St. Petersburg သို့ အလည်သွားခြင်း

>> Monday, August 11, 2008


ကျနော်ရယ် အခြားသူငယ်ချင်း(၂)ယောက်ရယ် (ကိုလူအေး နဲ့ ကိုသောကြာ) စိန့်ပီတာစဘတ်မြို့ကို ဒီနွေရာသီမှာ အလည်သွားခဲ့ပါတယ်။ ကျနော်တို့ ရုရှားနိုင်ငံကို ရောက်တာကြာပြီဖြစ်ပေမယ့် မော်စကိုနဲ့နီးကပ်တဲ့ အခြားမြို့ငယ်လေးတွေကို ရောက်ဖူးတာပါ။ စိန့်ပီတာစဘတ်ကို အလည်သွားချင်နေပေမယ့် အခါအခွင့်မသင့်ခဲ့ဖူးပဲ ဆိုရမှာပါ။ ဒီနှစ်နွေရာသီကျောင်းပိတ်ရက်ကို ရောက်ခါမှပဲ ကိုလူအေးက အဖော်စပ်တိုင်ပင်လို့ သုံးယောက်သား စိန့်ပီတာစဘတ်ကို အလည်ရောက်သွားခဲ့ပါတယ်။


စိန့်ပီတာစဘတ်ကို ကျနော်တို့ ရထားနဲ့သွားတာပါ။ ကားနဲ့သွားရင်လည်း ရတယ်ဆိုပေမယ့် စီစဉ်သူ ကိုလူအေးစီမံတဲ့အတိုင်း (ရထားလက်မှတ်ဝယ်ဖို့လည်း သူပဲ စီစဉ်တာပါ။) မော်စကိုကနေ August ၃-ရက် ၊၂၀၀၈၊ ည ၁-နာရီ ၄၇-မိနစ် ရထားနဲ့ထွက်ခဲ့ပါတယ်။ ရထားကို လီနင်ဂရက်စကီးဘူတာ (Ленинградский вокзал)ကနေ စီးရတာပါ။ လီနင်ဂရက်စကီးဘူတာရဲ့ အနီးဆုံး မြေအောက်ရထားဘူတာကတော့ "ကွမ်ဆွမ်မို(လ်)စကားယား"(м. "Комсомольская") ဖြစ်ပါတယ်။
Ленинградский вокзал
Адрес: Комсомольская площадь, дом 3 (м. "Комсомольская")

ဘူတာအတွင်းက လီနင်ရုပ်တုကြီး

ရထားက မနက်အစော ၂ နာရီနီးနီးမှ ထွက်မှာဆိုပေမယ့် ဘူတာကို တခါမှ မသွားဘူး၊ ရထားခရီးဝေးလည်း မစီးဖူး၊ မော်စကိုက မြေအောက်ရထားဘူတာတွေကလည်း ည-၁ နာရီမှာ ပိတ်တာဆိုတော့ မြေအောက်ရထားဘူတာတခုမှာ သူငယ်ချင်းတွေ စောစောစီးစီးဆုံအောင် ချိန်းပြီး သွားလိုက်ပါတယ်။ ကိုလူအေးက အစကတည်းက ကြိုတင်ပြီး မြေအောက်ရထားဘယ်ကထွက်ရင် ဘယ်ကိုရောက်၊ ဘယ်ကနေ ဘယ်သွားရင် ဘူတာကိုရောက်ဆိုတဲ့ မြေပုံအကြမ်းကလေးလည်း ခြစ်လာတော့ ဘူတာကို အေးအေးဆေးဆေးရောက်သွားပါတယ်။

ရထားလက်မှတ် (အသွား၊အပြန်) အမှတ်တရ စကန်ဖတ်ထားတာပါ။


ဘူတာကို ရောက်တဲ့အခါမှာလည်း ဘယ်အချိန်ထွက်တဲ့ ရထားက ဘယ်ပလက်ဖောင်းမှာ ရပ်သလဲဆိုတာ လိုက်ပြီး စုံစမ်းရပါတယ်။ ရေးထားတဲ့ ရထားအဝင်အထွက် ဘုတ်တွေကို ဟိုငေးဒီငေးနဲ့ပါ။ ဒီလိုနဲ့ပဲ ရထားပေါ်ကိုရောက်တော့လည်း အိပ်စင်တွေကို ဘယ်လိုဖြည်ချရသလဲဆိုတာ ဟိုငေးဒီငေးနဲ့ တက်မြောက်အောင်သင်ယူပြီး စိန့်ပီတာစဘတ်သို့ အလည်သွားခြင်း ခရီးကို စတင်လိုက်ပါတယ်။

ကျနော်တို့စီးတဲ့ ရထားအတွဲထဲကို ရိုက်ထားတာပါ။ အိပ်စင်တွေက နီးနီးကပ်ကပ်နဲ့ အိပ်ယာတွေခင်းတဲ့အခါမှာ စောင်စွပ်၊ ခေါင်းဦးစွပ်တွေ ဟိုခါဒီခါလုပ်တဲ့အခါမှာ အမှုန်အမွှားတွေထွက်ပါတယ်။ တံခါးတွေကလည်း လုံနေတဲ့အခါ အဆင်မပြေလှပါဘူး။ ညဖက် အိပ်ကျမယ်လုပ်တော့ ခြေအိပ်တွေချွတ်တဲ့အခါ ခြေစော်တွေရော နံလှပါတယ်၊ အဆင်သိပ်မပြေလှဘူးလို့ပဲ ပြောပါရစေတော့။


ရထားက စိန့်ပီတာစဘတ်မြို့၊ မော်စကော့(ဗ်)စကီးဘူတာကို မနက် ၁၀ နာရီ ၅၈ မှာ ရောက်မယ်လို့ အချိန်ရေးထားပေမယ့် ၁၀ နာရီကျော်ကျော်လေးမှာပဲ ရောက်သွားပါတယ်။ ရထားထွက်ချိန်၊ ဝင်ချိန် တိကျတယ်လို့ ဆိုရပါမယ်။

ဒီတော့ ကျနော်တို့ဘလော့ဂ်ကို အလည်လာ စာဖတ်သူတွေကို စိန့်ပီတာစဘတ်မြို့အကြောင်းကို အနည်းငယ် ပြောပြလိုပါတယ်။ ကျနော် ဝီကီမှာရယ် အခြား ရုရှားဆိုက်တွေမှာရှာဖွေဖတ်ပြီး အလျင်းသင့်အောင် ဘာသာပြန်လိုက်ပါတယ်။ စိန့်ပီတာစဘတ်မြို့ ကို အင်္ဂလိပ်လို ရေးရင် St. Petersburg လို့ရေးပြီး၊ ရုရှားလိုဆိုရင် Са́нкт-Петербу́рг လို့ရေးပါတယ်။ အသံထွက် အနီးဆုံးရေးပြရရင် "ဆန့်(တ်) ပီကျဲ(ရ်)ဘုရ်(ဂ)" ပါ။ သူ့ကို ခေတ်တွေအလိုက် နာမည်တွေ အမျိုးမျိုးပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။

၁၇၀၃ ကနေ - ၁၇၂၄ ခုနှစ်အထိ Са́нкт-Пи́терБу́рх (ဆန့်(တ်) ပီကျဲ(ရ်)ဘုရ်(ခ))
၁၇၂၄ ကနေ - ၁၉၁၄ ခုနှစ်အထိ Са́нкт-Петербу́рг (ဆန့်(တ်) ပီကျဲ(ရ်)ဘုရ်(ဂ))
၁၉၁၄ ကနေ - ၁၉၂၄ ခုနှစ်အထိ Петрогра́д (ပီတရိုဂရက်)
၁၉၂၄ ကနေ - ၁၉၉၁ ခုနှစ်အထိ Ленингра́д (လီနင်ဂရက်)
၁၉၉၁ မှ ယနေ့အထိ (Са́нкт-Петербу́рг) (ဆန့်(တ်) ပီကျဲ(ရ်)ဘုရ်(ဂ))
– Питер (ပီကျဲ(ရ)) ဟုလည်း အလွယ်ခေါ်သည်။
၂၀၀၈- ခုနှစ် စာရင်းအရ စိန့်ပီတာစဘတ်ရဲ့ လူဦးရေ - ၄ ၅၆၈ ၀၄၇ ရှိတယ်လို့ဆိုပါတယ်။

ရုရှားနိုင်ငံ၏ အနောက်မြောက်ပိုင်းမှာ တည်ရှိတဲ့၊ ညဲဗာမြစ်(Нева Река)ကမ်းပေါ်မှာ တည်ရှိသောမြို့ဖြစ်ပြီး ဘော(လ်)တစ်ပင်လယ်၊ ဖင်လန်ပင်လယ်ကွေ့ရဲ့ ထိပ်ပိုင်းမှာတည်ရှိသောမြို့ ဖြစ်ပါတယ်။ ဇာဘုရင် ပီတာ(၁)က ၁၇၀၃ ခုနှစ် မေလ ၂၇ ရက်မှာတည်ထောင်ခဲ့တာပါ။ ရုရှားအင်ပါယာရဲ့မြို့တော်အဖြစ် နှစ် ၂၀၀ ခန့် ( ၁၇၁၃-၁၇၂၈၊ ၁၇၃၂-၁၉၁၈) ရှိခဲ့ပါတယ်။ ၁၉၁၈ မှာ ရုရှားတော်လှန်ရေး(၁၉၁၇) ဖြစ်ပြီး မြို့တော်အဖြစ်ကနေ ကျဆင်းခဲ့ရပါတယ်။ ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဥရောပမှာ စတုတ္ထမြောက်အကြီးဆုံးမြို့ဖြစ်ပါတယ်။ (၁ - မော်စကို၊ ၂- လန်ဒန်၊ ၃- ပဲရစ်)။ မြို့နေလူဦးရေ ၄.၆ သန်းခန့်ရှိပြီး အနီးဝန်းကျင်မှာ လူဦးရေ ၆ သန်းခန့်နေတယ်လို့ဆိုပါတယ်။ စိန့်ပီတာစဘတ်မြို့က ဥရောပရဲ့အထင်ကရ အနုပညာလက်ရာများ စုစည်းရာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ ဘော(လ)တစ်ပင်လယ်ထွက်ပေါက်မြို့လည်း ဖြစ်ပါတယ်။

Palace Square with the Alexander Column, view from the Winter Palace


စိန့်ပီတာစဘတ်မြို့ကို ရုရှားရဲ့ အနောက်တိုင်း ဥရောပဟန်ဆန်တဲ့မြို့လို့ ဆိုပါတယ်။ လူဦးရေ တစ်သန်းကျော်ရှိတယ်ဆိုတဲ့မြို့တွေထဲမှာတော့ စိန့်ပီတာစဘတ်က ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာတွေမှာ နှစ်(၂၀၀)လောက် အခရာကျခဲ့တော့ အခုဆိုရင်လည်း ရုရှားရဲ့ မြောက်ပိုင်းမြို့တော်လို့ ဆိုတာပါပဲ။

ညဲဗာမြစ်ကမ်းမှာ ဒီမြို့ဇာတ်လမ်းက စခဲ့တာပါ။ ပီတာ(၁)က မြောက်ပိုင်းစစ်ပွဲတွေတိုက်တုန်းက ညဲဗာမြစ်ကမ်းမှာ ခံတပ်ဆောက်ဖို့ရာအတွက် အကောင်းဆုံးနေရာအဖြစ်ရွေးချယ်ခဲ့တာပါ။ ခံတပ်နာမည်ကို စိန့်ပီတာစဘတ်ဆိုပြီးပေးပါတယ်။ ပီတာရဲ့ တမန်တော် ကို ဂုဏ်ပြုပြီးပေးခဲ့တာပါ။ နောက်ပိုင်းမှာ ပျယ်သရိုပါ(ဗ)စကီး လို့နာမည်တွင်ခဲ့ပြီး ပထမနာမည်က မြို့နာမည်အဖြစ်နောက်ပိုင်းမှာ ပြောင်းလဲသွားပါတယ်။

မြို့စတည်တဲ့နှစ်အစပိုင်းတွေမှာ ခံတပ်အဖြစ်ဆောက်ခဲ့ပါတယ်။ နောက်ပိုင်း ပင်လယ်ပိုင်းကုန်သွယ်မြို့၊ ဘော်(လ)တစ်ပင်လယ်မှ စစ်သဘောင်္တွေရပ်နားရာစခန်းဖြစ်ခဲ့ပါတယ်။ ပင်လယ်ပိုင်း ကုန်သွယ်မှုတွေတိုးတက်လာတဲ့အခါမှာ စီပွားရေး၊ စက်မှုနဲ့ လက်မှုအနုပညာဘက်တွေမှာ အချက်အချာကျတဲ့ မြို့ဖြစ်လာပါတော့တယ်။

Peter the Great's Palace, built in 1714-1725 in Peterhof

၁၇၁၀-ခုနှစ်မှာ မော်စကိုကနေ စိန့်ပီတာစဘတ်ကို မြို့တော်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ၁၇၁၂ -ခုနှစ်မှာ ဇာဘုရင် မိသာစုရယ်၊ နန်းတော်တွေ အစိုးရပိုင်းအရေးကြီးတဲ့အဖွဲ့တွေကို ပြောင်းရွှေ့ခဲ့ပါတယ်။

စိန့်ပီတာစဘတ်မြို့ကို စတည်ကတည်းက ပီတာ(၁)က အသေအချာစီမံပါတယ်၊ Amsterdam ၊ Venice မြို့တို့နဲ့တူအောင် အစီအစဉ်အသေအချာလုပ်ပါတယ်။အင်ပါရာအရှင်ရဲ့အမိန့်အရ ဗိသုကာ လျယ်ဘလွန် နဲ့ ဒိုမန်အိကို (Ж. Б. Леблон и Доменико Трезини) တို့က မြို့တော်အသစ်ရဲ့ ပုံစံကို အသေအချာ စီမံရပါတယ်။

ပီတာ(၂) (၁၇၂၇-၁၇၃၀) လက်ထက်မှာတော့ မော်စကိုကို မြို့တော်က ပြောင်းသွားတော့ ဆောက်လုပ်ရေးတွေ ရပ်ဆိုင်းသွားပါတယ်။ ၃-နှစ်အကြာမှာတော့ အန်နာ အိအိုအန်နိုဗနာ (Анна Иоанновна) (၁၇၃၀-၁၇၄၀) လက်ထပ်မှာ မြို့တော်တဖန်ပြန်ဖြစ်သွားပါတယ်။

ရယ်ကာကျယ်ရိနာ ၂ (Екатерина II) (၁၇၆၂-၁၇၆၉) နဲ့ ပါဗလာ ၁ (Павла I)(၁၇၉၆-၁၈၀၁) တွေမှာ အဆောက်အဦးတွေ ခံတပ်တွေ အမြောက်အများထပ်မံဆောက်လုပ်ခဲ့ပါတယ်။ နီကိုလိုင် ၁ (Николай I) (၁၈၂၅ –၁၈၅၅) လက်ထက်မှာ စက်မှုပညာထွန်းကားလာခဲ့ပြီး ရုရှားရဲ့ စက်မှုနည်းပညာဖက်မှာ အဓိကမြို့တော်ဖြစ်လာခဲ့ပါတယ်။

Kazan Cathedral

၁၉၂၄-ခုနှစ်မှာ လီနင် သေသွားတဲ့အခါမှာ ဘော်ရှီဗစ်တွေက မြို့ကို လီနင်ဂရက်လို့ အမည်ပေးခဲ့ပါတယ်။

၁၉၄၁-၁၉၄၅ ခုနှစ်မှာ အမျိုးသားစစ်ပွဲကြီး ဖြစ်တဲ့အခါမှာ လီနင်ဂရက်မြို့ အခက်အခဲတွေ ဒုက္ခတွေ အများကြီးရင်ဆိုင်ရပါတယ်။ ရက် ၉၀၀ ကြာ ခံတပ်မြို့လုပ်ခဲ့ရတဲ့ မြို့တော်ဟာ အအေးဒဏ်၊ အစာငတ်မွတ်မှုဒဏ်တွေ၊ ဗုန်းဒဏ်တွေနဲ့ရင်ဆိုင်ရပြီး လူတစ်သန်းခန့်သေဆုံးခဲ့ရပါတယ်။ ဒါပေမယ့် မြို့တော်က အဲဒီဒဏ်တွေကို တောင့်ခံနိုင်ခဲ့ပါတယ်။ ဘယ်တုန်းကမှ အသိမ်းပိုက်ခံ၊ ရှုံးနိမ့်တဲ့မြို့မဟုတ်ခဲ့ပါဘူး။ ဖက်ဆစ်တွေရဲ့ လေကြောင်းဒဏ်တွေ အပျက်အဆီးတွေကို ၁၉၅၀-၁၉၆၀ ခုနှစ်တွေမှာ အလုံးစုံပြုပြင်လိုက်ပါတယ်။

၁၉၉၁ ခုနှစ်ရောက်တဲ့အခါမှာတော့ သူ့ရဲ့မူလအမည် စိန့်ပီတာစဘတ်ဆိုတဲ့အမည်ကို ပြန်လည်ရရှိခဲ့ပါတယ်။
ယူနက်စကိုက စိန့်ပီတာစဘတ်ကို ကမ္ဘာယဉ်ကျေးမှုအမှတ်တရမြို့တော်အဖြစ် သတ်မှတ်ထားပါတယ်။

အလည်ရောက်ခဲ့တဲ့ နေရာတွေကို အဆင်သင့်သလို နောက် Post တွေအဖြစ် ရေးပါဦးမယ်။

6 comments:

မြရွက်ဝေ August 12, 2008 at 4:34 AM  

မရောက်ဘူးတဲ့နေရာ ဘလော့ကနေ လည်သွားတယ်။
ဒါနဲ့ ရထားတွဲထဲက အိပ်စင်အခန်းက သူများတွေနဲ့ရော ဆက်နေတာလား? အခန်းလိုက် ဟုတ်ဘူးပေါ့။ ခုမှ မြင်ဘူးလို့ မေးကြည့်တာ။

Republic August 12, 2008 at 4:47 AM  

ကိုဇနိ စာတွေ ပုံတွေ နဲ့ပဲ St. Petersburg ကိုရောက်ဘူးတော့တယ် ၊၊ကောင်းတယ် ကိုဇနိ ၊၊ခရီးသွားမှတ်တမ်းဆိုတာ လေ့လာသူအတွက် တန်ဖိုးရှိတဲ့ အရာ တစ်ခုပါ ၊၊

Republic August 12, 2008 at 4:47 AM  

ကိုဇနိ စာတွေ ပုံတွေ နဲ့ပဲ St. Petersburg ကိုရောက်ဘူးတော့တယ် ၊၊ကောင်းတယ် ကိုဇနိ ၊၊ခရီးသွားမှတ်တမ်းဆိုတာ လေ့လာသူအတွက် တန်ဖိုးရှိတဲ့ အရာ တစ်ခုပါ ၊၊

tmn August 12, 2008 at 10:03 AM  

ကိုဇနိ ဓာတ်ပုံတွေတင်မဟုတ်ဘူး...နောက်ခံသမိုင်းလေးတွေပါ ရေးထားတော့ ပို့ပြီး ပြည့်စုံသွားတယ်ဗျာ...ကောင်းပ...ဖတ်လို့...

ဇနိ August 12, 2008 at 1:12 PM  

မြရွက်ဝေရေ..
၎ ယောက်အတွက်နေရာကို အခန်းလေးကန့်ပေးထားတယ်၊ တံခါးတော့မပါဘူး၊
ကန့်ထားတဲ့အခန်းလေးထဲမှာ အလည်လမ်းကလေး၊ ဘေးတဘက်တချက်က အိပ်စင်၊ အပေါ်အောက် ၂ စင်ဆိုတော့ ၄ ယောက်ပေါ့...
ရထားတွဲကြီးတခုလုံးအတွက် လျှောက်လမ်းရဲ့ ဘေး ( ဟို ၄ ယောက်ရဲ့ ခြေရင်းမှာ အပေါ်အောက် အိပ်စင်နဲ့ ၂ ယောက်စာ) ဓာတ်ပုံရဲ့ညာဖက်နေရာပေါ့ ....တကန့်စာကို ၆ ယောက်ထားသလိုမျိုး... ကျဉ်းကျပ်တယ် နေရတာ..

khin oo may August 12, 2008 at 7:46 PM  

thanks for sharing

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP