ချွဲခြင်း အနုပညာ

>> Saturday, August 23, 2008



အချေးလစ်
မို့ကင်
အမြစ်ကြီးချား။


ဘာစာတွေပါလိမ့်လို့ တွေးနေလား။ ချစ်သူတွေ ပြောဖြစ်ကြတဲ့ စကားလိမ်တွေပါ။ ချစ်ကြလွန်းတော့ ပုံမှန်ပြောရတာနဲ့ အဆင်မပြေပါဘူး။ စကားတွေပါလိမ်ကောက် ချွဲပြစ်ပြောမှ အရသာတွေက ပိုရှိကုန်ကြတော့တာကလား။
အဓိပ္ပါယ်ကတော့
အချစ်လေး
မင့်ကို
အများကြီးချစ်။ -လို့ ပြောတာပါ။

ဘာတဲ့လဲ ယောက်ကျားလေးတွေက မိန်းကလေးတွေကို ငုံမတတ်ချစ်ကြတော့ ခေါ်လိုက်ပုံက "မောင့်ချစ်တုံးလေး"၊ "အသည်းကျော်လေး"ဆိုပြီး ခေါ်လိုက်ကြတာ၊ အဲဒီနားလေတင် ရပ်မသွားပါဘူး အရှိန်တွေပါသွားပြီး "အဆုတ်ကျော်လေး"လို့ပါ ခေါ်ကုန်တော့တာ။ ချစ်လိုက်ကြတာ အရပ်ထဲ အသားကြော် လိုက်ရောင်းနေသလားတောင် ထင်ရတယ်။ "အချုန်းတစ်"၊ "အသော်ကျဲ"၊ "ချယ်တစ်"ဆိုတာတွေလည်း ရှိပါသေးတယ်။ မိန်းကလေးလုပ်သူကလည်း အဲသလိုလေးတွေ ပြောတာကိုကြားရရင် "ခစ် ခစ် ခစ်" ဆိုပြီး ရယ်ကာ သဘောတွေ ကျနေကြတော့တာပါ။

စကားလိမ်တွေ ပြောတော့ ကျနော် ဗွီဒီယိုထဲက မြင်ကွင်းတခုကို သွားသတိရမိတယ်။ ပင်လယ်ကမ်းခြေ အုန်းပင်တွေကြားမှာ မင်းသမီးကို လူရွှင်တော် တယောက်က ရည်းစားစကား လိုက်ပြောတာပါ။ မင်းသမီးက လမ်းလျှောက်လာတာကို လူရွှင်တော်မျက်နှာရူးက နောက် ပြန်ကြီး လမ်းလျှောက်ရင်း မင်းသမီးကို ရည်းစားစကားပြောတာ။
"ပင်လယ်ကြီးက ကျယ်တယ်၊ ဒမြက လုတယ်၊ ကျယ်လု …"
"ဟာ မဟုတ်သေးပါဘူး"
"ပင်လယ်ကြီးက ကျယ်တယ်၊ ဒမြက လုတယ်၊ ကျယ်လု …" နဲ့ ထပ်လုပ်နေရင်းက နောက်ပြန်လျှောက်ရင်း အုန်းပင်ကို ဝင်တိုက်မိကာမှ "ပင်လယ်ကြီးက ကျယ်တယ်၊ ဒမြက တိုက်တယ်၊ ကျယ်တိုက်… ကြိုက်တယ်" နဲ့ လဲနေရာက ကုန်းပြီးထတော့ မင်းသမီးက မရှိတော့ပါဘူး။

ချွဲတယ်ဆိုတာ တကယ်က ချစ်သူတွေချင်း ကြားမှာမှ ရှိတာမဟုတ်ပါဘူး။ မောင်နှမ အချင်းချင်းတွေ ကြားထဲမှာသာမက၊ သား၊ သမီးနဲ့ မိဘတွေကြားမှာလည်း ရှိပါတယ်။ အဲ နောက်ဆုံး အဖေနဲ့ အမေကြားမှာလည်းရှိသလို၊ အဖေ၊အမေနဲ့ အဖိုး၊ အဖွားကြားလည်း ရှိတာပါပဲ။ ချွဲတာကလည်း လူအမျိုးမျိုးပေါ် မူတည်ပြီး ချွဲပုံခြင်းတွေကလည်း မတူကြပါဘူး။ ချွဲရတာလည်း ပျော်စရာ ကောင်းသလို၊ အချွဲခံရတာလည်း ပျော်စရာပါ။ (မတူတဲ့ မူကွဲတွေ ရှိနိုင်ပါတယ်။)

ကျနော့်အဖွားက အသက်(၆၀)နားနီး ကျနော့် အဖေကို "သား" လို့ ခေါ်ပြီး အဖေ့နာမည်ကို "ဖိုး"တပ် ခေါ်တာပါ။ အင်းပေါ့လေ သူ့သားဆိုတော့လည်း အသက်တွေ ဘယ်လောက်ကြီးကြီး သူ့အတွက်က ကျနော့်အဖေက ကလေးဖြစ်နေမှာကိုး။ ဒါလည်း ချွဲတဲတဲလေး ခေါ်တာတမျိုးလို့ ကျနော်ကတော့ ထင်တယ်။ အဖွားက မျက်စိအတော်လေး မှုန်ပါတယ်။ တရက် အဖွားက သူ့အိမ်ရှေ့မှာ မတ်တပ်လေးရပ်နေတာ၊ ကျနော့် အဖေက အဖွားအိမ် ရောက်လာတော့၊ အဖွားရှေ့ သွားပြီး မတ်တပ်ရပ်ပါတယ်။ အဖွားကလည်း ဘာမှ မပြောပါဘူး။ အဖေက "အမေ ကျနော်လာတာကို မမြင်ဘူးလား" ဆိုတော့ အဖွားက " မြင်သားပဲ၊ မင်းကမှ ငါ့ကို နှုတ်မဆတ်တာ"တဲ့။ အဖွားက သူ့သားကို ချွဲတာနေမှာပေါ့။

ပြောရင်းနဲ့ ကျနော်သတိရမိတာ တခုရှိပါတယ်။ မဇနိပါ။ သူ ရန်ကုန်ကနေ နယ်ပြောင်းတော့ ပစ္စည်းတွေကို နယ်ပို့ဖို့ အဝေးပြေးကားဂိတ်ကို သွားပို့ရပါတယ်။ တက္ကစီကို ငှားပြီး ပစ္စည်းတွေ တင်ရပါတယ်။ ပစ္စည်းတွေကများ၊ တက္ကစီက တစီးတည်းလည်း ဖြစ်နေတော့ သူမမှာ ထိုင်ရတာ အဆင်မပြေဘဲ ခြေထောက်တစ်ဖက် ခေါက်နေတာပါ။ အဝေးပြေးကားဝင်းကို ရောက်တော့ သူမက တက္ကစီပေါ်ကဆင်း၊ ခြေထောက်နာနေတော့ ကျနော့်ကို လှမ်းပြီး ငိုသံလေးနဲ့ "အီး အိ ခြေထောက်နာတယ်"ဆိုပြီး မျက်ရည်လေးတစမ်းစမ်းနဲ့ ပြောတာပါ။ ကျနော်ကလည်း ပစ္စည်းတွေတင်ရ၊ ချရတာနဲ့ အလုပ်ရှုပ်နေတော့ သူ့ကို "အေး..အေး.. ပစ္စည်းတွေ ချပြီး တန်ဆာ လုပ်လိုက်ဦးမယ်နော်။ နောက်မှ ငိုနော်။" လို့ ပြောတော့ သူမကလည်း ထွက်လာတဲ့ မျက်ရည်လေးကို အသာသုတ် "အင်း" ဆိုပြီး ကျနော် အလုပ်ပြီးသည်အထိ စောင့်ရှာပါတယ်။ သူမက ခြေထောက်နာလို့ ချွဲချင်တာကို ကျနော်အလုပ်ရှုပ်နေတော့ အလိုက်တသိနဲ့ ချွဲချိန်ပြောင်းပေးပါတယ်။ အားလုံးလုပ်ကိုင်ပြီးပြီဆိုမှ ခြေထောက်နာတာကို အစပြန်ဖော်ပြီး၊ တအီးအီးလုပ်၊ မျက်ရည်လေး စမ်းစမ်းနဲ့ ပြန်ချွဲရတာပါ။ အဲဒါကြောင့် ချွဲခြင်း အနုပညာကို တတ်ဖို့ လိုပါတယ်လို့ ပြောတာပါ။

တခါတလေကျလည်း ချွဲတယ်ဆိုတာ ချွဲလိုသူက သူချွဲချင်တဲ့သူကို မလှုပ်သာ မရှားသာ အခြေအနေထဲကို ရောက်အောင်လုပ်ပြီး ချွဲတာပါ။ မြင်သာအောင် ဥပမာပေးရမယ်ဆိုရင်တော့ ကျနော့်ရဲ့ ဇာတ်လိုက်ကျော် မဇနိနဲ့ပဲ ပေးရမှာပါပဲ။ နှစ်ယောက်သား လမ်းလျှောက်ရင်း တန်းလန်းနဲ့ လျှောက်နေတဲ့ လမ်းမပေါ်မှာ လူထူထူရှိရင် သူမက ဇာတ်လမ်းစတာပါ။ သူ့ကို လမ်းမပေါ်မှာ ပွေ့ချီရပါမယ်တဲ့။ သူက တိုးတိုးလေး လာပြောတာပါ။ ဒွတ်ခနဲ့ လှလှတွေ့တော့တာပါပဲ။ "ဟဲ့ ဘယ်လိုလုပ်ပြီး ဒီနေရာကြီးမှာ ချီလို့ရမှာလဲ" ဆိုတော့လည်း "မသိဘူး အချီခံချင်တာပဲ သိတာတဲ့"။ ကျနော်က တကယ်ပွေ့ချီမယ့် ဟန်လုပ်ရင်လည်း သူပဲ ရှေ့ဆုံးက ထွက်ပြေးမှာပါ။ ဒါပေမယ့် ကျနော်ကလည်း လမ်းမကြီးပေါ်မှာ "အေး..အေး.." ဆိုပြီး ပွေ့ချီမယ့်ဟန်ကလည်း မလုပ်ရဲပါဘူး။ ဒီတော့ သူက အချွဲနိုင် နိုင်သွားပါတယ်။ သူ့ကို မချစ်ပါဘူး၊ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အပြောခံရတော့တာပါပဲ။ အဲသလို မဟုတ်ရပါဘူး၊ ဒီလိုကြီးက အဆင်မှ မပြေတာကို၊ ဘာညာ ဘာညာ ပြန်ဖြေရှင်းရတာပါပဲ။ စိတ်တော့ ညစ်ရသလို ရှိပေမယ့် အဲသလို အချွဲခံရတာလည်း ပျော်စရာ ကောင်းပါတယ်။

ကျနော် ချွဲတာကတော့ တမျိုးပါ။ နည်းနည်းတော့ မကောင်းပါဘူး။ ဂျူးရေးတဲ့ "ကျမချစ်သော ယောက်ျားများ" ဝတ္ထုတိုထဲက အမျိုးသမီးရဲ့ ယောက္ခထီးကို အားကျတာမျိုးပါ။ အဲဒီ ယောက္ခထီး အဖိုးကြီးက အရက်သောက်ပေမယ့် မူးပြီး မရမ်းကား၊ မဆိုးပါဘူးတဲ့။ အရက်မူးနေတုန်း သူ့အဖွားကြီးကို ချွဲတာများ ဒီလိုပါ။ ငါ့မှာ အရက်သောက်ရတာ မဝပါဘူးကွယ်ဆိုပြီး မူးမူးနဲ့ ငိုပြီး ချွဲတာမျိုးပါ။ (အမှတ်မှားရင်လည်း သည်းခံကြပါ။) ကျနော်လည်း မန္တလေးကနေ ရန်ကုန်ကို ရထားစီးပြီးသွားကြတုန်းက သူငယ်ချင်း ယောက်ျားလေးတွေ၊ မိန်းကလေးတွေရှိပေမယ့်၊ မူးနေတာကြီးနဲ့ မဇနိလက်ကို ကိုင်ပြီး၊ သူ့ဘေးမှာ ဇာတ်ကြီးကျိုးကျနေတာပါ။ သူလည်း အဲဒီအထုတ်ကြီးကို ဘယ်သွားပို့ရမှန်းမသိတော့ ငြိမ်ပြီး ထိုင်နေရတာပါပဲ။ ကိုယ်ကလည်း အမူးပါးပေပဲ။ ကိုယ့်ကို နှင်မထုတ်မယ့် သူ့နားကိုပဲ သွားနေတာပေါ့။ အဲသလိုပါ။ ဟေ့ ဆာကေးသောက်ချင်တယ်ဆိုတော့လည်း သူမက ဆာကေးရတာပါပဲ။ ကျနော်က မူးနေရင် မုန်းစရာမကောင်းဘဲ ပိုပြီးတောင် ချစ်စရာကောင်းတယ်လို့ သူမစိတ်ထဲမှာ သိနေပါတယ်။ (ဟီးဟီး ကျနော့် စိတ်ထဲ ထင်တာ ပြောတာ။ တကယ်က ဟုတ်လောက်ဘူးရယ်။)

နောက်ချွဲနည်းတမျိုးက ငေါက်ချွဲပါ။ ဘဝမှာက ချို၊ ချဉ်၊ ငံ၊ စပ်၊ ဖန်၊ ခါး အရသာစုံမှ ပိုပျော်စရာ ကောင်းတာမဟုတ်လား။ အသုတ်စုံစားတာတောင် အရသာစုံစုံ စားချင်တာလေ။ ဒီတော့ အငေါက်အရသာလေးလည်း ပါရင် ဘဝမှာ ပိုပြည့်စုံမှာပေါ့နော။ အခြားလူတွေ သဘောတူချင်မှ တူပါလိမ့်မယ်။ တစ်ယောက် ငေါက်ချွဲ ချွဲနေရင် ကျန်တစ်ယောက်က ကြောက်ချင်ယောင်ချွဲ ချွဲရပါတယ်။ "အပေးအယူ လွန်ကြည်ဖြူ" ဆိုတာ နှစ်ကိုယ်တူ ဘဝမှာ အလွန်အရေးကြီးတာပါ။ တစ်ယောက်က ငေါက်နေရင် တစ်ယောက်က အသာလေးနေပေးရမယ်။ နှစ်ဖက်တင်းရင် ပြတ်သွားမယ်လေ။ ငေါက်တယ်ဆိုတာက ငေါက်ရပြီးရော မငေါက်ရပါဘူး။ ဆိုလိုတာက "နင်ကလေ တပြားလောက်တောင် မတန်အောင် အသုံးမကျတာပါလား" ဆိုရင် အငေါက်ခံရတဲ့သူကလည်း ဘယ်မှာ ခံနိုင်မလဲ။ ညင်ညင်သာသာ စကားလုံးလေးတွေ သုံးရမှာပေါ့။ "ဟဲ့ အချိုးလေးရဲ့ အဲဒါမျိုးက မလုပ်ရဘူးလေကွာ" ဆိုရင် ကျန်တစ်ယောက်ကလည်း "ဟုတ်ကဲ့ မသိလို့ပါရှင့်" ဆိုရင် ဘယ်လောက် အဆင်ပြေသလဲ။

ချွဲတယ်ဆိုတာကလည်း အနုပညာတရပ်ပါ။ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသကို နားလည်ရသလို အပေးအယူဆိုတာရယ်၊ ချွဲခြင်း အပြင်းအပျော့၊ အဖိအဖော့ စတာတွေကို သိပြီး တတ်ကျွမ်းရပါတယ်။ ဘယ်အချိန်ပဲနေနေ၊ သူက ဘာတွေပဲ ဖြစ်နေဖြစ်နေ ငါချွဲချင် ချွဲလိုက်မှာပဲလို့ လုပ်လို့မရပါဘူး။ တစ်ယောက်ရဲ့ သိက္ခာကို စော်ကားသလို မဖြစ်အောင်လည်း ဆင်ခြင်တတ်ရပါတယ်။ အဲ အချိန်အကြာကြီးလည်း မချွဲရပါဘူး။ အမြဲဆွဲထားတဲ့ သားရေကွင်းများလို ညောင်းသွားတတ်ပါတယ်။ ထင်ရာမြင်ရာတွေကိုတော့ အတော်လေး လျောက်ပြောပြီးသွားပါပြီ။ ဘော်ဘော်တွေလည်း ချွဲခြင်းအနုပညာကို မှန်မှန်ကန်ကန်အသုံးချပြီး ဘဝမှာ ပျော်ရွှင်နိုင်ကြပါစေ။

16 comments:

khin oo may August 23, 2008 at 10:05 PM  

တို.ကိုတော.သူငယ်ချင်းတွေ က ၁၂ ကြီူးတတ်တယ်လို.ပြောကြတာဘဲ..

Yu Wa Yi August 23, 2008 at 11:42 PM  

(ဟီးဟီး ကျနော့် စိတ်ထဲ ထင်တာ ပြောတာ။ တကယ်က ဟုတ်လောက်ဘူးရယ်။)တဲ့ ကိုဇနိပြောဟန်လေးကြည့်ရတာ အညာကိုတောင်သတိရ
သွားတယ်။ အညာသားမဟုတ်ရင်လည်း ဆောတီးနော်။ ဒီလိုပေါ့လေ..မဇနိကိုသတိတွေရ
နေတော့လည်း ချွဲတာလေးတွေ ပြန်တွေးမိလို့ ရေးမိတာပေါ့။ ဟုတ်တယ်ဟုတ်

My Wonderful Moral Thoughts August 24, 2008 at 2:37 AM  

"ခစ် ခစ် ခစ်" :))

သဘောတွေကျ သွားတယ်။

SMNTL

Andy Myint August 24, 2008 at 3:41 AM  

ကိုဇနိ... ကိုဇနိ... ဒီလိုတွေနဲ့ မဇနိကလည်း တမ်းတမ်းစွဲပေါ့။

ZZA August 24, 2008 at 3:55 AM  

ချွဲခြင်း အနုပညာ အပိုင်း(၂) ကို ဆက်မျှော်နေပါတယ်....ဟီးဟီး..

Republic August 24, 2008 at 9:09 AM  

ကိုဇနိ တော်တယ် ၊၊ စိတ်ကူးလေးကောင်းပါတယ် ၊၊ တစ်ဦးကို တစ်ဦး မေတ္တာတရား ၊အပြန်အလှန် နားလည်မှု ၊ လေးစားမှုတွေနဲ့ လက်တွဲကြတာ အကောင်းဆုံးပါ ၊၊
ပျော်ရွှင်ပါစေဗျာ ၊၊

ရွှန်းမီ August 24, 2008 at 9:30 AM  

မှတ်သားစရာပဲ ..။
Lecture တက်သွားတယ်..။ Tutorial တော့ မလုပ်ရသေးဘူး..။ အဟဲ။

Heartmuseum August 24, 2008 at 9:49 AM  

ချွဲနည်း လာသင်တယ်ဗျ.... ဆရာဇနိ
ချွဲနည်းတတ်ပြီး
ချွဲစရာလူမရှိလို့
ရှာပေးအုံးဗျ......ဟီးးးးး ဟီးးးးးးး

တားမြစ် ထားသော... August 24, 2008 at 10:10 AM  

"အပေးအယူ လွန်ကြည်ဖြူ" ဆိုတာ နှစ်ကိုယ်တူ ဘဝမှာ အလွန်အရေးကြီးတာပါ။

မှတ်သားသွားပါတယ်။
****************
ဒီစာစုလေးကို ဖတ်ရမှ ကျွန်တော်လည်း ရည်းစားမရသေးတဲ့ လိုအပ်ချက်တွေကို နားလည်ပါတော့တယ်။ ခက်နေတာက ချွဲတာကလည်း အနုပညာတဲ့ဗျာ... အနုပညာနဲ့ ကျွန်တော်နဲ့က ဘယ်လိုမှအစေးကပ်တာ ဟုတ်ဘူး။
တတ်နိုင်ဘူး။ အားကိုးရှာရမှာပဲ။ သင်ပေးလို့ရရင် ကိုကိုနိ သင်ပေးစေချင်တယ်။ အားကိုးပရစေဗျာ။ နော့။

မောင်ဖြူ August 24, 2008 at 10:14 AM  

ဆရာနိကတော့ လုပ်ချလိုက်ပြန်ပြီ။ ချွဲခြင်းအနုပညာတွေအတော်ကျွမ်းနေပြီပဲ။ ကျွန်တော်တောင် ရုံးပတီသီးစားချင်စိတ်ပေါက်လာပြီ။ :P

nu-san August 25, 2008 at 7:29 AM  

ကိုဇနိရေ.. ရည်းစားပဲဖြစ်ဖြစ် လင်မယားပဲဖြစ်ဖြစ် မိသားစု ညီအကို မောင်နှမတွေ အချင်းချင်း ချွဲကြတာက အမှန်တန် ချစ်ဖို့ကောင်းပါတယ်.. အဟီး.. အမမြင်ဖူးတာတော့လေ.. ယောင်္ကျားလေးတွေအချင်းချင်းကို ချွဲတာ မြင်ဖူးတယ်။ ဒီပို့စ်ရဲ့အောက်မှာ.. caution လိုမျိုးရေးထားပေးရင် ကောင်းမယ်ထင်တယ်နော်.. :D :P အလကားစတာပါ။ ချွဲတာဆိုလို့ သတိရလို့ ရေးလိုက်မိတာ..

ကိုဇနိတို့ မဇနိတို့အကြောင်းတွေ ဖတ်ရတာ ရီလည်းရီရတယ်.. ပျော်ဖို့လည်းကောင်းတယ်... မဇနိရေ.. သင်တန်းလေး ပေးပါဦး.. :D :D

မြရွက်ဝေ August 25, 2008 at 9:49 AM  

အဟမ်း....အဟမ်း........ အဟွတ်!! (ချွဲတွေ ကြပ်နေလို့) :D
ချစ်တတ်သောသူများ ချွဲ၏ လို့ ပြောရင် မချွဲတတ်တဲ့သူက မချစ်တတ်သလို ဖြစ်သွားဦးမယ်။ အချစ်ခံချင်သူများ ချွဲ၏လို့ ပြောင်းပြောလိုက်မယ်။ တို့ကတော့... တို့ကတော့.... ရိုးရိုးချွဲ၊ ငေါက်ချွဲ၊ ကြောက်ချွဲ အစုံအပြင် "ရစ်ချွဲ"တောင်ပါလိုက်သေးတယ်။ :P

ဇနိ August 25, 2008 at 12:02 PM  

အမခင်ဦးမေရေ ကျနော်တို့က ၂ ယောက်ပေါင်း ၂၄ ကြိုး။

အမယုဝရီ - ကျနော်ရော မဇနိရောက အညာသားဗျ။ ချွဲတာတွေကို သတိရလို့ ပြန်ရေးလိုက်တာ ဟုတ်တယ်ဗျ။

SMNTL - သဘောတွေကျလို့ ဝမ်းသာပါတယ်ဗျာ။

ကိုအန်ဒီကြီး - ကျနော်လည်း သူမကို တမ်းတမ်းစွဲပါပဲဗျ။ အဟီး

Zza - တတ်တာအကုန်ရေးလိုက်တော့ ၂- ရေးစရာ ကုန်သွားပေါ့။ နောက် ထပ်ပေါ်လာရင်တော့ ရေးဦးမယ်။

ကိုကြီးဝီ - အမြဲလာဖတ်လို့ ကျေးဇူးပါဗျာ။ ကွန်မန့်လေးအတွက်ရော ကျေးဇူးတင်ပါတယ်။

ရွှန်းမီရေ - လက်တွေ့လေးပါတွဲလိုက်နော်။

Heartmuseum - မတွေ့တာတောင်ကြာပေါ့။ ချွဲစရာလူမရှိရင် အမေ့ကို ပြန်ချွဲ။ အမေနဲ့လေ့ကျင့်ရင်း ကောင်မလေးရှာ။

ကို VBT - သူက ကျနော့်ဆရာကိုး။ လူနောက်ကြီး။ တပည့်ပြန်လာလုပ်ချင်နေတယ်။

မောင်ဖြူရေ - ခင်ဗျားလည်း ကျနော့်နီးနီးပါဗျာ။ ချွဲတာကို ပြောတာနော်။

အမကြီး နုစံရေ - ယောက်ျားလေးအချင်းချင်း ချွဲတာကို ရေးဖို့မေ့သွားတာ။ ဟိ ဟိ။ အမပြောမှ ဒါလည်းရှိတာ ဟုတ်သားပဲနဲ့ သတိရတာ။

မြရွက်ဝေ ပိုပြီး ဆရာကျတယ်နော်.. ရစ်ချွဲတဲ့။

အားလုံးကို ကျေးဇူးတင်ပါတယ်။

tmn August 25, 2008 at 8:59 PM  

ကိုဇနိ...မန်းတလေးကနေ ရန်ကုန်ကိုဆင်းတော့ မဇနိကို သွားပြီးရစ်နေတယ်ထင်တာ.... အခုမှပဲသိရတော့တယ်...ချွဲနေတာကိုးဗျ.... :P

လွင်ပြင် August 26, 2008 at 3:45 AM  

ကိုဇနိ..နောက်နေ့လာခဲ့မယ်။
ချွဲခြင်း အနုပညာလေး သင်ပေးပါ..
အဲဒီ ပညာလေးတွေပါ သင်ပေးပါနော်…အကို

Nu Thwe August 26, 2008 at 4:13 PM  

ကျမက လူတွေရဲ့ အပြုအမူတွေကို စိတ်ဝင်စားတော့ ဒီစာစုလေး ဖတ်ရတာ သိပ်သဘောကျပါတယ်။ တွေးတတ်ရေးတတ်သူများလက်ထဲရောက်ရင် အကြောင်းအရာအားလုံး လှပသွားတာပဲကိုး။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP