St. Petersburg သို့ အလည်သွားခြင်း - ၃

>> Thursday, August 14, 2008


၎-၀၈-၂၀၀၈(တနင်္လာနေ့)

၎-ရက်နေ့ရောက်တော့ မနက်အစောထပါတယ်။ ကျနော်တို့ မော်စကိုမှာ ရှိတုန်းက ရာသီဥတုကြိုတင် ခန့်မှန်းချက်ဖတ်ထားတာအရ အဲဒီနေ့က နေသာရမှာပါ။ ဒါပေမယ့် နေသိပ်မသာပါဘူး။ မနက်အစောက မိုးအေးအေးနဲ့ တခါတလေ မိုးလည်း အနည်းငယ်ကျတတ်ပါသေးတယ်။ ညနေစောင်းလာတဲ့အခါမှသာ နေလေးထွက်လာပြီး ရာသီဥတုကြည်လင်လာတာပါ။ ရာသီဥတုကြိုတင်ခန့်မှန်းချက်တွေကလည်း ရုတ်ချည်းလည်း ပြောင်းလဲတတ်ပါလားလို့ သိလိုက်ရပါတယ်။ Эрмитаж (The State Hermitage Museum)ကို သွားကြပါတယ်။ အဆင်မပြေချင်တော့ တနင်္လာနေ့တရက်တည်း ပြတိုက်ပိတ်ပါတယ်တဲ့။ ပြတိုက်ပိတ်တယ်ဆိုတော့ ပြတိုက်ရှေ့ရင်ပြင်မှာ ဓာတ်ပုံတွေ ရိုက်ပါတယ်။ ပြီးတော့ ညဲဗာမြစ်ကမ်းတစ်လျောက် လမ်းလျှောက်ပါတယ်။ အဲဒီနေ့က ပြတိုက်ထဲမရောက်တာကလွဲလို့ အခြားနေရာတွေလည်း အစုံရောက်ပါတယ်။ Эрмитаж သွားတဲ့လမ်းပေါ်က Kazan Cathedral ကိုလည်း ဓာတ်ပုံအမှတ်တရ ရိုက်ခဲ့ပါတယ်။ ကာဇန်ဘုရားကျောင်းက ညဲ(ဗ်)စကီးလမ်းမ(Nevsky Prospekt)ပေါ်မှာ တည်ရှိပါတယ်။


Kazan Cathedral


The Peter and Paul Fortress


The Bronze Horseman, monument to Peter the Great

မြင်းစီးရုပ်တုတွေ့တော့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ မှားနေရင်လည်း ပြင်ပေးကြပါ။ သူရဲကောင်းစီးနေတဲ့မြင်းရဲ့ ရှေ့ခြေနှစ်ဖက်ထောင်နေရင် အဲဒီသူရဲကောင်းက တိုက်ပွဲကျခဲ့တာပါတဲ့။ မြင်းရှေ့ခြေတစ်ချောင်းထောင်ရင် မြင်းစီးသူရဲကောင်းက လုပ်ကြံခံရတာပါတဲ့။ မြင်းခြေလေးချောင်းလုံးက ထောက်ထားရင်တော့ မြင်းစီးသူရဲကောင်းက အချိန်တန်လို့ သူဟာသူ ကွယ်လွန်သွားတာဖြစ်တယ်လို့ပြောပါတယ်။

မြင်းစီရုပ်အောက်ခံက Thunder Stone ဖြစ်ပါတယ်။ မြင်းစီရုပ်အောက်ခံ မိုးကြိုးကျောက်တုံးကြီးကို ဖင်လန်ပင်လယ်ကွေ့အတွင်းပိုင်း ၄- မိုင်လောက်အကွာကနေ လူအင်းအားသက်သက် (စက်အင်အား၊ တိရိစ္ဆာန်အင်အားမသုံးဘဲ) ၁၇၆၈ ခုနှစ်မှ စတင်သယ်ယူခဲ့ပါတယ်။ ၁၇၇၀ မှာ ကျောက်တုံးက လိုချင်တဲ့နေရာကို ရောက်ပါတယ်။ ဂရက်နိုက်ကျောက်တုံးကြီးရဲ့ အလေးချိန်က ၁၅၀၀ တန်လောက်ရှိပါတယ်။ လူအင်အားသက်သက်နဲ့ သယ်ယူလာတဲ့ ကျောက်တုံးထဲမှာ အကြီးဆုံဖြစ်ပါတယ်။

ဒီမြင်းစီရုပ်တုက စိန့်ပီတာစဘတ်ရဲ့ အမှတ်အသားရုပ်တုဖြစ်နေပါပြီ။ ပူရှကင့်ကဗျာရဲ့လွှမ်းမိုးမှုကြောင့် ကြေသွန်းမြင်းစီးရုပ်ဆိုပြီးနာမည်ကြီးပါတယ်။

မြင်းစီးရုပ်အောက်ခံကျော်တုံးမှာ Petro Primo Catharina Secunda MDCCLXXXII ကို Latin လို Петру первому Екатерина вторая, лето 1782 ဆိုပြီးရေးထိုးထားပါတယ်။ ကျနော်တို့ မြင်းစီးရုပ်ကိုမြင်တုန်းက အဲဒီစာကို နားမလည်ပါဘူး။ ကတ်သရင်းဆိုတာဘာလဲပေါ့။ မြင်းစီးနေတာက အမျိုးသား။ Petro Primo ကိုမြင်လို့ ပီတာဘုရင်ကို ဆိုလိုတာလို့ သိပေမယ့် Catharina Secunda ဆိုတဲ့ ကတ်သရင်းကို နားမလည်နိုင်တာပါ။ ဂျာမန်အမျိုး ကတ်သရင်းဘုရင်မ(ရိုမန်နော့ဗ်အနွယ်ကို လက်ထပ်ထားသူ)က သူမနဲ့ ပီတာဘုရင်-၁ အဆက်အနွယ်ရှိတယ်ဆိုတာ ပြည်သူကိုပြောပြချင်လို့ အဲသလိုရေးထွင်းခဲ့တာပါတဲ့။

ရုပ်တုကို ကြေးသွန်းလောင်းတာ ၁၂- နှစ်(၁၇၇၀-၁၇၈၂)ကြာပါတယ်။ ၁၇၇၂ မှာ ကြေးသွန်းလောင်းတုန်း ပုစံခွက်ကွဲသွားလို့ ကြေးပူရည်တွေ ပြန့်သွားပြီး မီးတွေလောင် လူသေတာတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီအရုပ်ကြီးကို ဒုတိယကမ္ဘာစစ်အတွင်းတုန်းကလည်း စစ်ဒဏ်မခံရအောင် သဲအိတ်တွေနဲ့ကာ သစ်သာအကာအရံတွေသုံခဲ့ရပါတယ်။ ဗုံးဒဏ်၊ အမြောက်ဒဏ်လုံးဝ မခံခဲ့ရပါဘူး။

Saint Isaac's Cathedral

Saint Isaac's Cathedral ဘုရားကျောင်းက စိန့်ပီတာမှာရော ရုရှားမှာပါ အကြီးဆုံးသောဘုရားကျောင်းဖြစ်ပါတယ်။ ဘုရားကျောင်း အမြင့် ၁၀၁.၅ မီတာမြင့်ပြီး၊ အတွင်းပိုင်းဧရိယာက ၄၀၀၀ မီတာစကွဲယား ရှိပါတယ်။ ဘုရားကျောင်းကို ဆောက်လုပ်ဖို့ရာ နှစ် ၄၀-(၁၈၁၈-၁၈၅၈) ကြာပါတယ်။ ဘုရားကျောင်းအတွင်းရောက်တော့ ဘာသာရေးနဲ့ဆိုင်တဲ့ ပန်းချီးကားတွေအများကြီးတွေ့ရပါတယ်။ ဗိသုကာလက်ရာတွေ မြောက်တယ်ပဲဆိုပါတော့။ ဒုတိယကမ္ဘာစစ်အတွင်းက ဘုရားကျောင်းကို စစ်လေယာဉ်တွေ အာရုံမရအောင် မီးခိုရောင် ပြောင်းလဲသုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အခုဘုရားကျောင်းအတွင်းပိုင်းပုံရယ်၊ ဘုရားကျောင်းအတွင်းဝင်ခွင့်လက်မှတ်လေးရယ် အမှတ်တရတင်လိုက်ပါတယ်။


ဘုရားကျောင်းအတွင်းအဝင်လက်မှတ်

ကျောင်းသားကဒ်နဲ့ဆိုရင် အဝင်လက်မှတ်ခက ၅၀ ရူဘယ်(လ်)သာပေးရပါတယ်။ ရုရှားမှာ ကျောင်းသားတွေက အခွင့်အရေးရကြပါတယ်။ ဘတ်(စ)ကား လပေးကဒ်၊ မက်ထရိုကဒ်တွေက် ကျောင်းသားတွေအတွက် ဈေးချိုပါတယ်။ ကျောင်းသားဖြစ်နေလျှင် တချို့ပြတိုက်မှာဆို အလကားဝင်ခွင့်ပေးသလို၊ ပိုက်ဆံပေးရတဲ့ပြတိုက်ဆိုလျှင်လည်း အဖိုးအခ သက်သာတတ်ပါတယ်။

Saint Isaac's Cathedral အတွင်းဝင်ကြည့်ပြီးတဲ့အခါမှာ The Church of the Savior on Blood ကိုသွားကြပါတယ်။ အသွားလမ်းမှာတွေ့တဲ့ လှတယ်ထင်တဲ့တိုက်တန်းတွေ၊ လူလျှောက်လမ်းကိုလည်း ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ ဒီလိုလမ်းကလေးမှာ မဇနိလက်ကိုတွဲပြီး စကားလေးတပြောပြောနဲ့ လျှောက်လိုက်ရရင် ဘယ်လောက်ပျော်စရာကောင်းမလဲဗျာ။ အခုတော့ ယောက်ျားလေး သူငယ်ချင်း နောက်ထပ် ၃ ယောက်နဲ့ သုတ်သုတ်သုတ်သုတ် လမ်းလျှောက်ရတာ အဆင်မပြေလှပါဘူး။း)




The Church of the Savior on Blood


The Church of the Savior on Blood က Griboedov Canal ပေါ်မှာတည်ရှိတာပါ။ ၁၈၈၃ ခုနှစ် အလက်ဇန်းဒါ ၃ ရဲ့ လက်ထက်မှာ ဖခင်ဖြစ်သူ အလက်ဇန်းဒါ ၂ အတွက် ရည်စူးပြီး စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၀၇ ခုနှစ် နီကိုလိုင် ၂ လက်ထက်ရောက်မှ ပြီးစီးခဲ့ပါတယ်။ ဗိသုကာလက်ရာကတော့ မော်စကိုက Saint Basil's Cathedral နဲ့ (၁၅၅၅-၆၀) ဆင်တူပါတယ်။ မော်စကိုက Saint Basil's Cathedral က အရောင်စုံတောက်ပပြီး အဝေးကြည့်မှ စပြီးလှပေမယ့် The Church of the Savior on Blood က အဝေးက ကြည့်ရင် မှုန်မှိုင်းမှိုင်းနဲ့ အနီးရောက်လာလေ ပိုလှလာလေပါပဲ။ ယှဉ်ကြည့်ရအောင်လို့ မော်စကိုက Saint Basil's Cathedral ကိုလည်း တင်လိုက်ပါတယ်။

Saint Basil's Cathedral, Moscow


Mikhailovsky Castle


နောက်ဘုရားကျောင်းကို ကြည့်ပြီးတော့ ကျနော်တို့သူငယ်ချင်းတစု Mikhailovsky Castle ကိုရောက်သွားပါတယ်။ အင်ပါယာအရှင် ပါဗယ် ၁ (Павел I) နေဖို့ရာ ၁၇၉၇-၁၈၀၁ မှာ ဆောက်လုပ်ခဲ့တာပါ။ အခုတော့လည်း ပြတိုက်ကြီးဖြစ်နေပါပြီ။ Castle ထဲကို ဝင်လျှင်ဝင်ခြင်းပါပဲ Сергей Борисов ရဲ့ sculptureပြပွဲနဲ့ စတွေ့တော့ပါပဲ။ အဲဒါတွေကို ဓာတ်ပုံ Post အနေနဲ့ နောက်မှ သက်သက်တင်ပါ့မယ်။ Castle အတွင်းတောင် မဝင်လိုက်နိုင်ပါဘူး။ sculpture တွေငေးနေတာနဲ့ အချိန်အတော်ကြာသွားလို့ပါ။ Сергей Борисов ရဲ့လက်ယာတွေကြားမှာတွေ့ရတဲ့ အောက်ကပုံကိုတင်လိုက်ပါတယ်။ ဘယ်သူ့ရုပ်တုလည်းတော့ သိပါဘူး။ စာတောင်မဖတ်ဖြစ်ခဲ့ပါဘူး။



Summer Garden
Summer Graden ကိုရောက်တော့ သစ်ပင်စိမ်းစိမ်းစိုစိုနဲ့ ရုပ်တုတွေ များစွာတွေ့ရပါတယ်။


စာရေးဆရာ ကရီးလော့ဗ် အမှတ်တရ ရုပ်တုပါ။ ဒီနိုင်ငံမှာ ရုပ်တုတွေ ပေါလွန်းလှပါတယ်။


ပန်းခြံတစ်နေရာမှာတော့ ထိုင်ခုံ ၁၂ ခုံကို စက်ဝန်းအနားအတိုင်း စီချထားပြီး အလည်မှာ စက်လုံးကြီးလိုလို ဆင်ယင်ထားတဲ့ နေရာကိုရောက်ပါတယ်။ အနုပညာရှင်တစ်ယောက်က စိန့်ပီတာစဘတ်မြို့မွေးနေ့မှာ မြို့ကိုလက်ဆောင်ပေးထားတာပါတဲ့။
Проект 12 стульев
подарок Санкт-Петербургу в день города от кузнецов လို့ရေးထားတာတွေ့ရပါတယ်။
ထိုင်ခုံ ၁၂ ခုံ ပရောဂျက် လို့အမည်ပေးထားပါတယ်။



ထိုင်ခုံ ၁၂ ခုံပတ်ပတ်လည်နေပြီး အလည် စင်တာတည့်တည့်မှာတော့ ကမ္ဘာလုံးလိုလို အလုံးတလုံးလည်း ရှိပါသေးတယ်။


ပန်းခြံကနေထွက်လာပြီး မြစ်ကမ်းဘေးတစ်လျာက် ထိုင်ရင်း ဟိုငေးဒီငေး ငေးကြပါတယ်။



အဲဒီမှာခဏနားပြီး မြို့တွင်းကနေ ပြန်လာပါတော့တယ်။ တည်းခိုမည့်နေရာအနီး မြေအောက်ဘူတာမှာဆင်းပြီး လီနင်ရင်ပြင်ကို သွားကြပါတယ်။ လီနင်ရုပ်တုရယ်၊ ရေပန်းတွေနဲ့ အတော်လှပါတယ်။



လီနင်ရင်ပြင်နဲ့ မဝေးလှတဲ့နေရာမှာ ဂျာမန်တွေ စိန့်ပီတာစဘတ်မြို့ကို ဝိုင်းထားတဲ့ ရက်ပေါင်း ၉၀၀- ခန့်မှာ ကြံ့ကြံ့ခံပြီး မြို့ကို ကာကွယ်ခဲ့ကြ၊ ကျဆုံးခဲ့ကြသူတွေအတွက် အမှတ်တရ ရင်ပြင်တခုကို ရောက်သွားပါတယ်။ ရက်ပေါင်းများစွာ စစ်အတွင်း အခက်အခဲတွေကြားမှာ နေရတာဖြစ်တဲ့အတွက် အစာရေစာရှားပါးငတ်မွတ်ပြီး သေကြေခဲ့ရသူတွေ မနည်းလှပါဘူး။ ဂျာမာန်နဲ့ ဖြစ်ခဲ့တဲ့စစ်ပွဲအတွင်းမှာတစ်နိုင်ငံလုံးရေတွက်ရင် ရုရှားလူမျိုးပေါင်း သန်း ၃၀ ခန့် သေဆုံးခဲ့တယ်လို့ မှတ်သားဖူးပါတယ်။




အဲဒီနေ့တစ်နေ့လုံး လမ်းလျှောက်လိုက်၊ ကားစီးလိုက်၊ ရထားစီလိုက်နဲ့ အလည်သွားကြတာပါ။ ကြည့်စရာ ရှုစရာတွေကလည်းပေါများတော့ အတော်လည်း ပင်ပန်းပေမယ့် စိန့်ပီတာကို သွားလည်ရတာ တန်လိုက်တာလို့ စိတ်မှာတွေးမိပါတယ်။ ရှေးဆန်ဆန်လက်ရာ အနုပညာတွေ၊ အဆောက်အဦးတွေပေါများပြီး အခုခေတ်ပေါ်လက်ရာတွေ၊ အဆောက်အဦးတွေက နည်းပါးပါတယ်။ ဒီလိုနဲ့ ညရောက်တဲ့အခါ ပြဿနာအနည်းငယ်ရှိခဲ့ပေမယ့် အိမ်ခံသူငယ်ချင်းများရဲ့ ကူညီမှုကြောင်း ၄-ရက်နေ့ညကို အေးချမ်းစွာ အိပ်ခဲ့ရပါတယ်။ အိမ်ရှင် သူငယ်ချင်းများကိုလည်း အထူးကျေးဇူးတင်မိပါတယ်လို့ ပြောပါရစေ။

နောက်နေ့မှပဲ အခြားရောက်ခဲ့တဲ့နေရာတွေ အကြောင်းရေးပါဦးမယ်။

3 comments:

Anonymous August 14, 2008 at 5:15 AM  

ကိုဇနိ...ဓာတ်ပုံတွေကို ကော်ပီယူသွားတယ်နော်...

သက်ဝေ August 14, 2008 at 4:15 PM  

မရောက်ဖူးတဲ့နေရာမို့  သေသေချာချာ လိုက်လည်သွားပါ၏။ ဓါတ်ပုံများ အလွန်လှပ ကောင်းမွန်ပါ၏။ ကျေးဇူးတင်ပါ၏။

RePublic August 15, 2008 at 7:47 PM  

ကိုနိ ကြီး ... St. Petersburg က နေရာတွေစုံနေတာပဲဗျာ ၊၊ဓာတ်ပုံတွေလည်း ကောင်းတယ်၊၊ ကိုနိကြီးရဲ့ ကင်မရာလည်းကောင်းတယ်၊၊ စာရေးလည်းကောင်းတယ်၊၊ အားလုံးကောင်းဒယ်ဗျာ ၊၊ :)

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP