Kust Sireni (နောက်ဆုံးပိုင်း)

>> Thursday, July 17, 2008


နှင်းပန်းခြုံ (နောက်ဆုံးပိုင်း)
အလက်ဇန်းဒါ ကူပရင်
နှင်းပန်းခြုံ - ၁
နှင်းပန်းခြုံ - ၂


အစဆုံး သူတို့နှစ်ယောက် အပေါင်ဆိုင်ကို သွားကြတယ်။ ဈေးဖြတ်တဲ့သူကလည်း လူ့ဒုက္ခတွေကြောင့်ဖြစ်နေတဲ့ မပြုံးမရွှင်မျက်နှာတွေကို မြင်ရတာရိုးနေပြီဆိုတော့ အဲဒါတွေကလည်း သူ့ကို သနားကြင်နာလာအောင် မစွမ်းဆောင်နိုင်ပါဘူး။ သူက ယူလာတဲ့ ပစ္စည်းတွေကို အသေအချာ အကြာကြီးကြည့်တယ်။ မလုံး ဒေါသတောင် စထွက်လာပြီ။ တကယ်ပါပဲ စိန်လက်စွပ်ကို အက်စစ်နဲ့တိုက်စားပြီး စစ်တယ်၊ ပြီးတော့ သုံးရူဘယ်(လ်)ပဲ ဈေးပေးတာကိုး။

- ဒါ စိန်အစစ်ရှင့်။ စိတ်လှုပ်ရှားပြီးပြောလိုက်တယ်။ - ဒါက (၃၇)ရူဘယ်(လ်)တန်ပါတယ်ရှင် ပိုက်ဆံလေးအဆင်ပြေတုန်းက ၀ယ်ထားတာပါ။
ဈေးဖြတ်တဲ့သူက ဘယ်လိုမှ မခံစားရဘူးဆိုတဲ့ ပုံစံနဲ့ မျက်လုံးလေးကို စင်းထားတယ်။



- အမကြီးရဲ့ ကျနော်တို့အတွက်ကျတော့ မထူးပါဘူးခင်ဗျ။ ကျနော့်တို့က ကျောက်ပစ္စည်းတွေကို လက်မခံပါဘူး။
သူက ချိန်ခွင်ပေါ်ကို နောက်ပစ္စည်းတခုတင်းရင်းနဲ့ပြောလိုက်တယ်။
- ကျနော်တို့က ရွှေသား၊ ငွေသားကိုပဲ တန်ဖိုးဖြတ်တာပါ။
ပြီး ဟောင်နွမ်းလိမ်ကောက်နေတဲ့ လက်ကောက်ကြီးကိုကျတော့ မလုံမမျှော်လင့်ထားတဲ့ ဈေးအများကြီးပေးပါလေရော။ အားလုံဒပေါင်းလိုက်တော့ (၂၃) ရူဘယ်(လ်)လောက်ရတော့ လိုအပ်တဲ့ငွေပမာဏထက်တောင် ပိုနေပါသေးတယ်။

ကိုဖြူတို့ဇနီးမောင်နှံ ဥယျာဉ်မှုးဆီကိုရောက်တော့ အဖြူရောင် ပီတာစဘတ်ညနေခင်းက ကောင်းကင်တခွင်ကို ဖြန့်ကြက်တာပြီး၊ လေထုထဲ အပြာရောင်နွားနို့တွေ ဖြန်းထားသလိုပေါ့။ ရွှေကိုင်းမျက်မှန်တပ်ထားတဲ့ အဖိုးကြီးအိုပေါက်စပုံစံနဲ့ ချက်လူမျိုး ဥယျာဉ်မှုးက သူ့မိသားစုနဲ့အတူ ညစာစားဖို့ ထိုင်တုန်းရှိပါသေးတယ်။ အတော့်ကို နောက်ကျရောက်လာပြီး၊ ညဖက်အလုပ်လုပ်ဖို့လာအပ်တာကို အံ့သြသွားပြီး၊ စိတ်ထဲကလည်း သူမကျေနပ်လှပါဘူး။ ဖြစ်နိုင်တာက.. တခုခုကို လိမ်ညာခိုင်းမှာကို သံသယရှိတာထင်ပါတယ်၊ မလုံးက ဘယ်လိုလုပ်ချင်တာပါပြောတာမျိုးကို ခပ်ရိုင်းရိုင်းနဲ့ တုန့်ပြန်ပါတယ်။
- တောင်းပန်ပါတယ်ဗျာ။ ညအချိန်ကြီးမှာ အလုပ်သမားတွေကို ဒီလောက်ဝေးတဲ့ဆီ သွားမခိုင်းနိုင်ပါဘူး။ မနက်ဖြန်မနက်ခင်းမှာ လုပ်လို့ ခင်ဗျားတို့ အဆင်ပြေရင်တော့ ကျနော်လုပ်ပေးနိုင်ပါတယ်။

အဲဒီတော့လည်း မလုံးက လုပ်စရာတခုကျန်တော့တာပေါ့။ ဥယျာဉ်မှုးကို ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ဆေးစက်လေးရဲ့ သမိုင်းကြောင်းကို အကုန်ပြောရတော့တယ်။ အစပိုင်းတော့ ဥယျာဉ်မှုးက မယုံကြည်သလိုနဲ့၊ နောက်အသေအချာနားထောင်ပြီးမှ ခံစားလို့ရပြီး ပြုံးလာတော့တယ်။

- အင်းပေါ့ဗျာ၊ ဒီတော့လည်း ဘာလုပ်ရလဲ- မလုံးလည်း ပြောပြီးရော ဥယျာဉ်မှုးက သဘောတူလိုက်တယ်။ - ကိုင်းပြောဗျာ ဘယ်လိုပန်းဆို ပန်းခြုံစိုက်ဖို့ အဆင်ပြေမလဲ။

ဥယျာဉ်မှုးဆီမှာရှိတဲ့ ပန်းမျိုးတွေကလည်း တခုမှ လိုချင်တဲ့ပုံစံမှရှိပါဘူး။ နောက်ဆုံး လိုချင်ချင်၊ မလိုချင်ချင် နှင်းပန်းခြုံ စိုက်ဖို့ပဲ လက်ခံရတော့တာပေါ့။
ကိုဖြူက မလုံးကို အိမ်ပြန်နှင့်ဖို့ပြောတာ မရဘူး။ မြို့ပြင်ကို ကိုဖြူနဲ့အတူ လိုက်လာပြီး ပန်းခြုံ စိုက်မပြီးမချင်း ဟိုလိုလုပ်ပါ့လား၊ ဒီလိုလုပ်ပါ့လားနဲ့ အလုပ်သမားတွေကို သွားပြီး ရှုပ်နေတယ်။ နောက်ဆုံး ပန်းခြုံခြေရင်းကမြေကို အဲဒီနားတ၀ိုက်က ဘေးမြက်ခင်းပင်တွေခွဲမရအောင်ကို လုပ်ပေးမှာပါဆိုပြီး ပြောမှ သဘောကျပြီး အိမ်ပြန်သွားလေရဲ့။

နောက်နေ့ရောက်တော့ မလုံး အိမ်မှာ အငြိမ်ထိုင်မနေနိုင်ဘူး၊ ယောက်ကျားပြန်အလာကို လမ်းမပေါ်ထွက်ပြီး ပြေးကြိုလေရဲ့။ သူမက လမ်းမပေါ်မှာ သူ့ယောက်ကျား မြောက်ဆွမြောက်ဆွနဲ့ လာတာကို အဝေးကြီးကတည်းက မြင်ပြီး၊ ပန်းခြုံကိစ္စတော့ အောင်မြင်စွာ အဆုံးသတ်လိုက်ပြီဆိုတာကို သိပြီးသား။ တကယ့်ကိုပါပဲ ကိုဖြူကြီးလည်း ဖုန်တွေတလုံးလုံးနဲ့ ပင်ပန်းလွန်းလို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့တောင် အနိုင်နိုင်ဖြစ်နေတာ။ ဒါပေမယ့် အောင်မြင်မှုကြောင့်ရလာတဲ့ ၀မ်းသာမှုပိတိကတော့ မျက်နှာပေါ်မှာအထင်းသားကြီးပေါ့။

- သိပ်ကောင်း၊ သိပ်ပျော်စရာကွာ။
စိုးရိမ်နေတဲ့ မိန်းမမျက်နှာကိုမြင်လိုက်လို့ ခြေဆယ်လှမ်း အကွာလောက်ကတည်းက အော်ပြောလိုက်တယ်။
- မျက်လုံးထဲ ပုံဖော်ကြည့်ကွာ၊ တို့ ပန်းခြုံဆီကို မြင်းစီးပြီးသွားကြတယ်။ ပရော်ဖက်ဆာက ပန်းခြုံကို ငေးတယ်၊ သစ်ရွက်ကလေးတွေက ၀ါနေပြီး တချို့အရွက်က စုတ်တောင်နေတယ်။
- ဒါ ဘာသစ်ပင်အမျိုးအစားလဲ။ - ပရော်ဖက်ဆာက မေးတယ်။
- ငါကလည်း ပြန်ဖြေလိုက်တယ် - မသိပါဘူးခင်ဗျာ ဆရာကြီး။
- ဘူဇပတ်ပင်တွေလား မသိဘူး။
ငါကလည်း ပြန်ပြောလိုက်တယ်။
- ဘူဇပတ်ပင်ဖြစ်လောက်ပါတယ် ခင်ဗျ။
ပြီးတော့ ပရော်ဖက်ဆာက ငါ့ဖက်ကိုလှည့်လာပြီး လက်ကိုဆွဲနှုတ်ဆက်တယ်။
- အေး တောင်းပန်ပါတယ်ကွာ ဗိုလ်ကလေး။ ဒီပန်းခြုံကို မမှတ်မိဘူးဆိုတော့ ငါလည်း အဖိုးကြီးစဖြစ်နေပြီထင်တယ်။
- တကယ့်ကို သိပ်တော်ပြီး ဥာဏ်ထက်တဲ့ ပရော်ဖက်ဆာကြီးကွ။ ငါ သူ့ကို လိမ်ညာခဲ့ရတာ စိတ်မကောင်းပါဘူးကွာ။ တို့ကျောင်းမှာ အတော်ဆုံးပရော်ဖက်ဆာတွေထဲက တစ်ယောက်ကွ။ သူ့အသိဥာဏ်ကတော့ အံ့မခန်းပါပဲကွာ။ ဒေသမြေပုံတွေ အမှတ်ပေးတဲ့နေရာမှာတော့ မြန်လည်းမြန်၊တိလည်း အတော်တိကျတဲ့လူကြီးကွ၊ အံ့စရာလူကြီး။

မလုံးမှာတော့ သူပြောပြတာတွေကို အားမရနိုင်ပါဘူး။ သူ့ပရော်ဖက်ဆာနဲ့ ဘယ်လိုပြောခဲ့တယ်ဆိုတာတွေ အသေးစိတ်ကြားချင်လို့ ထပ်ခါထပ်ခါမေးရတယ်။ ပရော်ဖက်ဆာမျက်နှာက ဘယ်လိုပုံစံ၊ ငါတော့ အသက်ကြီးစပြုပါပြီဆိုတာကို ပရော်ဖက်ဆာက ဘယ်လိုအသံနဲ့ပြောတာ၊ ကိုဖြူဘယ်လိုခံစားရတယ်ဆိုတာတွေကို သူမကစိတ်ဝင်စားတာပါ။

သူတို့နှစ်ယောက်က အိမ်အပြန် လမ်းမပေါ်မှာ သူတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှ မရှိသလိုမျိုးနဲ့ တစ်ယောက်လက်တစ်ယောက်တွဲပြီး ပြုံးပျော်ပြီးပြန်လာကြတယ်။ လမ်းပေါ်ဖြတ်သွားဖြတ်လာတွေကလည်း ဒီစုံတွဲဘာဖြစ်ပါလိမ်းဆိုပြီး တအံ့တသြနဲ့ ရပ်ပြီးကြည့်ကြလေရဲ့။

ကိုဖြူတစ်ယောက် ဒီနေ့လောက် စားသောက်ကောင်းတာ တခါမှမရှိသေးဘူး။ စားသောက်ပြီးတော့ မလုံးက ကိုဖြူအခန်းထဲကို လက်ဖက်ရည်ခွက်ကလေး သယ်လာပေးတယ်။ လင်မယားနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နှစ်ယောက်လုံး ရုတ်တရက် ပြုံးလိုက်ကြတယ်။

- ရှင်က ဘာကို ရီတာလဲ။ - မလုံးကမေးတယ်။

- မင်းကရော ဘာလို့ ရီတာလဲ။

- ရှင်အရင်ပြော ကျမနောက်ပြီးကျ ပြောမယ်။

- အော် ဘာရယ်မဟုတ်ပါဘူးကွာ။ နှင်းပန်းခြုံ သမိုင်းကြောင်းကို တွေးမိပြီး ရီမိတာပါ။ မင်းကရော..

- ကျမလည်း ဘာရယ် မဟုတ်ပါဘူးရှင်။ ဒီနှင်းပန်းခြုံပဲပေါ့။ အခုလေ အဲဒီနှင်းပန်းတွေက ကျမရဲ့ထာဝရ အကြိုက်ဆုံးပန်း ဖြစ်သွားပြီ။

(၁၈၉၄)

နာမည်ရင်းများ
ကိုဖြူ - Николай Евграфович Алмазов - နီကိုလိုင် ရယ်(ဗ)ဂရာဖိုဗိ(ခ်ျ) အာ(လ်)မာဇော့(ဗ်)
မလုံး - Верочка – (Вера) - ဗျယ်ရိုချကာ (ခေါ်) ဗျယ်ရာ

ပြီးပါပြီ။

11 comments:

မြရွက်ဝေ July 17, 2008 at 4:28 PM  

ဝေး!!!!!! ခဏခဏ လာချောင်းရကျိုး နပ်သွားပြီကွ။ :)

Republic July 17, 2008 at 5:04 PM  

သေချာဖတ်ပါတယ်...ကိုဇနိ
သဘောကျနှစ်သက်ပါတယ် ။ ကြည်နူးစရာလေးပါ။
ဘဝမှာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် တကယ်ရပ်တည်နားလည်ပေးနိုင်မယ့် မလုံး လိုထာဝရ အဖော်တယောက်ရှိသင့်တယ်လို့ထင်မိပါတယ် ။

ကဲ..မဇနိရေ...သဘောပေါက်တယ်နော် ။

ကိုဇနိ..လိုအင်အားလုံးပြည့်စေဗျာ။

မေအောင် July 17, 2008 at 5:39 PM  

စိန်လက်စွပ်ကိုဈေးဖြတ်တော့ရင်ထဲမကောင်းဘူး
လက်ကောက်ဟောင်းကြီးကယ်ပေလို့ပေါ့
နာမည်တွေကိုအတည်ရေးပါလား
“ကိုဖြူတစ်ယောက် ဒီနေ့လောက် စားသောက်ကောင်းတာ တခါမှမရှိသေးဘူး။ ”
ဆိုတော့ဇာတ်လိုက်ကိုမေ့သွားပြီးတအားရီချင်တာ
ကိုဇနိရဲ့ဘာသာပြန်ဝတ္ထုလေးတွေအရမ်းကောင်းတာပဲ
ရသမျိုးစုံပေးတယ်။
နောက်ထပ်မျှော်နေလျက်

tmn July 17, 2008 at 6:03 PM  

ကိုဇနိရဲ့ ဇာတ်လိုက်တွေကတော့ နာမည်ကြီးတွေပဲဗျ... :P

khin oo may July 17, 2008 at 6:56 PM  

good.
if you do not mind let me make you smile

မောင်ကောင်းထက်ဟာသများ
စိတ်တဇ ဆေးရုံ
လူနာ ၁။ ၊၊ ငါရေးတဲ. စာအုပ် ဘယ်လို သဘော ရသလဲ.
လူနာ ၂။ ။ ဇာတ်ကောင် တွေ သိတ်များ သလား လို.
ဆရာမ။ ။ တယ်လီဖုံး စာ အုပ် ပျောက်နေတယ်။ ယူ သွားတဲ.လူ အမြန် ပြန်လာပေးပါ.

(ဇနိသို.ရည်ညွန်းသည်)

မောင်ဖြူ July 17, 2008 at 7:26 PM  

ပန်းချီဆရာတွေကတော့ ဆေးစက်ကျရာ အရုပ်ထင်တယ်တဲ့။ ကိုဖြူနဲ့မလုံးတို့ကတော့ ဆေးစက်ကျရာ ပန်းချုံပေါက်တယ်။ ကောင်းပ။ ကူပရင်ကတော့လုပ်လိုက်ရင်၊ ကျေးလက်နံ့လေးနဲနဲပါတယ်။ သူရေးတဲ့ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ပြန်ရိုက်ထားတာကြည့်ဖူးတယ်။ ရွာက လင်မယားနှစ်ယောက် အပန်းဖြေခရီးထွက်ရင်း ဒုက္ခရောက်ကြတာလေ။ အတော်ရီရတယ်။ ကိုကြီးငွေတို့လင်မယားကိုလဲ သွားသတိရပ။

ဘလူးဖီးနစ် July 18, 2008 at 2:59 AM  

ကိုဇနိရေ
အရေးကောင်းပါပေတယ်ဗျာ။ မူရင်းကို ဖတ်ဖူးပေမယ့် အခုလို မြန်မာလို ဖတ်ရတာ ပိုခံစားရတယ်ဗျာ။ ရုရှ က စာရေးဆရာတွေ တော်တော်ကောင်းတယ်ဗျာ။ ဒီ အကြောင်း ကို စာသင်ခန်းထဲမှာ ဖတ်ရင်း မျက်ရည်တောင် ၀ဲလာမိတယ်ဗျာ။
ပူစတော့စကီး စာတွေက ပိုဆိုးတယ်ဗျ။ စစ်အကြောင်းကို စစ်ဆိုတာ တစ်လုံးမှ မပါပဲ ပေါ်အောင် ရေးပြနိုင်တယ်ဗျာ။ ကျွန်တော်က ပါရမီမပါတော့ literature မှာ အားနည်းတယ်။ ဘာသာပြန်ချင်လို့ တေးထားတာတွေ ကိုဇနိ ပြန်လိုက်တာနဲ့ ကုန်သွားမှာတောင် စိုးရတယ်။ ပူစတော့ စကီးလေးတွေ နဲနဲ ချန်ထားနော်။ ဟားဟား .. စတာပါ။ ဘာသာပြန်နဲ့ ဖတ်ရတာ အရင် က မကြိုက်ဘူး။ ထောင့်နေလို့။ အခု လို ကိုဇနိက ဖတ်ကောင်းအောင် ပြန်လိုက်တော့လဲ အရသာရှိတယ်ဗျာ။... ကောင်းတယ်ဗျို့ ဆက်လုပ် ဆက်လုပ်

Yu Wa Yi July 18, 2008 at 3:46 AM  

စိတ်ဝင်စားစရာပဲနော်။

ပီဆာကျယ် July 18, 2008 at 9:07 AM  

ဇနိဆရာ၊
ကောင်းတယ် ကု(စ)ဆီရဲညီ လေးက။ ဘာသာပြန်ပေးတာကျေးဇူး။ ဇနိဆရာမလည်း နေကောင်းလား။ သင်တန်းတက်နေတုန်း ဗော်(လ)ဂါကို သတိရတယ်။

nu-san July 20, 2008 at 12:05 PM  

ကိုဇနိရေ.. ဒီနှင်းပန်းခြုံကို အပိုင်းဆက်တွေနဲ့တင်ကတည်း က အမ လာလာချောင်းတယ်.. ဒါပေမယ့် မဖတ်သွားဘူး။ ဘာလို့လည်းဆိုတော့ အဆုံးထိ တင်ပြီးမှ ဖတ်မယ်လို့ စဉ်းစားထားလို့.. ပထမဆုံး ၀တ္ထုနာမည်ကို ပေးကတည်းက “နှင်းပန်းခြုံ”ဆိုတာကို သဘောကျတာ... ၀တ္ထုတိုကို ဘာသာပြန်ပေးပြီး ဝေမျှပေးတာ ကျေးဇူးပါ.. “မလုံး” လို ပါရမီဖြည့်ဖက် ဖြစ်အောင်တော့ ကြိုးစားရဦးမယ် ကိုဇနိရေ.. :P

အခြား July 20, 2008 at 4:46 PM  

နောက်ဆို ကိုဇနိပဲ အားကိုးရတော့မှာ။ မြသန်းတင့်၊ နတ်နွယ်၊ ပြီး ကိုဇနိ ပေါ့။ အားပေးလျှက်ပါ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP