အလွမ်းပင်လယ်

>> Sunday, August 3, 2008



ခေါင်းစဉ်ကြည့်ပြီး “ဟာ ဘာကြီးလဲ“ ထင်ပါနဲံ့နော်။ မဇနိ အခု မျောက်မီးခဲ ကိုင်မိသလို ထိုင်မရ၊ ထမရဖြစ်နေတယ်။ အဲဒါ တရားခံက အလွမ်း။ ကိုဇနိကို လွမ်းတဲ့အလွမ်းတွေ။ အဲဒီအလွမ်းတွေက ကြာလှတော့ များနေပြီး ပင်လယ်ဖြစ်နေတော့တာ။ ဒီအလွမ်းတွေနဲ့ နေသားကျခဲ့တာ ၆ နှစ်ရှိပေါ့။ ဒါလည်း အခုထိ အသစ်ဖြစ်နေတုန်း ကိုယ့်ဟာကိုယ် ရိုက်ချင်နေတာ မရိုက်ရက်တော့လဲ ဘလော့ခ်ချရေးတာပေါ့။ ဘယ်ရမလဲ ကူလွမ်းပေးမည့်သူတွေများ ရှိမလားလို့ အဖော်ကလည်း စပ်ချင်နေတာ။ ကိုဇနိကြီး ဘယ်ရောက်လို့ လွမ်းနေသလဲဆို နွေရာသီကျောင်းပိတ်လို့ St. Petersburg ကို ခရီးထွက်တော်မူနေတယ်။


အရင်တုန်းကလည်း မြန်မာပြည်မှာ တယောက်ထဲထားသွားတာ ကြာလှပေါ့။ အင်တာနက်က သိပ်မသုံးတော့ စာတွေရေးကြတာပေါ့။ တပတ်ကို တစောင် စာပုံမှန်လာတယ်။ တစောင်ကို စာမျက်နှာ ၂၀ အနည်းဆုံးရှိတယ်။ ဘယ်တော့မှ ဖတ်ရတာ မရိုးဘူးနော။ နည်းတဲ့ စာထုပ်ကြီး မဟုတ်ဘူး။ တယောက်ထဲ ပျင်းလာရင် စာထရေးတာ။ ကြာတော့ ရှက်လာတယ်။ စစ်ကိုင်းသူက အားပေးပါတယ် “သူ့အမေ နိုင်ငံခြားရောက်နေတော့ သူ့အဖေကလည်း တပတ်ကို ၁၀ မျက်နှာလောက် ရေးတယ်" တဲ့။ ဒါနဲ့ အဖော်ရှိသဟဆိုပြီး အမြဲရေးတော့တာ။ ဖတ်လေလား မဖတ်လေလားတော့ မသိပါဘူး။ သူအလည်ပြန်လာတော့ စာထုပ်ကြီးပါလာတယ်။ အခု ပြန်သွားတော့ အဲဒီစာထုပ်ကြီး သူ့အမေ့ဆီမှာ အပ်ထားတယ်တဲ့။ သူဖတ်မဖတ်မသိပေမယ့် မဇနိကတော့ ဖတ်တယ်။ ညညဆို အဆောင်မှာ သူငယ်ချင်းတွေ စကားဝိုင်းဖွဲ့ပြောလည်း မပါဘူး။ “လက်ဖက်သုပ်လာစားအုံး" လို့ အတင်းဆွဲခေါ်မှ အမြန်သွားစားပြီး ပြန်ပြေးလာတာ။ ဘေးက အခန်းဖော် သူငယ်ချင်းက အိပ်နေလည်း ခြင်ထောင်ထဲမှာ စာခိုးခိုးဖတ်တာ။ ပလပ်စတစ်အိတ်သံထွက်ရင် အခန်းဖော်က “မီးမှိတ်တော့မယ်" လို့ အကျင့်ပုပ်တယ်။ မနက်ကျ ကျန်တဲ့သူငယ်ချင်းတွေကို လက်တို့တယ်။ နောက်ကျ လူလည်ကျတတ်သွားတာ။ ဒီည ဖတ်မယ်စိတ်ကူးထားတဲ့ စာကို စာထုပ်ထဲကနေ ထုတ်ပြီး ခေါင်းအုံးအောက်ထားတယ်။ ကျောင်းစာအုပ်အလယ်မှာ ညှပ်ပြီး ခြင်ထောင်ထဲမှာ စာဖတ်တယ်ပေါ့။ သူတို့လည်း စလို့သာ စတာပါ။ ကျောင်းပြီးလို့ အိမ်ပြန်တော့ မဇနိဆီက စာထုပ်ကြီးကို သိမ်းပေးထားရတာလည်း သူတို့ပဲ။

ကိုဇနိက လူကြုံနဲ့ cd player လေး လက်ဆောင်ပေးလိုက်တော့ သီချင်းလေးတွေလည်း ထည့်ပြီးသားပါတယ်။ စိုင်းထီးဆိုင်ရဲ့ “ရာသီပြောင်းချိန်" သီချင်းက ကိုဇနိအကြိုက်။ ဒီသီချင်းနားထောင်ရင် မဇနိကလဲ အလိုလို ငိုချင်နေတာ။ အလွမ်းတွေ အလွမ်းတွေ။ “ရွှေပင်လယ်ကြီး ကာဆီးထားလို့ …..မျှော်ရတဲ့နေ့တွေ မကုန်ဆုံးနိုင်တော့ဘူး" ဒီသီချင်းကြားလဲ ငိုချင်တာပဲ။ (၁၆)နှစ်အရွယ်တွေ သစ်ရွက်လှုပ်လည်း ရယ်ချင်ကြတယ်ဆိုသလို မဇနိလည်း အဲဒီအချိန်က ဘာသီချင်းကြားကြား အလွမ်းဆိုတာလေးပါလာရင်ကို ငိုချင်နေတာ။ တစ်ညကလည်း သီချင်းနားထောင်ရင်း လွမ်းလို့ ငိုပါလေရော။ နှပ်ချေးတွေရော မျက်ရည်တွေရော ထွက်သပေါ့။ ညနက်နေတော့ ဘယ်သူမှ သိမယ်မထင်ပါဘူးလို့နေတာ မနက်ကျတော့ အခန်းဖော်က လိုက်ဖွတယ် “ ညက မဇနိ နှပ်ချေး တယောထိုးနေတယ်"တဲ့။ ညကတော့ မလှုပ်မရှက် ခိုးနားထောင်နေပြီး လူစုံမှ လိုက်ဖွတာလေ။ “တယ်လီဖုန်း" သီချင်းကလည်း စီဒီထဲမှာပါလာတော့ ခေတ်စားနေချိန်နဲ့ သွားတိုက်ဆိုင်တယ်။ သူငယ်ချင်းတွေက ပျင်းရင် အခန်းမှာ လာစုတယ်။ သူတို့အကြိုက်က တယ်လီဖုန်း သီချင်း။ “ရာသီပြောင်းချိန်" ကလွဲရင် ကျန်တာ အားလုံးကြိုက်တယ်ဆိုပြီး အဲဒီသီချင်းကို ကျော်ဖွင့်ကြတာ။ ၀ိုင်းပြီး အကျင့်ပုပ်ကြတာ။ ဘယ်ရမလဲ ဒီကလဲ သူတို့ ကိုရီးယားကား သွားကြည့်နေတုန်း ဒီသူချင်းကို repeat နဲ့ ဘယ်နှခါမှန်းမသိ ပိနေလိုက်တာပေါ့။ ဒါတောင် အခန်းဖော်က ဗိုက်ဆာလို့ မုန့်လာစားရင် အတင်းပိတ်သွားတာ ခံရသေးတယ်။ အဲဒီအချိန်တုန်းက သူတို့က မလွမ်းတတ်ဘူး။ ကိုယ်ချင်းလည်း မစာနာကြဘူး။ အခုတော့ သူတို့လည်း ကိုယ်စီကိုယ်စီ ကိုယ်တောင် လိုက်မမှီချင်တော့ဘူး။

ခဏအလည်ပြန်လာမယ်ဆိုတော့လည်း သွားကြိုဖို့အရေး အိပ်လို့တောင် မပျော်ပါဘူး။ ဒါနဲ့ ၆ လလောက် ပြန်တွေ့ရတယ် ဆိုပါတော့။ ဒါတောင် ကောင်းကောင်းမပျော်ရဘူး။ အိမ်ကို သင်္ကြန်ပြန်ပြီး ရန်ကုန်ပြန်လာတော့ သူ့ညီမလေးနဲ့ ကားက အတူတူ စီးရတယ်။ အကိုတွေကို နှမြောတတ်တော့ သူ့ညီမ သ၀န်တိုပြီပေါ့။ ကိုဇနိကြီးလဲ ဗျာများနေရတယ်။ ကားပေါ်မှာ ဘယ်သူနဲ့အတူထိုင်မလဲက အဓီက ပြသာနာ။ မဇနိကလဲ “လာအတူတူထိုင်ပါ" လို့ မခေါ်ပါဘူး။ ဒါပေမယ့် လာမထိုင်ရင်တော့ စိတ်ကောက်မယ်ဆိုတာ စိတ်ကူးပြီးသား။ သူကလည်း ဒါကို သိတယ်။ ချစ်လို့ရယ်တော့ ဟုတ်မထင်ပါဘူး။ စိတ်ကောက်မှာကြောက်တော့ အနားလာထိုင်တာပေါ့။ သူ့ညီမဆိုတာ ပြောမနေနဲ့ တလမ်းလုံး စိတ်ကောက်လာတာ ဘာမှကျွေးလို့ မရဘူး။ သူ့ညီမကလည်း သူမရှိရင် မဇနိဆီ အလည်လာတယ်။ ချစ်လည်း ချစ်ပါတယ်။ သူ့ရှေ့မှာ နှစ်ယောက်အတူတွေ့ရင်တော့ စိတ်ကောက်ချင်တယ်။ ပြန်တွေးကြည့်တော့လဲ အဟုတ်။ ကိုဇနိကလည်း သူ့ညီမအနား မသွားဘူးဆိုတော့ ကောက်ပေမပေါ့။ ကျွန်မနားမှာ လာနေတယ်သာ ပြောရတာ တကယ်က ည (၁၀) နာရီလောက်ရှိသေးတယ် “ခေါ ခလူး“ ချနေလို့။ ကျွန်မနဲ့ ဘာမှမဆိုင်သလို ခပ်ခွာခွာထိုင်ထားလိုက်တယ်။ ဟား ဟား။ ဘယ်ရမှာတုန်း အစောက စကားတွေ တွတ်ထိုးနေတာ မသိဘဲရှိပါ့မလားနော်။

မဇနိက ဒီကျောင်းလာတက်တော့ ပိုဆိုးတာပေါ့။ မြန်မာသူငယ်ချင်းလဲ မရှိ။ တယောက်ထဲနေရတော့ သူ့ကို ပိုတွယ်ကပ်နေတာ။ မနက်ကျောင်းသွားရင် သူနှိုးမှ အိပ်ယာက ထတယ်။ သူများလို လူအနားရှိလို့ နှိုးတာ ဟုတ်ပါဘူး။ ဖုန်းမက်ဆေ့ခ်ျလေးပို့တာပါ။ ဒီလိုနဲ့ "ကျောင်းသွားတော့" "ကျောင်းပြန်လာပြီလား"ဆိုတဲ့ မက်ဆေ့ခ်ျတွေကြားမှာ ပုံမှန်ပျော်တတ်လာတယ်။ သူငယ်ချင်းတွေနဲ့လည်း စကားသိပ်မပြောဖြစ်တော့ပါဘူး။ အဲ ညညဆို သူက အွန်းလိုင်းကနေ သိပ်တတ်တယ်။ “အိပ် အိပ်" ဆိုပြီး မဇနိအိပ်ပျော်အောင်စောင့်ပြီးမှ ကွန်ပြူတာပိတ်ပေးပါတယ်။ ဒါပေမယ့် “အိပ် အိပ်" လို့သာပြောတာ ခဏနေရင် သူ့ဟာသူ “ခေါ ခလူး" အရင် လုပ်သွားတတ်တာလည်း သည်းခံရတယ်။ တခုခုဆို အပြင်သွားမယ်ဆိုရင် မနည်းစဉ်းစားရတယ်။ နောက်ဆံတင်းနေတာပေါ့။ ကိုယ်သွားရင် သူလည်း ပျင်းနေမယ်ဆိုတာသိတော့ မသွားဖြစ်တာများပါတယ်။ ပြီးခဲ့တဲ့နှစ်က ၅ ရက်လောက် ခရီးသွားလိုက်တယ် သူလဲ မျောက်မီးခဲကိုင်မိနေတယ်တဲ့။ laptop လေးယူသွားလို့ပြောတာလဲ မဇနိက ပဲများချင်တော့ လေးမှာကြောက်လို့ မသယ်ဘူး။ ဒါနဲ့ သူလည်း အလွမ်းပင်လယ်မှာ လက်ပစ်ကူးလိုက်ရသေးတယ်။ အခုတော့ မဇနိ အလှည့်ရောက်လာပြီ။ ဒီခရီးကို မသွားခင်ကတည်းက ဂျီကျနေတာ။ သူလည်း တနေရာရာသွားမယ်ဆိုရင် မဇနိကို သနားလို့ မသွားတာနဲ့ ဘယ်မှကို သိပ်အပြင်မထွက်ပါဘူး။ အခုနွေရာသီတော့ အဲဒီမြို့ကို သွားချင်တယ်ဆိုလာတယ်။ အစက ဂျီကျနေပေမယ့် နောက်တော့လည်း သနားလို့ အသွားခိုင်းလိုက်တယ်။ အဲတော့ မျောက်မီးခဲ ကိုင်မိသလို ဖြစ်တာပေါ့။ ကျောင်းက ပြန်လာလည်း ကွန်ပြူတာ ဖွင့်ရမှာလား၊ ဘာလုပ်ရမှာလဲဆိုပြီး လူကလည်း ယောင်တိယောင်ချာကြီး ဖြစ်နေတော့တာ။

ဖုန်းခေါ်တော့လည်း သူ့ဖုန်းက အဲဒီမြို့မှာ အလုပ်မလုပ်ဘူးတဲ့။ သူငယ်ချင်းဖုန်းက ခေါ်လို့ရလို့တော့ စကားပြောရပါတယ်။ မသွားခင်မှာခဲ့သေးတယ် “ဘလော့ခ်မှာ ရှယ်ယာလေးတွေ လုပ်ထားပေးနော်”တဲ့။ “ပို့စ်လည်း ရေးထားနော်“ တဲ့။ သူ့ဘလော့ဂ်တော့ အတော်သံယောဇဉ်ကြီးတယ်။ ကျွန်မထင်ပါတယ် သူလည်း လွမ်းနေလိမ့်မယ်။ အလွမ်းပင်လယ်ထဲ လက်ပစ်ကူးနေမယ်လို့။ ကျွန်မကိုတော့ မဟုတ်ဘူးနော် သူ့ဘလော့ဂ်လေးကိုပါ။ ကျွန်မကတော့ လွမ်းနေမှာပါ။ အလွမ်းတွေနဲ့ နေသားကျနေပြီဆိုတော့ သူပြန်မလာခင်တော့ အလွမ်းပင်လယ်မှာ မြောနေလိုက်အုံးမယ်။
“ရင်မှာလွမ်းရင် မျှော်တိုင်းမြင်လွန်းလို့
လက်ညှိုးညွှန်ရာ ကိုဇနိဖြစ်ပါစေသား
အရှင်ဘုရား“။

မဇနိ

13 comments:

ဂျစ်တူး - gyit_tu August 3, 2008 at 6:11 PM  

မဇနိ ရေးထားတာလေး ဖတ်ပြီး ပြုံးလိုက်မိတယ် ။ ကြည်နူးစရာလေး ။ ခုလောက် အဝေးကြီးနေပြီး ခုထိ ချစ်နေကြတာ အားကျစရာနော် ။

nu-san August 3, 2008 at 6:31 PM  

မဇနိရေ.. တယောက်တနေရာစီနေပြီး အဲဒီလောက် ချစ်နိုင်တာ တော်ရုံ သံယောဇဉ်တော့ မဟုတ်ဘူးနော်.. ကိုဇနိဆီက စာတွေဖတ်ပြီး မဇနိ နှပ်ချေးတယောထိုးတယ်ဆိုလို့ ရီရပါရောလား.. :) ဒါပေမယ့်လည်း ဒီပို့စ်လေး ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်.. ညီမလေးရေ.. ကိုယ်ချင်းစာတယ်.. အမတို့တုန်းကလည်း ကြိုက်ပြီး ၁ လပဲ ကျော်တယ်.. တယောက်တမြို့ခွဲနေရတယ်။ အဲဒီအချိန်ကဆို အရာရာက လွမ်းစရာ ငိုချင်စရာကြီးပဲပေါ့.. ကိုဇနိလည်း အလွမ်းပင်လယ်မှာ အခုချိန်လောက်ဆို လက်ပစ်ကူးနေလောက်ပြီ။ သူလည်း ခရီးမသွားခင် ညီမလေး မြရွက်ဝေဆီ မှာသွားတာ ဖတ်မိလိုက်ရသေးတယ်.. အင်း..

နောက်ဆုံးစာပိုဒ်လေးကတော့ အထိဆုံးပဲ..
“ရင်မှာလွမ်းရင် မျှော်တိုင်းမြင်လွန်းလို့
လက်ညှိုးညွှန်ရာ ကိုဇနိဖြစ်ပါစေသား
အရှင်ဘုရား“။

မြရွက်ဝေ August 3, 2008 at 7:02 PM  

ဘလော့ခေါင်းစဉ်မြင်ပြီး စာဖတ်စက ပြုံးစိစိနဲ့ ရီချင်လိုက်သေးတယ်။ ဖတ်လဲဖတ်ပြီးရော စိတ်တောင်မကောင်းဘူး။

မဇနိရယ် ကိုယ်ချင်းစာပါတယ်။ ညီမလည်း ကျောင်းတက်တုန်း တစ်နှစ်မှာ တစ်လလောက်လေး အိမ်ပြန်ရတာတောင် လွမ်းနေတတ်တာ။ သူဂျပန်သွားတော့ ခွဲနေရတာ သုံးနှစ်။ လေယာဉ်ကွင်းလိုက်ပို့တုန်းတော့ လူတွေအများကြီးရှေ့မို့ ခပ်တည်တည်ဘာမှမဖြစ်သလိုနေနိုင်ခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့မှ ခြင်ထောင်ထဲ ကြိတ်ငိုတော့တာ။အချိန်ကြာရင် နေနိုင်သွားမှာလို့ ကိုယ့်ကိုယ်ကို ပြန်ဖြေသိမ့်ပါတယ်။ ဒါပေမယ့် သုံးနှစ်လုံး အလွမ်းတွေကို ကျင့်သားမရခဲ့ဘူး။ သတိရတိုင်း ခေါင်းအုံးလေး နှပ်တွေ မျက်ရည်တွေပေလူးလို့။

မဇနိလည်း ကိုဇနိကို အတော်ချစ်တာဘဲနော်။ ကိုဇနိကလည်း မဇနိကို အတော်ချစ်ပါတယ်။ ခုခဏခရီးသွားတာတောင် စိတ်မချလို့ လာမှာသွားတယ်။ ဘလော့ကို လွမ်းတာမဟုတ်ပါဘူး၊ မဇနိကို လွမ်းနေမှာပါ။ မဇနိဆုတောင်းလေးကလည်း ခံစားရတယ်။ မဇနိနဲ့ ကိုဇနိတို့ အမြန်ဆုံး နီးစပ်ပေါင်းဖက်ရပါစေနော်။

khin oo may August 3, 2008 at 7:25 PM  

ဖြစ်ရလေ မဇနိရယ် ကိုယ်.ထက်ဆိုးပါပေါ.။ တို.တွေရည်းစားဘဝ ကလည်း စာတွေရေးပါ lecture မှာ စာတွေဘဲ ထိုင်ရေး.ငြိမ်နေတာဘဲ. သူသဘေီာလိုက်တော.လည်းရေး ဒါပေမဲ.တို.က ချီးကျ့ရာပျော်တတ်တော. အပေါင်းအသင်းများတော.လွမ်းတာခံသာတယ်။ အမြန်ဆူံးတူနှစ်ကိုယ်နီးရပါစေ.

Republic August 3, 2008 at 7:43 PM  

မဇနိ ..ကျွန်တော် ဒါတော့ ကွန်မန့်မရေးတတ်ဝူးဂျာ ၊၊ မဇနိ ပျော်ရွင်ပါစေဗျာ ၊၊

May Moe August 3, 2008 at 8:31 PM  

ခံစားဖူး လို့ ကိုယ်ချင်းစာပါတယ် မမနိ ရေ ။ ပျော်ရွှင်ပါစေ

မောင်ဖြူ August 3, 2008 at 9:37 PM  

မဇနိရေ
အလွမ်းပင်လယ်ကြောမှာ လက်ပစ်ကူးနေပြီလား။ ကျွန်တော်လဲလွမ်းတာပါပဲ ရောင်းရင်းကြီးကို။ ကိုဇနိနဲ့မဇနိတို့နှစ်ယောက်ကတော့ သံယောဇာဉ်ကြီးကြပါပေတယ်။

တားမြစ် ထားသော... August 4, 2008 at 6:28 AM  

အော်.. တကယ်ချစ်နိုင်ကြသူတွေပဲ။ ကောင်းပ။ လွမ်းနိုင်သူတွေ လွမ်းကြပါစေ။
တစ်ခုပဲ လက်ညိုးညွှန်ရာ ကိုဇနိဖြစ်စေသားဆုတောင်း ပြည့်သွားရင်.... အင်း တစ်မျိုးကြီးပဲ။
ဟီ ဟိ။ :P

မေအောင် August 4, 2008 at 8:36 AM  

မဇနိ အလွမ်းပင်လယ်မှာ
ရွှေမျက်ရည်စိုလို့ရွှဲနေရင် အင်းးးး
အအိုက်တော့အတော်သက်သာမယ်ထင်တယ်

Z a.k.a ANGELIC-DEVIL August 5, 2008 at 8:37 PM  

မဇနိတို့ နှစ်ယောက်က တော်တော်ချစ်ကြပုံပဲ။ ပျော်ဖို့ကောင်းပါတယ်။ ချစ်သူရှိရင် ဝေးဝေးမနေရရင်တောင် တစ်မိနစ်လောက် မတွေ့ ရရင်တောင် လွမ်းနေသလိုလိုပဲ။ ကြာကြာခွဲနေရရင်တော့ ပိုဆိုးတာပေါ့။ မဇနိကံကောင်းမှာပါ။
ခုတော့ လွမ်းထား...ကိုဇနိပြန်လာတော့ အတိုးချပြီး ပိုချစ်ပြလိုက်ပေါ့။

တန်ခူး August 6, 2008 at 8:50 AM  

မဇနိရေ… လွမ်းဖူးတော့ အလွမ်းဒဏ်ကိုသိတယ်…
ဖုန်းတောင်ဆက်မရဘူးဆိုတော့ မဇနိ ဘယ်လောက်ခံစားနေရမလဲ… ကိုယ်ချင်းစာတယ်…
ပြန်လာလို့ ဒီpostလေးတွေ့ ရင် အလွမ်းတွေ အပျော်ကြားထဲ ပျောက်ဆုံးသွားကြမှာပါ…
နောက် ကိုဇနိလဲ အတူခံစားရမှာမို့  ဝေးဝေးသွားတော့မှာ မဟုတ်ပါဘူး…
ဆုတောင်းလေးကို အရမ်းကြိုက်သွားပြီ…

Taungoo August 7, 2008 at 6:59 PM  

လွမ်းကြပါဗျာ လွမ်းကြပါ
အမကြီးတို့တွေက လွမ်းစရာတွေအပိုင်ရှိတော့ ကောင်းကောင်း လွမ်းလို့ရတယ်
ကျွန်တော့်မှာတော့ လွမ်းချင်တာတောင် ဘယ်သူ့လွမ်းရမှန်းမသိဘူး
သနားစရာ တောင်ငူသားလေးပါဗျာ

ဘလူးဖီးနစ် August 7, 2008 at 10:24 PM  

အင်း လူပျိုကြီးတောင် ဘာပြောရမှန်း မသိတော့ဘူးဗျာ..

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP