အရက်သောက်ခြင်းနှင့် ကျနော်

>> Sunday, August 31, 2008



ကျနော် သေရည်သေရက်တွေနဲ့ ဘယ်အချိန်ကစပြီး ပတ်သတ်ခဲ့တာလဲဆိုတာကို မှတ်မိသလောက်စပြောပါဦးမယ်။ စပြီးရင်းနှီးချိန်ဟာ သိပ်လည်းမစောသလို အရမ်းလည်း နောက်မကျပါဘူး။ ၁၀ တန်းက စတာပါ။ ကျနော့်မှာ ကလေးကတည်းက အတူတူနေပြီး ရန်တခါမှ မဖြစ်ဘဲ ပေါင်းလာတဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ၁၀-တန်းမှာ သူရဲ့ ဦးလေးအိမ်မှာ စာသွားကျက်တာက စတာပါ။ ကျနော်တို့မြို့က အရင်ကတည်းက လျှပ်စစ်မီးပြတ်တာကိုး။ မီးက ရက်ခြားမှလာတော့ ရက်မခြားနေ့တိုင်းလာအောင် လုပ်ထားတဲ့ သူငယ်ချင်းရဲ့ ဦးလေးအိမ်ကို သွားရတာပေါ့။ သူ့ဦးလေးက ကားဂိုထောင်ထဲမှာ စာကြည့်ကြဆိုပြီး နေရာပေးပါတယ်။ သူငယ်ချင်းနှစ်ယောက် စာကြည့်လိုက်၊ စကားပြောလိုက်၊ ပျင်းရင် ဂိုထောင်ထဲက ပစ္စည်းတွေ ဟိုရှာကြည့်လိုက်၊ ဒီနှိုက်လိုက်လုပ်ကြတာပေါ့။ အဲဒီမှာ သူ့ဦးလေး ခွက်ပုန်းချတဲ့ ရမ်ပုလင်းကြီးတွေ့တော့တာပဲ။ တွေ့တော့ နှစ်ယောက်သား ခွက်ပုန်းသူခိုးလုပ်ကြတာပေါ့။ ရမ်ပုလင်းအဖုံးခွံလေးနဲ့ တစ်ယောက်တမော့။ နည်းနည်းလျော့သွားတော့မှ သောက်ရေတွေကို ရောတောရှိလုပ်ရတာပေါ့။ ဘယ်သူကမှ အသောက်သင်မပေးသလို၊ သောက်ကြည့်စမ်း အရမ်းကောင်းတာပဲလို့လည်း ဘယ်သူကမှ မတိုက်တွန်းခဲ့ပါဘူး။ ပါရမီဓာတ်ခံရှိတော့ သူ့အလိုလို တတ်သွားတာပါ။ ဆယ်တန်းပြီး အားနေတဲ့အချိန်တွေမှာ မြို့အရှေ့ထိပ်အနောက်ထိပ်က ထန်းတောတွေထဲလည်း ကျနော်တို့သူငယ်ချင်းတစ်သိုက် ရောက်တော့တာပါပဲ။ ပဲကြီးလှော်နဲ့ အမြည်းလုပ်ရင်း ထန်းရည်သောက်လိုက်နဲ့ အသောက်ပညာကို ရင့်သန်စေခဲ့တာပါ။


ဒီလိုနဲ့ မန္တလေးနည်းပညာတက္ကသိုလ်ရောက်တော့ ကျနော်မိတ်ရင်းကြီးတွေဖြစ်တဲ့ ကိုဖြူရယ်၊ ကိုလုံးတို့ရယ် တခြားဘော်ဒါတွေနဲ့ တွေ့တော့တာပါပဲ။ ကျနော်တို့က များသောအားဖြင့်က ဆိုင်မှာလည်း မသောက်ပါဘူး။ အဆောင်မှာပဲ ဝယ်သောက်တာပါ။ မောင်ဖြူက ငယ်စဉ်က အသောက်ပညာမရှာခဲ့လေတော့ ကျနော်တို့ဆီကို တပည့်ခံရတာပါ။ သောက်ရင်းနဲ့ မူးလာတော့ သူက "ငါတော့ ပေါ့လာပြီကွ"ဆိုပြီး ပြုံးပြုံးကြီးနဲ့ ပြောတော့တာပါပဲ။ ဒါကြောင့် မောင်ဖြူကို အခုအချိန်ထိ "ဟေ့ ပေါ့လာပြီကွ" ဆိုပြီး စကြပါတယ်။ ကျနော် သူငယ်ချင်းရတာ ကံကောင်းပါတယ်။ အရက်မူးလာရင် ဆိုးသွမ်း၊ ကြမ်းတမ်းတဲ့ သူမပါပါဘူး။ အရက်သောက်ရင်း စကားတွေ လုပြောပြီး ဆူညံလည်းမနေပါဘူး။ အေးအေးဆေးဆေး ပြောဆိုပြီး သောက်ကြတာပါ။ ရန်လည်း မဖြစ်တတ်ပါဘူး။

တစ်ခါက နေ့လည်ခင်းကြီးမှာ သူငယ်ချင်းတစ်စုရယ်၊ ကျနော်ရယ် ကျနော်တို့ကျောင်းအဝင်ထိပ်က လက်ဘက်ရည်ဆိုင်မှာ ထန်းရည်သောက်ကြပါလေရော။ ကျနော် လက်ဘက်ရည်ဆိုင်ကနေ အပြင်ကို ကွမ်းယာဝယ်ထွက်တော့ ကျောင်းဂိတ်ပေါက်ကို စက်ဘီးနဲ့ ထွက်လာတဲ့ မဇနိကို ရိပ်ခနဲ တွေ့လိုက်ပါရော။ အင်း သူမနဲ့အတူ ထမင်းစားဦးမှဆိုပြီး အကြံပေါ်ကာ သူငယ်ချင်းတွေကို ပစ်ပြီး သူမနဲ့အတူ လိုက်သွားတော့တာပေါ့။ အဲ ကန်တင်းရောက်တော့ နှစ်ယောက်သား မျက်နှာချင်းဆိုင်လေး ထိုင်။ ထန်းရည်တွေမူးနေလို့ ချွေးတွေ ပြန်နေတာကို၊ မဟာနေမင်းက မညှာမတာ ပူလွန်းလို့ ချွေးတွေထွက်သလိုလိုနဲ့ ချွေးတွေကိုသုတ်ရတာပေါ့။ မဇနိနဲ့ နှစ်ယောက်သား စားစရာတွေမှာတယ်။ နေ့လည်စာ စားချိန်ဆိုတော့ ကျနော်တို့ထိုင်ခုံဘေးမှာ အခြားလူတွေလည်း ရှိနေတာပေါ့။ မဇနိက ဒီနားက အနံ့အသက်တမျိုးပဲတဲ့။ ဘယ်ရမလဲ လူလည်ကြီး ကျနော်ကလည်း ကိုယ့်ဆီလာမယ့် အရှုပ်ထုပ်ကို ဘေးကြိုပုတ်ရတာပေါ့။ "ဟိုစားပွဲကကောင်တွေ ထန်းရည်တွေ သောက်လာကြပုံရတယ်" လို့ ကာထားရတာပေါ့။ နှစ်ယောက်သား စားကြသောက်ကြရင်းမှာ ကျနော့်ရင်ထဲက ဂေ့လုပ်ချင်တဲ့ အလုံးကြီးကို ထိန်းထားရတာ မလွယ်လှပါဘူး။ စားသောက်ပြီးတော့ "ငါတော့ ကျောင်းလစ်ပြီး အဆောင်ပြန်အိပ်တော့မယ်"ဆိုပြီး ပြန်ပြေးရတာပါ။ နောက်ပိုင်းကျ မဇနိကို ပြန်ပြောပြတော့ "မင်းကလေ သိပ်ဆိုးတာပဲ" တဲ့။ ချစ်ခြင်းရဲ့ အနုပညာထဲမှာ ဆိုးတာလေးလည်း နည်းနည်းဖြည့်စွက်မှ ချစ်ခြင်း အရောင်တောက်ပြီး ပိုလှနေမှာ မဟုတ်လား။

အဲသလိုပဲ ကျနော် နောက်ထပ်ဆိုးတာတွေ ရှိပါသေးတယ်။ ကျနော်တို့ မေဂျာက အိတ်စကားရှင်း ထွက်ကြမယ်လုပ်တော့ မဇနိက ကျနော့်ကို အိတ်စကားရှင်းခရီးမှာ အရက်မသောက်ရဘူးတဲ့။ ခက်ကြပါရောလား။ ဒီတော့လည်း အင်းပါဆိုပြီး ပြောရတာပေါ့။ ခရီးသွားတုန်း မသောက်ရရင်လည်း သူမစကားကို နားထောင်တယ်လည်း ဖြစ်အောင်၊ လမ်းမှာ မသောက်ရတာကိုလည်း ရသေ့စိတ်ဖြေ နေနိုင်အောင် မသွားခင် ကြိုသောက်ဖို့ စဉ်းစားရတာပေါ့။ သူငယ်ချင်း ကိုဖြူနဲ့ နှစ်ယောက် နန်းရှေ့သွား အရက်ပုလင်းလေးဝယ်ပြန်လာပြီး သောက်ကြရတာပေါ့။ အဲဒီတုန်းက အရက်စပ်တာ ဖော်မြူလာမှားလို့ မသောက်နိုင်ဖြစ်တာ ကိုကြီးလုံး ဝင်ကူမှ ပုလင်းလေးခမျာ ကုန်ရရှာတယ်။

ကျောင်းမှာ ကျနော်က အရက်သမားဆိုပြီး နာမည်တလုံးရလောက်တဲ့ အဆင့်လည်း မရှိပါဘူး။ ကိုယ့်ထက် သဘာရင့်တဲ့သူတွေ အပုံအပင်ပါ။ ဒါပေမယ့် ကျောင်းသားဘဝ ပိုက်ဆံလည်း သိပ်အပိုအလျှံရှိတာ မဟုတ်လေတော့ ဈေးချိုတဲ့ အရက်တွေလည်း သောက်ဖူးပါတယ်။ ရှောက်ပေါင်းလို အရက်ကို ပြောတာပါ။ ငယ်စဉ်အခါ မသိစဉ်ကတော့ နှမ်းဖတ်ချဉ်လေးနဲ့ ငရုတ်သီးစိမ်းကိုက်ပြီး ချက်အရက်သောက်ရတာကို အဟုတ်ထင်ခဲ့မိတာမျိုးပါ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်း ကိုဖတ်တော့ သူက အစားကောင်း စားချင်လို့ အရက်ကို ချောဆီလို သဘောထားပြီး သောက်တယ် ဆိုတော့ အတော် သဘောကျသွားတာပါ။

ကျောင်းမှာ တနေ့ပေါ့ ကိုကြီးလုံးနဲ့ အပျင်းပြေ ထန်းတောထဲ သွားပြီး ထန်းရည်သောက်ကြတာပါ။ အဲဒီအကြောင်းကို ကိုကြီးလုံးရေးထားတာ ဒီနားမှာ ပြန်ဖတ်နိုင်ပါတယ်။ ကိုကြီးလုံးနဲ့ နှစ်ယောက် အမူးလွန်ပြီး ထန်းတောထဲမှာတင် အိပ်ပျော်နေပြီး၊ ထန်းတောကလူ နိုးလွှတ်လိုက်မှ အဆောင်ကို ပြန်လာနိုင်တာပါ။ အဲသလိုတွေနဲ့ အခုကျနော်ရောက်နေတဲ့ ဒေသကို ရောက်တော့ အတော့်ကို အကိုက်တွေ့တော့တာပါပဲ။ အလွန်အေးတာနဲ့ ဗေါ့ဒကာ တွေ့တော့တာပါ။ သခွားသီးအချဉ်လေးရယ်၊ ကြက်ခြေသလုံးကြော် (ဆရာNA က ကြက်ပေါင်ဟု မခေါ်ပါ။)၊ ဆလတ်လေးရယ်နဲ့ ဗေါ့ဒကာ - သိပ်လိုက်ဖက်ပြီး သိပ်သောက်လို့ ကောင်းပေါ့ဗျာ။ ဆရာသမားတွေနဲ့ အတူတူနေလိုက်ရတော့ အရက်သောက်ရင် အစားများများစားရမယ်၊ အရက်ကို သောက်ရင်၊ ကောင်းတာကိုပဲ သောက်သင့်တယ်ဆိုတာကို သိလာပါတယ်။ သောက်ပြီးရင် ကော်ဖီခါးခါးလေးတစ်ခွက်လည်း ထပ်သောက်ကြပါသေးတယ်။ အရက်ကို ဦးစားပေးသောက်တာ မဟုတ်လေတော့ အရက်နာလည်း မကျတော့ပါဘူး။

အရက်သောက်လို့ မူးနေရင် တချို့သောသူတွေက မိုက်ရိုင်းခွင့် လိုင်စင်ရသွားတယ် ထင်တတ်ပါတယ်။ မူးမူးရူးရူးနဲ့ ပြောချင်တာတွေ ပြောမယ်၊ ရန်ရှာမယ်။ အရက်သောက်နိုင်တာကို ထူးခြားတဲ့ ဝိသေသကြီးတခုလို့ စိတ်တွေထဲ ထင်ကုန်တာပါ။ ကျနော်ကတော့ လက်မခံပါဘူး။ အရက်ခွက်ကို ကိုင်ပြီး ပါးစပ်ထဲလောင်းချရဲတာနဲ့ မိုက်ရိုင်းခွင့်တွေ မပေးနိုင်ပါဘူး။ မပေးပေမယ့်လည်း အဲဒီအခွင့်အရေးကို ယူတတ်တဲ့သူတွေ ရှိနေတတ်လို့ အထာမသိတဲ့သူတွေနဲ့လည်း အရက် အတူတွဲမသောက်မိအောင် ကျနော် အတတ်နိုင်ဆုံး ဆင်ခြင်ပါတယ်။

တခါက ဘော်လဂါမြစ်ဘေးမှာ အနားယူသွားတုန်းက ကျနော် အရက် အလွန်အကျွံ မူးဖူးတာကို သွားသတိရမိပါတယ်။ ညကြီးအချိန်အခါ တယောက်တည်း မူးနေတာပါ။ ခုံတန်းတခုမှာ တယောက်တည်း သောက်ပြီး အိပ်ခန်းကို အပြန် လမ်းမှာ မူးပြီး တဖုံးဖုံးလဲကျတာပေါ့။ သတိက မလွတ်ပေမယ့်၊ လဲနေရာက ကုန်းထဖို့ရာ အသိစိတ်က ခိုင်းစေတာကို ခန္ဓာကိုယ်က လိုက်မလုပ်နိုင်ပါဘူး။ ငယ်စဉ်က လမ်းကြားတွေမှာ မူးပြီးလဲကျ၊ ကုန်းထပြီး ပြန်လမ်းပြန်လျှောက်တဲ့ အရက်သမားကြီးတွေကို ပြေးပြီး သတိရမိပါရော။ အော် ငါလည်း အဲသလိုကြီး ဖြစ်နေပါပေါ့လားဆိုပြီး ရီချင်မိခဲ့ပါတယ်။ ဘောင်းဘီရှည်ဝတ်ထားလို့ ပုဆိုးမနိုင်မဖြစ်နေတာလေး တခုသာတာပါ။ ဆရာမကြီး လူထုဒေါ်အမာ ရေးထားတာ တခုကို ဖတ်ဖူးထားတာ ပြန်ပြီး သတိရမိလိုက်ပါသေးတယ်။ ဆရာမကြီးက မော်စကိုကို ရောက်ဖူးတုန်းက သူတွေ့တာတွေ ရေးထားတာလို့ စိတ်မှာထင်ပါတယ်။ လမ်းပေါ်မှာ အမူးသမားတွေက အောက် လမ်းမပေါ်ကို မှောက်ရက်ကြီးတော့ လဲမနေကြပါဘူးတဲ့။ အမူးသမားတွေက တိုင်တခုခုကို ဖြစ်စေ၊ နံရံတခုခုကို ဖြစ်စေ မှီပြီးနေကြပါသတဲ့။ လမ်းမပေါ်မှာ မှောက်ရက်လဲနေတဲ့သူဆို ရဲက ဖမ်းတယ်လို့ စည်းကမ်းရှိလို့ပါဆိုလား ယောင်ဝါးဝါးမှတ်မိပါတယ်။ အမူးပါးတွေပါပဲ။ ကျနော် ငယ်ငယ်တုန်းက ဆရာ အမူးပါးတစ်ယောက်ကို တွေ့ဖူးပါတယ်။ ဆရာက အမူးလွန်နေလို့ ဆရာ အမူးလေးပြေပါစေတော့လေ ဆိုပြီး ကြားဖူးနားဝတခုကို လုပ်ပေးတာပါ။ သံပုရာသီးရှာ၊ အစိပ်လေးတွေစိပ်ပြီး ဆရာ့နားထဲ ညှစ်ချတော့ ထမ်းခေါ်လာရတဲ့ ဆရာက ဘာပြောသလဲဆိုတော့ " ဟဲ့ကောင် ငါ့နားထဲ သံပုရာစေ့တွေရော ဝင်ကုန်ပြီဟ" တဲ့။

အရက်တွေ အကြောင်းရေးနေတော့ အရက်သောက်တတ်တာ၊ သောက်နိုင်တာကို ဂုဏ်ယူချင်လို့ မဟုတ်ရပါဘူး။ အခုကျနော် အရက်မသောက်တာ အတော်ကြာပါပြီ။ သောက်ခဲ့ဖူးတာလေးတွေကို အမှတ်တရ ရေးချင်တာကြောင့် ရေးတာပါ။

နိဂုံးအနေနဲ့ ဖတ်ဖူးတာလေးတခုပြောပြချင်ပါတယ်။

သေရည်သေရက်သောက်တာကို ထိန်းသိမ်းဖို့ရာ ငါးပါးသီလထဲပါပါတယ်။ ငါးပါးသီလထဲ သေရည်သေရက်မသောက်ရလို့ ဘာလို့ထည့်ထားတာလဲ ဆိုတာကို ရှင်းပြထားတာ တခု ဖတ်ဖူးပါတယ်။ အရက်သောက်ခြင်းက ဂျိုထောင်နွားကလေးကို ညအခါ ကြိုးမချည်ဘဲ လွှတ်ထားသလိုပါပဲတဲ့။ ညအခါ နွားကြီးတွေက အိပ်နေပေမယ့် ဂျိုထောင်လေးက မအိပ်ဘဲ သူ့ ဂျိုကလေးနဲ့ အခြားနွားတွေ အိပ်မရအောင် လိုက်လိုက်ပြီး ခွေ့လိုက် ကစားလိုက် လုပ်လွန်းလို့ ဂျိုထောင်ကလေးကို ညအခါ မမေ့မလျော့ တိုင်မှာချည်ထားရသလို၊ သေရည်သေရက်သောက်ခြင်းကနေ အခြားသော သီလတွေကိုပါ ပျက်ဆီးစေလို့ သေရည်သေရက် သောက်စားခြင်းကို တားမြစ်ရတာပါတဲ့။

ဒီတော့ ဘော်ဘော်တို့ရေ အရက်ကို မသောက်ဖူးရင်လည်း မသောက်ဖို့၊ သောက်မိရင်လည်း အစွဲအလမ်းမထားဖို့၊ စွဲလမ်းနေရင်လည်း မြန်မြန်ဖြတ်ဖို့၊ အပျော်သောက်တယ်ဆိုလည်း အဖော်လူရွေးဖို့၊ သောက်မိရင်လည်း အရက်ကို အစားများများနဲ့သောက်ဖို့ အကြံပေးပါရစေ။

10 comments:

လွင်ပြင် August 31, 2008 at 5:15 AM  

ကိုဇနိ..စဖတ်လိုက်ရကတည်းကအကို
လက်ရာမှန်း သိလိုက်တယ်၊
မဇနိကို တိုင်ရမယ်..အမရေ
အစ်ကို အရမ်းသောက်တယ်ဗျို့..ရေနော်…
ဟီး ဟီး…….စိတ်မဆိုးကြေး..

Republic August 31, 2008 at 5:44 AM  

ကိုကိုနိ ရေ .. ကျွန်တော် လည်းတူတူပဲ ၊၊ ဒီရာက်တော့ ငြိမ်ကုပ်ပြီး အခန်းမှာ တယောက်တည်း သောက်တာဗျ ၊၊ part-time လုပ်တော့ မပြောနဲ့တော့ ၊၊ဟီး.. ခုတော့ အသက်ကြီးပီလေ ၊၊ တစ်ခါတစ်လေတော့ ဆေးဖြစ် ၀ါးဖြစ်ပေါ့ ၊၊ ကိုနိ ပို့စ်က ပုံလေးမှာ redပုလင်းလေးတွေ့လိုက်တယ် ၊၊ သမားတော်များပေါ့ ကိုနိရာ ၊၊

ပျော်ရွှင်ပါစေ...

little moon August 31, 2008 at 2:40 PM  

တန်ဆေး လွန်ဘေး ပေါ့ဗျာ။ အနော်ကတော့ မှန်မှန်လေးကို သောက်တယ်။ တစ်ယောက်ထဲလဲ သောက်တယ်။ သူငယ်ချင်းတွေနဲ့လဲသောက်တယ်။ သောက်လာတာ အနှစ်၂၀နီးပါးလောက်ရှိပြီ။ ဘယ်မှာစွဲလို့တုန်း ..... :P

မောင်ဖြူ August 31, 2008 at 9:55 PM  

ကိုနိကလူပါးပဲ။ ဓါတ်ပုံကို အရက်ပုလင်းပေါ်ရုံလေးပဲရိုက်ထားတယ်။ တောင်းသောက်မှာဆိုးလို့ထင်ရဲ့ ဟဟ။ ကိုနိပြောမှ 4th yr. ကပေါ့ခဲ့တာလေးကိုသွားသတိရတယ်။ တကယ့်ဆရာသမားတွေပါပဲ :D။

tmn September 1, 2008 at 12:25 AM  

ကိုနိ တစ်ခုကျန်ခဲ့တယ်လေ....ဒို့ ရန်ကုန်ကနေ မန်းတလေးဆင်းတော့... ရထားပေါ်မှာ ပုလင်းကို ပိုက်တတ်ပြီးသောက်တာ...ဘာအမြည်းမှတောင် မပါဘူးထင်ပါတယ်ဗျာ...ဟ ဟ...အပျော်လုပ်ကြတာပါ...ဘယ်မူးမှာလဲနော်...တစ်ပုလင်းလေးယောက်သောက်တာပဲဟာ... :D

thinker September 1, 2008 at 8:14 AM  

ကျနော်လည်း သောက်ဖြစ်တယ်။

ဆယ်တန်းကျောင်းသားဘဝက စမိတ်ဆက်တယ်။ နောက်တော့ ကြိုကြား ထန်းရှည်၊ ဘီအီး။ ပန်းချီသမားတွေနဲ့ နေတော့ အတော် မော့တတ်လာပြီ။

ခုတော့ ညနေဆိုရင် ခြေထောက်က ပုလင်းဝယ်ဖို့ ဦးလှည့်တော့တာပဲ။ မသောက်ဘဲနေရင် ဘာလုပ်ရမှန်းမသိတာနဲ့ သောက်နေတာပဲ။

ပုံမှန်က ဘီယာပေါ့။ ဒီမှာ ပေါတယ်လေ။ တစ်ခါတရံ ဝီစကီပေါ့။ ရမ်တော့ မချဘူးဗျို့။

ကို Little Moon ကြီး ပုံမှန်မော့တယ်ဆိုတာ ခုမှသိတယ်။ ကျနော် ရန်ကုန်ရောက်ခိုက် မတွေ့လိုက်ရတာ နာသဗျာ။

Moe Cho Thinn September 1, 2008 at 9:55 AM  

ကျမ အမျိုးသားကတော့ expire ဖြစ်မှာစိုးလို့ မသောက်ချင်ဘဲ သောက်နေရတယ်ဆိုလား ပြောလို့ အဟုတ်ကြီးကို မှတ်လို့။ မိန်းမအတွေးနဲ့ ဈေးကြီးပေးရပြီး expire အဖြစ်မခံသင့်ဘူးပေါ့။ ဟင်း..ဥာဏ်နီဥာဏ်နက်တွေ မဇနိရေ..သတိထားနော်။

khin oo may September 1, 2008 at 10:17 AM  

သော်တျာေဆွ လား သုမောင် လားလို့.

တန်ခူး September 2, 2008 at 2:00 PM  

အင်ဂျင်နီယာကျောင်းသားပဲ… ဒီလောက်တော့ ရှိခဲ့မှာပေါ့… ကျွန်မကတော့ ဖုန်းထဲက စကားပြောနေရင်တောင် သောက်ထားလား မသောက်ထားလား ခန့် မှန်းနိုင်တယ်.. ဟိဟိ… ဟိုးအရင်ကိုဇနိသောက်စဉ်အခါက မဇနိနဲ့ ခင်ရင် သင်တန်းပေးပါတယ်… ချွန်တာ…

sin dan lar September 4, 2008 at 7:48 AM  

သူငယ်ချင်း ယောက်ျားလေးတွေပြောတာကြားဖူးပါတယ်၊
အရက်ဆိုတာ..တန်ဆေး၊လွန်ကောင်း၊ များဘဲရီးဂွတ်တဲ့၊

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP