Kust Sireni

>> Tuesday, July 15, 2008


ရုရှားစာရေးဆရာ အလက်ဇန်းဒါ ကူပရင်ကို သိတဲ့သူတွေလည်း သိကြမယ်၊ မသိတဲ့သူတွေလည်း မသိကြလောက်ဘူး။ ကျနော်လည်း အစကသိဘူး၊ အဲဒီဆရာရေးထားတာ တပုဒ်ဖတ်ဖူးတယ်ဆိုတာ နောက်မှသိတာ ။ ဘာသာပြန်ဆရာတော့ ကောင်းကောင်းမမှတ်မိတော့ဘူး။ ဆရာမောင်ထွန်းသူ ထင်တာပဲ။ စာအုပ်နာမည်က အိုလက်ဆီရာ ။ ဆရာ ကိုအန်အေ၊ ကိုပီဆာကျယ်ပေးလို့ ဖတ်ဖူးတာ။ စာအုပ်က မောင်ဖြူတို့ဆီမှာ ရောက်နေတာ။ အခုရှိသေးလားတောင် မသိတော့ဘူး။ ကိုအန်အေလေသံနဲ့ပြောရရင် ဒီစာရေးဆရာက မြန်မာကြိုက်ကွတဲ့။ ကဲ ကျနော်ဖတ်ဖူးတာ တစ်ခုကို ဘာသာပြန်ဦးမယ်။ အရမ်းအရှည်ကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖြတ်ဖြတ်ပြီး ဘာသာပြန်မယ်။ တပိုင်းချင်းပဲတင်တော့မယ်။ အကုန်လုံးဘာသာပြန်ပြီးမှ အရှည်ကြီးတင်ရင် ဖတ်တဲ့သူတွေကလည်း ပျင်းတော့ မဖတ်ချင်ကြဘူး။ ပြီးတော့ ရုရှားနာမည်တွေက ရှုတ်လို့တဲ့။ ဟုတ်မှာပါ။ အခု ဘာသာပြန်မှာတော့ ရုရှားနာမည်တွေ အစား မြန်မာနာမည်တွေ ထည့်သုံးထားတယ်။ ရှည်ရှည်ဝေးဝေးလည်း မစဉ်းစားချင်တာနဲ့ ကိုယ်ဘာလုပ်လုပ် အထွန့်မတက်တဲ့ ကိုဖြူနဲ့ ကိုလုံးတို့ နာမည်တွေသုံးထားတယ်။ အခု အပုဒ်မှာတော့ ကိုဖြူက ယောက်ကျားလေးနေရာကပေါ့။ ကိုကြီးလုံးကိုတော့ လုံးရာကနေ ပြားပေးထားတယ်။ အဟီး။ နောက်တပုဒ်ပြန်လို့ရှိရင်ကျ နှစ်ယောက်ကို နေရာပြန်လွှဲပေးမှာပါ။ အခုဘာသာပြန်မှာက Куст сирени - မူရင်းကို ဒီမှာ ဖတ်နိုင်တယ်။ နောက်အပိုင်းတွေကို စိတ်မရှည်လို့ မစောင့်နိုင်ရင် သွားဖတ်နိုင်အောင်လို့ပါ။ сирень ဆိုတာက အင်္ဂလိပ်လိုဆို lilac တဲ့။ ဘလူးဖီးနစ်ရဲ့ ရုရှား-မြန်မာ အဘိဓာန်မှာ နှင်းပန်းပင် လို့ ဘာသာပြန်ထားတာတွေ့တယ်။ lilac ဆိုတာကို အင်္ဂလိပ်မြန်မာ အဘိဓာန်မှာကျတော့ ပန်းအိ တဲ့။ ထားတော့ နာမည်က အရေးမကြီးဘူး။ ပန်းကိုမျက်လုံးထဲမြင်အောင်ပြောရရင် သူက ချုံပုတ်ပင်မျိုးပါ။ ကဲနာမည်ကတော့ နှင်းပန်းခြုံ လို့ပဲတပ်လိုက်မယ်။


နှင်းပန်းခြုံ

ကိုကြီးဖြူတစ်ယောက် မိန်းမက တံခါးဖွင့်မပေးခြင်းကို တပင်တပန်း စောင့်လိုက်ရတာ၊ ကုတ်အက်ျီအရှည်ကိုလည်း မချွတ်၊ ဦးထုပ်ဆောင်းလျှက်သားကြီးနဲ့ သူ့အခန်းထဲ တန်းဝင်သွားပါရောလား။ စိတ်လိုက်မာန်ပါ နဲ့ အောက်နှုတ်ခမ်းကို သွားနဲ့ ကိုက်ထားပြီး၊ တွန့်ခေါက်နေတဲ့ မျက်ခုံးမွှေးတွေနဲ့ သူ့ယောက်ကျားရဲ့ မှုန်သုန်နေတဲ့မျက်နှာကို မြင်လိုက်ရတာနဲ့၊ မိန်းမလုပ်သူက အဲဒီခဏမှာပဲ ချက်ချင်း သဘောပေါက်လိုက်ပါပြီ၊ အလွန်အမင်း စိတ်ညစ်စရာ အကြီးကြီးဖြစ်လာခဲ့ပြီဆိုတာကိုပေါ့။ ပါးစပ်ပိတ်ပြီး သူခင်ပွန်းနောက်က အသာလိုက်သွားရတယ်။ အခန်းထဲမှာ ကိုဖြူတစ်ယောက် တစ်နေရာတည်းမှာ မလှုပ်မယှက်ရပ်၊ အကြာကြီး ဒေါင့်တစ်ဒေါင့်ကို ငေးနေပါရောလား။ ပြီးတော့ လက်ထဲက ရုံးအိတ်ကြီးက ကြမ်းပြင်ပေါ်လွတ်ကျသွားပြီး အဖုံးတွေပွင့်လှန်ထွက်နေတာပေါ့။ လူကြီးကတော့ ကုလားထိုင်ပေါ် အရုပ်ကြိုးပြတ် ပစ်ခတ်ထိုင်ချလိုက်ပါတယ်။ လက်ချောင်းတွေယှက်ထားပြီး ခပ်ကြမ်းကြမ်းနဲ့ လက်တွေအသံမြည်အောင်ချိုးနေပါလား။

ကိုဖြူဆိုတာက အသက်ငယ်ငယ်၊ ခပ်မွဲမွဲ စစ်တပ်အရာရှိတစ်ယောက်ပါ။ ဗိုလ်ချုပ်သင်တန်းကျောင်းမှာ လက်ချာတွေ သွားနားထောင်ပြီး အဲဒီကနေအခုပဲ ပြန်လာတာပေါ့။ ဒီနေ့ သူက ပရော်ဖက်ဆာကို နောက်ဆုံးနဲ့ အခက်ဆုံး လက်တွေ့အလုပ်တခုဖြစ်တဲ့၊ ဒေသမြေပုံတစ်ခု တင်ပြပြီး ပြန်လာတာပါ။ အခုအချိန်အထိကတော့ စာမေးပွဲတွေက ကံကောင်းစွာနဲ့ အောင်မြင်ခဲ့ပါတယ်။ မယ်မင်းကြီးမ-သူ့မိန်းမတစ်ယောက်ပဲ ဒီအလုပ်တွေ ဘယ်လောက်ခက်တယ်ဆိုတာကို နားလည်တာပါ။ ကျောင်းဝင်ခွင့်က စပြောရမယ်ဆိုရင် အစပိုင်းတုန်းကတော့ လုံးဝကို မဖြစ်နိုင်သလိုမျိုးကြီးရယ်။ (၂)နှစ်တော့ ခက်ခက်ခဲခဲကိုပဲ မအောင်မြင်ခဲ့ဘူး၊ တတိယနှစ်ရောက်မှ အတားအဆီးတွေအားလုံးက ကျော်လွှားနိုင်ခဲ့တာပါ။ မိန်းမသာမရှိရင်တော့ သူမှာ ဘာခွန်အားမှမရှိတော့ဘူးရယ်၊ အကုန်လုံး လက်နဲ့ပုတ်ချလိုက်သလို အားလုံးဆုံးရှုံးကုန်မှာပါ။

ဒါပေမယ့် သူ့မိန်းမ မလုံးက ယောက်ကျားကိုစိတ်ဓာတ်အကျမခံပါဘူး၊ ရင်ထဲမှာ သတ္တိတွေ အမြဲတမ်းရှိအောင် အားပေးနေတာပါ။ ကြည်လင်တဲ့မျက်နှာနဲ့၊ ဒီထက်မကပါဘူး ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ကို ကျရှုံးမှုမှန်သမျှကို ရင်ဆိုင်တတ်နေပါပြီ။ ကိုယ့်အတွက်ကတော့ ဘာမှမသုံးဘဲချွေတာပြီး၊ ခေါင်းသုံးပြီး အလုပ်လုပ်ရတဲ့ ယောက်ကျားအတွက် အဖိုးနည်းပေမယ့် သက်တောင့်သက်သာဖြစ်စေမယ့် မရှိမဖြစ်လိုအပ်တာတွေကို သူမက ဖန်တီးပေးတာပါ။ သူလိုအပ်သလိုပါပဲ သူမကတော့ တခါတခါ သူရဲ့ စားရေးမဖြစ်လိုက်၊ ပုံဆွဲပေးသူဖြစ်လိုက်၊ စာဖတ်ပြရတဲ့သူဖြစ်လိုက်၊ မှတ်မိနေအောင်လို့ အခါခါရွတ်ဖတ်ပြတဲ့သူဖြစ်လိုက်၊ နောက်ဆုံး ဒိုင်ယာရီစာအုပ်ဖြစ်လိုက်ပေါ့။

ဘာသံမှမထွက်ပဲ ငါးမိနစ်လောက်ကြာတယ်၊ နှိုးစက်နာရီရဲ့ နာရီလက်တံ ထော့နဲ့ထော့နဲ့ ရွေ့လျားသံက နှောက်ယှက်နေတယ်။ ရင်းနှီးပြီးသားဆိုပေမယ့် စိတ်ညစ်စရာအသံပေါ့။ တစ်..တစ်..ဒစ်ဒစ် ဆိုသလိုပဲ၊ ပထမနှစ်သံက အရှင်းနဲ့၊ နောက်တတိယမြောက်အသံကျတော့ ခပ်အက်အက်။ ဦးထုပ်ရယ်၊ ကုတ်အက်ျီကို မချွတ်ဘဲ ထိုင်ချလိုက်တဲ့ ကိုဖြူက ဒီဘက်ကိုလှည့်လာတယ်။ မလုံးကလည်း သူနဲ့ ခြေနှစ်လှမ်းအကွာလောက်မှာ ထိထိရှရှခံစားရတယ်ဆိုတဲ့ မျက်နှာပေးလှလှလေးနဲ့ အသာလေးပါးစပ်ပိတ်ပြီး ရပ်နေရတာပေါ့။ နောက်ဆုံးတော့လည်း သတိထားပြီး သူမကပဲ စပြောရတော့တာပါပေါ့။ ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ လူနာအနီးက ကုတင်ကြီးကို ငေးပြီး စကားပြောတတ်တာ အမျိုးသမီးတွေပဲ မဟုတ်လား။

- ကိုဖြူ ရှင့်အလုပ်ကဘယ်လိုလဲ အဆင်ပြေခဲ့လား၊ အတော့်ကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာလား။
သူက ပုခုံးတွန့်ပြပြီး ဘာမှလည်း ပြန်မဖြေပါဘူး။
-ကိုဖြူ ရှင့်ဆွဲထားတဲ့ပုံက အပယ်ခံလိုက်ရတာလား။ ပြောဦးလေ၊ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ နှစ်ယောက် တိုင်ပင်ရမှာပေါ့။
ကိုဖြူ သူ့ဇနီးဖက်ကို အမြန်လှည့်လာပြီး၊ ရင်ထဲမျိုသိပ်လာရတဲ့ ဝေဒနာတွေကို ထုံးစံအတိုင်း ဒေါသသံကြီးနဲ့ ပူပူဆွေးဆွေးကြီး စပြောပါလေရော။

- အေးကွာ အေး အပယ်ခံရတယ်၊ မင်းဒီလောက်တောင် သိချင်နေတယ်ဆိုရင်။ မင်းတကယ့်ကို မမြင်ဘူးလား။ ချီးမှပဲ အမှိုက်ပဲ။ - ပုံတွေထည့်ထားတဲ့ ရုံအိတ်ကို ခြေနဲ့ ခပ်ကြမ်းကြမ်းကန်ရင် ပြောတယ်။ - သွား အဲဒီအမှိုက်တွေကို မီးဖိုထဲ သွားထည့်လိုက်ကွာ။ အလားကား ကျောင်း။ နောက်လဆို အပြစ်ဒဏ်အစွန်းအထင်းတွေနဲ့ တပ်ရင်းကို ပြန်ရတော့မယ်။ ဒီသောက်သုံးမကျတဲ့ အစက်ကလေးတစက်ကြောင့်ပေါ့ကွာ။

- ဘယ်လိုအစက်ကလေးတုန်း ကိုဖြူရဲ့။ ကျမဘာမှ နားမလည်ရပါလား။
သူမက ကုလားထိုင်လက်ရန်းလေးပေါ်ထိုင်ပြီး ကိုဖြူ့လည်ပင်းလေးကို ပွေ့ဖတ်ထားတယ်။ သူက မရုန်းဆန်ပါဘဲ၊ ကြေကြေကွဲကွဲကြီး ငေးလက်စ ထောင့်ကိုပဲ ဆက်ငေးနေလေရဲ့။

နောက်အပိုင်းတွေကိုမျှော်ပြီး ဖတ်ပါဦး။

9 comments:

Anonymous July 15, 2008 at 5:11 PM  

ကိုယ်တိုင် ဇာတ်လိုက်မို့လို့လားမသိဘူး။ ဖတ်လို့ကောင်းပ။ ဆက်ပါဦးကိုဇနိ။ မျှော်နေတယ်။

ဇနိ July 15, 2008 at 5:21 PM  

ကိုဖြူ - ကိုယ်ဟာကိုရော ဘာဆက်ဖြစ်မယ်ဆိုတာ သိရဲ့လား။ မလုံးကြီးလည်းမေးဦး ဘယ်လိုချော့မှာလဲလို့။ အဟီး

RePublic July 15, 2008 at 5:51 PM  

မူရင်းကို ဖတ်ဝူး ၊၊ ကိုဇနိ ဘာသာပြန်ပဲဖတ်မယ် ၊၊ ကိုဇနိ မနောက်နဲ့ဂျာ ၊၊ ရုရှား လို မတတ်ဝူးဂျ ၊၊...ဟီး

ဆက်မျှော်နေပါတယ်ဗျာ ....

ဇနိ July 15, 2008 at 6:11 PM  

ဝုတ်ဘူးလေ ကိုကြီးဝီကလဲ..
စိတ်မထိန်းနိုင်ရင် ထရန်စလိတ်တာနဲ့ ဖတ်ရအောင်ပြောတာပါ။
း)
ဖတ်သူရှိလို့ကတော့ ကျနော်က ပြန်ပြီးသား

khin oo may July 15, 2008 at 8:29 PM  

တို.ဆိုလိုတာက ရုရှားနာမည်ထဲ က လွယ်တဲ.နာမည်မှူိုး။ အခုရေးတာကတော.ပိုရှင်းပါတယ်။ နာမည်ကိုတော.ဘိုနာမည်ကြီုက်တယ်. မြည်းတေစ်ကောင်နဲ.အဖိုးမြးပုံပြင်လိုစြဖနြေီ့း

ဘလူးဖီးနစ် July 15, 2008 at 10:06 PM  

ကျွန်တော်တို့လဲ သင်ရတယ် ဒီ ဇာတ်လမ်းလေး။ ဥာဏ်များတဲ့ လင်မယားနော် အဟီး။ ဆေးစက်ကျရာ အရုပ်ထင်တယ် ဆိုတာဒါမျိုးပဲ။ ကျွန်တော်တို့ အဘိဓါန်လေးကို သုံးနေတာတွေ့တော့ ၀မ်းသာမိပါတယ်။ ၀ိုင်းလုပ်တဲ့ သူတွေမှာ သူများ နားချိန်မနားပဲ လုပ်ပေးထားရတာ။ သူတို့ ကိုယ်စား ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော်လဲ နှင်းပန်းခြုံလို့ပဲ ပြန်မိမယ်ထင်တယ်ဗျ။ အရေးအသားကတော့ လွှတ်ကောင်းတယ်ဗျို့။ အားပေးပါတယ်ဗျာ။

မြရွက်ဝေ July 16, 2008 at 4:46 AM  

မြန်မြန်ဆက်ရေးနော်။ ဒီတခါ မြန်မာလို နာမည်မို့လို့ထင်တယ် ပိုနားလယ်လွယ်ပြီး ဖတ်လို့ကောင်းတယ်။ အရင်က နာမည်တွေ လိုက်မှတ်နေရတာနဲ့ ဇာတ်လမ်းအရသာ ပျောက်ပျောက်သွားတယ်။ ဖတ်နေရင်း ဒီနာမည်က ဘယ်သူပါလိမ့်ဆိုပြီး အစပြန်ပြန်ရောက်သွားတာလေ။ :D

တားမြစ် ထားသော... July 16, 2008 at 8:20 AM  

စာလာဖတ်သွားတယ်။ ဘာသာပြန်တွေကတော့ အပျံစားတွေပ။ တစ်ခုပဲ။ ဆက်ရန်တွေကို မကြိုက်ဘူးဗျ။ လောဘကြီးတယ်ပြောလည်း ခံရမှာပဲ။ ဒါပေမဲ့ ဘလော့ဂ်လောကမှာ ဆက်ရန်တွေက ခေတ်လည်းစားတယ်၊ အဆင်လည်းပြေတယ်ထင်ပါတယ်။

စောင့်ဖတ်ရအုံးမှာပေါ့ဗျာ။

tmn July 16, 2008 at 5:05 PM  

ကိုဇနိ ဒီတစ်ခါဘာသာပြန်တာကတော့ မထောင့်ပါဘူးဗျ.. ဖတ်လို့ကောင်းသားပဲ... စိတ်ဝင်စားစရာလဲ ကောင်းသား... ဆက်ဖတ်လိုက်ဦးမယ်...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP