မသိုးအလှမြတ်သင်္ကန်းလှူကြမယ်

>> Saturday, July 5, 2008


မဇနိ
5 July 2008




ဝါဆိုလပြည့်နေ့နီးလာပြီဆိုတော့ ၀ါဆိုပန်း၊ ၀ါဆိုသင်္ကန်းကပ်ဖို့ အမေပြင်ဆင်လောက်ပြီလို့ သတိရမိပါတယ်။ တဆက်တည်းမှာပဲ ကထိန်သင်္ကန်း၊ မသိုးသင်္ကန်းကပ်လှူကြတဲ့ တန်ဆောင်မုန်းလကိုလည်း သတိရမိသွားတယ်။ တန်ဆောင်မုန်းလရောက်ရင် ကထိန်ပွဲတွေရှိတော့ ဈေးဝယ်သွားရတယ်။ ပဒေသာပင်သီးရတယ်။ အိမ်နားနီးချင်းတွေရော အိမ်ရှိလူကုန်ပါမကျန် အလုပ်တွေရှုပ်ကြပါတယ်။ ဒါတင်မကသေးပါဘူး ရွာကအမတွေ မသိုးသင်္ကန်းယက်ပြိုင်ပွဲလာမှာဆိုတော့ ဂျင်းပေါက်တွေ ၀ယ်ရတယ်။ လက်ဖက်နှပ်ရတယ်။ အမတွေက ၁၄ ရက်နေ့ည မသိုးသင်္ကန်းပြိုင်ပွဲလာမယ်လို့ အကြောင်းကြားလာရင် ကျွန်မတို့ကလေးတွေကလည်း ပျော်ပါတယ်။



ကျွန်မတို့အဒေါ်တို့ရွာက အညာထည်အမျိုးမျိုးရက်လုပ်ပါတယ်။ တရွာလုံး ကောင်မလေးတွေက ယက္ကန်းအလုပ်ပဲ အားထားလုပ်ကိုင်ကြတော့ လက်ကသွက်တယ်။ ချည်စောင်အမျိုးမျိုး၊ မြန်မာလွယ်အိတ်အမျိုးမျိုးထွက်ပါတယ်။ အမေဆို ကျွန်မတို့ငယ်ငယ်က သူ့အမတွေပို့ပေးတဲ့ လုံချည်ကသာ ထူထူထဲထဲရှိတာဆိုပြီး အမြတ်တနိုးဝတ်တာပါ။ အခုမှသာ အမေရယ် ချည်လုံချည်တွေက ထူတော့ လေးလို့ပါဆိုပြီးပြောမှ သိပ်မ၀တ်တော့တာ။ အဲလို ယက္ကန်းအဓိကထားတာရယ် ဥက္ကဌကြီးက စည်းရုံးရေးကောင်းတာရယ် ရွာကလူညီတာရယ်နဲ့ ကျွန်မတို့မြို့မှာ မသိုးသင်္ကန်းရက်ပြိုင်ပွဲဆိုရင် နှစ်တိုင်းနီးပါး ဆုရတယ်။ သူတို့အခေါ်တော့ ဘကြီးသာဒိုးလို့ သူကြီးကို ခေါ်သံကြားဖူးပါတယ်။ အဲဒီသူကြီးကလည်း ချည်ပုဆိုးအကွက်ကျဲကြီးဝတ်လို့ တိုက်ပုံအကျီင်္ပင်နီရောင်နဲ့ ချည်တဘက်ကြီး ခေါင်းပေါင်လို့။ ရွာက အိမ်ထောင်သည်ထဲက ချမ်းချမ်းသာသာမိန်းမကြီးတွေ သူတို့က ယက္ကန်းလည်း နိုင်နင်းတဲ့သူတွေဆိုတော့ ခေါင်းဆောင်အမျိုးသမီးတွေပေါ့။

မသိုးသင်္ကန်းကို တစ်ညထဲ အပြီးရက်လုပ်ပြီး မနက်အာရုံတက်မှာ မြတ်စွာဘုရားကို ဆက်ကပ်လှုဒါန်းလို့ ရက်မကူးတာကြောင့် မသိုးသင်္ကန်းလို့ ခေါ်တာပါ။ ကထိန်ခင်းတဲ့နောက်ဆုံးရက် တန်ဆောင်မုန်းလပြည့်မှာ အမှီဆက်ကပ်လှူဒါန်းကြတဲ့ ရိုးရာပွဲတော် တခုပါ။ ကျွန်မတို့မြို့ရဲ့ သီဟိုရ်ရှင်(ဒီနေရာမှာ ဖတ်နိုင်ပါတယ်။) ဘုရားပရ၀ုဏ်အတွင်းမှာ အဖွဲ့ ၇ ဖွဲ့အနည်းဆုံးလောက် ၀င်ပြိုင်ကြပါတယ်။ ၀ိသာခါ စင်တော်၊ သုမနဒေ၀ီစင်တော်စသည်ဖြင့် နာမည်လှလှလေးတွေ ပေးကြပြီး နေရာယူထားကြပါတယ်။ မသိုးသင်္ကန်းပြိုင်ပွဲဝင်တော့မယ်ဆိုရင် ခေါင်းဆောင်အမျိုးသမီးကြီးတွေက အသက် ၃၅ ပတ်ဝန်းကျင်တွေပါ။ အပျိုကြီးခေါ်တဲ့ အသက် ၃၀ ပတ်ဝန်းကျင်တွေကလည်း ၄ ယောက်လောက်ပါတယ်။ အသက်ခပ်ငယ်ငယ် ၂၅ ပတ်ဝန်းကျင်တွေက ၄ ယောက်လောက်ပါပါတယ်။ အသက် ၁၂ နှစ်အရွယ် သွက်လက်ချက်ချာတဲ့ ကလေးမပေါက်စတွေက ၄ ယောက်လောက်ရယ်၊ စက်ချုပ်မြန်တဲ့သူက ၂ ယောက်လောက်ပါရပါတယ်။ ယောက်ျားလေးသန်သန်မာမာက ၄၊ ၅ ယောက်ပါသေးတယ်။

အဒေါ်တို့ရွာက ကျွန်မတို့မြို့နဲ့ ၄၅ မိနစ်လောက် ကားစီးရတယ်ဆိုတော့ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ မနက်ဆိုရင် သူကြီးအိမ်ရှေ့မှာ ကားကြီး ၂ စီးနဲ့ ယက္ကန်းပစ္စည်း အစုံအလင်တင်ကြ၊ လူစုကြနဲ့ တရွာလုံးဆူညံနေပါတော့တယ်။ နေ့လည် ၁၂ နာရီပတ်ဝန်းကျင်ဆိုရင် ဘုရားဝန်းထဲရောက်ပြီး နေရာပြင်ကြဆင်ကြလုပ်ပါတယ်။ အဒေါ်တို့ရွာနဲ့ အဆက်အစပ် မြို့နေဆွေမျိုးတွေကတော့ ညထမင်းတာဝန်ယူတဲ့အိမ်က ယူတယ်။ ကျွန်မတို့အိမ်ကတော့ ဒန်အိုးအကြီးကြီးတွေနဲ့ လက်ဖက်သုပ်၊ ဂျင်းသုပ်တွေ ပို့ပါတယ်။ ညနေ ၄ နာရီလောက်ဆိုရင် အစ်ကိုလာခေါ်တဲ့ ဂျစ်ကားစုပ်ကြီးနဲ့ ကျွန်မတို့ ကလေးတသိုက် ပျော်ပျော်ပါးပါးလိုက်ကြပါတယ်။ ညနေ ၅ နာရီမှာ ပွဲစတင်တော့မှာဆိုတော့ ၄ နာရီလောက်ဆို အားလုံးနေရာယူကြတာနဲ့ ကြည့်မည့်သူတွေကလည်း အလှတွေပြင်ပြီး စောင့်နေကြပါတယ်။ ကိုယ့်ရပ်ဆွေရပ်မျိုးတွေကလည်း ကိုယ့်ရွာအဖွဲ့ကို အားပေးဖို့ ၀ိသာခါစင်တော်ဘေးမှာ တိုးဝှေ့နေကြပါတယ်။

ညနေ ၅ နာရီထိုးခါနီး ၁၅ မိနစ်အလိုလောက်ဆိုရင် တာဝန်ကျရာနေရာအသီးသီးမှာ နေရာယူနေကြပါပြီ။ ၅ နာရီထိုးတာနဲ့ အကြီးအမှူးလူကြီးများက စည်တော်တီးပြီး အချက်ပေးပါတယ်။ ဆိုင်းတွေဝိုင်းတွေကလည်း တက်တက်ကြွကြွ အားပေးနေပါတယ်။ တညလုံးလည်း အဆက်မပြတ် နာမည်ကြီးဆိုင်းဝိုင်းတွေနဲ့ အားပေးနေကြပါတယ်။ ဘုရားဝန်းထဲမှာတော့ ခြေချစရာတောင် နေရာမရှိအောင် လူတွေပြည့်သိပ်နေပါတယ်။ ၀ိသာခါစင်တော်ဝန်းလို့ သတ်မှတ်ထားတဲ့ နေရာအတွင်းမှာ လက်နဲ့ လွန်းထိုးရတဲ့ လက်ယက္ကန်းစင်အပု ၅ စင်၊ အ၀တ်ချုပ်စက် ၂လုံး၊ ချည်ဆိုးရန် မိုးပြဲဒယ်တင်ထားသော မီးဖို၊ ရဟတ်၊ ရစ်စတာတွေနဲ့ နေရာယူထားပါတယ်။ ပါဝင်ကြမည့်သူတွေက ရွာထွက်ချည်ထည်လုံချည်၊ အကျီင်္တွေကို ဆင်တူဝတ်ဆင်ထားပါတယ်။ အပျိုမတွေကတော့ သနပ်ခါးပါးကွက်ကြားနဲ့ စပယ်ပန်းကုံးတွေကို ဖွေးနေအောင်ပန်ထားကြပါတယ်။ စပယ်ပန်းတွေကလည်း ရွာကသီကုံးပြီး ငှက်ပျောဖက်နဲ့ ထုပ်လာကြတာပါ။ ဖျာကြမ်းတွေခင်းထားတဲ့အပေါ်မှာ ၀ါပေါက်တွေဖြန့်ခင်းထားပါတယ်။

ပွဲစတာနဲ့ မိန်းမပျို ၅ ယောက်လောက်က ၀ါကောက်ခြင်းလုပ်ငန်းကို စတင်ပါတော့တယ်။ သွက်လိုက်တဲ့လက်တွေက ဇယ်စက်သလို ခဏချင်းပြီးသွားပါတယ်။ ရလာတဲ့ဝါဂွင်းကို ၀ါကြိတ်၊ ဗိုင်းတောင့်လုပ်တဲ့အဆင့်တွေကတော့ တကယ်ရက်လုပ်တဲ့နေရာမှာ ချန်လှပ်ပြီး ဗိုင်းငင်တဲ့အဆင့်ကို ကျော်လိုက်ပါတယ်။ အဆင်သင့်ဗိုင်းတောင့်တွေကနေ ရစ်နဲ့ ဗိုင်းငင်ပါတယ်။ ရွာသူပေါက်စကလေးတွေက ဗိုင်းငင်တဲ့နေရာမှာ ပြိုင်စံရှားပါ။ အမြန်ပြီးစေဖို့ ဖင်ချမထိုင်ဘဲ ဒူးထောက်လျက် ဗိုင်းငင်ပါတယ်။ ချည်ထွက်ကောင်းကောင်းနဲ့ လက်သွက်တဲ့သူတွေကို ရွေးခေါ်လာတာပါ။ ဗိုင်းငင်တဲ့နေရာကထွက်လာတဲ့ ချည်ဝင်တွေကို ချည်သေ့တဲ့သူက ဆက်လုပ်နေပါတယ်။ ကြားက ချည်ဝင်တွေကို အားတဲ့လူက ချည်သေ့တဲ့ဆီ ပို့ပေးနေတယ်။ သူကြီးကိုယ်တိုင်လည်း အားမလိုအားမရ ၀င်ကူနေတာလည်းရှိရဲ့။ ဟိုအော်ရ ဒီငေါက်ရနဲ့ဆိုတော့ မိုးလင်းရင် သူကြီးခမျာ အသံမထွက်တော့ပါဘူး။ ပြိုင်ပွဲဝင်ရာမှာလည်း အမှန်ကန်ဆုံး၊ အသန့်ရှင်းဆုံးဖြစ်အောင် အကဲဖြတ်ဒိုင်လူကြီးများက အဆက်မပြတ်လှည့်လည် စောင့်ကြည့်နေရပါတယ်။ ဗိုင်တောင့်ကနေ ဗိုင်းငင်း၊ ချည်သေ့ပြီးမှ ချည်ခင်ရလာတဲ့ အဆင့်မှာ အချိန်အတော်အတန်ပေးရတဲ့အတွက် အဆင်သင့်ချည်ခင်တွေနဲ့ အစားထိုးတာတွေရှိတတ်လို့ပါ။ အဖြူစင်ဆုံး အသန့်ရှင်းဆုံး မသိုးသင်္ကန်းစစ်စစ်ဖြစ်စေရန်အတွက် လူကြီးများက စောင့်ကြပ်ရခြင်းဖြစ်ပါတယ်။

ချည်သေ့လို့ရလာတဲ့ ချည်ခင်တွေကို ကိုကိုကာလသားတို့ မီးဖိုပေါ်မှာမိုးပြဲဒယ်ကြီးထဲမှာ ချည်ဆိုးပါတယ်။ ဗိုင်းငင်တဲ့လူက ဆက်ငင်၊ ချည်သေ့တဲ့သူကသေ့၊ ချည်ဆိုးတဲ့သူကဆိုးနဲ့ လက်မလည်အောင် လုပ်နေရပါတယ်။ ဆိုင်းဝိုင်းသံတညံညံ၊ လက်ခုပ်သံတဖျောင်းဖျောင်းက ပြိုင်ပွဲဝင်တဲ့သူတွေကို အားအင်ဖြစ်စေပါတယ်။ ချည်သေ့နေတဲ့လူက ရဟတ်လေးများ တခုခုပျက်သွားရင် ကြည့်နေတဲ့သူတွေမှာ “ဟာ၊ ဟင်”တွေဖြစ်ရပါတယ်။ ချည်ဆိုးရာကရလာတဲ့ ချည်ခင်တွေကို ချည်စာတင်ရတော့မှာပါ။ မိန်းမကြီးတွေက ဆန်ကွဲကိုချက်ထားတဲ့ ထမင်းနဲ့ရောပြီး ကျောက်ပြားပေါ်မှာ ခြေထောက်နဲ့နင်းရပါတယ်။ ဒါကလည်း ချည်စာတင်ကျွမ်းကျင်တယ်လို့ နာမည်ရှိတဲ့သူကလုပ်မှ ချည်စာကောင်းပါတယ်။ ချည်စာကောင်းမှ ယက္ကန်းရက်တဲ့နေရာမှာ ခဏခဏမပြတ်မှာပါ။ ချည်စာတင်ပြီးတဲ့ချည်တွေကို ဖြန့်ပြီး ယက္ကန်းရှည်ရပါတယ်။ ယက္ကန်းရှည်တယ်ဆိုတာ အထည်ရက်ဖို့ အတိုင်ချည်ရအောင်လို့ပါ။ ရလာတဲ့ အတိုင်ချည်ထွေးကြီးကို ရက်သွားမှာ ကော်စီကော်ရပါတယ်။ ဟိုဖက်ကချည်ပင် ဒီဖက်ရောက်အောင် ကော်စီကော်ပြီးရင်တော့ ယက္ကန်းစတင်ရက်လို့ရပါပြီ။

တယောက်က ရက်လုပ်နေရင် တယောက်က နောက်ကချည်ထွေးကြီးကို ရှင်းလေးပေးနေပါတယ်။ ချည်တွေ မပြတ်အောင်ရှင်းပေးရတာပါ။ လွန်းကျရင် အနားမှာစောင့်နေတဲ့သူက အဆင်သင့်တခြားလွန်းပေးပါတယ်။ တယောက်လက်အံသေသွားရင် နောက်တယောက်က အစားဝင်ပါတယ်။ ဒီလိုနဲ့ ည ၁၂ နာရီလောက်မှာ ဗိုင်းငင်တာ ရက်ဖောက်ယောက်တာတွေ အားလုံးလက်စသိမ်းပြီးလို့ ရက်လုပ်ခြင်းတခုပဲကျန်ပါတော့တယ်။ သူကြီးကလည်း ဂျင်းသုပ်လေးစားလိုက် ဟိုလူ့အော်လိုက် ဒီလူ့အော်လိုက်ပေါ့။ ကြည့်နေတဲ့သူတွေကလည်း တခြားစင်တော်တွေကို သွားကြည့်ရသေးတယ်။ ဘယ်စင်တော်က ဘယ်လောက်ပြီးပြီနဲ့ ကြည့်ရတာ မောလှပါတယ်။ ချည်ဆိုးပါလာတဲ့ ကိုရင်သာအေးကလည်း ယက္ကန်းရက်နေတဲ့ မရွှေမိကို ချောင်းရတာရော ပြီးစေချင်တာတွေရောနဲ့ ခေါင်းပေါင်းမှာ ချွေးပြန်နေပါတယ်။ မနက် ၄ နာရီအာရုံမတက်ခင် နောက်ဆုံးလို့ သတ်မှတ်ထားပေမယ့် ၂ နာရီလောက်ဆိုရင် တချို့စင်က အထည်ရနေပါပြီ။ စက်ချုပ်တဲ့သူက ချုပ်လုပ်ပြီးရင်တော့ ငွေလင်ဗန်းကြီးနဲ့ စင်တော်ရှေ့မှာ ကြွားထားပါပြီ။ မနက် ၃ နာရီပတ်ဝန်းကျင်ဆိုရင် စင်တော်အသီးသီးရှေ့မှာ သက္ကန်း ၁ စုံ၊ ၂စုံရနေကြပါပြီ။ ပထမရတဲ့ ၀ိသာခါစင်တော်ခေါ် အဒေါ်တို့ရွာက စင်တော်ကတော့ မနက် ၃ နာရီဝန်းကျင်ဆို အားလုံးပြီးစီးလို့ အကဲဖြတ်လူကြီးတွေက ငွေလင်ဗန်းလာယူသွားပါပြီ။ မြတ်စွာဘုရားကို ကပ်လှူတာတွေ လုပ်ဆောင်ပြီးရင်တော့ လပြည့်နေ့မနက်မှာပဲ ဆုပေးပွဲတွေ ကျင်းပပေးပါတယ်။ ဆုရတဲ့ရွာက သူကြီးကတော့ ခေါင်းပေါင်းစ တလူလူနဲ့ ဆုဖလားတက်ယူပါတယ်။

ကျွန်မတို့လို ငေးမောအားပေးတဲ့လူတွေကလည်း ဆုပေးပွဲပြီးမှ အိမ်ပြန်ပြီး အမေချက်ထားတဲ့ ထမင်းပူပူလေးစား အိပ်ယာဝင်လိုက်ကြတာ ညနေစောင်းမှ အနိုင်နိုင်နိုးကြပါတော့တယ်။

မဇနိ

15 comments:

တားမြစ် ထားသော... July 5, 2008 at 7:43 PM  

ကောင်းပ ဖတ်ရတာ အရသာရှိတယ်ဆိုတာမျိုးကိုး။ ကျွန်တော် ပထမတခါ ပြောတုန်းက လက်မခံဘူး။ ထပ်ပြောလိုက်အုံးမယ်၊ ဒေါ်အမာလက်သစ်ကို တွေ့လိုက်ရသလိုပါပဲ။ ဆက်လုပ်ပါအုံး။

ဒီလိုပွဲမျိုးကို တစ်ခါမှ အနီးကပ် မမြင်ဖူးသေးဘူး။ အခုတော့ လွန်းပြေးသံလေးကို နားမှာကြားယောင်လာပါပကော.....

khin oo may July 5, 2008 at 8:15 PM  

good

မေအောင် July 5, 2008 at 8:26 PM  

မဇနိဆွဲခေါ်သွားလို့ရောက်ဖူးပြီး
ဝိသာခါစင်တော်ကိုအားပေးခဲ့ပါတယ်။
မင်းကျွေးတဲ့ဂျင်းသုတ်လေး ပို့စ်လေးသာ
စားရသော်လည်း...သော်လည်း

မောင်ဖြူ July 5, 2008 at 8:29 PM  

မဇနိရေ၊ ရေးသွားတာတော့ ညက်ညောပ။
ကျွန်တော်မကြားဘူးတဲ့စကားလုံးတွေ၊ ကျွန်တော်မသိတဲ့အကြောင်းတွေ ဒီပို့စ်ထဲမှာအများကြီးပါလို့၊ ဗဟုသုတလဲရသွားတယ်။ ဘလော့ပေါ်မှာတင်ထားလို့သာ အပျော်တမ်းပို့စ်လေးတစ်ခုလိုဖြစ်နေပေမယ့်၊ ဂျာနယ်၊မဂ္ဂဇင်းကိုပို့သင့်တဲ့ ပို့စ်ကောင်းလေးတစ်ပုဒ်ဆိုရင်မမှားပါဘူး။ မသိုးသင်္ကန်းဆိုတာ ကြားယုံကြာဖူးပီး သေသေချာချာမသိတဲ့ ကျွန်တော့်အဖို့တော့ ဖတ်ရတာတန်ဖိုးရှိပါတယ်။ ကျေးဇူးလဲတင်ပါတယ် မဇနိရေ။

May Moe July 5, 2008 at 8:46 PM  

မမဇနိ ကစာအရေး ကောင်းလိုက်တာ ။ ဒီပွဲမျိုး ကြားပဲကြားဖူး တာ အခု ကိုယ်တိုင် ရောက်သွားသလို ပဲ ။ ကျေးဇူးအထူးတင်ပါတယ် ဗဟုသုတ တွေ မျဝေပေးတဲ့အတွက် :)

eitar July 5, 2008 at 9:51 PM  

အရေးအသားကတော့ လန်းတယ်ဝေးးးး :D

Yu Wa Yi July 5, 2008 at 9:54 PM  

အဒေါ်ရဲ့ ရွာကအကြောင်းတောင်ဒီလောက်စေ့စေ့စပ်စပ်ရေးနိုင်တယ်။ observation ကောင်းလိုက်တာ။ စိတ်ရှည်လက်ရှည်ကိုရေးနိုင်ပါပေ့။

Republic July 6, 2008 at 3:18 AM  

မဇနိကြီး..ကိုယ့်ချင်းမို့ပြောတာမဟုတ်ဘူးနော် ...
ကောင်းတယ်ဆိုတာထက် ပြည့်စုံပါတယ်....

Republic July 6, 2008 at 3:18 AM  

မဇနိကြီး..ကိုယ့်ချင်းမို့ပြောတာမဟုတ်ဘူးနော် ...
ကောင်းတယ်ဆိုတာထက် ပြည့်စုံပါတယ်....

မြရွက်ဝေ July 6, 2008 at 4:56 AM  

သင်္ကန်းယက်တာ အဲလောက်ခက်မှန်း ခုမှသိတော့တယ်။ ပြီးတော့ မသိုးသင်္ကန်းပြိုင်ပွဲမှာ အမျိုးသမီးတွေဘဲ ပြိုင်ရတာထင်တာ၊ အမျိုးသားတွေလည်း ကူရတာကိုး။ မဇနိ အရေးကောင်းတယ်။ ဗဟုသုတလည်း ရတယ်။ :)

ညီမ July 6, 2008 at 12:16 PM  

မဇနိ...မသိုးသင်္ကန်းအကြောင်း ဗဟုသုတ ရသွားလို့ ကျေးဇူးပါနော်။

ရွှေပြည်သူ July 6, 2008 at 3:24 PM  

စာရေးသိပ်ကောင်းပါတယ်။ ဗဟုသုတတွေလည်း တိုးရလို့ ကျေးဇူးတင်ပါတယ်ရှင်း)

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် July 6, 2008 at 9:16 PM  

မဇနိရေ စာရေး ကောင်းချက်ကလည်း ထိုင်ကြည့်နေရသလိုမျိုးပဲဗျာ ။
တကယ်ပဲ ရက်ကန်းပြိုင်ပွဲကို ပြန်ရောက်သွားမိပါရဲ့ ။
ကျနော် ကိုယ်တွေ့ ကြုံဘူးတာကတော့ ရွှေတိဂုံ ဘုရားမှာပါပဲဗျာ ။
တကယ်ကို မြန်မာပြည်က ရက်ကန်းယက်ပွဲကို ပြန်ရောက်ချင် စမ်းပါရဲ့ ။

nu-san July 7, 2008 at 7:35 AM  

မဇနိရေ.. ရေးပြသွားလိုက်တာ ကိုယ်တိုင် ပြိုင်ပွဲဝင်ကြည့်နေရသလိုပဲ.. စေ့စေ့စပ်စပ်ရေးပြပေးလို့ တကယ်ဗဟုသုတရပါတယ်.. အမဆိုအဲဒီလိုပွဲမျိုးတွေကို တခါမှမကြုံဖူးဘူး။ အရမ်းကြုံဖူးချင်တာလေ.. တကယ့်ကို မြန်မာရိုးရာစစ်စစ်ပါ။ အခုလိုမျိုး စာဖတ်ပြီးသိခွင့်ရတာတဲ့အတွက် မဇနိကို ကျေးဇူးပါ.. :)

Taungoo July 7, 2008 at 6:21 PM  

အမရေ
အထူးအထွေတော့ မပြောတော့ပါဘူး
စာမူခ (သို့) ဉာဏ်ပူဇော်ခ ထိုက်ထိုက်တန်တန် ချီးမြှင့်သွားပါတယ်

မေတ္တာဖြင့်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP