ဝါသနာကို မတားနဲ့ရှင့်

>> Friday, August 15, 2008


မနေ့က China Town ကိုရောက်လို့ တရုတ်ဆိုင် ဝင်ဖြစ်တယ်။ တရုတ်ဆိုင်ရောက်ရင် မဝယ်ရမနေနိုင်ပြန်ဘူး။ ပြန်လာရင် သယ်ရတာလေးလို့ လက်အံများတောင်သေတယ်။ ဒါလည်း “ဝါသနာဟာ တားမရတာ မောင်အသိသားမို့ သဘောထားကြီးလို့ ချစ်သဝန်မကြောင်စေလို“ အဲ ဟုတ်ပါဘူး ဒါကဖြူသီရဲ့ သီချင်းပါ။ ဖြူသီက သီချင်းဆိုချင်တာ။ မဇနိက ဈေးဝယ်ချင်တာပါ။ စိတ်ကလည်း ပူပန်တတ်တယ်ထင်ပါ့။ ပန်းကန်ဆေးဆပ်ပြာဆို အပိုဝယ်မထားရရင် အိပ်လို့မပျော်ဘူး။ ဒီမှာဘာလိုချင်လိုချင် ချက်ချင်းဝယ်လို့ရတာကို ဆီ (၂) ဗူးလောက် ဝယ်ထားတတ်လို့ အစ်မတယောက်က ဆူခံထိသေးတယ်။ တရုတ်ဆိုင်ရောက်လို့ ဝယ်ရ။ ထိုင်းဆိုင်ရောက်လို့ ဝယ်ရ။ အင်ဒိုနီးရှားအစာတွေ ကားနဲ့လာရောင်းလို့ ဝယ်ရ။


တနေ့ကလည်း မိုးတွေခြိမ်းသပေါ့။ ဘယ်ရမလဲ ကျောင်းကနေ သုတ်ခြေတင်ပြန်လာတယ်။ တကယ်က (၃) နာရီလောက် ရှိသေးတော့ စောသေးတယ်။ ဒါလည်း ခပ်တည်တည်ပဲ အိတ်ဆွဲ၊ နှုတ်ဆက်ပြီး ပြန်ချလာတာ။ အိမ်ရောက်ရင် ဘာလုပ်တယ်မှတ်လဲ ထမင်းအိုးတွေ ကဗျာကယာဆေးပြီး ချက်လိုက်တယ်။ ရေနွေးတည်ပြီး ဓါတ်ဗူးလေးနဲ့ လက်ဖက်ခြောက်လေးခပ်ထားလိုက်တယ်။ စိတ်က မိုးတွေခြိမ်းရင် မီးပျက်မယ်။ မီးပျက်ရင် စားစရာသွားဝယ်ရတာ ဝေးတယ်။ အခန်းထဲရှိတော့ စားသောက်ပြီး စောင်လေးခြုံ၊ စာအုပ်လေးဖတ်မယ်။ ဒီစိတ်ကူးတွေဆီရောက်သွားလို့ ထမင်းတွေ ချက်နေတာပါ။ မီးတခါမှ မပျက်တဲ့နေရာမှန်းသိပေမယ့် ခဏလေးမှာ မြန်မာပြည်က ကျောင်းသူဘဝကို သတိရစိတ်က တွဲနေတယ်ထင်တယ်။ အဆောင်မှာ မနက်(၄)နာရီတိုင်း မီးပျက်တဲ့ကာလတွေက မိုးလင်းရင် မဇနိက ထမင်းစားနေပြီ။ သူငယ်ချင်းတွေက အိတ်ချင်မူးတူးနဲ့ ထမင်းချက်မယ်လုပ်ရင် မီးကမလာတော့ဘူး။ ဒါတွေသိနေတော့ အိပ်တာကောင်းကောင်း မပျော်ဘူး။ မီးကလည်း တခါတလေ မနက် (၂) နာရီလာပြီး (၄) နာရီ မတိုင်ခင် ပျက်တတ်တာကိုး။ စိတ်ပူတတ်တဲ့သူက ဘာနဲ့မှ တားလို့မရဘူး။ ထမင်းအိုးတည်ဖို့ပဲ ပုတီးစိတ်နေတော့တာ။ ခက်တော့တာပါပဲနော်။

မာစတာတက်တော့လည်း နေတဲ့အဆောင်က ရေမကောင်းဘူး။ အဝတ်အဖြူရောင်ဆိုရင် ဂျိုးဖြူရေနဲ့ လျှော်မှ မဟုတ်ရင် အဝါရောင်ပြောင်းသွားလိမ့်မယ်။ ဘာဒါဈေးကိုသွား၊ ရေဇလားအကြီးကြီးတွေဝယ် taxi လေးနဲ့သယ်။ ဟင်း ဟင်း အလုပ်တွေဖြစ်နေတာ။ ကိုဇနိ ဒါတွေ မသိခဲ့ဘူး။ သူမှမရှိတာ ထင်တိုင်းကြဲနေတာလေ။ အဲဒီအချိန်က အဆောင်မှာ လူလည်းနဲတော့ အခန်း (၂) ခန်းရတယ်။ တခန်းကို ထမင်းချက်ခန်းလုပ်ထားတယ်။ တခန်းမှာ အခန်းဖော်နဲ့ (၂) ယောက်နေတယ်။ အိပ်ခန်းမှာ အဝတ်သေတ္တာနဲ့ စာကြည့်စားပွဲပဲထားတယ်။ ဟိုဖက်တခန်းမှာ ကျောက်ပျဉ်တွေပါ ပို့ထားတယ်။ အခန်းဖော်က မှန်အကြီးကြီးလည်းရှိတော့ အဲဒီအခန်းမှာထားပြီး အလှပြင်တယ်ပေါ့။ ထမင်းချက်၊ ထမင်းစားတဲ့ စားပွဲ အားလုံး အဲဒီမှာထားတော့ လူနေခန်းက သိပ်သန့်ရှင်းပါတယ်။ ထမင်းစားခန်းခြေရင်းမှာ ရေဇလားတွေထားတယ်။ အပြင်အများသုံးတဲ့ရေကန်မှာ ထားလည်း ရပေမယ့် အဲဒီမှာထားရင် ရေဖြည့်လို့သာ မောသွားမယ်။ အချိန်တန်ရင်သွားကြည့် ကိုယ့်ဇလားထဲ ရေမရှိတော့ဘူး။ တချို့တချို့တွေက ကျော့ကျော့လေးနေတယ်။ အိပ်ယာမထဘူး။ ဒါပေမယ့် ဂျိုးဖြူရေကလည်း လိုချင်တယ်။ ဘာလုပ်လဲ လွယ်တာပေါ့ သူများခပ်ထားတာ ယူသုံးသွားကြတာပေါ့။ တနေ့ကို (၂) ကြိမ်လာတဲ့ ဂျိုးဖြူရေ (ရေဖြူ) ကို ဒုက္ခခံမခပ်ရင် မရပါဘူး။ နောက်ဆုံးတော့ အများသုံးတဲ့ရေကန်ကြီးနား မထားရဲတော့ဘဲ ကိုယ့်အခန်းထဲမှာပဲ ထည့်ထားကြရပါတယ်။ အခန်းဖော်ကလည်း အသန့်ကြိုက်တော့ ရေဖြူက ကြုံသလို ခပ်ထားကြပါတယ်။ သူများတွေက “နင်တို့ အခန်းထဲမှာ ဆည်များဆောက်နေကြသလား“ လို့ မေးကြတယ်။ မဇနိက အဲလိုတွေ အားကြီးစိတ်ပူတတ်တာ။

ရန်ကုန်မိုးတွင်းနဲ့ နေရတဲ့အဆောင်က လားလားမှ အဆင်မပြေလှဘူး။ အဆောင်ကို တခြားလူတွေ ထပ်ရောက်လာတော့ လူတအားများလာတဲ့အချိန်က မိုးတွေအဆက်မပြတ်ရွာတဲ့အချိန် တိုက်ဆိုင်တော့တယ်။ လူနည်းတဲ့အချိန်ဆိုရင်တော့ အခန်းလွတ်တွေထဲမှာ အဝတ်လှန်းရင် အဆင်ပြေပါတယ်။ လူများလာတဲ့အခါ အပြင်ကို ထုတ်လှန်းမှ အဆင်ပြေတော့တာ။ ခက်တာက အဆောင်ကနေ ကျောင်းကို တနေကုန်သွားနေရတယ်။ နေ့လည်ခင်းလေး ခဏတာနေပူပေမယ့် အဆောင်မှာရှိမနေ။ စိတ်ပူတတ်တဲ့မဇနိက အတန်းတချိန်လောက်လစ်ရင် ပြန်ပြေးတာ။ “အဝတ်လှမ်းဖို့“။ တခါတလေ ကိုဇနိနဲ့ အင်တာနက်ပြောနေရင်း မပြောမဆို အဆောင်ကို အဝတ်လှမ်းပြန်ပြေးရော။ နောက်နေ့ကျ အဆူခံရရော။ လိုင်းကားစီး အပင်ပန်းခံပြီးကို အဝတ်သွားလှန်းတာ။ ဝါသနာလား ဝသီလား မသိတတ်တော့ပါဘူး။ အဝတ်ညစ်တထည်လောက်ရှိရင်လည်း အိပ်လို့မပျော်ဘူး လျှော်ချင်နေတာ။ အခုထိလည်း အဲဒီအကျင့်က မပျောက်ပါဘူး။ အခန်းကျဉ်းကျဉ်းလေးကို ခဏခဏသန့်ရှင်းရေးလုပ်နေလို့ ကိုဇနိအဆူခံရတယ်။ ခဏခဏပါပဲနော်။ မှတ်မှတ်ရရ သူမြန်မာပြည်အလည်ပြန်လာတော့ အဆောင်ကို လာတွေ့ပါတယ်။ မဇနိက ကြာနေလို့ စိတ်ဆိုးပါလေရော။ “ဘာလုပ်နေလို့လဲ“ တဲ့ “အဝတ်လျှော်နေလို့“ ဆိုတော့ “ထားလိုက်စမ်းပါ ဘာအဝတ်မှ မလျှော်နဲ့“ ဆိုပြီး ငေါက်ခံရတယ်။ တကယ်က ငေါက်လည်း မကြောက်ဘူး။ သူငယ်ချင်းဆိုတော့ မကြောက်ပါဘူး။

ကဲ စိတ်ပူတတ်တာတွေ ပြောပြီးပေါ့။ သည်းခံဖတ်ကြတာ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ပဲ ဟင်းချက်တာလည်း တားမရတဲ့ဝါသနာတမျိုးဆိုတော့ ချက်တယ်ပေါ့။ ဘလော့ဂ်တင်တယ်ပေါ့။ နှိပ်စက်တယ်ပြောတဲ့သူတွေ၊ သူခိုးရွှေရ တပြပြပြောတဲ့အမကြီးတွေရေ ဒီနေ့ချက်တာလေးတော့ တင်လိုက်အုံးမယ်နော်။ ရှမ်းတို့ဟူးနွေးလုပ်စားတာပါ။ ပဲပုပ်လေးလည်း ကြော်လိုက်မိတယ်။ မုန့်ကြွပ်လေးက ဆန်ခေါက်ဆွဲဖတ်ကို ဆီနဲ့ကြော်လိုက်တာ။

ရှမ်းစားပြီးရင် သစ်တော်သီးစားလို့ရပြီ။


ကျေးဇူးတင်ပါတယ်။
မဇနိ

11 comments:

တားမြစ် ထားသော... August 15, 2008 at 12:30 PM  

ဒီတခါတော့ ထမင်းစားပြီးမှ ရောက်လာတာ။ ကိုဇနိကံကောင်းတယ်ပဲ တွေးနေမိတော့တယ်။

ဖတ်ကောင်းတဲ့ ပိုစ့်လေးပါ။ အဆောင်သူဘဝလေးကို မြတ်နိုးစွာ ဖတ်သွားပါတယ်။ ““ဒါဟာ၊ အဆောင်သူ အလွမ်းပြေပေါ့။””

မောင်မျိုး August 15, 2008 at 2:16 PM  

ရင်ထဲ ဟာတာတာဖြစ်နေလို့  ဒီကိုလာတာ မဇနိကတော့ လုပ်ပြီးဗျာ သွားရည်တွေ တတောက်တောက်နဲ့  ကြောင်ကလေး ပြန်သွားရပြီးး) ဒါနဲ့  အစားတွေ နင်းကန်စားတော့ ၀မှာမစိုးရိမ်ဘူးလား အူဝဲလို slim aid ရှိတယ်လို့ ပြောမယ်ထင်တယ် :P

May Moe August 15, 2008 at 4:16 PM  

ကိုဇနိကြိး ကတော့ တကယ်ကိုကံကောင်းတာပဲ ။ မမနိ ကချက်လိုက်ရင် ရှယ်တွေကြီးပဲ ။ သားရေတွေ မျိုချနေရတယ် ။ ဂလု ဂလု
မမနိ ဂျပန်ကို လာလည်ရမလား အညာကိုလာလည်ရမလား ။ လာလည်ရင် ချက်ကျွေးမှာလား :P

မြရွက်ဝေ August 15, 2008 at 4:53 PM  

တမျိုးပြီးတမျိုး သွားရည်ကျအောင်လုပ်နေတာ အင်းမ်... တကယ် လာလည်လိုက်တော့မှဘဲထင်တယ်။ လိပ်စာပြော၊ ကန်စွန်းရွက်နဲ့ ပေါက်ပေါက်ဆုပ်လို့တော့ မလုပ်နဲ့နော်။ :)

nu-san August 15, 2008 at 6:08 PM  

ဝါသနာကို မတားတော့ပါဘူး... :)
အဲဒါ မိန်းကလေး ပီသတာပေါ့ မဇနိရဲ့။ ကိုယ့်မှာ လုပ်စရာရှိရင် မလုပ်ပဲ မနေနိုင်တာ မနေတတ်တာလည်း အကျင့်တခုပဲ ညီမလေးရဲ့။ အိမ်အလုပ်ကလည်း မလုပ်ချင်ရင် ထိုင်နေရုံပဲရှိမယ်။ လုပ်ပြီဆိုရင်လည်း တခုပြီး တခု ဆက်နေရော။ အဲဒီတော့ မနားရတော့ဘူးပေါ့.. :)

ပြင်ဆင်ထားတာ စားကောင်းမယ့်ပုံပဲ။ ရှမ်းချဉ်လေးလည်း ပါလိုက်သေးတယ်။ ဟီး..ဟီ.. အိမ်နားနီးရင်တော့ သိပ်ကောင်းမှာပဲ.. ကိုဇနိကတော့ ကံကောင်းတယ်.. .. :D

Republic August 15, 2008 at 7:54 PM  

မမနိ .. ဒီဘက်ကိုလှမ်းပို့လိုက်ပါဦးဗျ ၊၊ ဗိုက်ဆာလာပီ၊၊

ကောင်းတဲ့ ၀ါသနာဆို တို့ကိုကိုနိ က မတားပါဘူးတဲ့၊၊
မမနိ .. သိပီနော် ၊၊ ဒါပဲ ၊၊

Republic August 15, 2008 at 7:54 PM  

မမနိ .. ဒီဘက်ကိုလှမ်းပို့လိုက်ပါဦးဗျ ၊၊ ဗိုက်ဆာလာပီ၊၊

ကောင်းတဲ့ ၀ါသနာဆို တို့ကိုကိုနိ က မတားပါဘူးတဲ့၊၊
မမနိ .. သိပီနော် ၊၊ ဒါပဲ ၊၊

ဇနိ August 15, 2008 at 7:58 PM  

မတားဘူး..ကူလုပ်မှာ
အချက်အပြုတ်က ကျနော်လည်း ရှယ်တယ်၊ တကယ်က
သူကိုက အားမရတာရယ်...
း)

မဇနိ August 15, 2008 at 8:21 PM  

ကိုတားမြစ်ထားသော ရေ “ဒါဟာ မပြီးဆုံးနိုင်တဲ့ အဆောင်သူ အလွမ်းပြေ တခု“ အဟုတ်ပါပဲ။

ဟာတာတာဖြစ်နေတဲ့ ကြောင်လေး ကြိုက်သလောက် စားသွားစေဗျာ။ မဇနိကလည်း မောင်မျိုးလိုပဲ မထူးဘူး။ ဘယ်တော့မှ မ၀ဘူး။

ညီမ မေမိုး ဘယ်လာလည်လည် ချက်ကျွေးမယ်။ အပိုတော့ ခေါ်လာရဘူးနော်။ ဟား ဟား။ စတာ အညာကို လာလည်ရင် စုံနေအောင်ကျွေးမယ်နော်။

ကဲ ညီမမြရွက်ဝေ လိပ်စာက ယိုကိုဟားမားတက္ကသိုလ်နဲ့ ၅ မိနစ်ပဲ လမ်းလျှောက်ရတာပါ။ လာလည်မယ်ဆို လာခေါ်လို့ ရတယ်နော်။

အစ်မ နုစံက မတားတော့ဘူးဆိုရင် ဆက်လုပ်မယ်။ :P
အိမ်မှုကိစ္စကတော့ တနေကုန်ရောနော်။
အစ်မက ပင်ပန်းပေမယ့် အနားမှာ အရုပ်ဝယ်ပေးမည့်သူရှိတော့ တော်သေးတာနော် :P

ကိုကြီး ၀ီ အိမ်ရှေ့ရောက်နေပြီ ဟင်းလာပို့တာ ထွက်ယူလှည့်အုံးနော်။

ကိုဇနိက ဘာမှမချက်တတ်ဘဲနဲ့ :P

khin oo may August 16, 2008 at 10:29 PM  

သိတ်ဆို.းတဲ.မဇနိ.

သူများက ဗိုက်ဆာနေတာ. လုပ်စားဘို.စိတ်မပါ. ဝယ်စားဘို.သာ စိတ်ကူး။ ဝယ် စားတေားလဲ မကောင်း အခုတောင် ပေါင်မုနု.လေးစားပြီး နွားနို့သောက်နေတာ.။

စိတ်ပူတတ်တဲ. မဇနိအတွက် နောက်နေ့ မှ လိုက်ဖက်တဲ. ကာတွန့်းပုံ တင်လိုက်ဦးမယ်။ တရက် နှစ်ခါ Post တင်ရင် ဖတ်သူတွေ မနိုင်မှာ စိုးလို.။

မဇနိက သိတ် အချက်ကောင်းတာဘဲ. တစ် ယောက်တည်းတောင်စိတ်ရှည်လက်ရှည် လုပ်စားတယ် ဆိုရင် မိသားစူကို ဆိုရင် ဘယ်လောက်တောင် ချက် ကျွေးမလဲ မသိ.

အမေနဲ.တုံး က မီးဖိုချောင် မဝင်တာ ကို ဇနိနဲ.မှ မီးဖိုချောင် ဝင် တယ် ဆိုရင် အမေ ကတော.စိတ်ဆိုးမှာဘဲ.။

တို့လဲ စလုံးမှာနေပြီး ဖရောင်းတိုင် နဲ. ဓါတ်မီး ဝယ် ထားတယ် လွန်ခဲ.တဲ. နှစ်နှစ်လောက် က တသက်လုံးမီး မပျက်တဲ. စလုံး မီးပျက်တော. တို.ဖယောင်းတိုင် ထွန်းလိုက် နိုင်တယ် သိလား။

သည်းခံမဖတ်ပါဘူး။ စိတ်လိုလက်ရဖတ်ပါတယ်။

ဂျေ August 28, 2008 at 3:12 PM  

သိပ်လွမ်းမနေနဲ့ ဗျ. သိပ်လွမ်းလို့ သိပ်ချက်စားရင် သိပ်ဝလာမှာ..

ထိုင်လွမ်းနေလို့ မရဘူး တခါတည်းလိုက်လို့ ရအောင် နည်းပေးမယ်
http://joyful4all.blogspot.com/2008/08/news-cat.html

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP