဟိုကပဲ ၂ လ အလကားပေးတာ၊ ဒီက ipod လက်ဆောင်ပေးတာ၊ ဟိုက ၆ လ အလကားနဲ့ ဘယ်ရွေးရမှန်းမသိတော့ ၁ လခွဲလောက်ကြာပါလေရော။ အင်တာနက်မရှိရင် မနေတတ်တဲ့သူဆိုတော့ ပိုပင်ပန်းတယ်ထင်ပါတယ်။

တချို့တော့လည်း အိမ်ကို ရှယ်ယာနေကြပါတယ်။ သူငယ်ချင်း ၂ ယောက်က ၃ ယောက်ရှယ်ယာနေဖို့ ပြောပေမယ့် မနေဖြစ်ခဲ့ပါဘူး။ အိမ်က မိသားစုတွေ သူငယ်ချင်းတွေလာလည်မယ်ဆိုရင် ကိုယ်တယောက်ထဲနေတဲ့အတွက် ဘယ်သူ့ကိုမှ တိုင်ပင်နေစရာမလိုတော့ပါဘူး။ ရှယ်ယာနေမယ်ဆိုရင် ကျွန်မလို ဟင်းအမြဲချက်၊ ရေနွေးအသုံးများ၊ heater မဖွင့်ရင် ချမ်းတတ်တဲ့သူအတွက် မလွယ်ဘူးဆိုတာ တွေးမိတော့ အစကတည်းက တယောက်ထဲ ဈေးနိုင်မည့်နေရာမျိုး ရှာခဲ့တာပါ။ အခုအိမ်လေးကတော့ နေရတာ အဆင်ပြေပါတယ်။ အိမ်ပိုင်ရှင်ကလည်း အဝေးမှာနေတဲ့အတွက် အနေကျုံ့စရာမရှိပါဘူး။ အိမ်လခကိုလည်း ဘဏ်အကောင့်ထဲ ထည့်ပေးရတဲ့အတွက် အခုချိန်ထိ အိမ်ပိုင်ရှင်ကို မမြင်ဖူးပါဘူး။ တချို့တော့လည်း အိမ်ပိုင်ရှင်နဲ့ အပေါ်ထပ်၊ အောက်ထပ်နေရတဲ့အခါ အနေကျုံ့ကြတယ်ပြောပါတယ်။ ဧည့်သည်လာရင် လာပြန်ပေါ့ဆိုပြီး အမျိုးမျိုးဆင်ခြင်နေရတယ်ပြောပါတယ်။

အိမ်အသစ်ပြောင်းမယ်ဆိုရင် အိမ်အဟောင်းကိုလည်း ဒီတိုင်းထွက်လာလို့မရပါဘူး။ အဆောင်မှာ ဘယ်လိုသန့်ရှင်းခဲ့ရမယ်ဆိုတာ တီဗွီကြည့်ရပါတယ်။ သန့်ရှင်းရေးပစ္စည်းတွေကို သူတို့ဆီက ယူလို့ရပါတယ်။ အဲယားကွန်းကိုဖြုတ် အထဲက စကာတွေကို ဆေးကြောရတယ်။ လိုက်ကာတွေ အ၀တ်လျှော်စက်ထဲ ထည့်ရတယ်။ မီးဖိုခန်းကို သန့်ရှင်းရေးလုပ်ရတယ်။ မီးဖိုခန်းက အနံ့စုပ်ပန်ကာတွေ ဆေးရတာ လက်တွေတောင် နာပါတယ်။ ရေချိုးခန်းဆေးရတယ်။ ကြမ်းတိုက်ရတယ်။ ပြောင်လက်ရဲ့လားလို့ အခါခါပြန်ကြည့်ရပါတယ်။ ကိုယ်စနေတော့လည်း သူတို့က ပြောင်လက်နေတဲ့အခန်း ပေးခဲ့တာပါ။ အိမ်ငှားတဲ့အခါလည်း သန့်ရှင်းပေးထားပါတယ်။ ကျွန်မပြန်ထွက်တဲ့အခါမှာလည်း ပြန်ရှင်းပေးခဲ့ရအုံးမှာပါ။ ကူမည့်သူမရှိတော့လည်း အစစ ကိုယ်တိုင်လုပ်ရတော့တာပါပဲ။ အိမ်ပြောင်းတဲ့လက ကျောင်းလုံးဝ မသွားနိုင်ပါဘူး။ ပြန်လာရင် ပင်ပန်းပြီး ဘာမှမလုပ်နိုင်တော့ပါဘူး။ ပြောင်းပြီးတဲ့အခါ ရပ်ကွက်ရုံးကို လိပ်စာသွားပြောင်းရတယ်။ စာတိုက်မှာ လိပ်စာသွားပြောင်းရပါတယ်။ အားလုံးပြီးစီးသွားပြီဆိုရင်တော့ လူလဲ အတော်ပင်ပန်းသွားပါပြီ။ နောင်တခါ အိမ်ပြောင်းရမှာ တွေးတောင်မတွေးချင်တော့ပါဘူး။ မနေ့ညက ဂျာမဏီက သူငယ်ချင်းလည်း အိမ်ရှာရတာ မောလိုက်တာလို့ ညည်းလာလို့ ဒီပို့စ်ရေးလိုက်တာပါ။ အားလုံးပဲ အဆင်ပြေတဲ့ နားခိုစရာလေးတွေ ရှာတွေ့ကြပါစေ။

မဇနိ

16 comments:

Anonymous July 1, 2008 at 8:17 PM  

မဇနိရေ၊ အရေးညက်ပ၊ အရမ်းဖတ်လို့ကောင်းတယ်။ ကျွန်တော်တို့လို ဘော်ကျော့တွေအတွက်တော့ အထူးအဆန်းပဲ။ သူများတိုင်းပြည်မှာစာသွားသင်ရတဲ့ကျောင်းသားတစ်ယောက်အဖို့၊ အခက်အခဲတွေကအတော့အများသားနော်။ စာကတစ်ဖက်၊ ဘာသာစကားကတစ်မှောင့်၊ နေရေး၊ထိုင်ရေးရောဆို တော်တော်ကိုမလွယ်တာ။ မဇနိကတော့ အတော်ကိုအတွေ့အကြုံရှိသွားပြီ။ ကျွန်တော်တို့ကတော့ တကယ့်ကျောင်းသားစိတ်မကုန်သေးဘူး။ ခုကျောင်းပြီးကာနီး ပရော်ဖက်ဆာတွေလက်မှတ်ယူတာတောင်၊ ဟိုမသွားရဲ၊ ဒီမသွားရဲ၊ ဟိုဟာမှား၊ ဒီဟာမှားနဲ့။ ကိုဇနိရေ ခင်ဗျားတော့မပူနဲ့တော့။ နေရေး၊ထိုင်ရေးကအစ မဇနိကအကုန်တာဝန်ယူလိမ့်မယ်။ ခင်ဗျားတို့နှစ်ယောက်အိမ်ငှားရင်ပဲဖြစ်ဖြစ်၊ အိမ်ဆောက်ရင်ပဲဖြစ်ဖြစ်၊ ကျယ်ကျယ်ဝန်းဝန်းလေးတော့လုပ်ဗျာ။ ဒါမှ တစ်လကိုးသီတင်းတန်သည် လာလည်လို့ရမှာ။ :P

Anonymous July 1, 2008 at 8:52 PM  

အိမ်ရှာရတာ မောနေတုန်း မဇနိပို့စ်ကို ဖတ်လိုက်ရတော့ ငါ့နု့တူတူပါပဲလားလို့ ထင်မိတယ်
ဟုတ်တယ် ငါလဲ ဒီမှာ အိမ်ရှာရတာမောတယ်
မြန်မာဆိုလို့ ကိုယ်တစ်ယောက်ပဲ ရှိတာမို့လဲ ပိုဆိုးတယ်

nu-san July 2, 2008 at 5:28 AM  

မဇနိရေ.. ပို့စ်လည်းဖတ်ပြီးရော အမလည်း မောပြီးကျန်ခဲ့သလို ခံစားရတယ်.. အမတို့တုန်းကတော့ ကိုယ်တိုင် အိမ်မရှာရဘူး.. ရုံးက HR ကို ဘယ်လိုပုံစံမျိုးနေချင်ပါတယ်ဆိုတာ ပြောလိုက်ရင် သူတို့က ရှာပေးတယ်.. သူတို့တွေ့တဲ့ဟာတွေကို ပုံတွေနဲ့ လာပြပေါ့.. အဲဒီအထဲက စိတ်ကြိုက် ပြန်ရွေးယူရတာ။ အမက ဟင်းချက်မှာဆိုတော့ မီးဖိုခန်းနဲ့ အိပ်ခန်းကို သပ်သပ်ပါတဲ့ဟာကိုပဲ ရွေးယူတာမို့ အချိန်နည်းနည်းကြာသွားတာ တခုပဲ။ ဒီမှာက အိပ်ခန်းနဲ့ မီးဖိုခန်း တွဲလျက်တွေက များတယ်နော်..

အမတို့ဆီမှာတော့ အောက်ဆုံးထပ်ဆိုရင် ဈေးပိုသက်သာတယ်.. ပြီးတော့ ရပ်ကွက်လေ။ တချို့ရပ်ကွက်ဆိုရင် HR က အမျိုးသမီးက အမတို့ နေချင်တာတောင် မငှားပေးဘူး။ ခဏခဏ လူသတ်မှုဖြစ်လို့တဲ့။ အမတို့လည်း အခုထိ အိမ်ရှင်မမြင်ဖူးဘူး။ အိမ်ငှားနေရင် လူစုနေတာက ပိုက်ဆံသက်သာပေမယ့် ရေရှည်မှာ သီးသန့်နေတာက ပိုကောင်းတယ်လို့ အမလည်းထင်တယ်။ စိတ်မညစ်ရဘူးပေါ့နော်..

တနေရာကနေ တနေရာ ပြောင်းတာ အမလည်း အတော်ကြောက်နေပြီ။ ဘာမှသာမဟုတ်တာ အရမ်းပင်ပန်းလို့...ညီမ ဘယ်မှာနေတာလဲတော့ မသိဘူးရယ်.. ဒါပေမယ့် အမတို့ဆီရောက်ရင် လာလည်နော်.. အိမ်လည်ခေါ်ပါတယ်.. မဇနိရော မမေအောင်တို့ရော ညီမလေးတို့ရော..ပေါ့နော်..:)

Anonymous July 2, 2008 at 6:05 AM  

မဇနိရေ...တကယ်စုံစုံလင်လင်ကိုရေးထားတာပဲ။ ကြိုက်တဲ့အိမ်ခန်းတွေ့ပြန်တော့လည်းပြောင်းရဖို့ ကျောင်းကနေအထောက်အထားရဖို့ ကျောင်းရုံးခန်းကိုခဏခဏ သွားပြီးဂျီကျပေးရသေး။ တကယ်ကိုမလွယ်တာပဲနော်။
အစ်မ မနုစံ..အိမ်လည်ခေါ်တာကျေးဇူးတင်ပါတယ်နော်။ မနုစံနေတဲ့နေရာက osaka castle အနီးတ၀ိုက်မှာလို့ထင်ပါတယ်။ ညီမက osaka castel လာဖို့ဆိုရင် ရထားနဲ့ ၄၅ မိနစ်လောက်ကြာပါတယ်။

မြရွက်ဝေ July 2, 2008 at 6:27 AM  

မဇနိရေ..
ကျမတော့ အိမ်ငှါးရတဲ့ ဒုက္ခမကြုံလိုက်ဘူး။ အမျိုးသားက သူ့ဘာသာရှာပြီး ငှါးထားလို့။ ဒီမှာနိုင်ငံခြားသားကိုငှါးရင် ထောက်ခံမယ့်သူမရှိရင် ငှါးလို့မရဘူးရယ်။ တော်ရုံဂျပန်ကလဲ မထောက်ခံပေးချင်ကြဘူး။ ကျောင်းသားဆိုရင် ကျောင်းက ထောက်ခံပေးရင် ရတယ်ဆိုဘဲ။ ကျမ အမျိုးသားကတော့ အင်တာနက်မှာ သူအဆင်ပြေတာရှာပြီး အလုပ်လုပ်တဲ့ ကုမ္ပဏီကိုပြောလိုက်တယ်။ ကုမ္ပဏီက အိမ်အကျိုးဆောင်ကို လှမ်းဆက်သွယ်ပေးတယ်။ အခန်းကြိုက်မကြိုက်လာကြည့်ခိုင်းပြီးမှ ငှါးတာ။ ကုမ္ပဏီက ထောက်ခံပေးတော့ ဘာမှ စိတ်မညစ်ရဘူးပေါ့။ ငှါးတာကလဲ အိမ်အကျိုးဆောင်ကနေတဆင့်ဆိုတော့ အိမ်ရှင်ဆိုတာ မြင်တောင်မမြင်ဖူးဘူး။ ဒီမှာ အိမ်ရှင်အတော်များများက အိမ်အကျိုးဆောင်ကနေဘဲ ငှါးကြတယ်။ သူ့အတွက် ငှါးခမရမှာလဲမပူရ၊ အကျိုးဆောင်လဲ ပွဲခရဆိုတော့ အဆင်ပြေကြတယ်။

အိမ်ခန်းဆိုလို့ ဒီရောက်ခါစ ဂျပန်က လုံးချင်းတိုက်အိမ်တွေကြည့်ပြီး အရမ်းအံ့ဩတာဘဲ။ အပြင်ကနေကြည့်တော့ ပုတုတုနဲ့ အရုပ်အိမ်လေးတွေနဲ့တူတယ်။ သူတို့ဘယ်လိုများနေကြပါလိမ့်လို့ တွေးမိတယ်။ နောက်ကျမှသိတော့တယ် အတွင်းကျတော့ မြင့်သားဘဲ။ အုတ်ရိုးက မထူလို့ကိုး!
ကျမနေတဲ့ マンションကို ရောက်ခါစကလဲ အတော်အံ့ဩတယ်။ ဓာတ်လှေခါးနဲ့ အပေါ်ရောက်လာတော့ အလယ်လမ်း ဟိုဘက်ဒီဘက် မျက်နှာချင်းဆိုင် တခါးရွက်တွေ တန်းစီနေတော့ ဟယ်! ဘယ့်နှယ့်ပါလိမ့်ပေါ့။ မြန်မာပြည်မှာဆို ဒီလိုမြေကွက် အလယ်ခေါင် လှေခါးနဲ့ ဟိုဘက်ဒီဘက် တစ်ခန်း၂ခန်းဘဲရှိရမယ့်ဟာကို ဒီမှာ ၆ခန်းတောင်ရှိတယ်။ ငါတော့ လူပုလေးတွေ အိမ်ထဲရောက်ပြီလားမသိလို့ တွေးလိုက်မိတယ်။ သူတခါးဖွင့်ပြီး အခန်းထဲစဝင်တော့ ပိုအံ့ဩမိသွားတယ်။ ဝင်ဝင်ချင်း မီးဖိုချောင်ဖြစ်နေလို့။ မီးဖိုချောင်ရဲ့ မျက်နှာချင်းဆိုင်မှာ ရေချိုးခန်းအိမ်သာတွဲရက်လေး။ ကာတွန်းကားထဲရောက်သွားသလား မှတ်ရတယ်။ ဂျပန်တွေရဲ့ ဦးနှောက်ကိုလဲ အတော်ချီးကျူးမိတယ်။ ဒီနေရာကျဉ်းကျင်းလေးမှာ သူ့ဟာနဲ့သူ ကွက်တိ ဆောက်ထားလို့။

ကျမနေတဲ့အခန်း ဘယ်လောက်ကျယ်လဲဆိုတာ ဘလော့အစပိုင်းမှာ ပုံရှိတယ်။ :D အခု ဒီစာကလေးအိမ်ထဲ သူ့ကွန်ပြူတာပစ္စည်းတွေ အပြည့်နဲ့ ခြေချစရာတောင် မရှိတော့အောင် ဖြစ်နေပြီ။ ပြောင်းရရွှေ့ရတဲ့ ဒုက္ခကို ကြောက်ကြောက်တာရယ်၊ အိမ်လာလည်မယ့်သူ မရှိတာရယ် ဒီလိုဘဲ နေလိုက်ဦးမယ်။ တီတီတာတာလေး မလာခင်အထိပေါ့။ မဟုတ်ရင်တော့ မလွယ်ဘူးမဇနိရေ့!:P
[ကျဉ်းလဲ ကိစ္စရှိဘူးဆိုရင် ဒီဘက်ကိုရောက်ရင် လာလည်နော်:)]

Anonymous July 2, 2008 at 6:35 AM  

ဟူးး...ဖတ်ပြီးမောလိုက်တာ အမရယ် စုံနေတာပဲ အဖြစ်တွေကတော့ ရွှေပြည်ကြီးမှာဆိုရင်တော့ ကောင်းသားနော့် ဘုန်ကြီးကျောင်းမှာ တည်းလိုက်ရတာပေါ့ ပိုက်တွေ နှမြောစရာကြီး များလိုက်တား) ။ ကျနော်တော့ ဘာပဲဖြစ်ဖြစ် အိမ်အကြောင်းလေးဖတ်ရရင် ပျဉ်ထောင် ဓနိမိုးလေးနဲ့  အမေ့အိမ်ကိုပဲ လွမ်းတယ် ။

nu-san July 2, 2008 at 8:14 AM  

မဇနိရဲ့ ပို့စ်လေးက တကယ်အသုံးဝင်တာပဲ.. အချင်းချင်း အိမ်လည်ခေါ်နေကြတာ.. ညီမလေး မြရွက်ဝေ.. အမ လာလည်မယ်သိလား.. :D

ညီမရေ.. အမနေတာ Osaka Umeda Station နားမှာပါ။ Umeda station ကနေ အမတို့အိမ်ကိုဆို ၁၀ မိနစ်လောက် စက်ဘီးစီးရတယ်။ ရထားနဲ့ဆို ၁ ဘူတာပဲ။ တကယ်လာလည်နော်.. :)

megumi July 2, 2008 at 8:29 AM  

このポストを見て私が引っ越した時を思い出しました。そうですね。日本で引っ越しするのってお金もいっぱいかかるし、時間もかかりますよ。、一人だけだと凄く大変なことだと思います。私は日本に来て4回も引っ越したことありました。今の家もそろそろ更新しなきりゃ。。。。もう二度と引っ越したくないくらい大変さがわかります。
ところで、お姉さんがどこに住んでますか。知り合いになりたいです。他のお姉さんたちとも知り合いになりたいんで伝えてもらえますか。よろしくお願いします。

ဖိုးသောကြာ July 2, 2008 at 10:04 AM  

ဂျပန်သွား ကျောင်းတတ်ရတယ်ဆိုတာ မြန်မာပြည်က ကျောင်းသားအများစုအတွက်တော့ အိပ်မက်ပေါ့။ ဒါပေမယ့် ရောက်နေတဲ့သူတွေလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်၊ မလွယ်ပါလားဗျာ။

အခက်ခဲဆိုပေမယ့်လည်း အတွေ့ကြုံရတယ်လို့ သဘောထားပေါ့ဗျာ။ ဘော်ဂျော့တွေကတော့ သိတဲ့အတိုင်း အစုန်မှာမျောနေကြတာဆိုတော့ အဆန်ကျမှ ကောင်းကောင်းမောကြရဦးမှာ။ ကိုယ့်ဘ၀ရှေ့ရေးကိုယ် တွေးတောင်မတွေးချင်ဘူး။

Anonymous July 2, 2008 at 10:17 AM  

ကိုမောင်ဖြူရေ တစ်လကိုးသီတင်းတော့ မလုပ်နဲ့လေဗျာ။ ကိုမောင်ဖြူတို့ ကိုဇနိတို့က ကံကောင်းပါတယ်။ အိမ်ကြီးရခိုင်တွေနဲ့ နေရတာ။ ဒါလည်း ကုသိုလ်ကံပဲထင်ပါရဲ့။ ဘော်ကျော့က နာမည်သာမကောင်းတာ လူသက်သာတယ်ဗျ။ ကိုဇနိလည်း တူတူပဲ အားမငယ်နဲ့နော် ကိုမောင်ဖြူ။

ကေဖိုးရေ ဒီပို့စ်ကို ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်ဘူး။ မင်းနဲ့ စကားပြောလိုက်တော့မှ စိတ်ကူးရလို့ ရေးဖြစ်သွားတာ။ ကျေးဇူးသူငယ်ချင်း။

မမနုစံတို့က ပြောအားရှိတယ်။ အိမ်ဦးနတ်ကြီးတွေရှိတာပိုနော်။ အိမ်ဦးနတ်တန်ခိုးတွေသိရင် ဟင်းကောင်းကောင်းချက်ကျွေးလိုက်နော်။
မမတို့လို ရုံးရှိတဲ့သူက အဆင်ပြေလိုက်တာနော်။

ညီမရေ အခုပြောင်းပြီးတော့လည်း တော်သေးတယ်လို့ ပြောရမှာပေါ့နော်။ အိုဆာကာကိုလာတော့မှ အိမ်အသစ်ကို ကြည့်ရအုံးမယ်။

မမမြရွက်ဝေ ရေ မမကလည်း အိမ်ကြီးရှင်ရှိတော့ အသာနားခိုလိုက်ရုံပဲကိုးနော်။ အားကျတယ် မမရေ။ မမလို့ခေါ်နေတာ။ အသက်ကလည်း မသိဘူးဗျ။ မဇနိက ၂၈ ပါ။ ငယ်ရင်လည်း ပြန်ပြောအုံးနော်။
မမအိမ်ခန်းလေးကို ဟိုးအရင်က မြင်ဖူးတယ်။ ဖိနပ်လေး ၂ရံကို အားကျဖူးတယ်။
အခု အခန်းလေးသွားပြန်ကြည့်လိုက်မိသေး။
လာလည်ဖို့ မမက ဘယ်ကလဲ တိတေးဝူးဗျ။

မောင်မျိုးရေ မောရင် အအေးတိုက်မယ်။ ဖြေးဖြေးသက်သာဖတ်လေ။ ပို့စ်ထဲကထက် အပြင်မှာ ပိုမောတယ်ဝေး။ အမလည်း ရွှေပြည်တော်က ဘုန်းကြီးကျောင်းလိုချင်သားနော်။ ဓနိမိုးလေးနဲ့ အမေ့အိမ်ကတော့ လောကမှာ အကောင်းဆုံး နားခိုစရာပေါ့ကွယ်။

မမနုစံကတော့ လုပ်ရော့မယ်။ အလည်တွေ ဖိတ်ခေါ်နေကြတယ်။ မမမြရွက်ဝေ၊ ညီမနဲ့ megumi တို့လည်း လာလည်နိုင်ပါတယ်။ မဇနိက ယိုကိုဟားမားမှာနေပါတယ် မမ၊ ညီမလေးတို့ရေ။

megumi ဆိုတဲ့သူငယ်ချင်းလည်း လာလည်ပါနော်။
ဘလော့ကို လာလည်တာလည်း ကျေးဇူးတင်ပါတယ်။

ဟား ဟား ကိုသောကြာကတော့ ပြောပြီ။ ဘော်ကြော့ချင်တိုင်း ကြော့လို့မရဘူးဗျ။ ကူသိုလ်ကံလေးပါလို့သာ နေလို့ရတာပါ။
အိမ်လခမပူရ၊ ရေပူရေအေး ကြိုက်သလိုသုံး၊ အခန်းကျယ်ပြန့်လှတဲ့ ကိုသောကြာတို့ဆီမှာ နေချင်သားဗျာ။
အဆန်မတွေ့တဲ့ အစုန်တွေကြီးပဲဆိုရင် ဘာပူစရာလိုတော့မလဲနော်။

မြရွက်ဝေ July 2, 2008 at 2:39 PM  

မဇနိက အဝေးကြီးအထိ လိုက်ရှာဖတ်ထားတာဘဲ။:D ပြီးခဲ့တဲ့လက ပို့စ်ထဲမှာ မွေးနေ့ပို့စ်ပါတယ်လေ။ ဖယောင်းတိုင်ရေကြည့် :P။ နောက်တာ 81 မွေးတာပါ။
တိုကျိုမှာနေတယ်။ မြို့လယ်ခေါင်တော့ ဟုတ်ဘူး။ 足立区 北綾瀬 မှာ။

Unknown July 2, 2008 at 4:09 PM  

မဇနိရဲ့အရေးအသားကတော်တော်ကောင်းတယ်။
ဖတ်လို့ကောင်းလိုက်တာ။ကိုယ့်မြန်မာပြည်မဟုတ်သရွေ့ အိမ်ငှားရတဲ့ဒုက္ခကမသေးဘူးမဇနိရေ။
ဂျာမနီမှာလဲအိမ်ငှားရတာမလွယ်ပါဘူး။

Anonymous July 2, 2008 at 7:06 PM  

ဦးထုပ်လေးဆောင်းလိုက်
၊ခြေထောက်ကိုဆေးလူးလိုက်
ကိုဇနိနဲ့ချတ်လိုက်နဲ့မို့ချစ်စရာ
အိမ်ကလေးကို
မေ့နေသလားလို့။မေ့ဘူးပဲ။
အစ်မနုစံရေ ကျေးဇူးတင်ပါတယ်
အစ်မလဲဘုရားဖူးလာခဲ့ပါဦးနော်။

khin oo may July 2, 2008 at 7:38 PM  

excellent

Anonymous July 4, 2008 at 9:38 AM  

ညီမ မြရွက်ဝေရေ ဖယောင်းတိုင်သွားရေကြည့်ပြီးပြီနော်။ မမ ဟုတ်တော့ဘူးနော်။ ごめんなさい。

Kyawt အမြဲလာလည်တဲ့အတွက် ကျေးဇူးအထူးတင်တယ်နော်။ အစစ အဆင်ပြေပါစေ။

အမ မေအောင်နော် မဇနိဦးထုပ်လေးကို လိုချင်နေတာ မဟုတ်လား။ အိမ်လေးကို လာလည်အုံးအမရေ။

မမKOM ကျေးဇူး။

diLo July 7, 2008 at 11:21 AM  

nipon mha 8 nghar chin buu :(

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP