မျက်မှန်နှင့် ကျနော်

>> Monday, August 25, 2008



မျက်မှန်လို့ ပြောလိုက်ရင် ခင်ဗျား မျက်မှန်ကို ဘယ်လိုပုံစံဆိုတာ ချက်ချင်းတန်းပြီး မျက်စိထဲမြင်လိုက်တယ် မဟုတ်လား။ မျက်မှန်ဆိုတာကို ဘာလို့ မျက်မှန်လို့ ခေါ်သလဲဆိုတာကို တွေးဖူးလား။ မျက်လုံးက အမြင်မှားမြင်နေတာကို မှန်အောင် ပြင်ပေးတဲ့အရာ ဒါမှမဟုတ်ရင် မျက်လုံးတွေရှေ့က မှန်ပေါ့။ ဘယ်လို အဓိပ္ပါယ်တွေနဲ့ မျက်မှန်လို့ ခေါ်ခေါ် မျက်မှန်ဆိုတာကို မျက်စိ အမြင် ဝေဝါးတဲ့သူတွေက အမြင် ရှင်းလင်းအောင် တပ်ကြသလို၊ မျက်စိအမြင် မဝေဝါးတဲ့ သူတွေကလည်း အလှအဖြစ်တပ်ကြပါတယ်၊ အဲ နေကာမျက်မှန်ဆိုပြီး မျက်လုံးကို နေပူပူထဲမှာ မျက်စိအေးအောင် နေကာမျက်မှန်တပ်တဲ့ သူတွေရှိသလို၊ နေမပူလဲ မျက်မှန်အမဲကြီးတွေကို အသုံးဝင်လို့ တပ်ကြတာတွေလည်း ရှိပါတယ်။


၈-တန်းကတည်းက ကျနော့်မျက်လုံးတွေက မှုန်နေပါပြီ။ လူကောင်က နည်းနည်းထွားတော့ ကျောင်းမှာ အတန်းနောက်နားမှာ ထိုင်ရပါတယ်။ ကျောက်သင်ပုန်းပေါ်က စာတွေကို ဒီတိုင်း အဆင်ပြေပြေ မမြင်ရတော့ ဘေးခုံမှာ ထိုင်တဲ့ သူငယ်ချင်းဆီက စာတွေကို ကူးချရပါတယ်။ ၉ တန်းမတက်ခင်မှာပဲ မျက်မှန်လုပ်ဖြစ်တယ် ဆိုပါတော့။ အဲဒီကတည်းက မျက်မှန်ဆိုတာ ကျနော့်ရဲ့အမှတ်အသား တခုလည်း ဖြစ်သွားတာပါပဲ။

မျက်မှန် စပြီးတပ်ရတုန်းကလည်း ကျနော့်စိတ်ထဲမှာ ငါတော့ မျက်မှန်ကြီးနဲ့ ရှက်တယ်လို့လည်း မခံစားရပါဘူး။ အဲ မျက်မှန်လေးနဲ့က ပိုလှတယ်လို့လည်း မထင်သလို၊ မျက်မှန်ချွတ်လိုက်ရင်လည်း ပိုပြီးချောမလာတာ သေချာပါတယ်။ အမေပြောသလို "ငါ့သားက မကောက်၊ မခွက်လေးပါကွယ်" ပါပဲ။ မျက်မှန်တပ်ရမှာကို ရှက်တဲ့ သူငယ်ချင်းတချို့ ရှိတယ်။ ဘာကြောင့် ရှက်ရတယ်ဆိုတာကို နားမလည်ပါဘူး။

သူငယ်ချင်းမိန်းကလေးတချို့လေ မျက်မှန်တပ်တာကို မလှဘူးထင်ပြီး မျက်မှန်မတပ်တာ။ စက်ဘီးစီးရင် သူများနောက်က ထိုင်လိုက်ပြီး လမ်းရဲ့အခြားအခြမ်း စက်ဘီးပေါ်က တခြားသူငယ်ချင်းက ပြုံးပြတာကို မမြင်လို့ ပြန်ပြုံးမပြမိတာကို ဆက်ဆံရေးကျဲတယ်လို့ အထင်ခံရတဲ့ သူတွေလည်းရှိရဲ့။ ရှေ့က စက်ဘီးတင်နင်းရတဲ့ သူငယ်ချင်းက နောက်ကျ လူမှုရေးမပျက်ရလေအောင် "ဟဲ့ နင့်သွားလေးဖြဲထား" လို့ ပြောရတယ်။ ဒါမှ ခပ်လှမ်းလှမ်းက သူငယ်ချင်းက ပြုံးပြရင် ကိုယ်ကလည်း ပြန်ပြုံးပြလေသယောင်ယောင် သွားဖြဲလေးနဲ့ပေါ့။

တချို့က တမျိုးရယ်။ သူငယ်ချင်းတွေ၊ အဖေ၊ အမေတွေ မျက်မှန်ကို ယူပြီး စမ်းတပ်၊ မှန်ကြည့်ပြီး "မျက်မှန်လေးနဲ့ဆို ငါက ပိုချောသတော့" လို့ ထင်မိရော။ ဒီတော့ မျက်မှန်ကလိုချင်၊ အိမ်ကို ပူဆာရရော။ "ဖေ့ ဟိုနား ပြက္ခဒိန်ပေါ်က စာတွေ ဖတ်လို့ရလား။ သမီးလေ အဲဒီစာလေးတွေကိုတောင် ကြည့်ရတာ ဝါးတားတားဖြစ်နေတယ်"လို့ အစချီပြီး မြင်မြင်သမျှကို ဝါးတားတားလုပ်ပြီး မျက်မှန်ဝယ်ပေးဖို့ စည်းရုံးရေး ဆင်းရတော့တာပဲ။ ကျနော်ရီချင်တာတခုက မျက်မှန်တပ်ရင် စာဂျပိုးလို့ ထင်တာကိုပဲ။ ဘဝပေးအခြေမလှလို့ မျက်စိ အလိုလို မှုန်တာကို စာတွေ သိပ်ဖတ်လို့ မျက်စိမှုန်သွားတာလို့ အသားလွတ် အထင်ကြီးတဲ့သူတွေက ရှိကြသေးတာ။

၉-တန်း၊ ၁၀-တန်းလောက်တုန်းက မျက်မှန် ခဏခဏကွဲတယ်။ စာကြည့်စားပွဲပေါ်ကနေ ကျကွဲတာမျိုး မဟုတ်ပါဘူး။ ကျောင်းကနေ ပြန်လာတုန်းမျိုး၊ ကျူရှင်က ပြန်လာတုန်းမျိုး၊ လမ်းမှာ သူငယ်ချင်းတွေ ခြင်းခတ်နေတာ တွေ့လို့ကတော့ စက်ဘီးလေး အသာရပ်၊ စည်းထရံပေါ်ကို လွယ်အိတ်လေးချိတ်၊ မျက်မှန်ကို လွယ်အိတ်ထဲ အသာထည့် (မျက်မှန်အိတ်က ယူလာလေ့မရှိဘူး။)၊ ပြီး ခြင်းခတ်တော့တာပေါ့။ ခြင်းကစားရင်း မနိုင်မနင်းဖြစ်လို့ လက်က လွယ်အိတ်ပေါ် ထောက်လိုက်မိတာမျိုး၊ လွယ်အိတ်ကို နောက်ကျောနဲ့ ဖိမိတာမျိုးဖြစ်ရင် အထဲက မျက်မှန်ကလေးက ကွဲရှာရော။ ဘယ်ရမလဲ မျက်မှန်ကွဲတော့ မျက်မှန်ဆိုင်ပြေးတာပေါ့။ လျှပ်စစ်မီးကလည်း အမြဲလာတာမဟုတ်တော့ မျက်မှန်ဆိုင်က ကုလားကြီးဆီမှာ မျက်မှန်လေးကို ထားခဲ့ရတယ်။ နောက် သူချိန်းတဲ့ရက် မရောက်မချင်း ဒီတိုင်း နေပေတော့ပဲ။ မျက်မှန်ခဏခဏ ကွဲလွန်းလို့၊ မျက်မှန်ဆိုင်ကုလားကြီးနဲ့ ဖောက်သည်ကို ဖြစ်လို့။ အိမ်မှာ မျက်မှန်မတပ်ဘဲ ယောင်ပေပေနဲ့ နေတော့တာပဲ။ အိမ်ကလည်း သတိမထားမိတာလား၊ မပြောချင်တာလားတော့ မသိပါဘူး၊ ကိုယ်ကတော့ မျက်မှန်ခဏခဏကွဲတဲ့သူဆိုတော့ အပြောအဆိုခံရမှာ စိုးလို့ အိမ်ကို မပြောတာ။

ကျနော် မန္တလေးနည်းပညာတက္ကသိုလ်တက်တော့ ကျနော့်မှာ မျက်မှန်က တလက်တည်းတင် ရှိတာမဟုတ်တော့ပါဘူး၊ အသစ်တွေ ထပ်လုပ်ထားတော့ အပိုတွေ ရှိနေပြီ။ ညအိပ်ရင် မျက်မှန်လေးချွတ်အိပ်၊ စချင်နောက်ချင်တဲ့ သူငယ်ချင်းက မျက်မှန်လေးကို ကျနော်မသိအောင် ဖွက်၊ ကျနော်က မျက်မှန်ပျောက်လို့ဆိုပြီး စိတ်မပူပါဘူး။ သေတ္တာထဲမှာ နောက်မျက်မှန်တလက် ရှိသေးတာကိုး။ မဇနိ မျက်လုံးတွေ အောင့်တုန်းက သူ့မျက်မှန်ပါဝါနဲ့ မကိုက်တာဖြစ်မယ်ဆိုပြီး သူ့ကိုတောင် သူ့မျက်မှန် အသစ်မလုပ်ခင် စပ်ကြား မျက်မှန်ငှားထားဖူးတယ်။ ဒီတော့ မျက်မှန်ကတော့ ဖွက်ပစေပဲ။ ဖွက်ထားတဲ့ကောင်က ကျနော့်ကို အရိပ်တကြည့်ကြည် လုပ်နေတာပေါ့။ ဒီကောင်ထင်တာက ကျနော်က မျက်မှန်ပျောက်တာကို ပြာတာပြီး လိုက်ရှာမယ်လို့ ထင်နေတာ။ ကျနော်က အေးဆေးပဲ။ မျက်မှန်အပိုကိုလည်း သူတို့ သတိထားမိအောင် သေတ္တာထဲက မထုတ်ဘူး။ မျက်မှန်မပါဘဲ ကျောင်းစာသင်ခန်းကို သွား။ ဟိုရောက်တော့မှ လွယ်အိတ်ထဲ အသာထည့်လာတဲ့ မျက်မှန်ကို ထုတ်စွပ်လိုက်တော့ အေးဆေး။ ဖွက်ရတဲ့သူလည်း အောင့်သက်သက်ပေါ့။ နောက်တော့ ဖွက်ရတာ အရသာပျက်တော့ ပြန်ပေးတာပါပဲ။

မြန်မာပြည်မှာက နွေရာသီဆို မျက်မှန်တပ်ရတာ ဒုက္ခရောက်ပါတယ်။ ကျနော်က သူများထက်ပိုပြီး ဒုက္ခရောက်ပါတယ်။ ဘာလို့လဲဆိုတော့ကာ လူကဝတော့ မျက်နှာကလည်း ဖောင်းကားနေတာပေါ့။ အဲ နွေရာသီ နေကပူပူဆို၊ မျက်မှန်ကိုင်းကလည်း လိုက်ပူတာပေါ့။ သူက ပူတော့ နားထင်က အသားတွေလည်း လိုက်ပူ။ ချွေးတွေကလည်း ထွက်။ မျက်မှန်ကိုင်းက ချွေးစား။ ပြီးတော့ မျက်မှန်ကိုင်းနဲ့ထိနေတဲ့ အသားကို လွှလေးနဲ့ တိုက်နေသလား ထင်ရတယ်။ ပွတ်တိုက်နေတာလေ။ စပ်ဖျင်းဖျင်းနဲ့ အခံရ အတော်ခက်ပါတယ်။

မျက်မှန်က အမြဲတပ်နေတော့ တခါတလေ ကိုယ့်ကိုယ်ကို မျက်မှန်တပ်ထားသလား၊ မတပ်ထားသလားတောင် သတိမထားမိပါဘူး။ တခါတလေ ညဖက်တွေ စာဖတ်ရင်းနဲ့ဖြစ်ဖြစ်၊ ဗွီဒီယိုကြည့်ရင်းဖြစ်ဖြစ် မျက်မှန်မချွတ်ဘဲ အိပ်ပျော်ပျော်သွားတတ်တယ်။ နိုးလာတော့လည်း ဒီတိုင်းကြီး ထသွားပြီး မျက်နှာသစ်လိုက်မှပဲ မျက်မှန် တပ်ရပ်ကြီးမှန်း သိပြီး ချွတ်ရတတ်တယ်။ တခါတလေကျလည်း အပြင်ထွက်မယ်ဆိုရင် မျက်မှန်ရောပါရဲ့လားဆိုပြီး မျက်လုံးရှိတဲ့နေရာကို လက်နဲ့ စမ်းရပါတယ်။ မျက်မှန်ကို လက်နဲ့ထိလိုက်မှ "အော် ပါတယ်" ဆိုပြီး ဖြစ်ရတာပါ။

ကြားဖူးတာတခုကတော့ ငယ်တုန်းမှာ အဝေးမှုန်တယ်တဲ့၊ အသက်ကြီးလာတဲ့ အခါမှာတော့ အနီးမှုန်အဖြစ် ပြောင်းလဲ သွားတတ်တယ်တဲ့။ ဘဝမှာ မျက်လုံးအမြင်တွေ မရှင်းလင်းသေးသမျှတော့ မျက်မှန်တွေ အနီးကြည့်မျက်မှန်တွေ၊ အဝေးကြည့်မျက်မှန်တွေ အမျိုးမျိုးပြောင်းလဲတပ်ရမှာပါပဲ။ အဲ စိတ်အမြင်တွေကြည်လင်ဖို့ကရော ဘယ်လို မျက်မှန်တွေ တပ်ဖို့ လိုသလဲဆိုတာကိုလည်း မမေ့မလျော့ လေ့လာဖို့လိုကြောင်း သတိပေးလိုက်ပါတယ်ခင်ဗျာ။

11 comments:

khin oo may August 25, 2008 at 5:23 PM  

ပိုလိုက်တာ ကို ဇနိရယ်.။မျက်မှန်နဲ.အိပ်တယ်လို. .တို.ကတော.မျက်မှန် ကို ဒုတိယ မျက်စိလို.ခေါ်တယ်။ သူ မပါရင် စာဖတ်လို.မရတော.ဘူ. ageing ပေါ.။

Taungoo August 25, 2008 at 5:26 PM  

အကိုရေ
ကျွန်တော်လည်း မျက်မှန်သမားပဲ။ မျက်မှန်စတပ်ရခင်ကတော့ ပိုပဲခန့်ညားသွားသလို ချောသွားသလိုပဲ။ ခုတော့လည်း မပါရင် မဖြစ်လို့သာ တပ်ရတာ။ တယ်လည်း အလုပ်ရှုပ်သကိုးဗျ။
ကျွန်တော် ငယ်ငယ်က ကျွန်တော့်ဖေဖေရဲ့ အဖွားဟာ မျက်မှန်လေးနဲ့စာကြည့်စာဖတ် လုပ်ရတာကနေ မျက်မှန်မပါဘဲ စပါးလုံးရွေးနိုင်တဲ့အထိ ပြန်ကြည်သွားဖူးတယ်ဗျ။ ဘာကြောင့်လဲတော့ မသိဘူး။

မေတ္တာဖြင့်

nu-san August 25, 2008 at 5:51 PM  

ကိုဇနိရေ.. အမလည်းမျက်မှန်သမား။ ဒါပေမယ့် မျက်မှန်ကို သတိရမှ တခါလောက် ထုတ်တပ်တော့ အခုဆို မျက်စိက အတော်လေးကို မွဲနေပြီ။ ရထားဘူတာတို့ လမ်းပြမြေပုံစာတို့ဆို ကောင်းကောင်းမမြင်ရဘူးရယ်.. မျက်မှန်သွားစမ်းရမယ်လို့ ချိန်နေတာ ၂ လကျော်နေပြီ။ :P

အမမောင်ဝမ်းကွဲလေးဆို ၃ နှစ်သားလောက်ကတည်းက မျက်မှန်တပ်ရတယ်။ အခု ၈ နှစ်။ ကလေးဆိုတော့ ဆော့တာ သူ့အမေက မျက်မှန်ကို ၂ လက် ၃ လက် အပိုဝယ်ထားပေးရတယ်တဲ့။ ဆော့လို့ကျိုးသွားရတာနဲ့။ မှန်ကွဲတာနဲ့။ ကျပျောက်တာနဲ့ ဇာတ်လမ်းက စုံနေတာပဲ။ သူ့အမေက သူ့သားအကြောင်းသိလို့ ပျောက်ပြီဆို အရံသင့်နောက်တလက် ထုတ်တပ်ပေးရတယ်.. ကိုဇနိမျက်မှန်အပိုဆောင်ထားတာဖတ်ရင်း သတိရမိလို့..:) အခုလောက်ဆို အဲဒီကလေးလေး မျက်မှန်ဘယ်နှစ်လက်လောက် စားပြီးနေပြီလဲ မသိဘူးရယ်... :D

မျက်မှန်နဲ့ ပတ်သက်ပြီး အဝေးမှုန်၊ အနီးမှုန် ပဲ ရှိတာနော.်. အမကြားဖူးတာ တချို့ဆို “အထီးမှုန်”တဲ့.. :D :D ဘာလို့လည်းဆိုတော့ ယောင်္ကျားလေးတွေဆို မမြင်ဘူးတဲ့ မိန်းကလေးတွေပဲ မြင်လို့တဲ့။ ရုံးက ယောင်္ကျားလေးတွေ မျက်မှန်တပ်တဲ့သူကို အချင်းချင်း နောက်နေတာ ကြားဖူးတာပါ.. :D

ပန်းခရမ်းပြာ August 25, 2008 at 7:01 PM  

မျက်မှန်တပ်ဘို့ မလိုရင် အကောင်ဆုံးပေါ့နော်။ ခုတော့ မျက်မှန် မေ့ကျန်ခဲ့ရင် အဝေးကလာတဲ့ ဘတ်စ်ကားနံပါတ်ကိုတောင် မမြင်ရဘူး။

tmn August 25, 2008 at 8:47 PM  

ကိုဇနိနဲ့ အဆောင်မှာစတွေ့တော့ မျက်မှန်ကြီးနဲ့... ငယ်ငယ်လေးရှိသေးတယ် မျက်မှန်တတ်ရတယ်ဆိုပြီး ဘယ်လိုဖြစ်တာလဲပေါ့... ဟော... စုပေါင်းအတန်းလဲတက်ကရော အများကြီးပဗျာ... မျက်မှန်တတ်တက်သူတွေ....

လွင်ပြင် August 25, 2008 at 10:57 PM  

ကိုဇနိက မျက်မှန်လေးနဲ့ အရမ်းလိုက်တယ်ဗျ..
စိတ်မဆိုးကြေး..ကိုယ့်အကိုကြီး တကယ်မိုက်လို့
မိုက်တယ်.ပြောတာပါ.မယုံရင်.မဇနိကို မေးကြည့်ပါ.
:)

မြရွက်ဝေ August 26, 2008 at 6:11 AM  

"မဇနိကို မျက်မှန်ငှါးတယ်"!? အဲလိုဆို မဇနိ ကိုယ်နဲ့မကိုက်တဲ့ မျက်မှန်တပ်ရင် ပိုပါဝါတက်သွားမှာပေါ့။
ညီမလဲ မျက်မှန်သမားဘဲ။ မနက်လင်းလာတာနဲ့ မျက်မှန်တပ်ထားရမှ၊ မဟုတ်ရင် မျက်ရိုးတွေကိုက်ရော။ အမြဲတပ်တာ အကျင့်ပါပြီး အနီးကြည့်လဲ တပ်မြဲတပ်ထားတော့ မျက်မှန်ချွတ်ပြီး စာမဖတ်တော့တာ။ မျက်မှန်သမားဒုက္ခက ကိုနိပြောတာတွေအပြင် ကျန်သေးတယ်။ ရေချိုးခန်းထဲ မေ့မေ့လာတာ။ ခုက ကိစ္စမရှိတော့ပေမယ့် အဆောင်မှာတုန်းက တန်းစီရေချိုးတဲ့သူတွေပြီးမှ မျက်မှန်စောင့်ယူရတာ။ ပျောက်ပြီဟေ့ဆို သေချာတယ် ရေချိုးခန်းထဲမှာ ကျန်ခဲ့ပြီဘဲ။ :D

မောင်မျိုး August 26, 2008 at 6:30 AM  

အစ်ကိုဇနိရေ့ မျက်မှန်သမားမဟုတ်ပေမယ့် မျက်မှန်တပ်တဲ့ သူငယ်ချင်းတွေ အများကြီးနဲ့  တွေ့ ခဲ့ဖူးတယ် တစ်မျိုးလေးကြည့်ကောင်းပါတယ်ဗျ ကျနော့် အခင်ဆုံးသူငယ်ချင်းတစ်ယောက်ကလည်း မျက်မှန်လေးနဲ့  နာမည်ပြောင်တောင် ကျနော်ကသူ့ ကိုခေါ်တာမျက်မှန်လို့  ဟုတ်မယ် နွေဘက်ကျရင်တော်တော်ဆိုးမယ် သူ့ နာရွက်အပေါ်နားမှာဆို မျက်မှန်ကိုင်းအရာလေးထင်နေတယ် နောက်တော့မိုးတွေရွာတဲ့ အချိန် ဆိုင်ကယ်မောင်းရင်လည်း ရေစက်တွေစင်ပြီးကောင်းကောင်းမမြင်ရ သိပ်အဆင်မပြေ ဘာပဲဖြစ်ဖြစ် မျက်မှန်တပ်ထားတဲ့သူတွေ သာမန်လူတွေထပ်တော့ လူကြားထဲမှာ ထင်းနေတာပေါ့ မျက်မှန်ကြောင့် :)

တန်ခူး August 26, 2008 at 8:49 AM  

ကိုဇနိရေ… ကျွန်မရဲ့အသုံးအဆောင်ပစ္စည်းထဲမှာ မရှိမဖြစ်လိုအပ်ဆုံးနဲ့  အမုန်းဆုံးက မျက်မှန်ပေါ့… ဘာလို့ လဲဆိုတော့ မျက်မှန်တတ်ရင် အတော်ရုပ်ဆိုးလို့ ပါ… ခုတော့ မျက်ကပ်မှန်ပဲ တပ်တော့တယ်… ဒါပေမယ့် မျက်မှန်ကတော့ လက်လွှတ်လို့ မရဘူးလေ… ကိုဇနိလဲ မျက်ကပ်မှန် စမ်းကြည့်ပါလား…

Republic August 26, 2008 at 11:41 AM  

ဟုတ်တယ် ကိုနိ ၊၊ဘ၀မှာ ရုပ်ပိုင်းဆိုင်ရာ ဝေ
ဝါးမှုတွေကို လိုအပ်တဲ့အထောက်အပံ့ အရာများနဲ့ကြည်လင် အောင်လုပ်လို့ရပေမယ့် စိတ်ပိုင်းဆိုင်ရာ ဝေ
ဝါးမှုတွေကိုတော့ မိမိရဲ့ ပြုစိတ် လက်ခံစိတ်တွေနဲ့ သာကြည်လင်အောင် ထိန်းချုပ်နိုင်မှာပါ ၊၊ အရာရာကို အကောင်း အဆိုးအမြင်တွေနဲ့ ကြည့်လို့ရပါတယ် ၊၊ဒါပေမယ့် ထွက်လာတဲ့ ပုံရိပ် outcome ကတော့ အနည်းဆုံး Neutral ဖြစ်ဖို့လိုပါတယ် ၊၊

မောင်ဖြူ August 26, 2008 at 12:13 PM  

ကိုဇနိကမျက်မှန်တပ်တဲ့အကြောင်းပြောတော့ ကျောင်းကိုပြန်သတိရမိတယ်။ ကျွန်တော်လဲ 4th yr. ရောက်မှ မျက်မှန်စတပ်ဖြစ်တယ်။ အဲဒါလဲ ကိုဇနိက အတင်းတိုက်တွန်းလို့ပါ။ နို့မဟုတ်ရင် ကျွန်တော်လဲ စမ်းတဝါးဝါးမိုးမှောင်ဖြစ်နေဦးမှာပါ။ ကျွန်တော်သတိရမိတာက ကိုဇနိနဲ့ကျွန်တော် ကင်တင်းထိုင်နေတုန်း ကျွန်တော်တို့အငယ်တန်းကကောင်လေး ကင်တင်းမှာ လက်ဖက်ရည်သောက်နေတာကို လက်ညိုးထိုးပြပြီး၊ ကျွန်တော့်ကို ဘာထူးခြားလဲလို့မေးတယ်။ အဲဒီကောင်လေးက မျက်မှန်တပ်ထားတာပါ။ သူ့ခမျာ လက်ဖက်ရည်ပူပူကိုသောက်တော့ လက်ဖက်ရည်က ရေငွေ့တွေက သူ့မျက်မှန်ကိုလာကပ်ပြီး ဒုက္ခရောက်နေတာပါ။ ကျွန်တော်က သတိမထားမိဘူး။ ကိုဇနိပြောမှပဲ သိသွားလိုက်တယ်။ ခုဆို ကျွန်တော်လဲ မျက်မှန်ချွတ်ပြီး လက်ဖက်ရည်သောက်တတ်နေပါပြီ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP