ဘွန္တော နဲ့ နံနက်ခင်းအလှ

>> Tuesday, July 29, 2008


ကျွန်မတို့ အညာဒေသမြို့လေးမှာ မြို့ကျက်သရေဆောင် တန်ခိုးကြီး ဘုရား ၃ ဆူနဲ့ တခြားရပ်ကွက်တိုင်းမှာလည်း ဘုရားစေတီများ တည်ထားကိုးကွယ်ကြပါတယ်။ ကျွန်မတို့မြို့မှာ ဘုန်းတော်ကြီးတွေ ပညာ ဆည်းပူးနိုင်တဲ့ စာသင်တိုက်ကြီးတွေ ရှိပါတယ်။ ဘုန်းတော်ကြီးတွေက ကျွန်မတို့မြို့မှာ စာမသင်ဖူးရင် ကျောင်းထိုင်လုပ်လည်း စာမတတ်သေးဘူးလို့ စာဆိုတွေရှိခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ်က စာသင်သားတွေ စာပေလေ့လာသင်ယူနေကြတော့ သံဃာတော်များပြားလှတဲ့ အညာမြို့လေးပါ။ မြို့အလယ်မှာရှိတဲ့ စာသင်တိုက်ကြီးကို အလယ်တိုက်၊ မြို့အရှေ့ဖျားမှာ ရှိတဲ့ စာသင်တိုက်ကို အရှေ့တိုက်နဲ့ မြို့အနောက်ဖျားမှာ ရှိတဲ့ စာသင်တိုက်ကို အနောက်တိုက်ရယ်လို့ မြို့သူမြို့သားတွေ ခေါ်ဆိုကြပါတယ်။


မနက်ဝေလီဝေလင်းအချိန်ဆိုရင် မြို့လေးက ရွှေဝါရောင်သင်္ကန်းတွေ ခြုံလွှမ်းနေပါတော့တယ်။ ကြည်နူးစရာကောင်းလှတဲ့ မြင်ကွင်းလေးပါ။ ဒီလောက်များပြားလှတဲ့ သံဃာတော်တွေရဲ့ နေ့တဓူဝဆွမ်းကိစ္စကိုလည်း မြို့သူမြို့သားတွေ စဉ်ဆက်မပြတ်လှူဒါန်းလာကြတာ နှစ်ကာလတွေ ကြာခဲ့ပါပြီ။ ဆွမ်းခံတဲ့ ကိုယ်တော်တွေမှာ ရပ်ကိုယ်တော် (အိမ်ရှေ့တိုင်းမှာ ရပ်တော်မူ ဆွမ်းခံပါတယ်) နဲ့ ထိုင်ကိုယ်တော် (အိမ်အတွင်းဝင်ပြီး ဆွမ်းခံရတယ်) ဆိုပြီးရှိပါတယ်။ ရပ်ကိုယ်တော်တွေကတော့ အိမ်တိုင်းမှာ ဆွမ်းလောင်းသည်ဖြစ်စေ၊ မလောင်းသည်ဖြစ်စေ ရပ်ပြီး အလှူခံပါတယ်။ ထိုင်ကိုယ်တော်ကတော့ အိမ်တိုင်းကို ဝင်အလှူခံလို့ မရပါဘူး။ အိမ်တွေကိုလိုက်ပြီး “ဆွမ်းခံကြွချင်ပါတယ် ဒကာမကြီး"ဆိုပြီး လိုက်ပြောရပါတယ်။ လက်ခံမည့်အိမ်က လက်ခံပါတယ်ဘုရားဆိုရင် ဒီအိမ်က မြို့လေးမှာ သီတင်းသုံးနေထိုင်သရွေ့ ဒကာ၊ ဒကာမဖြစ်သွားပါပြီ။ အဲဒီတာဝန်ယူတဲ့အိမ်က ခရီးထွက်မယ်ဆိုရင်လည်း မတိုင်ခင်က ကြိုတင်လျှောက်ထားရပါတယ်။ ဆွမ်းခံကိုယ်တော်တွေခရီသွားမယ်ဆိုရင်လည်း “ ဒကာမကြီးရေ ဦးဇင်းတော့ ဘယ်ကို ဘယ်နှစ်ရက် ကြွအုံးမယ်" ဆိုပြီး ပြောသွားပါတယ်။ တချို့ ဆွမ်းခံတာ ကြာလာတဲ့ ကိုယ်တော်တွေ ခရီးသွားမယ်ဆိုရင် အိမ်တွေက ဝတ္ထုငွေလည်း လှူကြတာတွေရှိပါတယ်။ လမ်းခရီးမှာ အသုံးပြုနိုင်ဖို့အတွက်ပါ။ ဆွမ်းခံတာကြာနေပြီး ခင်မင်နေတဲ့ ဘုန်းဘုန်းတွေဆိုရင် ခရီးက ပြန်လာရင် ဆွမ်းခံအိမ်က ဒကာ၊ ဒကာမတွေအတွက်ဆိုပြီး လက်ဆောင်တွေ ပါလာတတ်သေးတယ်။

လမ်းတလျှောက်မှာ အိမ်တိုင်းအိမ်တိုင်းက မနက်အစော အမှိုက်လှဲကြ၊ ရေဖျန်းကြလုပ်ပါတယ်။ သံဃာတော်တွေ ဆွမ်းခံကြွရင် အမှိုက်မရှိစေချင်လို့ ကုသိုလ်ယူကြတာပါ။ မနက်မှာ ဆွမ်းခူးဖို့ ဆွမ်းဟင်းခူးခပ်ထားဖို့ ပန်းကန်တွေ ဆွမ်းအုပ်တွေကို ညကတည်းက ဆေးကြောသန့်စင်ရေစစ်ထားရပါတယ်။ မနက်မှာ ဘာဟင်းလောင်းလှူမလဲဆိုတာ အိမ်ရှင်မတွေ အမြဲစဉ်းစားနေတတ်တယ်။ ကျွန်မတို့အဖေက “ဆွမ်းထက် ဟင်းကို ဂရုစိုက်ချက်ပြီး များများလောင်းပါ"လို့ အမေ့ကို မှာတတ်ပါတယ်။ အိမ်တိုင်းက နေ့စဉ်ဆိုတော့ ဟင်းမကျက်တဲ့နေ့တွေမှာ ဆွမ်းပဲလောင်းလှူကြတာတွေ ရှိပါတယ်။ တချို့နေ့တွေဆိုရင် သပိတ်ထဲမှာ ဆွမ်းတွေပြည့်မောက်နေပြီး ဟင်းလျာမပါပါဘူး။ တချို့အိမ်ကျတော့လည်း ဟင်းလျာကို တဇွန်းလောက်လေး လောင်းလိုက်တာလည်း ရှိပါတယ်။ တခါတရံကျတော့ တို့ဟူးသုပ်လေး တဇွန်းလောက် လောင်းလှူလိုက်တာလည်း ရှိပါတယ်။ ဒါကြောင့်အဖေက ဘာဖြစ်ဖြစ် ပေါပေါများများချက်ပါ။ ဟင်းကို အလေးထားပါလို့မှာတာပါ။ ကျွန်မတို့မြို့ကအိမ်ရှင်မတွေ ဈေးဝယ်ရင်တောင် “မနက်ဆွမ်းဟင်းအတွက်လေ"၊ “မနက်ဆွမ်းဟင်းဘာများချက်ရပါ့" လို့ ပြောပြီး ဈေးဝယ်နေကြတာ မကြာခဏကြားရပါတယ်။ သရက်သီးပေါ်ချိန် သရက်ချဉ်ကို မပြတ်သိပ်ထားပါတယ်။ ဟင်းမချက်နိုင်တဲ့နေ့တွေမှာ သရက်ချဉ်လေးကို ကြက်သွန်နီပါးပါးလှီးပြီး ကဗျာကယာသုပ် ကပ်လှူနိုင်ပါတယ်။ ကျွန်မတို့မြို့လေးရဲ့ မနက်ခင်းဟာ ပဲပြုတ်၊ တို့ဟူး၊ ပဲပင်ပေါက်၊ အပေါင်းကြော်ဆိုတဲ့အသံတွေနဲ့ နိုးထကြပါတယ်။ ဒါမှလည်း ညက ဟင်းမစီစဉ်မိတဲ့အိမ်၊ မစီစဉ်နိုင်တဲ့အိမ်တွေအတွက် ဆွမ်းလေးချက်ပြီး ပဲပြုတ်သုပ်လေးနဲ့ သံဃာတော်တွေကြွလာတဲ့အခါ အရံသင့်လောင်းလှူနိုင်မှာပါ။ အမေက မြင်းခွာရွက်သုပ်ဆိုလည်း အများကြီး သုပ်ထားတယ်။ တခါတလေ ထူးထူးဆန်းဆန်း အသုပ်လည်း စီစဉ်လှူဒါန်းကြပါတယ်။ တချို့နေ့တွေများဆိုရင် ရှေ့က ဆွမ်းခံအိမ်တွေ အများကြီး ပြီးလာတဲ့သံဃာတော်ရဲ့ သပိတ်ဆိုရင် ဘယ်နားကိုဟင်းခပ်ထည့်ရမလဲ အတော်စဉ်းစားယူရတယ်။ ဆွမ်းကတော့ လောင်းတယ်ပြောရုံ နည်းနည်းလေးလောင်းလိုက်ရတယ်။

သာသနာထွန်းကားလှတဲ့ မြို့လေးမှာ ဘုရားပွဲတွေလည်း နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဘုရားပွဲရောက်ရင် ဆွမ်းသပိတ်လုံး ဆက်ကပ်လှူဒါန်းတာက မပါမဖြစ်အလှူဒါန တစ်ခုပါ။ ဘုရားပွဲတော်တွေများလှပေမယ့် ရွှေကူဘုရားဆွမ်းသပိတ်ပွဲတော်ကိုတော့ တမြို့လုံးက ပါဝင်လှူဒါန်းကြပါတယ်။ ရပ်ကွက်ဘုရားပွဲတော်တွေအတွက်က သက်ဆိုင်ရာ ရပ်ကွက်အိမ်တွေက ပါဝင်ကြတာဖြစ်ပါတယ်။ ဆွမ်းသပိတ်လောင်းလှူပွဲမတိုင်ခင်မှာ စေတနာ့ဝန်ထမ်းတွေက တမြို့လုံးလှည့်လည်ပြီး ဆွမ်းသပိတ်လောင်းလှူမည့် စာရင်းကောက်ခံပါတယ်။ စာရင်းပေးလိုက်တဲ့အိမ်တွေကတော့ မပျက်မကွက်သွားရပေမယ့် စာရင်းမပေးလည်း ဘုရားပွဲရက်မှ အကြောင်းတိုက်ဆိုင်လာလို့ လှူမယ်ဆိုရင် လှူလို့ရပါတယ်။ လောင်းလှူမည့်အိမ်အရေအတွက်ရပြီးရင် တိုက်ကြီး ၃ တိုက်အပါအဝင် တခြားဘုန်ကြီးကျောင်းတွေပါ သင့်တင့်မျှတအောင် သံသာတော်တွေကို ပင့်ဖိတ်ပါတယ်။ သက်ဆိုင်ရာ ကျောင်းထိုင်ဘုန်းကြီးကမှာ အလှည့်ကျတဲ့ သံဃာတော်ကို မနက်အာရုံဆွမ်းသပိတ် အလှူခံသွားဖို့ ရွေးချယ်ပါတယ်။ ပင့်ဖိတ်ခံရတဲ့ သံသာတော်က ဆွမ်းလောင်းပွဲမနက်မှာ ဖိတ်စာလက်မှတ်လေး ကိုင်ဆောင်လာရပါတယ်။

ကျွန်မတို့အမေက နှစ်စဉ်သပိတ်လက်ခံတယ်။ လက်ခံပြီးရင် အိမ်နားနီးချင်းတွေကိုလည်း “သပိတ်လက်ခံလား" ဆိုတာ မေးကြမြန်းကြ အဖော်စပ်ကြပါတယ်။ ရွှေကူဘုရားဆွမ်းသပိတ်ကို ချမ်းအေးလှတဲ့ ဆောင်းလတစ်လရဲ့ လပြည့်နေ့မှာ ပို့ဆောင်ရတယ်။ လဆန်း (၁၄)ရက်ဆိုရင် အမေတို့ ဈေးဝယ်၊ ချက်ပြုတ် ပြင်ဆင်ရတာနဲ့ အလုပ်တွေ ရှုပ်နေပါပြီ။ ဆွမ်းသပိတ်လုံးပို့ချိန်ကို ကျွန်မဘာလို့ သတိရသလဲဆိုရင် ကျွန်မတို့လမ်းလေးမှာ ကျွန်မက အဓိကဇာတ်ဆောင်လုပ်ခဲ့ရလို့ပါ။ ဆွမ်းသပိတ်အတွင်းမှာ ဆွမ်းရယ်၊ ဟင်းလျာခွက် အနည်းဆုံး (၅)ခွက်ပါပါတယ်။ ဆွမ်းသပိတ်ကိုတော့ မြို့ဈေးမှာ ဝယ်လို့ရသလို ဘုန်းဘုန်းတွေဆီကလည်း ပြန်စွန့်တတ်ပါတယ်။ ဘုန်းဘုန်းတွေဆီသွားရင် လှူစရာတွေ ယူသွားလှူပြီး သပိတ်ပြန်စွန့်တာ ယူလာရပါတယ်။ ကိုယ်နဲ့ခင်မင်ရာ၊ ကိုယ့်အိမ်ဆွမ်းခံကြွနေတဲ့ကိုယ်တော်တွေဆီက သပိတ်ကို ယူကြပါတယ်။ ဘာလို့လဲဆိုတော့ ကျောင်းတိုက်တွေမှာ သပိတ်က ပုံအောနေတဲ့အတွက် သပိတ်ပြန်စွန့်လိုက်တာက ကိုယ်တော်တွေလည်း အလှူပစ္စည်းရပါတယ်။ ရလာတဲ့သပိတ်ကို သန့်စင်ပြီး ရေစစ်ထားရပါတယ်။ သပိတ်အသစ်ဆိုရင်တော့ ရေစိမ်ထားရပါတယ်။ သပိတ်အသစ်နံ့ ပျောက်ချင်လို့ပါ။ ဘယ်လောက်သပိတ်တွေပေါပေါ ရွှေကူဘုရားဆွမ်းသပိတ်လောင်းပွဲဆိုရင် ဘုန်းကြီးကျောင်းတွေမှာ သပိတ်အကုန်ကုန်ပါတယ်။ နောက်ကျမှ ရောက်ရင် သပိတ်မရတော့ပါဘူး။ မြို့ဈေးကို သွားဝယ်ရင်လည်း အသစ်တွေပါ ကုန်ပြီဆိုတာနဲ့ တိုးနိုင်ပါတယ်။ ကျွန်မတို့အမေကတော့ အိမ်ကို ဆွမ်းခံကြွလာတဲ့ ဘုန်းဘုန်တွေဆီ အရင်နေ့ကတည်းက “ဘုန်းဘုန်း ၁၄ ရက်နေ့ ညနေ သပိတ်လာယူပါ့မယ်ဘုရား" ဆိုပြီး စရံရိုက်ထားပါတယ်။ ဒါမှလည်း နောက်နေ့ စိတ်မပူရမှာကိုး။

သပိတ်အတွင်းက ဟင်းလျာခွက်ကို ကျွန်မတို့ငယ်ငယ်က ဗာဒံရွက်နဲ့ ဖက်ခွက်လုပ်ပါတယ်။ တချို့အိမ်တွေက ဆွမ်းဟင်းခွက်ကို ပလပ်စတစ်၊ ဒန် စတာတွေနဲ့လုပ်ထားတဲ့ ခွက်တွေကို ဝယ်ထည့်ပါတယ်။ ကျွန်မတို့ငယ်ငယ်ကတော့ အဲလိုခွက်ဝယ်ထည့်တာ ရှားပါတယ်။ ဗာဒံခွက်နဲ့လုပ်တဲ့ ဆွမ်းဟင်းကမှ အနံ့အရသာပိုမွှေးဆိုပဲ။ လဆန်း (၁၄)ရက်နေ့ မနက်ဆိုရင် တခြားအိမ်တွေက ဗာဒံရွက်တွေခူးပြီး အိမ်ကို လာပို့ကြပါတယ်။ ကျွန်မတို့အိမ်မှာ ဗာဒံပင်မရှိပါဘူး။ လာပို့တဲ့အရွက်တွေကို ရေကန်ထဲမှာ စိမ်ထားလိုက်ပါတယ်။ ညနေခင်းရောက်ရင် အရွက်တွေကို ရေစစ်ပြီး အကြောတွေ သင်လိုက်ပါတယ်။ အဖေက ဝါးအစိမ်းကို ပါးပါးခုတ်လှီးပြီး (၁)လက်မအရှည်လေးတွေ ဖြတ်ထားပေးပါတယ်။ အနာအဆာမပါတဲ့ အရွက်ခပ်ကြီးကြီးတွေကို ရွေးထုတ်ပြီး သုံးမှာပါ။ အရွက်ရဲ့လေးပုံတစ်ပုံအဖျားပိုင်းကို ကပ်ကြေးနဲ့ ခပ်ဝိုင်းဝိုင်းညှပ်ရပါတယ်။ အရွက် (၂)ရွက်ကို အချောဖက်ကို အပေါ်မှာထားပြီး ကြက်ခြေခတ်ပုံ ထပ်လိုက်ပါတယ်။ ထောင့်(၄)ထောင့်ကို လိုက်ထပ်ပြီး ခွက်ပုံလေး ပေါ်လာအောင်ချိုးလိုက်ပါတယ်။ ချိုးလိုက်တဲ့နေရာမှာ ဖြတ်ထားတဲ့နှီးချောင်းလေးတွေနဲ့ တွယ်လိုက်ပါတယ်။ အဲဒီအခါ လိုချင်တဲ့ ဗာဒံခွက်ကိုရပါပြီ။

ဆွမ်းဟင်း (၅)ခွက် အနည်းဆုံးလုပ်တာဖြစ်လို့ လိုချင်တဲ့အိမ်ကို ရေတွက်ပြီး လုပ်ရပါတယ်။ ပဲဟင်းနဲ့ အသားဟင်းလို အဓိက ဟင်းတွေအတွက် ခွက်ကို ကြီးလုပ်ရပါတယ်။ အိမ်တအိမ်ကို ခွက်ကြီး (၂)ခွက် နဲ့ ခွက်အသေး (၃)ခွက်စီ အနည်းဆုံးလုပ်ပေးရတယ်။ ကျွန်မလုပ်တဲ့ ဗာဒံခွက်ကမှ လှတယ်လို့ သူတို့တွေ ပြောကြတာပါပဲ။ တခြားလူတွေလုပ်ရင် မလှလို့ဆိုတဲ့ အစွဲလေးတွေနဲ့ ကျွန်မဆီကမှ ရချင်ကြတယ်ဆိုတော့ အများကြီးလုပ်ရတော့တာပေါ့။ ဗာဒံခွက်လုပ်ရင်းစားဖို့ လက်ဖက်သုပ်ယူလာတဲ့သူလည်း ရှိတယ်။ မုန့်ယူလာပေးတဲ့အိမ်လည်း ရှိပါတယ်။ ကျွန်မငယ်ငယ်က လုပ်အားဒါနပါဝင်ခွင့်ရလို့ သိပ်ပျော်ခဲ့ပါတယ်။ ၁၄ ရက်နေ့ ညနေ ၄ နာရီလောက်ဆို ဗာဒံခွက်ထိုးဖို့ ပြင်ဆင်နေပါပြီ။ လာကူလုပ်ပေးချင်တဲ့သူတွေကလည်း ပေါများလှပါတယ်။ ခွက်တွေလုပ်ပြီးသွားရင် တခြားအိမ်တွေက လာယူသွားကြပါတယ်။ ကျွန်မအမေကတော့ ညနေစောင်းရင် အသားဟင်းအိုးချက်ပြုတ်ပြီး မီးဖိုပေါ်မှာ နှပ်ထားတယ်။ ပဲကြီးဆံကို သန့်စင်ထားတယ်။ ငါးရံ့ခြောက်ကို တုံးတစ်၊ ကြက်သွန်နီကို ပါးပါးလှီးဖြန့်ထားရတယ်။ ငရုတ်သီးနဲ့ ကြက်သွန်ဖြူကိုလည်း အဆင်သင့်ထောင်းထားရပါတယ်။ ပေါ်ဆန်းမွှေးဆန်ကိုလည်း အဆင်သင့် သန့်စင်ထားပါတယ်။ ဟင်းလျာထည့်မည့် ခွက်တွေကိုတော့ ပဝါသန့်သန့်နဲ့ရေသုတ်ပြီး လင်ဗန်းမှာ မှောက်ထားရတယ်။ ညပိုင်းမှာ အားလုံးပြင်ဆင်ထားမှ မနက်မှာ စိတ်မလောရမှာပါ။ ပြင်ဆင်မထားဘူးဆိုရင် မနက်ကျတော့ ကသီကုန်တော့တာပါပဲ။ အားလုံးပြင်ပြီးရင်တော့ အမေတို့တွေ အိပ်ယာစောစောဝင်ကြပါတယ်။ ကျွန်မကတော့ မနက်သွားရင် ဝတ်မည့်အဝတ်အစားတွေ အဆင်သင့်ထုတ်၊ အိမ်နားနီးချင်းအမတွေကို အိပ်ယာလှမ်းနှိုးဖို့ မှာပြီးမှ အိပ်ယာဝင်ပါတယ်။

မနက် (၂) နာရီလောက်ဆိုရင် အဖေက ဆွမ်းချက်ထဖို့ အိပ်ယာက နှိုးသံကြားရပါတယ်။ အမေက ဘွန္တောလှည့်တဲ့သူတွေ မလာသေးဘူး ပြန်အိပ်မယ်လို့လည်း ပြောပါတယ်။ (၂) နာရီ ၁၅ မိနစ်လောက်မှ “ဆွမ်းချက်ရန်ထတော်မူကြပါ၊ ဘွန္တော သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့" ဆိုပြီး ဘွန္တောလှည့်တဲ့အဖွဲ့ လာပါတယ်။ ကျွန်မငယ်ငယ်က အဲဒီအသံကို အိပ်မက်လိုလိုကြားပြီး ပြန်အိပ်အိပ်ပျော်သွားတတ်တယ်။ ဘယ်လိုလှည့်တာလဲ သိချင်တော့ “ အဖေ မနက်ကျ သမီးကို ဘွန္တောလာရင် နှိုးနော်"လို့ အဖေကို မှာပြီး အိပ်တယ်။ အဖေက နှိုးပေမယ့် ကျွန်မ ဘယ်တော့မှ အိပ်ယာမထပါဘူး။ မနက်လင်းရင်တော့ “ ဟင် အဖေကလည်း နှိုးပါဆို အခု မမြင်လိုက်ရတော့ဘူး" ဆိုပြီး အဖေကို စိတ်ဆိုးတတ်တယ်။ အဖေက တဟားဟားရယ်ပြီး “အဖေနှိုးတာ အခေါက်ပေါင်း မနည်းဘူး၊ သမီးမှ အိပ်ယာမထတာ" လို့ ဆိုမှ ကိုယ့်အပြစ်ဖြစ်နေတော့ သာသာလေးနေပြီး “ နောက်တခါဆိုရင် သေချာနှိုးနော်၊ သမီး တကယ် အိပ်ယာထမှာနော်" လို့ ပြောပြန်ပါတယ်။ မှတ်မှတ်ရရ တခါတည်း အိပ်ယာထဖူးပါတယ်။ ဘွန္တောကြည့်ချင်လွန်းလို့ အိပ်ယာကထပြီး အသာလေးချောင်းကြည့်လိုက်တာ အံ့သြရတယ်။ ကျွန်မတို့အတန်းဖော်သူငယ်ချင်းတွေ ဖြစ်နေတယ်။ အဲဒီကောင်လေးတွေက ဖိုးသူတော်လို အဖြူရောင်ဝတ်စုံလေးတွေဝတ်ပြီး ကြေးစည်ထမ်းထားတယ်။ အားလုံးက မနက်အိပ်ချင်မူးတူးပုံမဟုတ်ဘဲ လန်းလန်းဆန်းဆန်း နှိုးဆော်ရေး ဟစ်အော်နေပါတယ်။ ရပ်ကွက်တိုင်းလှည့်တာဆိုတော့ စေတနာအလျောက် ကူညီကုသိုလ်ယူကြတာလို့ အဖေက ပြောဖူးပါတယ်။ ဘွန္တောသံကြားရင် အမေက မျက်နှာသစ်နေပါပြီ။

အမေက ညကတည်းက နှပ်ထားတဲ့ အသားအိုးတွေ ပြန်နွှေး၊ နောက်မီးဖိုတခုမှာ ပဲဟင်းအိုးတည်ထားပါတယ်။ ကြက်သွန်နီ၊ ငါးရံ့ခြောက်၊ ငရုတ်သီးရောပြီး ဘလချောင်ကြော်ကြော်ပါတယ်။ ငါးသေးသေးလေးတွေကို အိုးကပ်ချက်ထားတာက ဟင်းတခွက်ပါ။ အသားဟင်း၊ ပဲဟင်းနဲ့ အချဉ်တခုခု သုပ်တာရယ် အားလုံးပေါင်း ဟင်း (၅)မျိုးဖြစ်သွားပါတယ်။ ဆွမ်းကို သပိတ်တဝက်နီးပါး ထည့်ပြီး အပေါ်က ဟင်းလျာခွက်တွေ စီထည့်ရပါတယ်။ ငှက်ပျောသီး ဖီးကြမ်းလှလှကြီးတွေကို သပိတ်ပေါ်မှာ တင်ပါတယ်။ တချို့အိမ်တွေက ချည်လက်သုပ်ပဝါအုပ်ပါတယ်။ တချို့တော့လည်း စက္ကူယပ်တောင်ပေါ်မှာ ဝတ္ထုငွေကို ကော်လေးနဲ့ကပ်ပြီး သပိတ်ပေါ်တင်ပါတယ်။ အမေကတော့ ခပ်စိမ်းစိမ်း ငှက်ပျောသီးလှလှကြီးတွေကို (၄) (၅) ရက် ကြိုဝယ်ထားလိုက်တာ လပြည့်နေ့ သပိတ်ပို့အတွက် အတော်ဖြစ်သွားပါတယ်။ အမေတို့ အားလုံးပြင်ဆင်နေချိန်မှာ ကျွန်မက အလှပြင်ရပါတယ်။ တခါတရံ မနက် (၂)နာရီလောက် မီးပျက်တတ်တော့ ဖယောင်းတိုင်မီးနဲ့ အလှပြင်ရပါတယ်။ အိပ်ယာက မထချင်ပေမယ့် သနပ်ခါးအေးအေးလေး လိမ်းလိုက်ရင် လန်းဆန်းသွားပါတယ်။ အိမ်နားက အမတွေအားလုံးလည်း အလှပြင်နေကြပါပြီ။ အမေတို့ လူကြီးတွေက လက်နှိပ်ဓါတ်မီးလေးကိုင်ပြီး သူ့အိမ်က ဆွမ်းသပိတ်၊ ကိုယ့်အိမ်က ဆွမ်းသပိတ် လှည့်လည်ကြည့်ရှုနေကြပါတယ်။ “ဟယ် အသားချက်က အရောင်လေးလည်း လှလိုက်တာ၊ သပိတ်အုပ်ထားတဲ့ ငှက်ပျောဖီးက ဘယ်ချိန်က ဝယ်ထားတာလဲ၊ ငါးအိုးကပ်ဟင်းက ဆီပြန်လေးတော့" ဆိုပြီး ပီတိကုသိုလ်ယူကြပါတယ်။

အားလုံးအဆင်သင့်ဖြစ်လို့ မနက် (၃) နာရီခွဲလောက်ဆို အိမ်နားက အမတွေစုပြီး သပိတ်ပို့သွားကြတယ်။ မိနစ်(၂ဝ) ခန့် လမ်းလျှောက်ရတာမလို့ (၄)နာရီ မရှိတရှိမှာ ဘုရားကို ရောက်သွားပါတယ်။ မြို့လယ်လမ်းမကို ရောက်ရင် ရပ်ကွက်တိုင်းက သပိတ်ပို့လာသူတွေနဲ့ ဆုံကြပါတယ်။ ကောင်လေးတွေကလည်း သူတို့အမေကို ဆိုင်ကယ်နောက်ကထားပြီး သပိတ်ပို့ ကောင်မလေးတွေကို ကြည့်ကြတာလည်း ပျော်စရာကောင်းလှပါတယ်။ သပိတ်ပို့လာသူတွေကို ဘုရားအဝင်မှာ ဂေါပက လူကြီးများနဲ့ ရပ်ကွက်ထဲက လုပ်အားလာပေးတဲ့ လူကြီးတွေက ဆီးကြိုသပိတ်ယူပါတယ်။ ချိုချဉ်၊ မုန့်ဖက်ထုပ်၊ ဇီးတော်ဖီ စတာတွေကို စေတနာ့အလှူရှင်တွေက “သပိတ်ပြန်အကမ်း" ဆိုပြီး လက်ဆောင်တွေ ပြန်ပေးပါတယ်။ ပါလာတဲ့ ပုဝါတွေနဲ့ ထည့်လို့ မနိုင်လောက်အောင် လက်ဆောင်တွေ ရတတ်ပါတယ်။ နောက်ထူးခြားတဲ့ လက်ဆောင်က ဆားရည်စိမ်ဇီးဖြူသီး အကြီးကြီးတွေကို တင်းတောင်းကြီးတွေနဲ့ ထည့်ပြီး လက်ဆောင်ကမ်းနေတာပါ။ ကိုယ်ကြိုက်သလောက် ထည့်ယူသွားလို့ ရပါတယ်။ သပိတ်ကို ဂရုတစိုက်ရွက်လာရတော့ အေးချမ်းလှတဲ့ ဆောင်းရာသီတောင် ချွေးပြန်ချင်သလိုလို မောပါတယ်။ ရောက်တာနဲ့ ဇီးဖြူသီးဆားရည်စိမ်လေး စားပြီး ရေအေးအေးသောက်လိုက်ရင် မောလာသမျှ ပြေပျောက်စေပါတယ်။ အမောပြေတဲ့အခါ ဘုရားကို အာရုံပြုကြပါတယ်။ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ စံပယ်ပန်း၊ နှင်းပန်း၊ သစ်သီးစုံတွေ ကပ်လှူထားတာလည်း တပုံတပင်ဆိုတော့ ဘုရားဝတ်ပြုရတာ ကြည်နူးစရာကောင်းလှပါတယ်။

မနက် (၄)နာရီ (၁၅) မိနစ်ဆိုရင် အလှူခံမည့် သံဃာတော်များကို ဆွမ်းသပိတ် စတင်ဆက်ကပ်နေပါပြီ။ သံဃာတွေက များပြားလှတာကြောင့် (၅)နာရီထိုးခါနီးမှ ဆက်ကပ်လို့ ပြီးပါတယ်။ ကျွန်မတို့က ကိုယ့်ဆွမ်းသပိတ်ကို မှတ်ထားပြီး ဘယ်သံဃာတော်ဆီ ရောက်မလဲဆိုတာ စောင့်ကြည့် ကြည်ညိုသဒ္ဒါပွားပါတယ်။ မစောင့်နိုင်တဲ့သူတွေက ဆွမ်းသပိတ်လုံးပို့ပြီး ပြန်လို့ရပါပြီ။ “ ဟယ် ငါတို့အိမ်က သပိတ်ကို ကပ်လှူနေပြီ" ၊ “ ဒါတော့ အမတို့အိမ်ကနော်" လို့ စောင့်ကြည့်ပြီးရင် အချင်းချင်းလက်တို့ပြီး ဘုရားအနောက်ဘက်မှာ နှစ်ပါးသွားကနေတဲ့ ဇာတ်ပွဲကို ငေးမောဖို့ နေရာရွှေ့ကြပါတယ်။ ခဏတဖြုတ်ငေးမောပြီးရင် အိမ်ပြန်တယ်။ အမေက ထမင်းပွဲနဲ့ စောင့်နေတော့ မောမောနဲ့ ထမင်းလွေးပြီး မနက်က မဝတဲ့ အိပ်ရေးကို ဆက်လက်အတိုးချမိပါတော့တယ်။ အခုတော့ မြို့လေးမှာ ဗာဒံဆွမ်းဟင်းခွက်တွေအစား ပလပ်စတစ်အိတ်တွေ အစားထိုးနေပြီ၊ စီးပွားရေးမပြေလည်တာက တမျိုး၊ အလုပ်တွေများနေတာက တဖုံ၊ အကြောင်းကြောင်းတွေကြောင့် ဆွမ်းသပိတ်လုံးအတွက် ဝီရိယလည်း မစိုက်ထုတ်နိုင်ကြတော့ဘူးလို့ အမေက ပြောပြတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ငယ်ငယ်က အညာမြို့လေးမှာ ခံစားခဲ့ရတာတွေ နောင်တချိန်မှာ ပြန်ရနိုင်ပါအုံးမလားလို့လည်း တွေးမိနေပါတော့တယ်။

မဖနိ

14 comments:

Welcome July 29, 2008 at 5:14 AM  

ဗဟုသုတအလို့ငှာ ဖတ်၊ မှတ်သွားပါတယ်။ ပျော်ရွှင်စရာ မမေ့နိုင်တဲ့ ရိုးရာဓလေ့မို့
နှစ်သက်စွာ ဖတ်ရှုသွားပါတယ်။
အစဉ်လေးစားလျက်
-
ဝင်းဇော်

RePublic July 29, 2008 at 7:20 AM  

မဇနိ ရေးတဲ့ ပို့စ်တိုင်းက တကယ့်အတိတ်ဖြစ်ရပ်လေး တွေကို အခြေခံတယ်နော် ၊၊ပို့စ်ဖတ်ရင်းနဲ့တောင် မဇနိတို့အညာလေး ကိုရောက်သွားတယ်ဗျာ ၊၊
စာမရေးတာကြာနေတဲ့ မဇနိကြီး ၊၊တော်ဒယ် တော်ဒယ် ၊၊

Anonymous July 29, 2008 at 9:37 AM  

မဇနိရေ
မဇနိကတော့ ကိုယ်သိတဲ့အကြောင်းအရာကို စေ့စေ့စပ်စပ်ရေးတတ်ပ။ ကျွန်တော်တို့ဘက်ကနဲ့မတူတော့ ဗဟုသုတလဲရသွားတယ်။ ကျွန်တော်တို့ဆီမှာတော့ ဝါတွင်းဆွမ်းလောင်းပွဲနဲ့ ဝါကျွတ်ဆွမ်းသိမ်းပွဲဆိုပြီးရှိတယ်။ ကတော့ထိုးတာတို့၊ ဆွမ်းသပိတ်လုံးလောင်းလှူတာတို့တော့ ခုမှကြားဖူးတာ။ မဇနိရဲ့ပို့စ်လေးတွေကတော့ အညာနံ့သင်းသင်းလေးနဲ့ ကြည်နူးစရာလဲကောင်းပ။ ကြွပ်ကြွပ်အိတ်ယဉ်ကျေးမှုကတော့ နေရာတိုင်းလိုလိုပါပဲဗျာ။

ဆောင်း July 29, 2008 at 10:22 AM  

ကျမတို့ ရန်ကုန်အခေါ်က တော့ ဗံဒါရွက် (ဗန်ဒါရွက်) လို့ ခေါ်ကြတယ်ရှင့်။ ဓါတ်ပုံထဲက ငှက်ပျောသီးကြီးက ကြီးလိုက်တာ တခါမှ အဲလောက်ကြီးတာ ကျမအနေနဲ့  ရန်ကုန်မှာ မတွေ့ ဘူး။ အားရစရာကြီးနော်။
ဖတ်ရင်းနဲ့ ပီတိဝေဖြာမိပါတယ်။

ပို့ စ်လေးအတွက် ကျေးဇူးတင်ပါတယ်။

တားမြစ် ထားသော... July 29, 2008 at 3:02 PM  

nice post!
now i can't use MM-font. Later comeback and write in burmese!
best regards,
VBT

အိမ်လွမ်းသူ(မှန်နီကုန်း) July 29, 2008 at 8:39 PM  

မဇနိရေ... မဇနိရဲ့ စာကိုဖတ်ပြီး..ရွာကိုတောင် ပိုပြီးလွမ်းလာသလိုပဲဗျာ..။
လွမ်းဆို ဓလေ့ဇရိုက်က လဲ တော်တော်လေး ကိုတူနေတာဗျ။
ကျနော်တို့ ဆီမှာလည်း အထူးသဖြင့် (သီတင်းကျွတ်လပြည့်ကျော်၁ရက် နှင့် နှစ်ဆန်းတစ်ရက်)တွေ မှာဆိုရင်.. နံနက် ၄နာရီလောက်ဆိုရင်..
“ဆွမ်းချက်ရန်ထတော်မူကြပါ၊ ဘွန္တော သပ္ပုရိသ အပေါင်း သူတော်ကောင်းတို့" ဆိုပြီး..အင်မတန် ကြည်နူးစရာကောင်းတဲ့ တီးလုံး လေးနဲ့ လှည့်ပြီး နိုးဆော်တာလေ..။
တကယ့်ကို..ကျနော်တို့ ဗုဒ္ဓဘာသာဝင် တွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဓလေ့ တစ်ခုပါ..။
ကျနော်ထင်တယ်... ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတွေရဲ့ အထင်ရှားဆုံး (ဗမာ အဆန်ဆုံး) ဓလေ့လေးတစ်ခုပါ...။
အဲ့ဒီလို ဓလေ့ လေးတွေ ကွယ်ပျောက်မသွားအောင် ထိန်းသိမ်းဖို့ တော့ လိုအပ်မယ် နော်..။
ဘာဘဲ ဖြစ်ဖြစ် မဇနိရဲ့ ပြောင်မြောက်လှတဲ့ အရေးအသားတွေ နဲ့ ဤကဲ့သို့ ဓလေ့လေးကို ဖော်ကြူးပေးလို့ ကျေးဇူးအထူးတင်ပါတယ်ဗျာ..။
အားပေးလျှက်ပါ မဇနိရေ...။

မြရွက်ဝေ July 30, 2008 at 7:22 AM  

အညာမှာ အမျိုးတွေရှိပေမယ့် တခါမှ မရောက်ဖူးဘူး။ မနိရေးမှဘဲ သွားလည်ချင်စိတ် ပိုပေါက်လာတယ်။ စောစောစီးစီး ဆွမ်းထလောင်းရတာ ပျော်စရာ အတော်ကောင်းမှာနော်။ အဲလိုဆွမ်းလောင်းပွဲ ကြုံဖူးချင်တယ်။ မဇနိအရေးကောင်းတယ်။ တခါထဲ မျက်စေ့ထဲပါ ကွင်းကွင်းကွက်ကွက် မြင်ယောင်မိတယ်။

မေအောင် July 30, 2008 at 3:39 PM  

ပြန်ရင်ဆွမ်းချက်တာဝန်ယူရတော့မှာနော်
ကောင်းကောင်းချက်
ကောင်းမကောင်း ကိုဇနိမြည်းရင်း
ဆွမ်းဟင်းအိုးပြောင်သွားနိုင်တာမို့
များများချက်ဖို့ မမေ့နဲ့

khin oo may July 30, 2008 at 8:16 PM  

i also continue thinking

တားမြစ် ထားသော... July 31, 2008 at 9:48 AM  

အင်း.. မဇနိရေ။ ကောင်းတယ်လို့ပဲ ပြောပရစေတော့။ ကိုဇနိကတော့ လက်တွဲဖော် အကောင်းစားလေးရတာပါပဲ။

တန်ခူး July 31, 2008 at 12:02 PM  

မဇနိရေ… အရေးအသားက ဆွဲခေါ်သွားတာ ကိုယ်ကိုယ်တိုင် ဆွမ်းတွေလောင်းလို့ … ကျွန်မတို့ အညာဘက်မှာလဲ သပိတ်လုံးလောင်းတဲ့ အလေ့အထလေး ခုထိရှိသေးတယ်… မနှစ်က ရန်ကုန်ပြန်သွားတော့ ကျွန်မတို့  ရပ်ကွက်ထဲမှာ ဘွန္တောအဖွဲ့ နဲ့ ဆွမ်းလောင်းတဲ့ အလေ့လေး ပြန်လုပ်ဖြစ်နေတာ တွေ့ ရလို့  ၀မ်းသာလိုက်တာ… ဘွန္တောအသံက ကျက်သရေရှိလွန်းလို့  ငယ်ကတည်းက နှစ်သက်ခဲ့တာ… ရောက်တုန်းရောက်ခိုက် မနက်အစောကြီး ဆွမ်းကပ်ခဲ့သေးတယ်… ဒီpostလေးဖတ်တော့ ချက်ချင်းအိမ်ပြန်ချင်လာတဲ့ အထိ လွမ်းသွားတာ… ဘယ်နိုင်ငံမှာမှ မတွေ့ ရတဲ့ ချစ်စရာ အလေ့အထလေးတွေမိုလား…

nu-san July 31, 2008 at 7:41 PM  

မဇနိရေ.. စိတ်ရှည်ရှည်နဲ့ အသေးစိတ်ရေးပြပေးထားတာ တကယ်ဖတ်လို့ကောင်းတယ်။ မဇနိရဲ့ စာတွေ ဖတ်ပြီးရင်လေ အညာကို လာလည်ချင်တယ်။ ၁ လ ၂ လလောက်တော့နေပြီး ရိုးရာဓလေ့တွေကို မြင်ဖူး ကြုံဖူးချင်တာ။ အမတို့ရပ်ကွက်မှာတော့ ထိုင်ဆွမ်း၊ တန်းဆွမ်း ဆိုပြီးရှိတယ်။ အိမ်နားမှာက အင်းစိန်ရွာမစာသင်တိုက်ရှိတော့ စာသင်ကိုယ်တော်တွေက အမြဲတမ်း ဆွမ်းအလှူလာခံတယ်။ တခါတလေဆို ၁၀ ပါးကျော်တယ်။ ၃ နှစ်စာသင်ရမယ်ဆို ၃ နှစ်လုံးအိမ်ကို ကြွတယ်။ ထိုင်ဆွမ်းချည်းပဲကြွတာ။ စာသင်တာပြီးတော့မှ ကိုယ့်ရပ်ရွာပြန်တော့မှ မကြွတော့တာ။
တခါတုန်းကဆို မှတ်မှတ်ရရ အိမ်မှာလေ ကိုရင်လေး တစ်ပါးကြွတာ။ အဲဒီကိုရင်လေးက နောက်ထပ် ကိုရင်လေးကိုပါ အဖော်ခေါ်လာတာ ပြီးတော့ အတူတူ လာတာမဟုတ်တော့ ကိုရင်လေးတွေကို မမှတ်မိဘူးဖြစ်နေတာ။ ကိုရင်လေးတွေက များလာတယ်ပေါ့ လို့ပဲ ထင်တာ။ တရက်တော့ အမ အမေက ထိုင်ပြီး ကိုရင်လေးတွေကို စောင့်ပြီးကြည့်တော့မှ လက်ရှိ အိမ်ကို ထိုင်ဆွမ်းကြွတဲ့ ကိုရင်က ခေါ်ထားတာ နောက်ထပ် ကိုရင်အားလုံးပေါင်း ၄ ပါးလောက်ရှိတယ်။ ပေါင်း ၅ ပါးပေါ့နော်။ အမေက ကိုရင် အိမ်ကို ဆွမ်းခံကြွမယ်ပြောထားဖူးလားမေးတော့ ကိုရင်လေးတွေက ခေါင်းခါကြတယ်။ ကိုရင့်ကို ဘယ်သူပင့်ထားသလဲမေးတော့ ဟိုကိုရင်က ပင့်တာဆိုပြီး တဆင့် တဆင့် အချင်းချင်း ပင့်ထားကြတာ။ အကြောင်းစုံသိတော့ ရီလိုက်ရတာ မပြောပါနဲ့။ အဲဒါနဲ့ သူတို့ကြွနေသရွေ့တော့ လောင်းပေးရတာပေါ့.. ဘာရယ်မဟုတ်ဘူး ညီမလေးရေ.. ဆွမ်းအလှူနဲ့ပတ်သက်တာလေး ဖတ်ရလို့ အရင်တုန်းက အကြောင်းလေး သတိရလာမိလို့ ၀င်ရေးလိုက်တာ.... :)

Taungoo August 3, 2008 at 7:16 AM  

အမဇနိရေ
ကျွန်တော်တို့ တောင်ငူမှာတော့ တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညသန်းခေါင်တည်းက ဘုရားမှလူစုကြပြီး နှစ်ကျိပ်ရှစ်ဆူဘုရားတွေ အာရုံဆွမ်းဒေသစာရီကြွကြတာ ငယ်ငယ်ကတော့ လူကြီးတွေ နှိုးမှ ထပြီးအလှူပစ္စည်းထည့်တယ်
ခုနစ်တန်းနှစ်မှ ကိုယ်တိုင်လိုက်တယ်
တစ်မြို့လုံးအတိုင်းအတာနဲ့ လှည့်တာဆိုတော့ လူအင်အားလည်းများ အရမ်းလည်း စည်တယ်

မေတ္တာဖြင့်

Taungoo August 3, 2008 at 7:16 AM  

အမဇနိရေ
ကျွန်တော်တို့ တောင်ငူမှာတော့ တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညသန်းခေါင်တည်းက ဘုရားမှလူစုကြပြီး နှစ်ကျိပ်ရှစ်ဆူဘုရားတွေ အာရုံဆွမ်းဒေသစာရီကြွကြတာ ငယ်ငယ်ကတော့ လူကြီးတွေ နှိုးမှ ထပြီးအလှူပစ္စည်းထည့်တယ်
ခုနစ်တန်းနှစ်မှ ကိုယ်တိုင်လိုက်တယ်
တစ်မြို့လုံးအတိုင်းအတာနဲ့ လှည့်တာဆိုတော့ လူအင်အားလည်းများ အရမ်းလည်း စည်တယ်

မေတ္တာဖြင့်

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP