ယနေ့စားစရာ

>> Sunday, August 17, 2008


အစားအစာတွေကို ချက်ပြုတ်စားသောက်ရတာ ဘယ်လိုပင်ပန်းတယ်ဆိုတာ ငယ်ငယ်တုန်းကတော့ မသိပါဘူး။ ဒီထက်ပင်ပန်းတာက ဒီနေ့ဘာနဲ့ဘာနဲ့ စားရပါ့ဆိုပြီး စီစဉ်ရတာပါ။ အိမ်မှာနေတုန်းကတော့ အမေချက်တာကို အသာလေး ဝင်စားယုံပါပဲ။ အမေတို့ ချက်ရပြုတ်ရလို့ ပင်ပန်းတာတွေကို စာလည်းမစာနာတတ်ပါဘူး။ အခုလို ကျောင်းတွေတက်တော့ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရတာတွေ ကြုံရတော့တာပါပဲ။


ကျနော်ဆို အစက ကြက်ဥတောင် မကြော်တတ်ပါဘူး။ ငါ ဖြစ်ရောဖြစ်ပါ့မလားဆိုပြီး တွေးပူမိပါတယ်။ ဟိုးအရင်တုန်းကဆို ဘာမှမသိတော့ ကျနော် သခွားသီးတောင် ချက်ပါတယ်။ သခွားသီးကို ဟင်းဖြစ်အောင် ချက်ရကောင်းမှန်း၊ မချက်ရကောင်းမှန်း မသိပါဘူး။ စိမ်းစိမ်းလေးဆိုတော့ ချက်စားလို့ရမှာပဲဆိုပြီး ချက်တာပါ။ ကိုယ့်ဟာကိုယ် ချက်ပြီး အဲဒီဟင်းကို မစားနိုင်ပါဘူး။ ဘာတွေလွဲလို့လဲ မသိဘူး။ သခွားသီးဟင်းက ခါးနေလို့ပါ။ နွားနို့ခဲဟင်းချက်စားတာကိုလည်း တအံတသြနဲ့ အဲသလိုချက်တာ ဟုတ်လို့လားကွာဆိုပြီး မေးတဲ့သူငယ်ချင်းနဲ့လည်း ကြုံဖူးပါတယ်။

အချက်အပြုတ်အစပိုင်းတုန်းက အမေက ချက်နည်းပြုတ်နည်းလေးတွေ ရေးပေးတာတွေကို ကိုးကားပါတယ်။ နောက်ပိုင်းကျတော့ ဒါလေးဆိုဘယ်လို ချက်ရတာလဲဆိုပြီး ဟင်းလေးအိုးကြီး မဇနိကိုမေးလိုက်တာပါပဲ။ ဆရာတွေကျေးဇူးနဲ့ အခုကျတော့ ကျနော် ပညာရှင်တွေလို မတတ်ပေမယ့် စားဖြစ်သောက်ဖြစ်ယုံတော့ ချက်တတ်ပါတယ်။ ကျနော် ရန်ကုန်ကိုရောက်တုန်းက ကျနော့်ဆီကို ကျနော့်ညီလေး ရောက်လာပါတယ်။ မင်းကို ငါ ဟင်းချက်ကျွေးမယ်ဆိုပြီး ခရမ်းသီးနှပ်ကျွေးလိုက်တာ သူ့မှာ အံ့သြလို့မဆုံးပါဘူး။ အစ်ကိုကို အတော်အထင်ကြီးသွားတာ။ အစ်ကိုက ဒါမျိုးတွေလည်းရတာပဲလားတဲ့။ ညီလေးက အထင်ကြီးသမျှ ကျနော့်ဆရာမ မဇနိနဲ့တွေ့တော့ ခံလိုက်ရတာပါပဲ။ အာလူးကြော်ကျွေးမယ်ဆိုပြီး အာလူးတွေကိုလှီး ဒယ်ထဲက ဆီပူထဲကို ပစ်ထည့်၊ ပြီးရင် ဆားလေးဖြူး၊ နနွင်းမှုန့်လေးဖြန်းလုပ်လိုက်တာ မဇနိက တော်ပြီး ဒါမျိုးတော့ မစားနိုင်ဘူးဆိုပြီး အရပ်ခိုင်းလို့ ရပ်လိုက်ရပါတယ်။ ဒါတောင် ငရုတ်သီးအကြမ်းမှုန့်လေး ဖြူးဖို့ရာ စိတ်ကူးထားတာ မဖြူးလိုက်ရပါဘူး။

ဒီနေ့ မဇနိတစ်ယောက် ခေါက်ဆွဲလုပ်စားဖြစ်တာကို တင်လိုက်ပါတယ်။ သူလက်မအားလို့ ကျနော်ရေးလိုက်တာပါ။ ခေါက်ဆွဲကို နာမည်တော့ မတပ်တော့ပါဘူး။ ဘယ်လိုလုပ်စားတယ်ဆိုတာပဲ ပြောပြတော့မယ်။ ရေနွေးပွက်ပွက်ဆူမှာ ခေါက်ဆွဲအစိုကို ပြုတ်လိုက်တယ်။ မပျော့အောင် သတိထားပြီး၊ သင့်တင့်တဲ့အချိန်မှာ ဇကာထဲကို ဆယ်ထားလိုက်တယ်။ ခရမ်းချဉ်သီး၊ ကြက်သွန်အနီအဖြူ၊ ဂျင်း၊ ကြက်သား အတုံးသေးသေးလေးတွေနဲ့ ဟင်းအနှစ်ချက်လိုက်တယ်။ ပြီးတော့ ကြက်သွန်နီကို ခရမ်းချဉ်-sauce လေးနဲ့ အချဉ်ကလေးလည်း လုပ်ထားပါသေးတယ်။ ခေါက်ဆွဲကိုသုတ်တဲ့အခါ ပန်းကန်ထဲကို ခေါက်ဆွဲအသင့်အတင့်ထည့်၊ ဟင်းအနှစ်ထည့်၊ ဝက်အူချောင်းကြော်လေးလည်းထည့်၊ ပြီး ကြက်သွန်မြိတ်လေး ဖြူးလိုက်တာပါပဲ။ မိုးလေးကလည်းအေးနေလို့တဲ့ ရေနွေးကြမ်းကလည်းလုပ်ထားသတဲ့။ ရေနွေးကြမ်းခွက်ထဲက လက်ဖက်ခြောက်အရိုးလေး ထောင်နေလို့တောင် ဘယ်ဧည့်သည်များလာမလဲဆိုပြီး မျှော်နေမိပါသတဲ့။



ခေါက်ဆွဲကိုစားသောက်ပြီးတဲ့အခါမှာ နောက်ဆုံးအပိတ်အနေနဲ့ ငါးမှုန့်ကြော်ရယ်၊ ပုဇွန်ခြောက်လက်ဖက်နှပ်လေးရယ်ကို ရေနွေးကြမ်းနဲ့ စားလိုက်ပါတယ်တဲ့။



အမှတ်တရအနေနဲ့ post တခုအဖြစ် တင်လိုက်ပါတယ်။ အလည်လာသူဘော်ဘော်တွေ ဓာတ်ပုံလေးတွေ အားပေးသွားလိုက်ကြပါဦး။

7 comments:

khin oo may August 17, 2008 at 3:15 PM  

ရေးသူ ကျွန်တော်. စားသူ မဇနိ. မျှော်သူ ကျှန်မ

မြရွက်ဝေ August 17, 2008 at 3:22 PM  

လက်ဖက်ခြောက်အရိုးလေး ထောင်နေလား?? ဒီဧည့်သည်လာမယ်။ :D
အင်းမ်... မဒမ်နိက တညိုးပြီးတညိုး လက်စွမ်းပြပြီး ဗိုက်ဆာအောင် လုပ်နေတော့တာဘဲနော်။

Dr. Yi Yi Win August 17, 2008 at 9:59 PM  

ရှလွတ်..ရှလွတ်…

Anonymous August 17, 2008 at 11:24 PM  

သူတို့ကတော့ အစားတွေအကြိုက်ချက်စားနေကြတယ်။ ကောင်းပ။ ဗိုက်တောင်ဆာလာပြီ။ ကိုဇနိလာမှ မဇနိကိုယ်စား ချက်ကျွေးခိုင်းဦးမှ။ :P

RePublic August 18, 2008 at 8:30 AM  

မဇနိ ..ဗိုက်ဆာတယ်ဗျ ၊၊ ငါးမုန့်ကြော်မြင်တော့
ဝါးချင်လာပီနော်၊၊ ....

တားမြစ် ထားသော... August 19, 2008 at 11:44 AM  

ကောင်း၏။
သူတို့ပဲ ကြွားနေကြတယ်။
နေနှင့်အုံးပေါ့ကွာ....း)

tmn August 19, 2008 at 7:27 PM  

လာပြီးစားသွားတယ်....

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP