အိပ်စက်ခြင်းနှင့် အသက်ရှုရပ်ခြင်းပြဿနာ (Obstructive Sleep Apnoea)

>> Monday, August 18, 2008


ကျွန်မ Sleep Disorder Unit မှာ အလုပ်သင်မဆင်းခင်တုန်းက ရထားထဲမှာ အဝလွန်တဲ့သူတွေ ရထားစီးရင်း အလွန်အမင်းအိပ်ငိုက်တာ လေးဖင့်ပြီး ပျင်းရိနေတာတွေမြင်တိုင်း အလွန်စိတ်ပျက်တတ်ပါတယ်။ သူတို့တွေ ဘာကြောင့် အချိန်ပြည့် အပျင်းကြီးပြီး အိပ်ချင်နေကြတာလဲ လို့လည်း အမြဲစဉ်းစားမိတယ်။ ပြီးတော့ ကျွန်မရဲ့ အတန်းဖေါ်တရုတ်လေးတွေ ကျေင်းခန်းထဲရောက်တာနဲ့ စားပွဲပေါ်မှာ မှောက်အိပ်တတ်တယ်။ အဲဒီ ကျောင်းသူ/သားတွေကရော ဘာကြောင့် အဲလောက်ထိ အိပ်ချင်နေရတာလဲ။ ကျွန်မမေးခွန်းတွေရဲ့ နီးစပ်တဲ့ အဖြေကတော့ Obstructive Sleep Apnoea (OSA) ပါပဲ။ မြန်မာလို သာမန်ဘာသာပြန်ရရင်တော့ အိပ်တဲ့အခါမှာ အသက်ရှူရပ်ခြင်းလို့ပဲ ဘာသာပြန်ရမယ်ထင်တယ်။ အဲဒီ OSA ရှိတဲ့လူတွေဟာ အိပ်နေတဲ့ အခါမှာ အသက်ရှူနှုန်းနဲသွားတာ ဒါမှမဟုတ် အချိန်ခဏတာမျှ အသက်မရှူတော့တာတွေ ဖြစ်တတ်ပါတယ်။

အသက်ရှူနှုန်းနဲရတဲ့ အကြောင်းရင်းကတော့ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေဟာ အိပ်ပျော်တဲ့အခါမှာ ပျော့ပြောင်းလာပြီး လျှာနောက်ပိုင်းမှာရှိတဲ့ အသက်ရှူလမ်းကြောင်း အထက်ပိုင်းနေရာကို ပိတ်ဆို့နေပါတယ်။ ပိတ်ဆို့မှုဟာ အပည့်အဝမဟုတ်ဘူး ဆိုရင်တော့ အသက်ရှူသွင်းလိုက်တဲ့လေဟာ အသက်ရှူလမ်းကြောင်းထဲကို အနီးငယ်မျှ ဝင်နေပါသေးတယ်။ ဒါပေမယ့် ပိတ်ဆို့ထားတဲ့ ကြွက်သားတွေကို တိုးပြီးဝင်ရတာကြောင့် ကျယ်လောင်တဲ့ တုန်ခါသံထွက်လာပါတယ်။ အဲဒီအသံဟာ ကျွန်မတို့ နေ့စဉ်ရင်းနှီးနေတဲ့ ဟောက်သံ(snoring) ပဲဖြစ်ပါတယ်။

လည်ပင်းမှာရှိတဲ့ ကြွက်သားတွေက အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို အပြည့်အဝပိတ်ထားလိုက်ပြီဆိုရင်တော့ အဲဒီလူမှာ အိပ်ရင်းနဲ့ အသက်ရှူရပ်ခြင်းပြဿနာ (Obstructive Sleep Apnoea) ရှိတယ်လို့ဆိုရပါမယ်။

ညအိပ်နေတဲ့ အခါမှာ ခဏခဏအသက်ရှူ ရပ်ရပ်သွားတာကြောင့် ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ အောက်ဆီဂျင်နှုန်းလည်း လျော့နည်းသွားပါတယ်။ အဲဒီလို အောက်ဆီဂျင်လျော့နည်းလာတာကို ဦးဏှောက်ကသိတဲ့အခါမှာ ဦးဏှောက်ထဲမှာ ရှိတဲ့ Neurons တွေရဲ့ နှိုးဆော်ချက်အရ အဲဒိလူဟာ အသက်ပြင်းပြင်းရှူဖို့အတွက်နိုးလာပါတယ်။

ဒီနေရာမှာ တချို့ sleep medicine doctor တွေက လူနာအသက်ရှူဖို့ နိုးလာတာဟာ အဆုပ်ထဲမှာ လေအပြည့်အဝမရှိလို့ လေများရမလားဆိုပြီး အသက်ပြင်းပြင်းရှူရင်းနဲ့ လူနာနိုးလာတယ်လို့ ပြောကြပါတယ်။ အတိအကျကတော့ ကျွန်မကိုယ်တိုင် research လုပ်ပြီးရင် တင်ပြပါမယ်။ လူနာဟာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်တဲ့အခါမှာ ပိတ်ဆို့နေတဲ့ လည်ပင်းက ကြွက်သားတွေကို တွန်းကန်ပြီး အဆုပ်ထဲကို လေဝင်လာပါတယ်။ ဒါပေမယ့် အဲဒီလူနာ ပြန်အိပ်ပျော်သွားတာနဲ့ တပြိုင်နက် သူ့ရဲ့လည်ပင်းက ကြွက်သားတွေ ပြန်လည်ပျော့ပြောင်းလာပြီး အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ပြန်လည်ပိတ်ဆို့ပြီး လူနာဟာ နောက်ထပ်တစ်ဖန် အသက်ရှူရပ်သွားပြန်ပါတယ်။ ခုလိုမျိုး အသက်ရှူရပ်ခြင်းဟာ တစ်နာရီကို အခါ ၆၀ ထက်ပိုများနေမယဆိုရင် အဲဒီလူနာဟာ အဆိုးရွားတဲ့ အဆင့်ထဲမှာပါ' ပါတယ်။

OSA ဟာ အဝလွန်တဲ့ လူတော်တော်များများနဲ့ (အဝမလွန်သော်လည်း)တရုတ်လူမျိုးတော်တော်များများမှာ ဖြစ်တတ်ပါတယ်။ အဝလွန်သူတွေရဲ့လည်ပင်းမှာ အဆီတွေစုနေပြီး ကြွက်သားတွေကို ဖိထားသလိုဖြစ်နေတာကြောင့် အိပ်ပျော်လို့ လည်ပင်းကြွက်သားတွေ ပျော့ပြောင်းလာတာနှင့်တပြိုင်နက် အသက်ရှူလမ်းကြောင်း အထက်ပိုင်းနေရာကို ပိတ်ဆို့ထားသလိုဖြစ်ပြီး အသက်ရှူပေမယ့် အဆုပ်ထဲလေမဝင်ပဲ ဖြစ်နေပါတော့တယ်။

တရုတ်လူမျိုးတွေကတော့ မွေးရာပါ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ လည်ချောင်းဝကျဉ်းမြောင်းခြင်းကြောင့် ခန္ဓာကိုယ်ပိန်ပိန်လေးနဲ့ ဟောက်သံကျယ်ကြီး ထွက်တတ်ပါတယ်။ အချို့ဆိုရင် OSA ပါဖြစ်တတ်ပါတယ်။

ညအိပ်တိုင်းမှာ အသက်ရှူရပ်ခြင်းဟာ အကြိမ်ပေါင်းမျာစွာဖြစ်တတ်တာကြောင့် အဲဒီပြဿနာမျိုးရှိတဲ့လူဟာ ညဘက်မှာ အိပ်ရေးမဝပဲ ဖြစ်တတ်ပါတယ်။ မနက်မိုးလင်းလို့ အိပ်ရာထရင်လည်း နုံးချိပြီး အိပ်ရေးမဝသလို၊ မလန်းဆန်းသလို၊ ဖြစ်နေပါတယ်။ တချိန်လုံးထိုင်းမှိုင်းပြီး အမြဲအိပ်ငိုက်နေတတ်ပါတယ်။ အိပ်စက်ခြင်းနှင့် အသက်ရှုရပ်ခြင်းပြဿနာဟာ အိပ်တဲ့ အချိန်မှာသာဖြစ်တတ်တာမို့ အဲဒီပြဿနာမျိုးရှိတဲ့သူဟာ ကိုယ့်မှာ အဲဒီပြဿနာ ရှိလို့ရှိမှန်းတောင် သိမှာမဟုတ်ပါဘူး။

သင်ဟာ အဝလွန်ပြီး ညဘက်လည်း အရမ်းဟောက်တတ်တယ်၊ မနက်ဘက်အိပ်ရာက နိုးလာရင်လည်း အိပ်ရေးမဝ, မလန်းဆန်းဘဲ အမြဲအိပ်ငိုက်နေတတ်တယ်ဆိုရင်တော့ သင့်မှာလည်း Obstructive Sleep Apnoea ရှိနေနိုင်ပါတယ်။

အဲဒီပြဿနာရဲ့ ကုသနည်းကိုတော့ နောက်ပို့စ်တွေမှာ ဆက်လက်ဖော်ပြပေးပါမယ်။

ကျွန်မလက်ရှိ အလုပ်လုပ်နေသော Sleep Disorder Unit မှ လုပ်ငန်းအတွေ့အကြုံနှင့် ဒီအင်တာနက်စာမျက်နှာကို ကိုးကားရေးသားပါသည်။

(မေစနိုး)

8 comments:

Anonymous August 18, 2008 at 3:53 PM  

ဗဟုသုတတွေ ဝေမျှလို့ ကျေးဇူးပါ မေစနိုး။
း)
ကုသနည်းတွေကို ဆက်ပြီးရေးပါဦး။

တားမြစ် ထားသော... August 19, 2008 at 11:46 AM  

စိတ်ဝင်စားစရာလေးတွေပါပဲ။
ဆက်လက်ဝေမျှပါအုံး။ မေစနိုး (ခေါ်) ဖိုးသောကြာရေ။

pandora August 19, 2008 at 5:08 PM  

သိချင်ပါတယ်။ ဒီပို့စ်ကို စောင့်ဖတ်နေပါမယ်။

tmn August 19, 2008 at 7:23 PM  

စိတ်ဝင်စားစရာပဲဗျို့.... ဗဟုသုတလဲရတယ်...

မင်းညို August 20, 2008 at 12:38 PM  

ဆက်ရေးပါအုံး စိတ်ဝင်စားတယ်ဗျို့

စိုးထက် - Soe Htet ! August 20, 2008 at 7:05 PM  

အကုန်ပြီးရင် ပြည်သူ့ ကျန်းမာရေး ဘလော့ မှာ တင်ချင်ပါတယ် ခင်ဗျာ ... လာရောက် ရေးသားမည် ဆိုလျှင် ဖိတ်လိုက်ပါမည် ခင်ဗျာ :)

ဖိုးသောကြာ August 20, 2008 at 7:22 PM  

အားပေးကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကုသနည်းတွက်လည်း သူဆက်ရေးမယ်လို့ပြောပါတယ်။

ကိုစိုးထက်ရေ.. ကျန်းမာရေး ဘလော့ဂ်မှာ တင်ချင်တယ်ဆိုလို့ ဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ တင်ခွင့်ပြုပါတယ်။ မေစနိုးကိုစား ပြောလိုက်တာပါ။

ဖိတ်ဖို့ကတော့ စောသေးတယ်ထင်ပါတယ်။ ဒီတစ်ခု ရေးဖြစ်အောင် တော်တော် အချိန်ကြာကြာ တိုက်တွန်းထားရလို့ပါ။ သူတကယ် အချိန်ပေး ပြီးကျန်မာရေးနဲ့ ပတ်သက်တာတွေ ရေးနိုင်ပြီဆိုရင်တော့ သူကိုယ်တိုင်လည်း အဲဒီမှာလာတင်ချင်စိတ်ရှိလာမှာပါ။ (ဖိုးသောကြာ)

စိုးထက် - Soe Htet ! September 8, 2008 at 5:03 PM  

ကျေးဇူး ကိုဖိုးသောကြာ ... မေစနိုး ရဲ့ မေးလ် လေး သိရရင် ဖိတ်ထား လိုက် ချင်ပါတယ် ... အဆင်ပြေ တဲ့ အချိန် မှ ဝင်ရေး ပေးပါ ခင်ဗျာ ... :)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP