ဝါတွင်း ဥပုဒ် တစ်ရက်

>> Tuesday, July 22, 2008


ဝါတွင်း ဥပုဒ် တစ်ရက် က မိုးဦးကျ၏ နံနက်ခင်းသည် ရွက်နုစိမ်းတို့ဖြင့် မြရောင် သန်းနေသည်။ ကျောင်းအ၀င်ဝရှိ ဖွားဘက် တော်ပင်ကြီးသည် တစ်ပင်လုံး အပွင့်များဖြင့် ကျွန်မကိုဆီးကြိုနေသည်။ မုဒ်ဦး၌ တရုတ်စံကား ပွင့်များမှာ ပွင့်တစ်ချို့၊ ကြွေတစ်ချို့။
ပန်းစိုက်ခင်း အနီးမှ ဖြတ်လျှောက်လာတော့ စံပယ်ပွင့် လက်ကျန် တစ်ချို့က ဖြူဖွေးစွာ ပွင့်လျက် ရှိနေသေးသည်ကို တွေ့ရ၏။ လက်ဆွဲခြင်းထဲမှ ဆွမ်းချိုင့်၊ ထမင်းချိုင့်၊ စပျစ်သီးအချို့နှင့် လက်ဖက်အုပ်တို့၏ အလေးချိန်က မသေးသော်လည်း ပေါ့ပါးသောစိတ်ကြောင့် ခြေလှမ်းတို့က သွက်၏။
စာချဆောင်၊ စာသင်ဆောင်၊ ဆွမ်းစားဆောင်များကို ဖြတ်ကျော် မိတော့


“အေးအေး တကယ်စောင့်ဖြစ်တယ်နော် ဝမ်းသာလိုက်တာ ”ဆိုသော အသံက အရင် ပေါ်လာပြီးမှ ဇလပ်ပန်းရုံများကြားက ထွက်လာသော မလတ်ကိုတွေ့ရ၏။ ကျွန်မမှာ မလတ်ကိုတွေ့လျင် မဖေါ်ပြနိုင်အောင် ဝမ်းသာလှသဖြင့် ဘာမှမပြောနိုင်ပဲရှိ၏။ မေမေ၏ “ငါ့သမီး အဖေါ်မင်ပုံများ ဥပုဒ်စောင့်တာတောင် အဖေါ်စောင့်တဲ့ကျောင်းမှ စောင့်မတဲ့အေ။ ဖြစ်မှဖြစ်ရလေ”ဆိုသောအသံကို ပြန်ကြားမိသေး၏။
“ပေးပေး ငါဆွဲခဲ့မယ်”
“မလုပ်ပါနဲ့မလတ် ”ကျွန်မအပြော နှေးနှေးရှေ့တွင် ခြင်းက မလတ်လက်မှာ ရောက်နှင့်၏။
“မလတ် ဘယ်အချိန်က ရောက်နေလဲ”
“အင်း နာရီဝက် လောက်တော့ရှိပြီ။ မန်ကျီးရွက်သုပ် ကမ်းဖို့ လုပ်လာတာလေ၊ မြေပဲဆန်ထောင်းက သပ်သပ် ပလပ်စတစ်နဲ့ ထုပ်ယူလာပြီး ဥပုဒ်သည်တွေ ရောက်ခါနီးမှ ရောမွှေပြီး သုတ်ရမှာမို့ စောထွက်ခဲ့တာ”
မလတ်က မန်ကျီးရွက်သုတ် ကမ်းမည် ဆိုပါလား။ ကျောင်းပေါ် ရောက်တော့ မလတ်၏ မန်ကျည်းရွက်သုပ် စတီးဇလုံကြီးကို တွေ့ရ၏။ အချဉ်သတ်ထားသော မန်ကျည်းရွက်များကို ပဲမှုန့် ၊ကြက်သွန်နီ ပါးပါး၊ မြေပဲဆံထောင်းတွင် ကြက်သွန်ဖြူ ဆီချက် လောင်းကာ သုပ်ထားသည်မှာ မြင်ရုံနှင့် စားချင်ဘွယ် ရှိလှ၏။ ကျွန်မက နောက်ဥပုဒ် ချိုချဉ်ကမ်းမည်ဟု တေးထားလိုက်၏။ အသုပ်တွေဘာတွေဆို သူများက ကူပေးပါမလား စိုးရိမ်နေရဦးမည်။ ကျွန်မကိုယ်တိုင် သုပ်လျင်တော့ သီလပေးချိန်ရောက်တောင် အဆင်ပြေပြေ ပြီးနိုင်မည် မဟုတ်ချေ။ ကျွန်မကို ရန်သူလို ဆက်ဆံမည့် မီးဖိုခန်းက ဆားနှင့်ဓား ကိုလည်း ရင်ဆိုင် နေရဦးမည်။
ဘုန်းကြီးကျောင်းမှာ တောရ ကျောင်းဖြစ်ရာ မြို့နှင့်ရော ရွာများနှင့်ပါ အတော် လှမ်းသဖြင့် သီလပေးချိန်က ၉နာရီခွဲ သတ်မှတ် ထားသော်လည်း ၈နာရီခွဲ လောက်မှစ၍ သီလယူမည့် သူများ တဖွဲဖွဲ ရောက်ရှိလာ၏။ ကျွန်မကို မလတ်က မန်ကျီးရွက်သုပ် ကမ်းပေးရန် တာဝန်ပေးရာ ပျော်လှသည်။ ဆေးလိပ် ကုသိုလ်ရှင်မှာ လူခွဲမရှိသောကြောင့် သီလယူခါနီးမှ လာနိုင်မည်ဖြစ်ရာ မလတ်က ဆေးလိပ် ကမ်းပေးနေရ၏။ အခြား လက်ဖက်သုတ်ကမ်းသူ၊ ဖျော်ရေဗူးကမ်းသူ၊ ယပ်တောင်ကမ်းသူ၊ ရှုဆေးဗူးကမ်းသူ၊ ကိုးလုံးပုတီးကမ်းသူ စသည်ဖြင့် ကျောင်းအပေါ်ထပ် တံခါးအဝင်တွင် နိဗ္ဗာန်ဈေး ခင်းလျက် ရှိလေ၏။
နိဗ္ဗာန်ဈေးသူ များမှာလည်း ဝတ်ကောင်း စားလှများနှင့် သနပ်ခါး ခြေစွန်း ခေါင်းစွန်းလိမ်းကာ အလှ ကျက်သရေ ပွင့်လန်းလျက်ရှိ၏။ အချို့ မိန်းကလေးများမှာ အိမ်က ဥပုဒ်ကျောင်း အတင်းလွှတ်၍ မတတ်သာလို့ ထွက်လာရသော်လည်း တစ်နေကုန် မီးလာ၍ အင်တာနက် ကော်နက်ရှင် ကောင်းတတ်သော ဝါတွင်း ဥပုဒ်နေ့တွင် ဂျီတော့ခွင့် မရတော့၍ မှိုင်တွေချနေ၏။
၉နာရီ၂၀တွင် လူစုံပြီဖြစ်ရာ ဂေါပကကြီးမှ ဘုန်းကြီး ကြွလာတော့မည် ဖြစ်ကြောင်း အားလုံး၏ အသံကို လွှမ်းသွားအောင် ဆော်သြလိုက်ရာ ဥပုဒ်သည်တို့ နေရာယူကာ ငြိမ်သက် သွားလေ၏။ ဘုန်းဘုန်းကြီး ကြွလာပြီး တရားပလ္လင်တွင် နေရာယူ၏။ ဂေါပကကြီးမှ “ဘုရားအမြတ်ဆုံး ရတနာ၊ တရားအမြတ်ဆုံး ရတနာ၊ သံဃာ အမြတ်ဆုံးရတနာ၊ ရတနာမြတ်သုံးပါးကို ရိုသေ ကြည်ညိုစွာဖြင့် ကန်တော့ကြပါစို့ ခင်ဗျား..” စလိုက်သည်နှင့် ကန်တော့ချိုးကို ညီညီရွတ်ဆို ကန်တော့ကြရ၏။
ရှစ်ပါးသော သီလတော်မြတ်ကို ခံယူဆောက်တည်ခြင်း ဘုန်းဘုန်းကြီးမှ သီလအကျိုး ဘာဝနာအကျိုး တို့ကိုဟောပြောခြင်းတို့ကို ကောင်းစွာမှတ်သား နာယူခြင်း ပြုကြလေ၏။
၁၀နာရီခွဲတွင် သီလယူပြီး၏။ ဘုန်းကြီးအား အသီးသီး ဆွမ်းချိုင့်များ ကပ်လှူကြ၏။ ပြီးလျင် မိမိတို့အုပ်စုအလိုက် ဇရပ်များပေါ်တွင် ထမင်းစားရန် ပြင်ဆင်ကြ၏။ ပြင်ဆင်ကြသည် ဟု ဆိုရာတွင် အားသွားသော လှူဖွယ် လင်ဗန်းထဲသို့ ထမင်းများကို သွန်ထည့်ပြီး ချိုင့်များ၊ ချိုင့်ဖုံးများကို ထမင်းစား ပန်ကန် သဖွယ် အသုံးပြုခြင်းကို ဆိုလိုသည်။
ကလေး ပါသောဝိုင်းများဆီမှ တီတီတာတာ အသံများလည်း ကြားနေရ၏။
အေးအေးတို့ ဝိုင်းတွင် အန်တီချင်း၊ အမေစု၊အမေရှိန်( အန်တီချင်းအမေ)၊ အမေကြီးရွှေ ၊မလတ်၊ ဖိုးတင့်(မလတ်နှင့် ဝါကျွတ်လျင် လပ်ထပ်တော့မည့်လူ)၊ ခိုင်ခိုင်၊ မသင်းတို့ ပါဝင်၏။ အမေစုတို့ လူကြီးများကို မြေးဖြစ်သူဖိုးတင့်က လှည်းမောင်းပို့ရင်း ကျောင်းသို့ ပါလာခြင်းဖြစ်၏။
“ကဲ လူကြီးတွေကို ဦးချပြီးပြီ စားကြစို့” အန်တီချင်းက လူကြီးများကို တစ်ဇွန်းစီ ဦးချပြီးနောက် စ စားကြသည်။
“အမေကြီးရွှေ သမီးကြက်သားရေချိုချက်လေး စားပါဦး မှီရဲ့လား၊ လတ်လတ်ဆတ်ဆတ် အိမ်ကြက်လေး အရမ်းအားရှိမှာ …အင့်”
“အင့်” ဆိုသည်မှာ အမေကြီးရွှေကို ဟင်းထည့်ပေးခြင်း မဟုတ်။ ခိုင်ခိုင်က တံတောင်နှင့် တွက်လိုက်သဖြင့် မသင်း ထမင်းလုပ် လွတ်ကျသွားခြင်း ဖြစ်၏။ “ဥပုဒ်သည်နော်” ဟု ကြိတ်ပြီး မာန်လိုက်သံကိုလည်း ကြားလိုက်ရ၏။
“ဒါနဲ့ မယ်ကြည်တစ်ယောက်မတွေ့ပါလားဟဲ့”
ပဲဟင်း တစ်ဇွန်းကို ရှုးကနဲ သောက်လိုက်ရင်း နားလေးသော အမေစုက အသံကျယ်ကျယ်ဖြင့် ဆိုရာ
“အံမယ်လေး သူ့သမီး အပျိုကြီး ဝါမဝင်ခင် သူတို့ အနောက်တောက ယာ ကို အခစား လုပ်ပေးနေတဲ့ ငသိန်းနောက် ကောက်ကောက်ပါအောင် လိုက်သွားတာကို မကြားဘူးလား အရီးရယ်”
ကျွန်မတို့ပြောလျင် ဒါလားဥပုဉ်သည်ဟု မပြောသော်လည်း အကြည့်လေးနှင့် အပစ်ပေးတတ်သော အန်တီချင်းက ရောင်းသူဝယ်သူ အသံတူစွာ အမေစု လေသံအတိုင်း ဖြေလိုက်၏။
“အင်း ..ဒါမျိုးပေါ့ သားသမီးယုံ စုံလုံးကန်း ဆိုတာ”
အမေရှိန်က အစားနည်းသည် ဖြစ်ရာ လက်ဆေးရင်း တရားသံ ကျကျဆို၏။
ကျွန်မနှင့်ခိုင်ခိုင်က ထမင်းစားပြီးသည်နှင့် အချိုပွဲပြင်သည်။ လက်ဖက်သုတ်၊ ဧလမုန့်၊ စပျစ်သီး၊ ကိတ်မုန့်၊ သရက်သီးမှည့်၊ ငှက်ပျောပေါင်း စသည်ဖြင့် စုံလင်လှသည်။ ခိုင်ခိုင်က ငှက်ပျောသီးပေါင်း လုပ်ပုံကို ကျွန်မအား ရှင်းပြနေသည်။ ယခု ငှက်ပျောပေါင်း သူ့လက်ရာ ဖြစ်သည်ဟု ဆို၏။
“နင်ရော ဘာမုန့်တွေ လုပ်တတ်လဲ”
“ပလာတာ” ဟုကျွန်မက ပြောချင်သော်လည်း သီလနည်းနည်းများ ကျိုးသွားမလား စိုးရိမ်ကာ ခေါင်းပဲ ယမ်းပြ လိုက်ရ၏။
မလတ်နှင့် ဖိုးတင့်က အုတ်ရေကန်ဆီ ချိုင့်ဆေး သွားကြသည်။
“ကဲ အရီးတို့ အချိုပွဲလေး စားလိုက်ကြဦး”
မလတ်တို့ ပြန်ရောက်လာတော့ အားလုံဝိုင်းဖွဲ့ထိုင်ကြရင်း ဟိုဟာနည်းနည်း ဒီဟာနည်းနည်း စားရင်း လူကြီးတွေ စကားဝိုင်းဖွဲ့ကြ၏။ အမေညိုနှင့် ဒေါ်ကြီး ခင်လေးတို့ ကူးလာပြီးမှ စကားဝိုင်းသည် ပိုစည်လာ၏။
“ ပုတ်မဂျီနေ့က ဘကြီးဦး ပြောတော့ မိုးနှောင်း ကောင်းမယ် ဆိုပဲ၊ ဒီနှစ် ကြက်သွန် လုပ်မယ် စိတ်ကူးကာမှ တူးချိန် မိုးနဲ့တွေ့မှာ စိုးရိမ်နေရတာ။ ဒီကြက်သွန်နဲ့ ဒို့တောင်သူတွေ တစ်ဒုက္ခတော်”
“အိုအေ ဈေးကောင်းတဲ့နှစ်လဲ ဒို့လက်ထဲ မရှိတော့မှ ဈေးတွေကတက်လာတာပါ ငါတော့ ကိုယ့်ဂျုံကို စိတ်အေးအေး လုပ်ချင်တာ အိမ်ကလူကြီးကို ပြောမရလို့”
“လမ်းလေး ဘာလေး အဖွင့်အပိတ်လဲ နားစွင့်ကြဦး အိန်ဒဒိယလိုင်း ဖွင့်ရင်လဲ ကုလားပဲ ပဲစဉ်းငုံ ဈေးကောင်းပါသအေ့ ငါတို့ကတော့ မမှု့ရတဲ့ ပဲစဉ်းငုံနဲ့ အကျိုးပေးလှပေါ့”
အမေကြီးရွှေက သနပ်ဖက်လိပ်ဖွာရင်း သူ့ပဲစိမ်းငုံခင်းကြီးကို ကျေနပ်ပြောပြောလေ၏။
“အရီးရွှေ တမြန်နှစ်က ပဲစိမ်းငုံတွေ ပွင့်ဖူးဆင်နေတုန်း မိုးကြီးခါလိုက်လို့ ပြီးပါရောလား။ အကုန်သင်းပစ်ပြီး ပြောင်းထိုးလိုက်ရတာ ကိုအေးသောင် နမိတွဲလေး ယာထွက်ပြောင်းတောင် မစားလိုက်ရဘူး သားသတ်သည်နောက် ပါသွားတာ”
“ဟေ……”
“အန်တီချင်း ပဲစိမ်းငုံမရတာနဲ့ ဘာလို့ နမိတွဲလေး အသတ်သည်ဆီ ပါသွားတာတုန်း သမီးဖြင့် နားမလည်ပေါင်”
ခိုင်ခိုင် မေးလိုက်သော မေခွန်းကို ကျွန်မလည်း မေးလို၏။
“ပြောင်းထိုးဖို့ ပဲစိမ်းငုံတွေခုတ်ကြရင်း သူ့မိန်းမပိုးထိတာ ညည်းတို့ မသိကြဘူးလား”
“သိတယ်လေ သမီးတို့တောင် သွာမေးသေးတယ်”
“အေး အဲဒါပဲ ဆေးရုံကြီးက မြွေဆိပ်ဖြေဆေးထိုးဖို့ ဝယ်ခိုင်းတော့လေ ငွေရှာတာ။ ပဲစိမ်းငုံခင်းထိုးပြစရာ မရှိတော့ ပွဲစား ဆိုတာကလည်း ဘယ်လောက်ငို ပြောတော့ တစ်ကျပ်တောင် ထွက်မလာဘူး။ နောက်ဆုံး အရေးကြီး လွန်းတော့ အချိန်မဆွဲနိုင်လို့ လွယ်ရာ သားသတ်သည်ဆီ နွားမကြီး ထိုးအပ်လိုက်တာ၊ မြွေပူရာ ကင်းမှောင့် ဆိုသလို နကလေးက ချောတော့ မိတွဲလုံးရောင်းမှလို့ မူနေတဲ့ နေဒူးကုလားကို မတန်တဆဈေးနဲ့ ပေးလိုက်ရတာ ပါလား။ အဲဒါ ပဲစဉ်းငုံပဲ အရီးရွှေရေ…..”
“လက်စသတ်တော့ မိုးက စကား ပြောတာပါအေ။ မိုးနဲ့လုပ်စားရတဲ့ တောင်သူတွေ မိုးလေမမှန်ရင် မမောပေမဲ့ ပင်ပန်းကြရှာတယ်”
“အစိုးရနဲ့လဲ ဆိုင်ပါသော်ကော မယ်ညိုရယ်”
“မိုးလေဝသကို ပြောတာလား အရီး”
“ဆိုဝံ့ပေါင် မရယ် အင်စပက်လိုင်း အချိန်ကောင်း ဖွင့်ပေးဖို့ အရေးကြီးတာကို ပြောတာပါ”
“အိပ်စပို့လိုင်း”
ဖိုးတင့်က သူ့အမေကြီးစကားကို တိုးတိုးဖြေရှင်းပေးသည်။
“ဒို့ရွာမှာ စပါးလေး၊ မိုးနှမ်းလေး အဆင်ပြေမှ ဝါတွင်းမယ် ထမင်းတစ်နပ် ဖြောင့်ဖြောင့်စားနိုင်မဲ့ လူတွေ အများကြီးနော”
မသင်းက လူကြီးစကားဆို၏။ မှန်သည်။ ကိုယ့်အခင်းကောင်းမှ တောင်သူငွေလိုချိန်တွင် ကုန်သည်ပွဲစားက ငွေထုတ်ပေးသည်။ တောင်သူလက်ထဲ ငွေရောက်မှ လက်လုပ်လက်စား အခစားတို့ လုပ်အားခ ရသည်။ တစ်ရွာတွင် သုံးပုံတစ်ပုံမျှသာ ရှိသော တောင်သူတို့ အဆင်ပြေ ချောင်လည်မှ သုံးပုံနှစ်ပုံသော လက်လုပ် လက်စားတို့ ထမင်းဝနိုင်သည်။
ကျွန်မ စားနေသော စပျစ်သီးအရည်ကို မမျိုနိုင်ပဲ လည်ချောင်းထဲတွင် နင်နေ၏။ မနက်က ဦးကြီးစံပေါတို့ အိမ်ရှေ့ရှိ မီးဖိုတွင် ပဲစိမ်းငုံရိုးကို ထင်းလုပ်ပြီး ဆန်ပြုတ်အိုးကြီး တည်နေတာ မြင်ယောင်မိ၏။ မိုးငွေ့နှင့် ထိုင်းနေသော ပဲစိမ်းငုံထင်းကို မီးတောက်စေရန် ကုန်းမှုတ်ရင်း မီးခိုးမွှန်လို့် မျက်ရည်ကျသလိုလိုနှင့် ကျိတ်ငိုနေသော ဒေါ်ကြီးခင်အေး မျက်နှာကို မမေ့နိုင်။
“သမီးရယ် ထမင်းတစ်လုပ် အတွက်များ ဟင်းငုတ်ပွင့် ကောက်ရောင်းတောင် မငတ်နိုင်ပါဘူး”
ရိုးသာဖို့ အမှန်တရားဘက်မှ ရဲရဲရပ်တည်တတ်ဖို့ ဖေဖေ ဆုံးမခဲ့ဖူးသော စကားတစ်ခွန်းကို သတိရမိ၏။ ခုတော့ ဟင်းငုတ်ပင်ကြီးလဲ ရွာတည်ဖို့ ခုတ်ပစ် လိုက်တော့ ငတ်ကုန်ကြပြီ ဖေဖေရေ ဟုသာ ဆိုရတော့မည်။
ဥပုဒ်သည်တို့ စကားဝိုင်းမှာ ဝါတွင်းထမင်း အကြောင်းပြောရင်း ခြောက်ခြောက် သွေ့သွေ့ နိဂုံးချုပ်လေ၏။
ကျွတ်ကျွတ်အိပ်အတွင်းမှ စိပ်ပုတီးကို ထုတ်ယူရင်း
“အမေကတော့ ခေတ်ကြီး ကောင်းတာ မြင်ပြီးမှ သေပါရစေလို့ အမြဲ ဆုတောင်း ပါတယ်အေ”
ဟု ပြောပြီးနောက် အမေကြီးရွှေသည် ခါးကိုင်းကိုင်းနှင့် စင်င်္ကြန် လျှောက်ရင်း ပုတီးစိပ်လေ၏။
ကျွန်မ သည်လည်း ဂြိုလ်ပြေ ရန်ပြေ စေတီဘက် ထွက်လာခဲ့ပြီး ဝင်သက် ထွက်သက် မှတ် နေတော့၏။ နှာသီးဖျားတွင် အာရုံကို စုရင်းမှ တစ်ချက်တစ်ချက် ဟင်းငုတ်ပင်ကြီး ပြန်ရှင်လာရင်တော့ ရိုးသားတဲ့ အသက်မွေး ဝမ်းကျောင်းမှု့နဲ့ ထမင်းဝနိုင်မှာပါ ဟု ဖြေတွေး တွေးမိ၏။ သို့သော် အမြစ်ကို ဘူရိုဇာနှင့် ကော်လှဲခံရသော ဟင်းငုတ်ပင်ကြီး၏ ယခင်ရှိဖူးသော နေရာကိုပင် ရှာတွေ့ဖို့ ခက်ခဲလေပြီ။
မိုးမှန်ရင်၊ အိတ်စပို့ လိုင်းဖွင့်ရင်၊ ဝါတွင်းမှာ ထမင်းစားနိုင်ကြရင် . . . . . .. .. ..စိတ်တို့က ပြေးလေရာ
အင်း အရာရာဟာ အနိစ္စသဘော ဆောင်တာပါပဲ ဟု သာ၊ ရှစ်ပါးသီလ လုံရာလုံကြောင်း တရားကို သာ၊ တိုး၍ နှလုံးသွင်းရ လေတော့သည်။ ။

10 comments:

khin oo may July 22, 2008 at 7:17 PM  

read. novel.

ဇနိ July 22, 2008 at 9:00 PM  

မန်ကျီးရွက်သုပ်တွေ့တော့ သွားရေကျတယ်..
အင့် ဆိုတဲ့ အသံကြားတော့ ပြုံးသွားရတယ်..

ဥပုသ်ကျောင်းမှာ ပျော်စရာကြီးနော်...
ရပ်ရေး ရွာရေး၊ စိုက်ရေး ပျိုးရေး... စီးပွားရေး..စကားတွေ အာလုံးလည်း ပြောရတယ်၊ ကြားလည်းကြားရတယ်...
လူတွေလည်းစုံ ဥပုသ်ကျောင်းကြီးကို တလှုပ်လှုပ်နဲ့ ပျော်စရာကြီး......

တားမြစ် ထားသော... July 23, 2008 at 8:30 AM  

ငယ်ငယ်က အမေနဲ့ ဥပုသ်ကျောင်းလိုက်သွားဘူးတာကို သတိရတယ်ဗျ။ အမေ့ကိုပါ လွမ်းသွားရော။
စာရေးကောင်းတယ်။ ဖတ်လို့ အရသာရှိပ။

Sonata Cantata July 23, 2008 at 10:50 AM  

Comment ရေးတာ ဥပုသ်မကျိုး ပါဘူးနော်။ လက်ကျန် အကြွေးတွေ လာရှင်းပါဦး (Comment ရေးရန်)

tmn July 23, 2008 at 11:50 AM  

ပျောက်သွားလိုက်တာ အခုမှ ပြန်ပေါ်လာပရောလာဗျာ... ဖတ်လို့ကောင်းပဗျာ... ငယ်ငယ်က ရွာဦးကျောင်းကို ဥပုဒ်သွားစောင့်တာ အသုပ်စားချင်လို့ သွားတာ... အဟီး... အိမ်မှာဆို တစ်မျိုးစားရတာ... ဘုန်းကြီးကျောင်းရောက်လို့ကတော့ အသုပ်မျိုးစုံစားရတာ... ဘုန်းဘုန်းလဲကြွလာရော ဘုန်းဘုန်းကို ကန်တော့ပြီး ကျောင်းအောက်ဆင်းပြီး ကစားတော့တာ... :P

Anonymous July 25, 2008 at 1:48 PM  

သရုပ်ဖော်ပီပြင်တယ်ဗျာ။ ဒါနဲ့ ဘုန်းဘုန်းကျောင်းမှာ ကောင်လေးတွေကို ရှိုးခဲ့သေးလား။

nu-san July 27, 2008 at 3:44 PM  

မမေအောင်ရေ.. ဖတ်လို့အရမ်းကောင်းတယ်.. ပြီးတော့ ဆရာမခင်ခင်ထူးတို့လို အရေးအသားမျိုးဆိုတော့ဖတ်ရတာ စာသွက်တယ်.. တောရွာဓလေ့တွေလည်း သိရတော့ အမက အဲဒီလိုမျိုး ကြုံဖူးချင်တာ။
စာဖတ်ရင်း မန်ကျီးရွက်သုပ်ဆိုတော့ စားချင်လိုက်တာ.. :)

Taungoo August 3, 2008 at 7:28 AM  

အမမေအောင်ရေ
စာမူခ ချီးမြှင့်သွားပါတယ်ဗျာ
တစ်ခုတော့ ပြောပါရစေ
အမမေအောင်ရေးတဲ့ နောက်ခံနေရာက မြို့ကကျောင်းလား ရွာကကျောင်းမှာလား
အင်တာနက်ကွန်နက်ရှင်အကြောင်းပါ ပါလာတော့ တမျိုးဖြစ်သွားတယ်
မြန်မာရနံ့သင်းနေတဲ့ စာတစ်ပုဒ်မှာ အဲဒီစကားလုံးတွေ ပါလာတာ အရုပ်ဆိုးတယ်လို့ ကျွန်တော်ထင်ပါတယ် အမမေအောင် ဘယ်လိုဆက်စပ် ရေးခြယ်လိုက်သလဲဆိုတာ ကျွန်တော် တကယ်ကို နားမလည်ပါ ကျေးဇူးပြု၍ ပြန်ရှင်းပြစေလိုပါတယ်

မေတ္တာဖြင့်

Taungoo August 3, 2008 at 7:31 AM  

ဥပုဒ် အစား ဥပုသ် ဖြစ်မယ်ထင်ပါတယ်

တစ်ချက်စစ်ကြည့်ပါဦး

မေတ္တာဖြင့်

Anonymous August 4, 2008 at 8:52 AM  

taungooပြောတဲ့ဥပုသ်ကအမှန်ပါ
အမှန်ကိုထောက်ပြလို့ကျေးဇူးပါ
အင်တာနက်ကဖီးတွေရှိတဲ့မြို့ကြီးနဲ့
ရွာတွေရဲ့အလည်မှာရှိတဲ့
တောရကျောင်းတိုက်ကြီးမှာတော့
တကယ်ပဲအဲလိုခေတ်ရှိနေပါတယ်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP