ကျွန်မချစ်သောဆရာများ

>> Thursday, July 3, 2008


မဇနိ
3 July 2008

“အာစရိယ ဂုဏော အနန္တောပါ မြတ်ဆရာ၊ သားတို့ချစ်တဲ့ မြတ် မြတ်ဆရာ၊ သမီးတို့ချစ်တဲ့ မြတ်မြတ်ဆရာ“ ဒီသီချင်းသံကြားပြီဆိုရင် ကျွန်မ အလိုလို မျက်ရည်ဝိုင်းမိတတ်တယ်။ ဆရာဆိုတာ စေတနာ၊ ၀ါသနာ၊ အနစ်နာအပြည့်နဲ့ အရောင်အသွေးစုံတဲ့ မျိုးဆက်သစ်လူငယ်လေးတွေကို ပြုစုပျိုးထောင်ပေးခဲ့ကြတဲ့ ကျေးဇူးရှင်တွေပါ။ ဘယ်ကလေးက ဘယ်လိုစရိုက်ရှိတယ်ဆိုတာ သိပြီး ဘယ်လိုထိန်းရမယ်ဆိုတာ နားလည်တဲ့သူတွေဟာ မိဘနဲ့ ဆရာတွေပါ။ ချော့တခါ၊ ငေါက်တလှည့်နဲ့ လိုသလို ပုံသွင်းပေးခဲ့တဲ့ ဘ၀ပုံဖော်ပန်းချီဆရာတွေဆိုလည်း သူတို့ပါပဲ။ ကျွန်မဘ၀မှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ အများကြီး ကြုံတွေ့ခဲ့ဖူးပါတယ်။ ဆရာအားလုံးဟာ ကျွန်မအတွက် ကျေးဇူးရှင်တွေပါ။ ကျွန်မစိတ်ထဲ အားကျ၊ အတူယူ၊ ချစ်ခင်မိတဲ့ဆရာတွေ အမှတ်ထင်ထင်ရှိခဲ့ဖူးပါတယ်။


ကျွန်မလေးစားမိပြီဆိုရင် အဲဒီဆရာတွေ ဘာလုပ်လုပ် သဘောကျနေတော့တာပါ။ ကျွန်မ သူငယ်တန်းကနေ ၄ တန်းထိ အတန်းပိုင်ဆရာမက ပထမဆုံး ကျွန်မရင်ထဲ ရောက်ခဲ့တဲ့သူပါ။ ဆရာမက ရုပ်မချောပါဘူး။ အသားခပ်ညိုညိုနဲ့ အရပ်အမောင်းကတော့ ကောင်းပါတယ်။ ဆရာမရဲ့ ထူးခြားချက်က စိတ်နှစ်မျိုးပိုင်ဆိုင်တယ်။ စာတွေမရတဲ့အခါ၊ စည်းကမ်းပျက်တဲ့အခါမျိုးမှာ ကြိမ်လုံးနဲ့ ခြေသလုံးကို ခပ်ဆတ်ဆတ်လေးရိုက်တတ်ပါတယ်။ မျက်နှာထားလည်း တင်းနေတတ်တယ်။ ဒါပေမယ့် ကလေးတွေ ကျောင်းမလာတဲ့အခါ အိမ်အထိလိုက်မေးတတ်တယ်။ နေမကောင်းရင် ဆေးလုံးလေးတွေ ယူလာပေးတတ်တယ်။ စာအုပ်မတတ်နိုင်တဲ့သူဆိုရင် စာအုပ်လေးတွေ ပေးတယ်။ ခဲတံ၊ ပေတံကအစ ဆရာမက ပေးပါတယ်။ ကျောင်းကျန်းမာရေးလာလို့ ဆေးထိုးရမည့် ကလေးတွေဆို ဆရာမကိုယ်တိုင် လိုက်ပို့ပေးတယ်။ ကြောက်အားကြီးနေတဲ့ကလေးတွေကို ဆရာမက သူ့ကိုဖက်ထားပြီး အားကိုးစေခဲ့တယ်။ ကလေးတွေကလည်း ချစ်ကြောက်ရိုသေကြပါတယ်။ စကားပြောကောင်းတဲ့ဆရာမက မိဘဆရာအသင်း ဆုပေးပွဲတွေမှာဆို မိန့်ခွန်းအမြဲပြောတယ်။ ဆရာမမိန့်ခွန်းပြောတဲ့အချိန်ဆို ကျွန်မရင်ထဲမှာ ဆရာမက သူရဲကောင်းကြီးကို ဖြစ်လို့နေမိတယ်။ တတန်းလုံး သိပ်ချစ်တဲ့ဆရာမက ၄ တန်းနှစ်ရောက်တော့ ချစ်သူရှိတယ်လို့ ကြားရတယ်။ ကလေးတွေ ငိုကြတယ်။ ညအပိုချိန်တွေခေါ်ရင် အဲဒီလူကြီး လိုက်တာတတ်တယ်။ ကျွန်မတို့ ဆရာမကို စိတ်ဆိုးကြတယ်။ အဲဒီလူကြီးကို စကားမပြောဘူး။ ချစ်စရာကောင်းတဲ့ဆရာမက သူ့ကလေးတွေ အဲဒီလူကြီးကိုချစ်အောင် စာဝင်သင်ခိုင်းတယ်။ သူကိုယ်တိုင်ကျောင်းဆရာဖြစ်တဲ့ အဲဒီလူကြီးက ပုံပြင်တွေပြောပြပြီး ကျွန်မတို့ တတန်းလုံးကိုစည်းရုံးပြီး ကျွန်မတို့ပိုင် ဆရာမလေးကို အပိုင်ယူချသွားတယ်။ ပြန်တွေ့တဲ့အချိန်တိုင်း ဆရာမရှေ့မှာ ကလေးပေါက်စပြန်ပြန်ဖြစ်သွားရတယ်။ ကျွန်မလက်ရေးလေးတွေက ဆရာမလက်ရေးနဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့အထိ ကျွန်မ လေးစားချစ်ခဲ့မိတယ်။

ကျွန်မချစ်မိတဲ့နောက်ဆရာမကတော့ ယောက္ခမလောင်း မေမေဆရာမပါ။ ကျွန်မ ၈ တန်းနှစ်က အတန်းပိုင်ဆရာမဖြစ်ခဲ့ဖူးတယ်။ မနက်ခင်းတိုင်း ညနေတိုင်းမှာ အတန်းကို အပြေးရောက်လာပြီး စာကျက်ပါ၊ စာကျက်ပါလို့ မမေ့မလျော့ လာပြောတဲ့ ချစ်ဆရာမပါ။ အမြဲတန်း လိမ္မာအောင်၊ စာကြိုးစားအောင် သင်ပေးတဲ့ ဆရာမပါ။ ပိုက်ဆံရှိတာမရှိတာကို အလေးမထားဘဲ စာကြိုးစားတဲ့သူကို မြေတောင်မြှောက်ပေးလို့ ချစ်ခဲ့ရတာပါ။ ကျွန်မတို့ တက္ကသိုလ်တက်တော့လည်း သူ့သားဆီလာရင်းနဲ့ တမြို့ထဲကလေးတွေကို သူ့သားသမီးတွေလို ထမင်းတွေ အမြဲလိုက်လိုက်ကျွေးတတ်ပါတယ်။ စားကောင်းသောက်ဖွယ်တွေကို သားတို့စား သမီးတို့စားဆိုပြီး ပန်းကန်တွေထဲ အတင်းထည့်ပေးပြီး ကျွေးတတ်တယ်။ ကျောင်းသွားတက်တဲ့အခါတိုင်း လက်ဖက်၊ စားစရာနဲ့ သနပ်ခါးတုန်းတွေ ပေးတတ်တယ်။ ကျွန်မတို့ အောင်မြင်မှု တခုခုရလျင် ဂုဏ်ယူနေတတ်တယ်။ ရှုံးနိမ်မှုနဲ့ကြုံရရင် အားမငယ်ဖို့ အားတွေပေးတတ်တယ်။ ကျွန်မကျောင်းပြန်လာလို့ အိမ်သွားလည်ရင် ကျောင်းသွားမည့်ခြင်းတောင်းချပြီး ကျောင်းမသွားဘဲ စကားတွေထိုင်ပြောနေတတ်တယ်။ ကျွန်မဘ၀ရဲ့ အဆိုးအကောင်းအားလုံး မျှဝေခံစားပေးတဲ့ ဆရာမတယောက်ဖြစ်လို့လည်း လေးစားချစ်ခင်မိပါတယ်။

ကျွန်မလေးစားချစ်ခင်ရတဲ့ ဆရာကြီးတယောက်ကတော့ ၀ိုင်တီယူက ကျွန်မတို့ ဌာနမှုးဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ ပင်စင်ယူသွားပါပြီ။ ကျောင်းသားတွေ သိပ်ချစ်ကြတဲ့ ဆရာကြီးရဲ့ ပင်စင်ယူနှုတ်ဆက်ပွဲမှာ ၀ိုင်တီယူရဲ့ ဟောလ်ခန်းကြီးလျှံထွက်နေပါတယ်။ “ကျုပ်ကို တာဝန်အရ ပင်စင်ပေးပေမယ့် ကျူပ်ဒီကျောင်းကြီးကိုတော့ လာနေမှာပဲ၊ ဘယ်သူမှ ကျုပ်ကိုတားလို့မရဘူး“လို့ ပြောခဲ့တဲ့ ဆရာကြီးရဲ့အသံကို မမေ့နိုင်ပါဘူး။ အခုချိန်ဆို ဆရာကြီး ကျောင်းကို သတိရတိုင်းလာနေလေမလား။ သူကိုယ်တိုင်ဒီဇိုင်းဆွဲဆောက်ထားတဲ့ နန်းတော်တမျှခမ်းနားတဲ့အိမ်ကြီးကို အရောက်သွားလို့ကန်တော့တဲ့အခါ “ငါ့အတွက် ဘာမှမလိုဘူး၊ အခုချိန်ပေါ့လေ။ နောင်လိုရင် မင်းတို့မပေးလည်း လာတောင်းမယ်၊ ပြန်ယူသွား“ဆိုပြီး လက်မခံခဲ့တဲ့ဆရာကြီး။ အတန်းနားချိန် ၁၀ မိနစ်ပေးရင် “ကဲ ကဲ လွတ်လွတ်လပ်လပ်အနားယူ“ဆိုပြီး ခပ်ဝေးဝေးမှာ ကုလားထိုင်လေးတလုံးနဲ့ သွားနေခဲ့တဲ့ဆရာကြီး။ ကျွန်မတို့မေဂျာမှာ ခက်တယ်လို့ယူဆရတဲ့ဘာသာကို ဟန်ပါပါနားလည်အောင် တွေးခေါ်တတ်အောင် သင်ပေးတဲ့စသင်တဲ့နည်းဗျူဟာတွေ ပိုင်တဲ့ဆရာကြီး။ စကော်လာလျှောက်ရင် recommendation letter မှာ လက်မှတ်ထိုးဖို့ကို လမ်းမှာမြင်ရင်တောင် လှမ်းတောင်းပြီး လက်မှတ်ပေးခဲ့တဲ့ဆရာကြီး၊ စကော်လာမပါရင် “စိတ်မပျက်နဲ့ငါ့တပည့်၊ ဆရာတုန်းက ၈ ခါမြောက်မှာ အင်္ဂလန်ကို သွားရတာ“ ဆိုပြီး အမြဲအားအင်တွေပေးခဲ့တဲ့ ဆရာကြီး၊ တပည့်တွေကို လူကြီးလိုဆက်ဆံတတ်တဲ့ဆရာကြီး thesis ခေါင်းစဉ်တွေရွေးတဲ့အခါ “ဖြစ်နိုင်မလား မင်းနဲ့ငါ စဉ်းစားကြည့်ကြမယ်ကွာ“ ဆိုပြီး ယုံကြည်မှုတွေ ထားတတ်အောင် သင်ပေးခဲ့တဲ့ ဆရာကြီးကို ကျွန်မသိပ်လေးစားချစ်ခင်မိပါတယ်။ တကယ်တော့ ဆရာကြီးဟာ ပညာလည်း သိပ်တော်ခဲ့တယ်။ ထက်မြက်တယ်။ အင်မတန် ရိုးသားတည်ကြည်တယ်။ ဆရာကြီးပင်စင်ယူနှုတ်ဆက်ပွဲမှာ နိုင်ငံတကာရောက်နေတဲ့ သူ့တပည့်တွေ ပြန်လာကြတယ်။ အမြို့မြိုရောက်နေတဲ့ တပည့်တွေလည်း တက်ရောက်ခဲ့ကြတယ်။ အဲဒီပွဲမှာ ကျွန်မတို့က ငချွတ်ကလေးတွေအနေနဲ့ တက်ခဲ့ရတာပါ။ အားလုံးက အင်ဂျင်နီယာကြီးတွေ အရေးပါတဲ့လူကြီးတွေ တက်ရောက်ကြတဲ့ပွဲပါ။ ဆရာ့တပည့်ဟောင်း ကျောင်းသားတယောက်ကတော့ “ဆရာကြီးအလုပ်က ပင်စင်ယူပေမယ့် ကျွန်တော်တို့ရင်ထဲက ဆရာကြီးကို ဘယ်တော့မှ ပင်စင်မပေးပါဘူး၊ အမြဲတန်းဆရာကြီးပါ။ ကျွန်တော့်အမျိုးသမီးကလည်း ဆရာ့တပည့်မဆိုတော့ teacher in law လဲ ဆရာကြီးပါ၊“ လို့ လှိုက်လှိုက်လှဲလှဲ ပြောသွားခဲ့ပါတယ်။ ကျွန်မရင်ထဲက ဆရာကြီးကို လေးစားတဲ့စိတ်ကလည်း ဘယ်တော့မှ ပင်စင်မပေးဘဲ ထာဝရဖြစ်တည်နေမယ်ဆိုတာ အသေအချာပါပဲ။

နောက်ဆုံးကျွန်မချစ်မိတဲ့ ဆရာကတော့ အခု လက်ရှိဆရာပါ။ အင်တာနက်ကနေ ကျောင်းရှာတုန်းကတည်းက “သူ့ဆီတော့ မလျှောက်ဖူး၊ ခပ်တည်တည်ကြီး ကြောက်တယ်တော့“လို့ ကိုဇနိကို ပြောဖူးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူဆီမှ ကျောင်းလာတက်ဖြစ်ပါတယ်။ လူမျိုးမတူပေမည့် ကျောင်းသားတွေအပေါ်ကို စာနာနားလည်မှုတွေ ပေးခဲ့တယ်။ ကျောင်းကို ဘယ်နှစ်နာရီလာရမယ်။ ဘယ်လိုနေမှ ကြိုက်တယ်ဆိုတာ တခွန်းမှ မပြောခဲ့ပါဘူး။ သူ့ပညာရပ်မှာ နာမည်ကြီးတဲ့ ဆရာကြီးပါ။ ကျွန်မတို့ကိုတော့ ဖခင်တယောက်လို ဆက်ဆံပါတယ်။ အသံတိုးတိုးပြောတတ်တဲ့ ကျွန်မစကားပြောတဲ့အခါ နားနားကပ်နားထောင်ပေးတဲ့ဆရာကြီးကို ကျွန်မ ချစ်ခင်မိပါတယ်။ လက်ချာလိုက်တဲ့အချိန်တိုင်းမှာလည်း ဆရာ့ရဲ့ ပညာတွေကို လေးစားမိရပြန်တယ်။ ဒီနေ့လည်း အင်တာနက်ကြိုးဟောင်းနေတယ် လဲပေးမယ်ဆိုပြီး သူ့ဟာသူ လာလဲတပ်ပေးပါတယ်။

ကျွန်မ ငယ်ငယ်ကလေးကတည်းက တွေ့ခဲ့ကြုံခဲ့သင်ခဲ့ဖူးတဲ့ ကျေးဇူးရှင်ဆရာတွေအများကြီးပါ။ အခုရေးပြခဲ့တဲ့ဆရာတွေကတော့ မှတ်မှတ်ထင်ထင်လည်းရှိလို့ သူတို့အကြောင်းကိုရေးခဲ့တာပါ။ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဒီနေရာမှ ဂါရ၀ပြုလိုက်ပါတယ်။

မဇနိ

18 comments:

tmn July 3, 2008 at 8:54 PM  

မဇနိ အခုရေးတဲ့ပို့စ်ကိုဖတ်ရတော့...ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ စာစီစာကုံးကို သတိရမိတယ်...သင်နှစ်သက်တေသာ ဆရာ/မ တစ်ယောက်အကြောင်းဆိုလား... ဖတ်လို့ကောင်းတယ်...

မောင်ဖြူ July 3, 2008 at 10:01 PM  

မဇနိရေ၊ ရေးသင့်တဲ့ပို့စ်ကောင်းလေးတစ်ပုဒ်ပါပဲ။ ကျွန်တော့်အဖေကတော့ပြောဖူးတယ်။ ငါတို့တုန်းက ဆရာတွေက ပိုပြီးဆရာပီသတယ်တဲ့။ သူပြောတာလဲဟုတ်ပါတယ်။ သူကျောင်းသားဘဝတည်းကခင်ခဲ့တဲ့ဆရာတွေက ကျွန်တော်တို့လူလားမြောက်တဲ့အထိ စီးပွားရေး၊ လူမှုရေးကအစ အဖေ့ကိုထိထိရောက်ရောက်ကူညီခဲ့တယ်။ အဲဒီထဲကဆရာကြီးတစ်ယောက်က ကျွန်တော့်ဆရာလဲဖြစ်လိုက်သေးတယ်။ သူနဲ့ကျွန်တော့်အဖေကနာမည်တူတယ်။ ဆရာကြီးဆုံးသွားတဲ့အထိ ဆရာနဲ့အဖေတို့ အဆက်အသွယ်မပြတ်ခဲ့ကြဘူး။ ခုခေတ်တော့ အဲဒီလိုဆရာတွေရှားသွားပြီထင်တယ်။ ရှိတော့ရှိကြဦးမှာပါ။ ဒီမှာတော့ ဆရာနဲ့ကျောင်းသားဆက်ဆံရေးက အရမ်းအေးစက်တယ်။ တက္ကသိုလ်မို့လားတော့မပြောတတ်ဘူး။ မြန်မာကျောင်းသားတွေက ဆရာတွေကိုရိုသေတတ်ကြတော့ သူတို့သဘောကျကြတယ်။
မဇနိကတော့ အတွေးကောင်းသလို၊ တွေးသလောက်လဲရေးနိုင်တယ်။ လူထုဦးလှတို့မောင်နှံလို၊ အိုးဝေမောင်နှံထွက်လာဦးတော့မှာပဲ။

Republic July 4, 2008 at 3:56 AM  

မဇနိ ဒီပိုစ့်ရေးလေး က ဆရာ ဆရာမတွေ ကိုပြန်အောက်မေ့သတိရစေတယ်ဗျာ ... ကျေးဇူးပါပဲ ..
မနိရေ..အနော်လည်း ၀ိုင်တီယူ ကပါဂျာ..ဟီး တွေ့ရတာဗိုက်ဆာတယ်ဗျာ...
အားပေးလျက်ပါ..မဇနိ

မြရွက်ဝေ July 4, 2008 at 5:15 AM  

သူငယ်တန်းကနေ အထက်တန်းအထိ ဆရာမတွေကို ချစ်တယ်။ ၁၀တန်းတုန်းက အတန်းခွဲတစ် ဖြစ်တာတောင် ဘယ်ကျောင်းသားကိုမှ မျက်နှာသာမပေးဘဲ ဆန်ရင်းနာနာဖွတ်လို့ အောင်ချက်ကောင်းအောင် ဆုံးမတဲ့ ဆရာမတွေကို ခုနေပြန်တွေးရင် အရမ်းကျေးဇူးတင်တယ်။ မဇနိပြောလို့ မွေးရပ်က ဆရာမတွေကို သတိရသွားပြီ။

မောင်မျိုး July 4, 2008 at 6:43 AM  

မဇနိက စာရေးတော်တော်ကောင်းတာပဲ ဆရာတစ်ယောက်ချင်းဆီမှာ နုညံ့မှုလေးတွေေ တွ့ နေရတယ် ကျောင်းဆိုတာနဲ့  ထိတွေ့ ခဲ့ဖူးတဲ့သူတိုင်းဆိုတော့ ခံစားနားလည်ရလွယ်တယ်ဗျာ တစ်ခါခါ မေ့နေမိတဲ့ ဆရာတွေရဲ့ ခံစားချက်တွေကို အခုလို ပို့စ်လေးဖတ်မှပဲ သတိရမိတော့တယ်...။ ကျနော်အဖြစ်လေးကတော့ အထက်တန်းတုန်းက ကျူရှင်မတက်နိုင်ဘူးဆိုတာကို သိလို့  အိမ်အထိလာရောက်ခေါ်ပြီး ကြပ်၂မတ်၂ သင်ပြပေးခဲ့တဲ့ ၊ ချော့တစ်လှည့် ခြောက်တစ်ခါ စေတနာ အပြည့်နဲ့  သင်ကြားပေးခဲ့တဲ့ ဆရာမကို အရမ်းသတိရသွားတယ်ဗျာ ။

တားမြစ် ထားသော... July 4, 2008 at 7:21 AM  

မဇနိ စာရေးကောင်းကြောင်းကို မချီးကျူးတော့ဘူး။ ကျွန်တော်က စာဖတ်ရင် ပုဂ္ဂိုလ်စွဲ နည်းနည်းထားတတ်တယ်။ အခုတော့ တွေ့တာနဲ့ ဖတ်ကိုဖတ်လိုက်ရမှ ဆိုတဲ့အထဲ ပါနေတယ်လို့ပဲ အသိပေးလိုက်တော့မယ်။ အရေးအသားကို အားကျမိတယ်။ စိတ်မှာရှိတာကို စကားပြေနဲ့ တန်းနေအောင် ဖော်ပြတတ်တာကိုး။
ဆရာတွေအကြောင်း ဖတ်ရတော့ ကျွန်တော်လည်း အတိတ်ကဆရာတွေကို ပြန်သတိရပြီး ဝမ်းနည်းသလိုတောင် ဖြစ်နေတယ်။ ကံမကောင်းတာကတော့ အခုအချိန်မှာ၊ ကျွန်တော့်အတွက် ဘေးနားမှာ၊ ဆရာကောင်းဆိုတာ ရှိမနေတော့တာပါပဲ။ အဲဒီတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေကိုပဲ အားကိုးနေရတယ်။ သူကတော့ အမြဲကောင်းတဲ့၊ ဘယ်တော့မှမရိုးတဲ့၊ အားကိုးရတဲ့ ဆရာတစ်ဆူပါပဲ။
ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

nu-san July 4, 2008 at 7:24 AM  

အမအခုလိုမျိုး နေနိုင်တာ အမအဒေါ် ဆရာမ ကျေးဇူးကြောင့်ပါ။ အမတို့ ငယ်ငယ်ကတည်းက ကျူရှင်မယူစေပဲ သူပဲ အိမ်မှာသင်ပေးခဲ့တယ်။ တခြားအနီးအနားက ရွယ်တူကလေးတွေပါရောပြီး နွေကျောင်းပိတ်ချိန်ဆိုရင် နောက်တစ်နှစ်အတွက် သင်္ချာ၊ အင်္ဂလိပ်စာ သင်ရတယ်။ ၈ တန်းအထိက အပြင်မှာ ကျူရှင်လုံးဝမယူရဘူး။ ၉ တန်း ၁၀ တန်းရောက်မှသာ အပြင်ကျူရှင်ယူရတာ။ ကျက်စာတွေဆိုရင် အမြဲစာပြန်ဆိုပြရတာ။ နောက်တော့ ခေတ်ကြောင့်လို့ဆိုရမလားမသိဘူး သူလက်ရှိအလုပ်လုပ်တဲ့ ကျောင်းမှာမပျော်တော့ အလုပ်ထွက်လိုက်တာ.. ပညာတတ်ဖြစ်အောင် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးခဲ့လို့ အခုထိ သူ့ကျေးဇူးကို အောက်မေ့သတိရမိတယ်..

မဇနိ July 4, 2008 at 9:19 AM  

ကိုယ်ပိုင်အချိန်လေးတွေ ဖဲ့ပေးပြီး လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်မိပါတယ်။ “ကျန်းမာပျော်ရွှင်ကြပါစေ။“

ကို tmn က ငယ်ငယ်တုန်းက အကြောင်းကို သတိရသွားတာကိုး။

ခေတ်က ပြောင်းလဲလာပြီ ကိုမောင်ဖြူရေ။ ဟုတ်တယ် အရင်တုန်းက ဆရာတွေဟာ သူတို့တပည့်တွေ လူမှုရေး၊ စီးပွားရေးကိုပါ ကူညီခဲ့ကြတယ်။ အကြံပေးကြတယ်။ စောင့်ရှောက်ခဲ့ကြတယ်ဗျ။ ကျေးဇူးတင်စရာကောင်းတဲ့ ဆရာတွေပါဗျာ။

republic ကကျောင်းတူမယ်လို့တော့ ထင်မိသား။ အမလည်း တွေ့ရတာ ဗိုက်ဆာမိပါတယ်။

၁၀ တန်းဆရာကလည်း ဘ၀မှာ အရေးကြီးတာပဲနော်။ အဲဒီအရွယ်က စိတ်လေတတ်တယ်ဆိုတော့ ဆရာကောင်းရှိမှ လမ်းမှန်ကို ရောက်နိုင်တာကိုး။ ညီမ မြရွက်ဝေက အဲလိုဆရာမရခဲ့တော့ ကံကောင်းတာပေါ့နော်။

မောင်မျိုးရေ အမလည်း ကျူရှင်မတက်နိုင်ခဲ့ပါဘူး။ ကိုယ်က ဆင်းရဲတဲ့သူဆိုတော့ ကိုယ့်ကို ဂရုတစိုက်သွန်သင်ခဲ့တဲ့ ဆရာတွေတွေ့ရင် စိတ်ထဲမှာ ဘယ်တော့မှ မမေ့တော့အောင် သတိရနေတတ်တယ် ထင်တယ်။

တားမြစ်ထားသောရေ မြတ်စွာဘုရားကတော့ အမြဲတန်း ကိုယ့်အတွက် ကောင်းရာကို ညွှန်ပြပေးတဲ့ တုနှိုင်းမမှီတဲ့ တဦးတည်းသော ကိုးကွယ်အားထားရာ ဆရာပါ။ ခေတ်တွေ စနစ်တွေ ပြောင်းလဲလာကြတော့ လူတွေလည်း ပြောင်းလဲလာပြီထင်ပါရဲ့။ ဆရာကောင်းမရှိလို့ ကံမကောင်းဘူးလည်း မဟုတ်ဘူးပေါ့နော်။ သင်ဆရာမရှိပေမယ့် မြင်ဆရာဆိုတဲ့ စာအုပ်တွေ ဖတ်စရာရှိတယ်။ သူများဆီက ကောင်းတဲ့အတုတွေ ယူမယ်။ ကြားဆရာဆိုတဲ့ မြတ်စွာဘုရားတရားတော်တွေ နာယူမယ်ဆိုရင် ကိုယ့်အနာမှာ ဆရာတွေ ရှိနေတာနဲ့ အတူတူပါပဲနော်။

မမနုစံက အဒေါ်ဆရာမ ရှိတာ သိပ်ကံကောင်းတာပေါ့။ ညီမက အဲလိုမျိုး သင်ပေးတဲ့ဆွေမျိုး လိုချင်ခဲ့တာဗျာ။ သူတို့အလုပ်တွေ ရှုပ်နေကြတော့ ကိုယ့်ကို ဂရုတစိုက် သင်ပေးနိုင်တဲ့ ဆွေမျိုးမရှိဘူး။ ညီမက အကြီးဆုံးဆိုတော့ ကျူရှင်တောင် ကိုယ်တိုင်မိဘလုပ် အပ်ပြီး တက်ခဲ့ရတာ။

အချိန်ပေးပြီး ကွန်းမန့်ရေးပေးတဲ့အတွက် ရင်ထဲက ခံစားချက်လေးတွေ သိခွင့်ပေးတာရော အသွင်မတူတဲ့ ကျေးဇူးရှင်တွေရဲ့ ပုံရိပ်တွေ မြင်နိုင်လာစေတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်နော်။

ဇနိ July 4, 2008 at 10:45 AM  

(((လူထုဦးလှတို့မောင်နှံလို၊ အိုးဝေမောင်နှံထွက်လာဦးတော့မှာပဲ။)))

ကိုဖြူရေ...
အဲသလို အပြောခံရတော့ ၀မ်းသာပေမယ့်
ဆရာကြီး ဆရာမကြီးတွေနဲ့က နှိုင်းသာပါဘူးဗျာ..
ကျနော်တို့က ချွတ်ချောက်လေးတွေပါ..
ပြီးတော့ မဇနိက စာရေးပိုကောင်းတာ
ကျနော်ဖြင့် သူလိုရေးတတ်ဖူးဗျ..
သူစာရေးကောင်းတာ မနေနိုင်လို့ ဒီပေါ်တက်ချီးကျူးလိုက်ဦးမယ်...

ဆရာကောင်းတပည့် ပန်းကောင်ပန်

(တခြားဘော်ဘော်တွေ ဆော်တီးနော် မျက်စိနောက်ရင်)

ညီမ July 4, 2008 at 4:10 PM  

မဇနိရေးထားလိုက်တာများ ညက်ညောနေတာပဲ။

Kyawt July 4, 2008 at 5:04 PM  

မဇနိရေ
အရေးအသားကတော့တော်တော်ကောင်းပါ့။
နောက်ထပ်Post အသစ်မျှော်နေတယ်နော်။

ကိုသက်နောင်(phoeniz) July 4, 2008 at 8:31 PM  

၆ တန်းတုန်းကပေါ့ဗျာ...
စာမေးပွဲ မှာ မြတ်ဆရာ စာစီစာကုန်းရေးနေတာ
နောက်ဆုံးနိဂုံးမှာ ကြိုကျက်ထားတဲ့ အတိုင်းလှလှပပ
အဆုံးသတ်နိုင်ဖို့ က အာစရိယ ဂုဏ်တော အနန္တော ဆိုသည့်အတိုင်း...ဘာညာပေါ့ ။ ဖြစ်ချင်တော့ အာစရိ ဆိုတာကို မေ့နေပါလေရော ။ဘယ်လိုမှ စဉ်းစားလို့ မရဘူး ။ နောက်ဆုံးတော့ ဆရာ ဂုဏ်တော အနန္တော လို့ ပဲ ရေးခဲ့ရတော့တယ် ။(အတူတူပဲလေ..နော..)
ဒီစာလေး ဖတ်ရင်း သတိရသွားမိလို့ ပါ ။

Yu Wa Yi July 4, 2008 at 9:53 PM  

အရေးကောင်းတယ်နော်။ အားပေးနေပါ၏။

khin oo may July 5, 2008 at 8:13 AM  

ကောင်း

တန်ခူး July 5, 2008 at 11:26 AM  

ညီမရေ…ဆရာကောင်း တပည့်ဖြစ်ခွင့်ရတာလဲ ကံကောင်းခြင်းတမျိုးပါ… ညီမကတော့ ဟိုးငယ်ထဲက အခုထိ ဆရာကောင်းတွေရတာ တကယ်ကံထူးပါတယ်…

မေအောင် July 5, 2008 at 2:50 PM  

မဇနိရေ
မြတ်ဆရာတွေရဲ့ဂုဏ်ကျေးဇူးကို
ိုအောက်မေ့သတိယစေလို့ မင်္ဂလာရှိတဲ့ပို့စ်လေးပါ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် July 6, 2008 at 9:06 PM  

မဇနိရေ ဆရာ၊ ဆရာမတွေကို လာလွမ်းသွားပါတယ် ။
ကျနော်တို့ လေးစား အားကျတဲ့ ဆရာ တစ်ချို့ကတော့ ကြွေလွင့်သွားကြရှာပါပြီ ။
အများအပြားကတော့ ကျန်ပါသေးတယ်။ ပြန်ဆုံခွင့် ရမလားဆိုတာတော့ မသိသေးဘူးပေါ့ဗျာ ။
ငယ်တုံးက ကြုံခဲ့ရတဲ့ ဆရာ ၊ ကြီးမှ တွေ့ဘူး သင်ဘူးတဲ့ ဆရာ အစုံ ပါပဲ။ ဆရာ၊ ဆရာမ အားလုံးကိုတော့
ခု ချိန်အထိ လေးစား ခင်မင်ဆဲ၊ ကြောက်ရွံ့ ရိုသေမြဲပါ။
ကနော့် ဘ၀မှာ အလှည့် အပြောင်း ဖြစ်စေခဲ့တဲ့ (အားတက်စေခဲ့သော၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် မြင့်မားစေခဲ့သော)
ဆရာ တစ်ယောက်၊ ဆရာမ တစ်ယောက် ရှိခဲ့ဘူးတယ် ။
ဆရာတို့ ၊ ဆရာမတို့ကတော့ သိလိုက်ကြမယ်တောင် မထင်ပါဘူး။
ကျနော်ကတော့ သူတို့ကြောင့် ခုလို ဘ၀မျိုးမှာ ရပ်တည် ရှင်သန်နေနိုင်ခဲ့တာပါ။
ကျနော် First Year တုံးက Science သင်တဲ့ ဆရာမ ဒေါ်ခင်အေးသန့်ရယ် ၊
Drawing သင်ခဲ့တဲ့ ဆရာ ဦးနေမျိုးအောင် ရယ် ပါ ။
နောင်နှစ်ခါကျရင်တော့ ကျနော့် ဆရာတွေ ၊ ဆရာမတွေအားလုံးကို ကို ပြန်ဆုံနိုင်ကောင်းပါရဲ့လို့ မျှော်လင့်ရင်းပေါ့ဗျာ ။

ကိုရင်နော်ခင်လေးငယ် July 7, 2008 at 8:24 AM  

မဇနိ....
အရမ်းကောင်းတဲ့ post လေးကိုသေချာဖတ်ပြီး
ငယ်ဘဝ ကိုပြန်တမ်းတမိတယ်...
ဆရာတွေကို ချစ်သလို ဒုန်ပေပေနဲ့ ဂျစ်တူးတူး ကောင်မလေး တစ်ယောက်ကို ပြန်မြင်လာတယ်ရှင်...
(ခင်လေးငယ်)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP