တချိန်တုန်းက တက္ကသိုလ်မှာ

>> Friday, August 29, 2008



ပြန်တွေးကြည့်တိုင်း ဘယ်တော့မှမရိုးနိုင်ပဲ အမြဲကြည်နူးမှုတွေပေးနေတာက ကျောင်းတက်ခဲ့စဉ် အတိတ်ပန်းချီနေ့ရက်တွေပါပဲ။ အချိန်ကာလကြာလာပေမယ့် ပြန်တွေးလိုက်ရင် မနေ့တနေ့ကလို ရင်မှာလွမ်းဆွတ်သွားရတာလဲ ဒီနေ့ရက်တွေပဲလေ။ အဲဒီနေ့ရက်တွေမှာ အခုခေတ် နိုင်ငံတကာ ကျောင်းတော်ကြီးတွေလို အင်တာနက်တွေမရှိပါဘူး။ ဒါပေမယ့် ကနောင်ဆောင်ရယ်၊ မန်းချယ်ရီဆောင်ရယ်ကို ဆက်သွယ်ပေးနေတဲ့ သူငယ်ချင်းတွေ၊ ချစ်သူစုံတွဲတွေရှိတယ်။ အဲဒီကျောင်းတော်မှာ အဆင့်မှီအဲယားကွန်းတပ် ကင်တင်းမရှိခဲ့ဘူး။ ဒါပေမယ့် သဘာဝအရသာကိုပေးတဲ့ စွယ်တော်ပင်ရိပ်တွေနဲ့ ကင်တင်းလေးရှိခဲ့ဖူးတယ်။ ပရိုဂျက်တာနဲ့ လက်ချာတွေမရှိခဲ့ပေမယ့် မြေဖြူကိုင်သင်ပေးခဲ့တဲ့ စေတနာဆရာတွေ အများကြီးကြုံဆုံခဲ့ရဖူးတယ်။ အိမ်နဲ့ဝေးကွာနေချိန်မှာ အဆိုး၊ အကောင်းတွေ မျှဝေပေးခဲ့တဲ့ သူငယ်ချင်းများစွာ ပိုင်ဆိုင်စေခဲ့တယ်။ ကျွန်မဘဝရဲ့နေ့ရက်တော်တော်များကို ခံစားမှုမျိုးစုံပုံပေါ်စေခဲ့တဲ့ အဲဒီနေ့ရက်တွေကို သတိတရ ရှိနေတတ်ခဲ့တယ်။ ဘယ်တော့မှလည်း မေ့သွားတော့မှာမဟုတ်ပါဘူး။


အခုရက်ပိုင်း မိုးတွေကလည်းရွာ၊ ဓါတ်ပုံတွေ ပြန်ကြည့်မိတော့လည်း တန်ဆောင်တိုင်နေ့က အကြောင်းတွေ လွမ်းမိနေတယ်။ တန်ဆောင်တိုင်နေ့ဆိုလို့ တစ်နှစ်ထဲ မဟုတ်ပါဘူး။ မှတ်မှတ်ရရ သုံးနှစ်ဆက်တိုက် တန်ဆောင်မုန်းလပြည့်ရောက်ရင် ပျော်စရာတွေ ချစ်ခင်စရာတွေ လုပ်ခဲ့ကြတယ်။ ကျောင်းတက်လာတာ တိုင်းစုံ၊ နယ်စုံကဆိုတော့ ကျောင်းသားတွေထုံးစံ တိုင်းအသင်းတွေဖွဲ့ကြတာပေါ့။ အသင်းမှဖွဲ့လာရင် ဒိုင်ခံလုပ်ပေးရမယ့် ခေါင်းဆောင်ရွေးကြတယ်။ ကျွန်မတို့မိန်းကလေးတွေ နောက်ပြောင်ခေါ်ကြတာတော့ “တိုင်းငှက်ကဋ္ဌ“ ပေါ့။ တကယ်တော့ “တိုင်းဥက္ကဋ္ဌ“ ပါ။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းဆိုပြီး လှုပ်ရှားကြတယ်။ အပျော်ပွဲတွေ လှုပ်ရှားကြတာပါ။ စစ်ကိုင်းတိုင်းက စစ်ကိုင်းသူရှိနေတော့ အင်မတန် တက်ကြွကြတယ်။ မဇနိတို့ မကွေးတိုင်းကလည်း တက်ကြွပါတယ်။ အညာသူ၊ အညာသားတွေ စုနေတဲ့ မကွေးတိုင်းက ပျော်စရာကောင်းခဲ့တယ်။ ခေါင်းဆောင်က ခပ်ချောချော၊ သဘောကလည်း ကောင်းတော့ သူ့ကိုဆို အသင်းဝင်း တိုင်းသူတိုင်းသားတွေက အမျိုးမျိုးရစ်ကြတယ်။ ချစ်ကြတယ်။ ဒါလည်း သူ စိတ်မဆိုးပါဘူး။ အဲနောက်ထူးဆန်းတာက တိုင်းခေါင်းဆောင်လုပ်ရင် သူ့ကောင်မလေးကို ငှက်ကဋ္ဌကတော်လို့ ခေါ်ထည့်လိုက်တာပဲ။ ကောင်မလေးမရှိတဲ့သူဆိုရင်တော့ တိုင်းကိစ္စတွေ တွဲလုပ်တာများတဲ့သူကို ကတော်လို့ စကြတာ။ စိတ်လည်း မဆိုးကြပါဘူး။ စလိုက်၊ နောက်လိုက်နဲ့ ပျော်စရာကောင်းတယ်။ စည်းလုံးခဲ့ကြတယ်။

တိုင်းကိစ္စတွေထဲမှာ တန်ဆောင်မုန်းလရောက်ရင်တော့ အတော်ပျော်စရာကောင်းတဲ့ နေ့လေးကို ဖန်တီးခဲ့ကြတာပါပဲ။ တိုင်းရံပုံငွေဆိုပြီး တစ်လမှ (၁၅၀) ကျပ်ထည့်ရတယ်။ အဲဒီစုငွေတွေအပြင် တန်ဆောင်မုန်းလပြည့်နေ့ပွဲတော်လုပ်ရင် ပိုက်ဆံနည်းနည်း ထပ်ကောက်လိုက်တယ်။ ရလာတာနဲ့ တိုင်းအစည်းအဝေးခေါ်တယ်ပေါ့။ အစည်းအဝေးခေါ်တာတွေထဲမှာ တိုင်းအစည်းအဝေးသွားရတာ ပျော်စရာအကောင်းဆုံး။ မကွေးတိုင်းဆိုတော့ သိတဲ့အတိုင်း အညာသူတွေ ပဲများကြတယ်။ သနပ်ခါးပါးကွက်ကြားနဲ့ ပဲလေးတွေ ထုတ်သွားကြတော့ အညာသားတွေအတွက် ကြည့်စရာပေါ့။ သူ့နေရာ ဒေသနဲ့သူတော့ သိပ်ပျော်စရာကောင်းခဲ့တာပါ။ ဒီနှစ်တိုင်းပွဲ ဘာလုပ်မလဲဆုံးဖြတ်ကြတော့ ပထမဆုံးနှစ်က ထမင်းနဲထိုးကြဖို့ သဘောတူတယ်။ တန်ဆောင်မုန်းလဆန်း (၁၃) ရက်လောက်ကတည်းက လူခွဲပြီး ဈေးဝယ်သွားကြရတယ်။ ဈေးဘယ်သူလိုက်မလဲဆိုတော့လဲ ဘယ်သူမှမငြင်းပါဘူး။ တချို့လည်း စုံတွဲလိုက် ဈေးဝယ်လိုက်ပေးတယ်။ တချို့လည်း စုံမတွဲတတွဲပေါ့။ ဈေးခြင်းကူဆွဲတာလိုလို၊ ဘာဝယ်မလဲ တိုင်ပင်ချင်တာလိုလိုနဲ့ ကြည်နူးကုန်တာလည်း မနည်းဘူးထင်ပါ့။ တိုင်းပွဲတပွဲပြီးရင် “ဟော ဘယ်တိုင်းဥက္ကဋ္ဌကြီး ဘယ်queenနဲ့ အဆင်ပြေသွားပေါ့“၊ “တိုင်းပွဲတုန်းက ဈေးဝယ်တဲ့ ဟိုကောင်လေးလေ ဟိုကောင်မလေးနဲ့ အိုကေသွားပြီတဲ့တော့ ညနေက အဆောင်ရှေ့မှာ အတွဲလေး တွေ့လိုက်တယ်“ ဆိုတဲ့ ဒီအသံတွေ ကြားလာရတော့တယ်။

လဆန်း (၁၄) ရက်နေ့ညနေဆိုရင် စာသင်ဆောင် သီရေတာ T3၊ T4 မှာ သန့်ရှင်းရေးလုပ်ကြတယ်။ အဆောင်ကနေယူလာတဲ့ တံမြက်စည်း တယောက်တချောင်းနဲ့ စီးတော်ယာဉ်ကတော့ စက်ဘီးပေါ့။ စက်ဘီးပေါ် တင်ခေါ်မယ့် မောင်တော်ရှိတဲ့ သူတွေကတော့ နောက်ကနေ အကြော့သားလေး။ မဇနိတို့က အခုငှက်ကဋ္ဌကတော့် သူငယ်ချင်းတွေဆိုတော့ လူရင်းနာနာ အဖိခံရတယ်။ ငှက်ကဋ္ဌတို့ ကိုဇနိတို့က မက်မှန်မဲကြီးတွေနဲ့ အတော်ရှိုးထုတ်ကြတာ။ တခြားတိုင်းကလည်း အညာသူတွေကို လာချောင်းချင်ကြတယ်။ သူတို့က ကိုယ့်တိုင်းသားတွေနဲ့ ကပ်လိုက်လာကြတာ။ သန့်ရှင်းရေး ကူချင်တာလိုလို၊ ကျောင်းပေါက်ကအပြန် လမ်းကြုံတာလိုလိုနဲ့။ နောက်တနေ့မနက်ခင်း အစောထရတာပေါ့။ အားလုံးပေါင်း မိန်းကလေးက (၂၀) လောက်ရှိတယ်။ မနက်အစော ရေချိုးကန်မှာလည်း ဆူညံနေတာ။ ထမင်းနဲပွဲမလုပ်ခင်ကတည်းက ရေချိုးကန်မှလည်း ဒါတွေပဲ ပြောနေကြတာကိုး။ တခန်းနဲ့တခန်းမသွားဖြစ်ရင် ရေချိုးရင်း ဆုံတုန်းလေး ပြောတာပေါ့ “ဟဲ့ သန့်ရှင်းရေးနေ့က ဟိုကောင်လေးပါလာတာ မြင်လိုက်လား“၊ “မနက်ဖြန် တခြားသူတွေလဲ ဖိတ်ထားတယ်“၊ “ငါ့အစောသွားနှင့်မယ် လာကြိုမှာမလို့နော်“ ဒါမျိုးတွေ ပြောကြတာကိုး။ မကွေးတိုင်းသူတွေက စည်းလုံးတယ်။ အညာသူတွေဆိုတော့ ပိုလည်း ခင်ကြတယ်ထင်ပါ့။ အဲတော့ တခြားသူတွေက “နင်တို့ မကွေးတိုင်းသူတွေ နားငြီးတယ်နော်“ နဲ့ စကြတာ။ စချင်လည်းစ ကျွန်မတို့ကလည်း မောနေအောင်ပြောကြတာ။ အလုအယက်ပေါ့။ အိပ်ယာကမနိုးမှာစိုးလို့ တယောက်နဲ့တယောက် တံခါးခေါက်ကြတော့ တိုင်းသူမဟုတ်တဲ့ အခန်းဖော်က အိပ်ရေးပျက်လို့ မေတ္တာပို့တာ ခံရသေးတယ်။ အခန်းဖော်က တိုင်းတူတော့ မနက်သွားစရာရှိရင် ထူးမနှိုးရတော့ဘူး။

မိုးပြဲဒယ်ကြီးကို ယောက်ျားလေးတွေ ညကတည်းက ဆေးကြောထားတယ်။ မိန်းကလေးတွေ ရောက်တဲ့အချိန်မှာ မီးဖိုအဆင်သင့်ဖြစ်နေပါပြီ။ အိမ်မှာ အတွေ့အကြုံရှိပြီးသား သူတွေက ထမင်းနဲထိုးကြပေါ့။ မသိသူတွေကလည်း ဝိုင်းကူပါတယ်။ ချွေးတပြိုက်ပြိုက်ကျအောင် ယောက်မကိုင်နေကြရပေမယ့် မမောပါဘူး။ ကျွန်မတို့က ဘေးက စားချင်နေကြရင် သူငယ်ချင်းတွေက ယောက်မကြီးနဲ့ ကော်ပြီး “ကဲ မြည်းကြည့်“ ဆိုလာပေးတယ်။ လုစားကြတာ ဘာပြောကောင်းမလဲ။ တချို့လည်း အလုကောင်းလို့ မှောက်ရက်တွေ လဲကြသေးတယ်။ တချို့မိန်းကလေးတွေက လက်ဖက်နှပ်၊ ဆနွင်းမကင်း၊ အသီး စတဲ့ အချိုပွဲအတွက် ညကတည်းက အဆောင်မှာ တာဝန်ခွဲယူကြတယ်။ မဇနိက လက်ဖက်နှပ်တာဝန်ယူတော့ ထောင်းရတဲ့လက်ဖက်၊ တဒုန်းဒုန်းမြည်နေတုန်း အဆောင်မှူးပါ တက်လာကြည့်တယ်။ “ဟီး ဟီး မနက်တိုင်းပွဲအတွက်ပါ“ ဆိုရင် သူလည်း မဆူပါဘူး။ သူ့ကိုလည်း ဖိတ်ထားတာဆိုတော့လေ။ ထမင်းနဲမကျက်ခင် T3 ဖက်မှာ စာသင်ခုံတန်းတွေကို စားပွဲအဖြစ် ပြင်ပါတယ်။ အဆောင်က တိုင်းသူဟုတ်သူ၊ မဟုတ်သူ အားလုံးကို အနိုင်ကျင့်ပြီး စားပွဲခင်း၊ ဓါတ်ဘူး ယူချလာတာတယ်။ T4 ဖက်မှာ လက်ဖက်ပွဲပြင်၊ သစ်သီးလှီးတာတွေ လုပ်ရတယ်။ သစ်သီးလှီးတဲ့ ကောင်မလေးကို ကပ်ချင်နေတဲ့သူကတော့ သစ်သီးဆေးဖို့ ရေခပ်ပေးလိုက်၊ ဓါး ရေဆေးပေးလိုက်နဲ့ပေါ့။ နောက် ထမင်းနဲထိုးနေတဲ့သူကလည်း မီးဖိုဘေးထိုင်နေကြတဲ့ မချောတွေထဲက သူကြည့်ချင်တဲ့သူကို ချွေးသုပ်သလိုလို ခိုးကြည့်တာလဲ ရှိတယ်ထင်ပါ့။ ဒီလိုနဲ့ မနက် (၈) နာရီလောက်ဆို ထမင်းနဲ အဆင်သင့်ဖြစ်နေပါပြီ။

ဖိတ်ထားတဲ့ ဆရာ၊ ဆရာမတွေ၊ တခြားတိုင်းမတူတဲ့ သူငယ်ချင်းတွေလာရင် ဧည့်ခံမည့်သူတွေကိုလည်း တာဝန်ခွဲပေးထားတယ်။ တိုင်းမတူတဲ့သူကို ချစ်သူတော်ထားရင် လည်တမော့မော့ မျှော်နေရော့။ ဖိတ်ထားတဲ့သူကို လည်ပင်းဖက်ပြီး လိုက်လာတဲ့သူတွေလည်းရှိသေး။ စည်းစည်းလုံးလုံးနဲ့ တပျော်တပါးဧည့်ခံကြတော့ ဆရာတွေကလည်း သဘောတွေကျလို့။ လက်ဖက်ပွဲ၊ သစ်သီးပြင်တာတော့ မဇနိက တာဝန်ယူပါတယ်။ ရှေ့မှာဧည့်ခံဆိုရင် အကြောက်အကန်ငြင်းလို့ ခေါင်းဆောင်ကြီး စိတ်ဆိုးဖူးသေးတယ်။ လက်ဖက်ပွဲပြင်၊ မုန့်ပွဲပြင်ဆိုတော့ ဧည့်သည်မပြန်ခင်စားချင်နေတဲ့ သူငယ်ချင်းတချို့က လာကပ်တောင်းလို့ ပြင်ကျွေးရတာပေါ့။ ကိုဇနိက အနားကမခွါဘူး လာလာကပ်နေတာ။ မုန့်စားချင်လို့လား၊ ဘာလားတော့မသိဘူး။ သေချာတာတော့ အဲဒီတုန်းက မကြိုက်ကြသေးဘူးရယ်။

ဆရာတွေပြန်သွားပြီဆို သူငယ်ချင်းတွေစုပြီး ထမင်းနဲ တီးကြတာ။ လက်ဖက်သုပ်ကလည်း ချဉ်ချဉ်စပ်စပ်ကို ပုဇွန်ခြောက်လုံးချင်းဆိုတော့ စားလို့ ကောင်းသပေါ့နော်။ ရင်ထဲမှာ ပျော်နေကြတော့ စားစရာတွေကလည်း ကောင်းနေတာ။ ထမင်းနဲပူပူလေးကို ရေနွေးကြမ်းလေးနဲ့ စားခဲ့ရတဲ့အရသာ တသက်မမေ့တော့ပါဘူး။ အားလုံးစားပြီးသွားရင် ဂိမ်းဆော့ကြတယ်။ အုပ်စုတွေဖွဲ့လိုက်ပြီး စာသင်ခုံတွေမှာ နေရာခွဲထိုင်ကြတယ်။ စာသင်ခုံရှေ့က ကွက်လပ်မှာ ထွက်ကစားရတယ်။ ကစားနည်းတွေကလည်း ပေါက်ပေါက်ရှာရှာပေါ့။ မှတ်မိနေတာက “နှာခေါင်းကြီးပြိုင်ပွဲ“။ အလိုလိုဆိုရင် နှာခေါင်းကြီးတဲ့ ကောင်လေးဆို ကောင်မလေးတွေက မကြိုက်ဘူး။ “စိတ်ညစ်စရာနော်“ လို့ပြောတတ်ပေမယ့် ပြိုင်ပွဲချိန်ဆိုရင် “ဟဲ့ ဖိုးဇော် နင်ထွက်လိုက် နင်နှာခေါင်းကြီးတယ်“ တဲ့။ ဘယ်ချိန်က သုတေသန ခိုးလုပ်ထားကြသလဲ ပေါ်ကုန်တော့တာ။ ကောင်လေးတွေကလည်း အရင်ဆို ရှက်ချင်ရှက်ကြလိမ့်မယ် ပြိုင်ပွဲဆို “ငါနှာခေါင်းကြီးတယ်မဟုတ်လား ငါသွားလိုက်မယ်နော်“ ဆိုပြီး အုပ်စုအနိုင်ရရေး အပြေးသွားကြတာ။ ကောင်မလေးတွေက တွန်းထုတ်လိုက်လဲ စိတ်မဆိုးရှာပါဘူး။ ခင်မင်စရာကောင်းတဲ့ ကျောင်းတက်တုန်းက ခံစားမှုလေးတွေပါ။ နောက်ကစားနည်းက သတင်းစာတွေ ဖြန့်ခင်းထားတယ်။ အုပ်စုတစ်စုအတွက် တစ်စောင်ခင်းထားတယ်။ အဲဒီအပေါ်မှာ သတ်မှတ်ထားတဲ့အချိန်အတွင်း လူဘယ်နှစ်ယောက်ရပ်နိုင်သလဲပေါ့။ အလိုလိုဆို “အသေးလေး“ လို့ ခေါ်ရင် စိတ်ဆိုးတဲ့သူတွေက ခုတော့ ရှေ့က ပြေးတော့တာ။ ဖိနပ်တွေတောင် ကျွတ်ကျကျန်နေလို့ လိုက်ပေးရသေးတယ်။ အသေးလေးများတဲ့အုပ်စုက နိုင်တာပေါ့နော်။ သတ်မှတ်ထားတဲ့အချိန်လေးကို တချို့ကလည်း ခြေတချောင်းလေချပြီး တယောက်နဲ့တယောက် ဖေးကူလက်တွဲထားကြတော့ နောက်ဆုံးအနိုင်ရတာပေါ့။ ရှေ့မထွက်တဲ့သူတွေကလည်း အားပေးရတာ၊ အကြံတွေဝိုင်းအော်ပေးရတာ အသံတွေများနာလို့။ “နင်က အရပ်ပုတယ်နော်“ လို့ပြောရင် စိတ်ဆိုးတတ်တဲ့ သူငယ်ချင်းတွေက အုပ်စုလိုက် အပုပြိုင်ကြရင် ရှေ့ဆုံးက ပြေးရှာတာလည်း သတိရမိတယ်။ ခရမ်းချဉ်သီးလုံးလေး လိမ့်သလို ပုပုလုံးလုံးလေးနဲ့ သင်္ကြန်သီချင်း ကခဲ့တဲ့ သူငယ်ချင်းမကိုလည်း သတိရမိတယ်။ ကောင်မလေးက တခြားသူနောက်ပါသွားလို့ T4 အဆောင်ခေါင်မိုးပေါ်သွား ငိုင်နေတဲ့သူငယ်ချင်းကိုလည်း သတိရမိတယ်။ ဂစ်တာတွေတီး သီချင်းဆိုပြကြတဲ့ အာပြဲပြဲအသံတွေကလည်း ခုတော့ ပြန်နားထောင်ချင်လို့မရတော့ဘူး။ ကစားနည်းပေါင်းစုံကစားပြီးရင် သစ်သီးတွေစားကြ၊ စကားတွေပြောကြပေါ့။

ပစ္စည်းတွေသိမ်းဆည်းပြီးရင် ကျောင်းကထိန်အတွက် သွားကူကြရပြန်ရော။ နောက်ဆုံးနှစ်ရဲ့ တန်ဆောင်တိုင်နေ့ကတော့ တိုင်းပေါင်းစုံပွဲတော်လုပ်ကြတာ လှည့်လည်စားလို့ မကုန်နိုင်ပါဘူး။ ဧရာဝတီတိုင်းက မုန့်ဟင်းခါး၊ မကွေးတိုင်းက ထမင်းနဲ၊ မကွေးတိုင်းက နေ့လည် မုန့်လုံးရေပေါ်၊ စစ်ကိုင်းတိုင်းက ကြာဇံဟင်းဆိုပြီး ဟိုဒီကူးလိုက်၊ စားလိုက် သောက်လိုက် လုပ်ကြရတာပေါ့။ နေ့လည်ခင်း အဆောင်မှူးအခန်းရှေ့ ဒိုးပတ်အဖွဲ့ လာပိုက်ဆံတောင်းကြတော့ သူငယ်ချင်းတယောက်က “နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ကွယ် တပြည်တရွာဆီ ဆက်ဆံရေးကြောင့် ဝေးရတော့မယ်ထင်ပါတယ်…“ သီချင်းကို ဆိုပါတယ်။ နောင်နှစ်တွေကြာတဲ့အထိ အဲဒီသူငယ်ချင်းကို နာမည်မသိတဲ့သူတွေက “နင်ကလည်း ဟိုနေကာမျက်မှန်လေ“ လို့ ပြောတတ်တယ်။ သူ သီချင်းဆိုတော့လည်း အဆောင်ပေါ်က မျက်မှန်တပ်တဲ့ကောင်မလေးတွေ “သူ့ပြောတာလား“၊ “ငါ့များဆိုပြနေတာလား“၊ “အင်း သူငါ့ကို အတန်းထဲမှာ ခိုးခိုးကြည့်ဖူးတယ် ငါ့ကို လာဆိုတာနေမယ်“ နဲ့ သူ့ဟုတ်နိုးနိုး၊ ငါ့ဟုတ်နိုးနိုးလုပ်ကြတာ။ တကယ်တော့ နိုးနိုးဆိုတဲ့အတိုင်း ဘယ်သူ့မှ မဟုတ်ဘူးရယ်။ ခပ်ပြောင်ပြောင် ကောင်မလေးတွေက ဝရံတာကနေ မျက်မှန်ပင့်ပြီး လှမ်းစလိုက်သေးတယ်။ အခန်းတွင်းပုန်း အုံ့ပုန်းမမတွေကတော့ သူသီချင်းဆိုပြီး နောက်နေ့တွေထိ စာကြည့်စားပွဲမှာ ထိုင်ထိုင်ငိုင်နေတတ်တာ။ အခုနေ အဲဒီ သီချင်းဆိုခဲ့တဲ့ သူငယ်ချင်းကြီး ဒီပို့စ်ကိုဖတ်ရင် အရင်အချိန်တွေကို ပြန်လိုချင်နေလောက်တယ်။ ဒါမှမဟုတ် “ငါမသိခဲ့တာ နာလိုက်တာ“ များ ဖြစ်နေမလားမသိ။

ညနေစောင်းရင် ကျောင်းရှေ့ရေမြောင်းမှာ မီးမျှောပွဲ ရှိသေးတော့ လူစုကြပြန်ပြီ။ မီးမျှောပွဲကို စစ်ကိုင်းတိုင်းက ဦးဆောင်လုပ်ပါတယ်။ အဆောင်မှူးတွေကလည်း သွားခွင့်ပေးတော့ တစ်နှစ်မှာတစ်ည အပြင်ထွက်ခွင့်ရတာ၊ ညဆိုတာ ထိတွေ့ခွင့်ပေးတာ ပျော်ခဲ့ကြတယ်။ ဆီမီးခွက်တွေကို ရေစီးအတိုင်းမျှောကြတယ်။ ကျောင်းလုံးကျွတ် လူကုန်လာကြတယ်။ တချို့လည်း အတွဲတွေ ရေနီမြောင်းဆီ ရောက်မလာကြဘူး။ တချို့လည်း မတွဲတတွဲတွေ ရေနီမြောင်းဘေးမှာ ကောင်မလေးက မီးမျှောပွဲကြည့်လို့၊ ကောင်လေးက ကောင်မလေးမျက်နှာကို ခိုးကြည့်လို့ ရှိခဲ့ကြတယ်။ တချို့လည်း ကင်တင်းမှာ မျက်နှာချင်းဆိုင် ကြည်နူးလို့။ တချို့လည်း ကင်တင်းမှာ အုပ်စုလိုက် စားသောက်ပျော်ပါးလို့။ တချို့လည်း စာသင်ဆောင်တွေနားက အုတ်ခုံလေးပေါ်မှာ ကြည်နူးလို့ နေတယ်ပေါ့။ အဆောင်ရှေ့က မီးမှိန်မှိန်အသုပ်ဆိုင်လေးမှာ မဲဇလီဖူးသုပ်ပန်းကန်လေးနဲ့ လက်ဖက်ရည်အိုး ဘယ်နှစ်အိုးမှန်းမသိလိုက်အောင် ကြည်နူးခဲ့ကြဖူးတယ်။ နောက်ဆုံးနှစ်ရဲ့ တန်ဆောင်တိုင်နေ့ကတော့ ကိုဇနိကြီး ကျွန်မတို့အဆောင်ရှေ့ အသုပ်ဆိုင်မှာ တနေကုန် လာထိုင်နေတယ်။ ဆိုင်က အန်တီကလည်း မဲဇလီဖူးသုပ်တွေ ကြာဇံနဲ့သုပ်လိုက်၊ ချဉ်စပ်လေးသုပ်လိုက်နဲ့ အမျိုးမျိုး လာလာပေးတယ်။ အတူလာထိုင်ပေးတဲ့ သူငယ်ချင်း အဲဒီညမှာပဲ ကျွန်မတို့ကိုပြောတယ် “ငါက အပျိုကြီးလုပ်မှာ“ တဲ့။ သူနဲ့ ကိုဇနိနဲ့ ကဗျာတွေအကြောင်း ပြောနေခဲ့ကြတယ်။ ဘာဖြစ်လို့လဲတော့မသိဘူး ထူးခြားတာတခုရှိတယ် “ကိုဇနိ ကျွန်မကို စကားသိပ်မပြောဘူး“။ အတူလာထိုင်နေတဲ့သူငယ်ချင်းက ချမ်းလာလို့ အဆောင်ပေါ်တက် အနွေးထည်ဝတ်တုန်း “မီးမျှောပွဲသွားကြည့်“ လို့ နှင်လွှတ်တော့ “ဒီတနေ့လုံး ကျွန်မနားမှာ နေချင်လို့“ တဲ့။ လူလည်ကျတာ။ သူ လူလည်သိပ်ကျတယ်။ တကယ်ဆို သူငယ်ချင်းအချင်းချင်း ဒီလိုမပြောသင့်ပါဘူး။

အဲဒီညက အတူတူထိုင်ပေးဖို့ သူငယ်ချင်းကို မနည်းခေါ်ထားခဲ့ရတာ။ အပျိုကြီးလုပ်မယ်ဆိုတဲ့ သူငယ်ချင်းက အခုတော့ ပါသွားပြီ။ ပူစီဖောင်းကြီးနဲ့တဲ့။ မဇနိအခန်းဖော်လည်း အပျိုကြီးလုပ်မယ်ဆိုတာ သမီးတယောက်ရနေပေါ့။ ည(၉) နာရီထိုးရင် ရောက်ရာအရပ်က အမြန်ပြန်လာရတယ်။ အဆောင်တံခါးပိတ်မှာမလို့။ ယောက်ျားလေးတွေက ည (၁၁) လောက် တကျော့ပြန် ဂစ်တာလာတီးကြရော။ “အရင်လို ပြန်ယုယပါရစေ ယု ရယ်…“ ဒီသူချင်းလာဆိုကြရင် နာမည်မှာ “ယု“ ပါသူတွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်တယ်။ “သူ့လူလား၊ ငါ့လူလား” ဆိုပြီး ခန်းစီးစကြားက ချောင်းတာတွေလည်း ရှိသပေါ့။ “မူပိုင်ရှင်မကြီး မမခိုင်“ ဒါမျိုးအော်လို့ကတော့ မခိုင်တွေ ဒုက္ခရောက်တော့တာ။ တချို့လည်း ချစ်သူကောင်မလေးတွေက အုပ်စုဖွဲ့တယ်။ အဆောင်ရှေ့ မျက်နှာစာခန်းမှာ လာစုတယ်။ ဝရံတာမှာ ဖျာခင်းပြီး လက်ဖက်စားရင်း နေကြာစေ့စားရင်း သူတို့ချစ်သူအုပ်စုကို အားပေးတယ်ပေါ့။ ကောင်လေးတွေကလည်း ပြန်ခါနီးရင် “အဆောင်မှာ ညဖက်ဆို သီချင်းများလာတီးကြရင် ကိုယ်မပါတဲ့အဖွဲ့ဆို မင်းနားမထောင်ရဘူးနော်..“ ဒီသီချင်းလေးနဲ့ နိဂုံးချုပ်တတ်တယ်။ အဲ သူတို့နဲ့ဆိုင်တဲ့ အုပ်စုကလည်း စကားနားထောင်တယ် တံခါးတွေ ဝုန်းကနဲမြည်အောင်ပိတ်ပြီး အိပ်ကြတော့တာ။ အဆောင်ရှေ့က တခြားဂစ်တာတီးတဲ့အဖွဲ့တွေက ဘာပြောကောင်းမလဲ ဒေါသတွေထွက်ကြလေသတည်းပေါ့။ အဆောင်ပေါ်မှာ သင်္ဘောသီးနဲ့ မဲဇလီဖူးတွေကို ရေပုံးကြီးတွေနဲ့သုပ်၊ အခန်းတွေလိုက်ဝေတယ်။ နောက် အဆောင်စောင့် ဦးလေးကြီး အကူအညီနဲ့ အဆောင်ပေါ်ကနေ မဲဇလီဖူးသုပ်ကို ချစ်သူတွေ၊ သူငယ်ချင်းကောင်လေးတွေဆီ ရောက်အောင်လည်း ပို့ခဲ့ကြတယ်။ ဒီလိုနဲ့ အဆောင်ရှေ့မှာလာဆိုတဲ့ “ဆေးပေါင်းခတဲ့ည“ သီချင်းလေးနားထောင်၊ မဲဇလီဖူးသုပ်လေးစားရင် တန်ဆောင်တိုင်ညရဲ့ ည(၁၂) နာရီကို ကုန်လွန်စေခဲ့တယ်။ လရောင်အောက်မှာ လေအေးလေး တဖြူးဖြူးနဲ့ သူငယ်ချင်းများစွာ တူတူရှိခဲ့ကြဖူးတဲ့ တန်ဆောင်တိုင်ညကို ဝေးကွာနေလည်း သူငယ်ချင်းအားလုံးရင်ထဲမှာ သတိတရရှိနေကြမယ့်လို့ အခိုင်အမာ ယုံကြည်မိပါတယ်။

မဇနိ

12 comments:

Anonymous August 29, 2008 at 4:24 PM  

ပျော်စရာကြီးပဲ နော်...
အပေါ်က ပုံလေးရဲ့ လက်ရာရှင်က ဘယ်သူများပါလိမ့် ...
TTS

Taungoo August 29, 2008 at 4:57 PM  

အမဇနိရေ
အကိုဇနိကိုပဲ တွြေ့ပီး အမကို မတွေ့တာကြာလို့ နေများမကောင်းဘူးလားလို့ပါ။
အမတို့ MIT ထဲတော့ တစ်ခါရောက်ဖူးတယ်။ ကျွန်တော်တို့ ပြည်ကျောင်းက အထက်ဖက်ကို ခရီးထွက်ကြရင်း ပါမောက္ခချုပ် ဆရာကြီး ဦးအောင်ကျော်မြတ်ဆီ ဝင်လည်ကြတာ။ ဆရာကြီးက ကျောင်းထဲအနှံ့ လိုက်ပြတယ်။ Theatre ထဲမှာ အအေးလဲ တိုက်သေးတယ်။ ကျောင်းအကြောင်းတွေ ဆက်ရေးပါဗျာ။ အမတို့စီနီယာတွေက အဆောင်ပီပီသသမှာ နေခဲ့ရပါသေးတယ်။ ကိုဇနိနဲ့ ဇာတ်လမ်းလေးတွေလဲ ရေးပါဦး။ နှစ်ယောက်ပေါင်းပြီး ကြည်ကြည်နူးနူးပြန်ပြောဖြစ်ကြတဲ့ ပုံစံမျိုးလေးရေးရင် ပိုကောင်းမယ်လို့ အကြံပေးချင်ပါတယ်။ မြှောက်ပေးတား)

မေတ္တာဖြင့်

ဂျစ်တူး - gyit_tu August 29, 2008 at 6:21 PM  

မြန်မာပြည် တက္ကသိုလ်ဘ၀ကို မနေခဲ့ရဖူးတော့ မဇနိရေးမှပဲ ဘေးကခံစားကြည့်နိုင်တယ် ။ ပျော်စရာကြီးနော် ။

Republic August 29, 2008 at 6:26 PM  

စာရေးကောင်းတဲ့ မမနိ .. ပို့စ်ဖတ်ပြီး အတိတ်တွေဆီ ရောက်ကုန်တယ် ၊၊ အဆောင်မှာ မနေခဲ့ ရလို့လားတော့မသိဘူး မမနိ တို့လောက် ကြည်နူးစရာ အမှတ်တရတွေ မများခဲ့ရဘူး ၊၊တစ်ခါတစ်ခါ ကျောင်းဆောင်တွေဆီ ညဘက်ပတ်ပြီး လည်ပါတယ်၊၊ နေ့ဖက်အတန်းချိန် ဆို အိမ်မှာအိပ် ၊ညနေ ကျူရှင်တက် ၊ အားရင် သမားတော်များ စည်း
ဝေး..ထုံးစံအတိုင်း သောက်ကြတာပေါ့ ၊၊ :Pအပေါင်းအသင်း နည်းတာလည်းပါမယ်ထင်တယ် ၊၊ မမနိတို့က ပိုပြီးပျော်ရွှင် ကြည်နူးစရာ ကောင်းပါတယ် ၊၊စုစုဝေးဝေး အမှတ်တရ တွေနဲ့ပေါ့ ၊၊

little moon August 29, 2008 at 7:04 PM  

ပင်းယဆောင်နေ့ရက်တွေ RC2ထဲဝင်းထဲက ICST ဆိုတဲ့ ကွန်ပျူတာကျောင်းတော်ကြီးမှာ ကျောင်းတက်ခဲ့တာတွေ ညဖက် အင်ကြင်းဆောင်ရှေ့ သီချင်းဆိုခဲ့တာတွေ အင်းယားကန်ဘောင်မှာ မိုးလင်းပေါက်ထိုင်ပြီး ဂီတာတီးကြ စကားပြောကြတာတွေ ... အချိန်တုန်းကပေါ့ဗျာ ..... ဒီပို့စ်လေးကို ဖတ်ပြီး အရမ်းကို လွမ်းသွားပြီ။

tmn August 29, 2008 at 8:03 PM  

မနိရေးလိုက်မှ ကျောင်းသားဘ၀ကို လွမ်းသလို ဆွေးသလိုပဲ... အဲဒီအချိန်တွေကိုတော့ ပြန်မရောက်ချင်တော့ဘူး...PT လုပ်ရမှာ ကြောက်လို့...:D

Moe Cho Thinn August 29, 2008 at 10:24 PM  

မဇနိက စာရေး အရမ်းကောင်းပဲနော်။ ကျောင်းသားဘ၀ကို အသက်ဝင်အောင် ရေးပြတာ တကယ်ပဲ လွမ်းသွားပြီ။

khin oo may August 29, 2008 at 11:04 PM  

မရေးမရေးနဲ.ရေးတော့လဲ အများပါဘဲလား။

မောင်ဖြူ August 30, 2008 at 1:08 AM  

ဒီချိန်ကျောင်းတော်ကြီးရဲ့အလယ်ထဲမှာ ပိတောက်ပန်းတွေလဲပွင့်နေပြီကွာ။ ပိတောက်နံ့သင်းတဲ့ လေညင်းတွေကိုသတိရတယ်။ မြူတွေဆိုင်းတဲ့ တောင်တန်းကြီးတွေကိုလွမ်းတယ်။ ဆူညံညံစကားဝိုင်းတွေနဲ့ ဂိတ်ပေါက်ကအကြော်ဆိုင်ရယ်....
လယ်ကွင်းလေးတွေဘေးနားက စက်ဘီးလမ်းလေးရယ်၊ ရေမြောင်းဘေးက ကျောက်ခင်းလမ်းလေးရယ်...
ပြီးတော့.............ပြီးတော့... လွမ်းတယ်။

မောင်မျိုး August 30, 2008 at 7:26 AM  

အစ်မရေ့...အပေါ်ဆုံးအပိုဒ်မှာရေးထားတည်းက စိတ်ဝင်စားစရာလေး ကျောင်းသားဘ၀ဆိုတာကတော့ ပြန်စဉ်းစားတိုင်း ဟောင်းမသွားတဲ့ တွေးလိုက်တိုင်းလတ်ဆတ်နေသေးတဲ့ ဘ၀အမှတ်တရတွေပဲ အစ်မတို့ ကျောင်းသူဘ၀ကတော့ ပျော်ဖို့ ကောင်းမှာပေါ့ အခုခေတ်ကမတူတော့ဘူးလေး) ထောင်ထဲဝင်နေရသလိုပဲ ကျောင်းတက်ချိန်ပြီးရင်ကျောင်းတံခါးသော့ခတ်
ကျောင်းခေါ်ချိန်စာရင်းကို အချိန်တိုင်းစစ် စာအုပ်မူရင်းမရလို့  ကော်ပီကူး ပိုက်ပိုက်လေးကပြောင် ထမင်းစရိတ်ကဈေးကြီး ရေ၀င်မီးပျက် အကောင်းစား အဆောင်လခက တစ်လတစ်သောင်း ကော်ဖီတစ်ခွက် ၃၀၀ ဆိုတော့ ကုန်ပြီပေါ့ဂျာ အဲ့အမှတ်တရတွေကိုတော့ ပြန်စဉ်းစားတိုင်း စိတ်ရှုပ်တယ် ဟီးး အခုတော့လည်း ၀ဋ်ကျွတ်သွားပါပြီးး :)

တန်ခူး August 30, 2008 at 8:25 PM  

မဇနိရေ… လွမ်းလို့ မ၀တဲ့ ရွှေရောင်နေ့ ရက်တွေကို ပြန်ရောက်သွားတယ်… မဇနိက အရေးကောင်းကောင်းလေးနဲ့  ဆွဲခေါ်တော့ ဒီမှာ လွမ်းကုန်ပြီ ဘယ်လိုလုပ်မလဲ… MITကလဲ ပျော်စရာကြီးနော်… ထမင်းနဲပွဲလေးကို မျက်စိထဲတောင် မြင်အောင် ရေးတတ်ပါဘိ… ပါးကွက်ကြားနဲ့ အညာသူလေးတွေက ချစ်စရာနော်… တို့ ကျောင်းမှာတုန်းက အဆောင်သူမဟုတ်ပေမယ့် ကိုယ်က အညာသူဆိုတော့ အဆောင်က အညာသူလေးတွေ သွားသွားခင်တာ… အညာလေသံလေးတွေချစ်လွန်းလို့ … ကိုဇနိနဲ့ ဇာတ်လမ်းကို အဲဒီလို ခပ်ပါးပါးလေး မလုပ်ပါနဲ့ … ဖတ်ရတာ အားမရဘူး… ကျောင်းနောက်ခံ အချစ်ဇာတ်လမ်း အသေးစိတ်လေး မျှော်နေမယ်နော်….

အကြောင်းသိ August 31, 2008 at 4:09 AM  

ဟီးဟီး

မူးလို့သွားသွား အော်နေတာ သူယို့ က တကယ်ထင်နေတာကိုး။

အော် နှောင်းခဲ့ပြီလေ :)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP