ပင်လယ်ကြီး

>> Thursday, August 21, 2008



ကျနော်ဘယ်အချိန်မှာ စပြီး လမ်းလျှောက်တတ်တယ်ဆိုတာကို အမှတ်မိပေမယ့်၊ ရေးကူးကို ဘယ်အချိန်မှာ တတ်သွားတယ်ဆိုတာတော့ မှတ်မိပါတယ်။ ရေးကူတာတော့ ကိုယ်တိုင်သင်ယူတတ်မြောက်တာဖြစ်ပြီး လမ်းလျှောက်ကိုတော့ ဘယ်သူ သင်ပေးခဲ့တယ်မသိပါဘူး။ ကျနော်တို့အိမ်မှာ အလွန်ရင်းနှီးတဲ့သူတွေရော၊ သိပ်မခင်တဲ့သူတွေရောနဲ့ အမြဲပြည့်နေတတ်ပါတယ်။ ဧည့်သည်တွေက တောင်ပေါ်ဒေသတွေကနေ ရောက်လာတတ်ကြသလို၊ တောရွာဖက်တွေကနေလည်း ရောက်လာတတ်ကြပါတယ်။ သူတို့က တက္ကသိုလ်တွေတက်မယ်၊ စက်မှုသိပ္ပံကျောင်းတွေတက်မယ်။ ကျောင်းသားတွေဖြစ်သွားမယ်။ ပြောရရင် ကျနော်တို့အိမ်ကို တူးမြောင်းတခုကို ဖြတ်သွားသလို ဖြတ်သွားကြတာပါ။ လူတွေက စိတ်ဝင်စားစရာကောင်းပြီး ကျနော်က သူတို့ကို ချစ်ခင်ပါတယ်၊ ဒါပေမယ့် ကျနော်ကတော့ ပင်လယ်ကို သိပ်သဘောကျတော့ အခါအခွင့်သင့်ရင် ပင်လယ်ဆီကိုပဲ ပြေးတော့တာပါပဲ။


နွေရာသီရောက်လာရင် ပင်လယ်ဆိုတာက နေ့စဉ်ပွဲတော်ကြီးကျင်းပနေသလိုပါပဲ။ အပေါင်းအသင်းတွေနဲ့ အိမ်ကထွက်လာကြပြီဆိုတာနဲ့ အမြန်ပြေးသွားကြတာပါပဲ။ ငါးနံ့တွေသင်းနေတဲ့လမ်းမကိုဖြတ်မယ်၊ ပြီးတော့ အိမ်ဖြူဖြူသေးသေးလေးတွေဘေးက သွားမယ် နောက်ဆုံးကျတော့ ပင်လယ်ဆီကို ရောက်တော့တာပါပဲ။ ရောက်ပြီဆို အောက်ဖက် ကမ်းပါးဖင်ကိုပြေးဆင်း၊ ပြီး ရေထဲကို ခုန်ချကြတာပါပဲ။

ရေ စကူးတတ်တဲ့နေ့ကို ကျနော် ကောင်းကောင်းမှတ်မိတယ်။ ရေကူးတတ်သွားတော့ ရေတွေက ကျနော့်ကို ကူညီတယ်ဆိုတာ ကျနော်ခံစားလို့ရလိုက်တယ်။ ခမ်းနားလှတဲ့ စွန့်စာမှုကြီးတခုကို လုပ်နိုင်လိုက်တုန်းက ကျနော့်အသက် (၇)နှစ်ပဲရှိပါသေးတယ်။ ပင်လယ်ကြီးနဲ့ ကျနော် တစ်ဦးကိုတစ်ဦး အပြန်အလှန် နားလည်သွားပြီလို့လည်း ခံစားမိသွားသေးတယ်။ အခုအချိန်မှာ ကျနော် လမ်းလည်းလျှောက်တတ်ပြီ၊ ကြည့်တတ်ပြီ၊ စကားပြောတတ်ပြီ၊ ရေလည်းကူးတတ်ပြီ၊ အခု ရေနက်နက်ထဲ သွားရမှာကိုလည်း မကြောက်တော့ပါဘူး။ ကိုယ်တိုင် သင်ယူတက်မြောက်ခဲ့တာပါ။

ကျနော်တို့ သွားတတ်တဲ့ ပင်လယ်ကမ်းခြေနေရာနဲ့ မဝေးတဲ့ဆီမှာ ကျောက်ဆောင် ကျောက်တန်းတွေရှိပြီး သူတို့ကို လှိုင်းလေးတွေ လာလာပုတ်ပါတယ်။ ကျနော်တို့ အဲဒီဆီရောက်အောင် ရေကူးပြီး၊ အနားယူပါတယ်။

ပင်လယ်ကမ်းခြေမှာ လူတွေစည်ကားလှပါတယ်။ အနားလာယူတဲ့သူတွေကို သူတို့ရဲ့ အလွန်ဖြူနေတဲ့ အသားရောင်ရယ်၊ နေလောင်ထားတဲ့ အသားရောင်ရယ်ကို ကြည့်ပြီး လွယ်လွယ်ကူကူ သိနိုင်ပါတယ်။ လူတွေအားလုံးရဲ့ ဟိုးအဝေး ကမ်းခြေမှာ ကောင်မလေးတစ်ယောက် ထိုင်နေပါတယ်။ သူမက စာဖတ်နေပါတယ်၊ အတိအကျပြောရရင် စာဖတ်ဟန်ဆောင်နေပါတယ်။ သူမနဲ့ မနီးမဝေးမှာ အဖြူရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင် ရှုးဖိနပ်ကို စီးထားတဲ့ လူရွယ်ကောင်လေးတစ်ဦး ထိုင်နေပါတယ်။ သူက ကောင်မလေးကို တခုခုလှမ်းပြောလိုက်၊ ကောင်မလေးက တခါတရံ ရီမောလိုက်၊ မျက်လုံးတွေကနေ ကာကွယ်လိုက်လုပ်နေပါတယ်။ လူရွယ်ကောင်လေးက သူမနား အလွန်နီးကပ်နေပြီး၊ သူမကို စူးစူးစိုက်စိုက်ကြည့်နေလို့ ဖြစ်မယ်ထင်ပါရဲ့။ သူမက စာကိုဖတ်ချင်တယ်ဆိုတဲ့ ပုံစံလုပ်လိုက်၊ လူရွယ်ကောင်လေးက တခုခုပြောလိုက်၊ ရီမောလိုက်နဲ့ပါ၊ သူမရဲ့သွားတွေက လူရွယ်ကောင်လေးရဲ့ အင်းကျီတွေလို ဖြူဖွေးလို့ပါ။ လူရွယ်က ကောင်မလေး စာဖတ်တာကို တချိန်လုံး ပျော်ပျော်ရွှင်ရွှင် နှောက်ယှက်နေပါတယ်။ အဲသလို ကိစ္စတွေကို ကျနော်နားမလည်ပါဘူး၊ ကျနော့်နေရာကနေ လှမ်းကြည့်လိုက်ရင် မြင်ရတာတော့ သူတို့ ပျော်နေတာဆိုတာပါပဲ။ လူရွယ်က ပင်လယ်ဘက်ကို တခါတခါ လှမ်းငေးတတ်ပါတယ်။ သူကြည့်ရတာ ရွှင်ရွှင်ပြုံးပြုံးနဲ့ အခုလည်း အားလုံး အဆင်ပြေတယ်၊ နောင်လည်း အေးဆေးပဲ ဆိုတဲ့ လူတွေလိုပဲ၊ ကိုယ့်ကိုကိုယ် ယုံကြည့်မှုအပြည့်နဲ့ပါ။

ကျောက်တောင်စွန်းဖက်ကို ခဏခဏရေးကူးသွားတော့ ကျနော် မောလာပြီး အေးလည်း အေးလာပါတယ်၊ ဒါပေမယ့် ကျနော် ရေထဲကို ခဏခဏဆင်းနေတုန်းပါပဲ။

ကျောက်ဆောင်ဖက်ကူးလိုက်၊ ပြန်လာလိုက်..တစ်ခေါက်၊ နှစ်ခေါက်၊…..ရုတ်တရက် ကျနော်သတိထားလိုက်မိတော့ ကျနော်ရေနစ်နေပါပြီ။ ရေတွေက ကျနော့်အပေါ်ကို ဖိထားသလိုပါ၊ အေးစက်ပြီး ရက်စက် ကြမ်းကြုတ်လှတဲ့ ရေတွေပါ။ ရေအောက် ပါသွားလိုက်၊ ပြန်ပေါ်လာလိုက် ဖြစ်နေပါတယ်။ နေရောင်က ကျနော့်မျက်နှာကို လာထိုးနေပြီး၊ ကမ်းခြေက ရီသံတွေ၊ စကားပြောသံတွေကို ကြားရပြီး၊ နောက် လူရွယ်နဲ့ ကောင်မလေးကို မြင်လိုက်ပါတယ်။

ဘာ့ကြောင့် မအော်လိုက်သလဲဆိုတာ ကျနော်မသိပါဘူး။ ခေါင်းထဲမှာလည်း ကြည်လင်နေတာပါ။ လူရွယ်ကောင်လေး ကမ်းခြေဖက်အကြည့်ကို ကျနော်စောင့်နေပါတယ်။ လူရွယ်က သူ့အဝတ်အစားတွေ ပေရေကုန်မှာ စိုးလို့ ကျနော့်ကို လာကယ်မှာ မဟုတ်ဘူးလို့ ခေါင်းထဲမှာ အတွေး ချက်ချင်းပဲ ပေါ်လာပါတယ်။ အဲဒီ ဝမ်းနည်းဖွယ်အတွေးနဲ့ ကျနော် ရေအောက်နစ်လိုက်၊ ပြန်ပေါ်လာလိုက်ဖြစ်လိုက်၊ နေရောင်က မျက်နှာကို လာထိုးလိုက်၊ ကမ်းပေါ်က လူတွေရဲ့ စကားပြောသံတွေ၊ ရီသံတွေက နီးလာလိုက်ပါ။ ကမ်းခြေနားကို ရောက်တော့မှ ခြေကုန်လက်ပန်းကျပြီး ရေနစ်တော့တာပါပဲ။

လူရွယ်ကောင်လေးနဲ့ ကောင်မလေးထိုင်နေတဲ့ နေရာနဲ့ သိပ်မဝေးတဲ့နေရာကို ရောက်တော့ ကျနော် ရေထဲကနေ ဒုတိယအကြိမ်ပေါ်လာပါတယ်။ လူရွယ်ကောင်လေးက ကျနော့်ရှိတဲ့ဖက်ကို လှည့်ကြည့်လိုက်တော့ ကျနော့်ကို မြင်သွားပြီး၊ သူ့မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှု သွင်ပြင် ပေါ်သွားပါတယ်။ သူက ကျနော့်ကို မှတ်မိပုံမပေါ်ပါဘူး။ "ကျနော် ခင်ဗျားတို့နားမှာ ရေးကူးနေတဲ့သူပါ မှတ်မိတယ်မဟုတ်လား" လို့ ကျနော် အော်ချင်စိတ်ပေါ်နေပါတယ်။ သူတို့နားမှာ ရေကူးတုန်းက အေးဆေးမျက်နှာပုံမျိုး လုပ်ဖို့ကြိုးစားပါသေးတယ်။ ဒါပေမယ့် လူရွယ်က ကျနော့်ကို မှတ်မိသွားပါတယ်။ ရေနစ်တာလည်း အနည်းငယ်သက်သာသွားပါတယ်၊ လှိုင်းလုံးတွေက ကျနော့်ကို တွန်းပေးနေသလို ဖြစ်နေပါပြီ။

တခုခုက ကျနော့်ကို ဆွဲဖမ်းပြီး ကမ်းခြေပေါ်တင်လိုက်ပါတယ်။ လူရွယ်ကောင်လေးက ကျနော့်ကို ကယ်လိုက်တာပါ။ ကျနော် ကျေးဇူးတင်စကားလည်း မပြောဘဲ၊ ကမ်းခြေပေါ်မှာ တိတ်တိတ်လေး မလှုပ်မယှက် မျက်လုံးလေးပိတ်ပြီး နေပါတယ်။ ကျနော့်အသက်ကို ကယ်တင်လိုက်တာက သူ့အဝတ်အစားတွေ ပေရေသွားတာနဲ့ မတန်ပါဘူးဆိုပြီး ဒီအတိုင်း အသည်းအသန်ပုံစံကြီးနဲ့ ကျနော်ဆက်နေပါတယ်။ "ဆရာဝန်ခေါ်မှ ဖြစ်မယ်"ဆိုပြီး ကောင်မလေးက ပြောတော့ "သူဟာသူ ပြန်သတိရလာလိမ့်မယ်" ဆိုပြီး လူရွယ်ကောင်လေးက ပြန်ပြောတာကို ကြားလိုက်ပါတယ်။ ကောင်မလေးက လက်ကလေးနဲ့ ခေါင်းကို လာကိုင်တော့ သူမလက်တွေက နွေးနွေးလေးနဲ့ နှစ်လိုဖွယ်ရှိပါတယ်။ ကျနော် မျက်လုံဖွင့်လိုက်ပါတယ်။ " မင်း ခပ်ဝေးဝေးကို ထပ်ပြီး ရေကူးဦးမှာလား။" လို့လူရွယ်ကောင်လေးက မေးပါတယ်။ " မကူးတော့ဘူး" စဉ်းစားထားတဲ့အတိုင်း ဖြေလိုက်ပါတယ်။ ကျနော့်အဖြေကို သူသဘောကျမယ်လို့ ထင်ထားတာပါ။ " စိတ်မကောင်းစရာပဲကွာ" လို့ သူက ပြန်ပြောပါတယ်။

သာမာန်မဟုတ်တဲ့ အရွယ်ရောက်သူတွေက လုပ်ရိုးလုပ်စဉ်အတိုင်း မဟုတ်ဘဲ လုပ်ဆောင်ရမယ်ဆိုတာကို ကျနော် သဘောပေါက်လိုက်ပါတယ်။ ကျတော် မတ်တပ်ထပြီး ပင်လယ်ဖက်ကို သွားလိုက်တယ်။ ကျနော် ကျောက်ဆောင်ဖက်ထိကို အလွယ်လေး ရေကူးသွားနိုင်ပြီး ကမ်းခြေဖက်ကိုလည်း အေးအေးဆေးဆး ပြန်ပြီး ရေကူးလာနိုင်ပါတယ်။ ကြောက်လန့်မှုက ဆွဲထုတ်သွားတဲ့ အင်အားတွေကို ပင်လယ်ကြီးက ပြန်ပေးခဲ့ပါတယ်။ လူရွယ်က ကမ်းခြေမှာ မတ်တပ်ရပ်ရင်း ကျနော့်ကို ပြုံးပြပါတယ်။ ကျနော် သူ့ဆီရောက်အောင် ရေကူးသွားပါတယ်။ ကျနော်ရေထဲကတက်တော့ လူရွယ်နဲ့ ကောင်မလေးလည်း ကမ်းခြေမှာ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး လမ်းလျှောက်နေပါတယ်။ ကောင်မလေးလက်ထဲမှာတော့ မလိုအပ်တော့တဲ့၊ နောက်ဆုံး လုံးဝပိတ်ထားတဲ့ စာအုပ်ကို ကိုင်လို့ပါ။

ဒီလိုနဲ့ လူရွယ်ကောင်လေးက ကောင်မလေးလက်ကို တွဲပြီး ထွက်သွားတာ ပြန်မတွေ့တော့ပေမယ့်၊ အခုအချိန်မှာတော့ ကျနော့်အသက်ကို ကယ်ခဲ့သော၊ ကိုယ့်စွမ်းရည်အပေါ် ယုံကြည်မှုလာအောင် ကူညီပေးခဲ့သော လူရွယ်ကောင်လေးကို သတိရနေပါတယ်။

Рассказ о море, по. Ф. Искандеру.

4 comments:

မြရွက်ဝေ August 21, 2008 at 5:59 AM  

စဖတ်တုန်း ဘာသာပြန်မှန်းမသိဘဲ ကိုနိ ရေကူးတယ် မှတ်လို့။ :D

RePublic August 21, 2008 at 7:14 AM  

ပို့စ်လေးကောင်းတယ် ကိုဇနိ ရေ ၊၊ စကားမစပ်ကိုနိလို ကျွန်တော်လည်း ရေ နစ်ဖူးပါတယ်၊၊ကြောက်ရွှံ့စိတ်ကို ယုံကြည်မှု ၊ လေ့ကျင့်မှုတွေနဲ့ အစားထိုးနိုင်ခဲ့ပါတယ်၊၊ တော်တော်တော့အချိန်ယူရတယ်၊၊ဒါပေမယ့်အမြဲအမှတ်ရနေခဲ့တယ်၊၊ ခုတော့ကျွန်တော်ဝါသနာပါတဲ့ အားကစားတစ်ခုဖြစ်နေပီလေ၊၊

တားမြစ် ထားသော... August 21, 2008 at 2:06 PM  

ဖတ်တယ်။
**********
“အဝေးကို ရေထပ်ကူးအုံးမှာလား”
“မကူးတော့ဘူး”
“စိတ်မကောင်းစရာပဲ”
---ကျနော် ကျောက်ဆောင်ဖက်ထိကို အလွယ်လေး ရေကူးသွားနိုင်ပြီး ကမ်းခြေဖက်ကိုလည်း အေးအေးဆေးဆး ပြန်ပြီး ရေကူးလာနိုင်ပါတယ်။ ကြောက်လန့်မှုက ဆွဲထုတ်သွားတဲ့ အင်အားတွေကို ပင်လယ်ကြီးက ပြန်ပေးခဲ့ပါတယ်။---
**********
စိတ်စွမ်းအားတစ်ခုအကြောင်းထင်ပါတယ်။ ဒါပေမဲ့ ရေနစ်ပြီးခါစလူတစ်ယောက် ရေထဲချက်ချင်းဆင်းပြီး ရေပြန်ကူးတာ အန္တရာယ်မရှိလားဗျာ။
ဘာသာပြန်ပဲကိုး။ အရင်ပိုစ့်တွေလို စာရေးဆရာ အညွှန်းလေးမပါတော့ ကိုယ်တိုင်ရေးလား တွေးမိသေးတယ်။ ဖတ်လို့ကောင်းပါတယ်။

Anonymous August 22, 2008 at 11:19 AM  

အမ် ကိုဇနိ
ငြိမ့်ငြိမ့်လေးနဲ့ကောင်းပဗျာ။ ပင်လယ်ကသာ လူ့ဘဝနဲ့တူခဲ့ရင်၊ လူသားတိုင်း ရေနစ်ဖူးကြမှာပါဗျာ။ တချို့ကတော့ တစ်ခါနစ်ပြီးရင် ရေကူးတတ်သွားကြတယ်။ တချို့ကလဲ စုန်းစုန်းမြုပ်သွားလိုက်တာ၊ ပြန်ကိုပေါ်မလာတော့ဘူး။ သေချာတာတစ်ခုကတော့ ငါးတွေက ကုန်းပေါ်ကိုတက်လမ်းမလျှောက်ပေမယ့်၊ လူတွေက ရေဆင်းကူးရဲခဲ့ကြလို့၊ ခုလို ရေပြင်ရော၊ ဝေဟင်ရော လူသားတွေစိုးမိုးနိုင်ကြတာပါ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP